လူ့ခန္ဓာ၌ မဟာဘုတ်တည်ပုံ
ကဲ ကောင်းပြီ၊ မဟာဘူတကို လူရဲ့ခန္ဓာကိုယ်ထဲမှာ နည်းနည်းလောက် ရှာကြည့်ရအောင်၊ လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အရိုးဆိုတာ ရှိတယ်၊ အဲဒီ အရိုးပေါ်မှာ အသားစိုင်တွေ ရှိတယ်နော်၊ ဒါ Skelton အရိုးစုကြီးတွေ ဘာတွေ ကြည့်လိုက်မယ်ဆိုရင် လူရဲ့ခန္ဓာကိုယ်ထဲမှာ မြင်လို့ရတာတွေလေ၊ အစိုင်အခဲတွေ အားလုံးဟာ ဒီရုပ်တရားတွေ အားလုံးရဲ့ တည်ရာဖြစ်လို့ ပထ၀ီလို့ပဲ ခေါ်တယ်နော်၊ တည်ရာပုံပန်းသဏ္ဌာန်ကတော့ အမျိုးမျိုးပဲ သူက ဖန်တီးနေတာ၊ အာပေါကနေ စုစည်း ပေးထားတယ်၊ ဒီလို အတုံးအခဲတွေဟာ အာပေါကနေ စုစည်း ပေးထားတယ်၊ တေဇောက ရင့်ကျက်လာစေတယ်၊ ၀ါယောက ပြိုလဲမသွားအောင် ထိန်းပေးနေတယ်၊ ဓာတ်ကြီလေးပါးလုံး ခန္ဓာကိုယ်ထဲမှာ ရှိတယ်။
ဓာတ်ကြီးလေးပါး ခန္ဓာကိုယ်ထဲမှာ ကြည့်၊ မာမာပျော့ပျော့ အတုံးအခဲ မှန်သမျှကို ဒါ ပထ၀ီလို့ ခေါ်တယ်၊ အဲဒီ ပထ၀ီထဲမှာ အာပေါဆိုတာ ရှိတယ်၊ အာပေါသဘောမှာ ယိုစီးတဲ့သဘော, ဖွဲ့စည်းထားတဲ့သဘော နှစ်ခုရှိတယ်တဲ့၊ ပထ၀ီမှာလည်းပဲ ခက်မာတဲ့သဘော, ပျော့တဲ့သဘော နှစ်ခုရှီတယ်၊ ခက်မာတယ် ဆိုတာ အတုံးအခဲလေး ဖြစ်တာကို ပြောတာပါ၊ ကျန်တဲ့ ရုပ်တရားတွေ အားလုံးရဲ့မှီရာဟာ ပထ၀ီ၊ သူက အခြေခံမှီရာရုပ်၊ လောကမှာ ပကတိမြေကြီးသည် တောတောင် ရေမြေ အိမ်ဂေဟာ အပေါင်းတို့ရဲ့ မှီရာဖြစ်သလိုပဲ ဒီ အတုံးအခဲလေးပေါ်မှာ ရုပ်အားလုံးဟာ မှီနေကြတယ်။
ပတိဋ္ဌာနရသာ- ရုပ်တွေ မှန်သမျှဟာ ပထ၀ီပေါ်မှာ တည်နေကြတာမို့ ပထ၀ီက တောင့်ခံထားတယ်လို့ ဒီလို ပြောတယ်၊ မုန့်တုံးကလေးပဲ ကြည့်ဦး၊ ဒီလိုအတုံးလေး ဖြစ်နေတဲ့ထဲမှာ ဒီ အတုံးပေါ်မှာ စုစည်းထားတဲ့ အာပေါဆိုတဲ့ သဘောလည်း ရှိတယ်၊ ပြိုကွဲမသွားအောင် ထိန်းထားတဲ့ ၀ါယောဆိုတာလည်း ဒီပေါ်မှာ ရှိနေတယ်၊ ဒါကြောင့်မို့ ပထ၀ီဆိုတဲ့ မြေဓာတ်ရဲ့ သဘာဝသည် အတုံးအခဲ။
ခန္ဓာကိုယ်ထဲမှာ အတုံးအခဲဖြစ်နေတဲ့ သဏ္ဌာန်မှန်သမျှဟာ ပထ၀ီဓာတ်ရှိနေတဲ့ အရာတွေတဲ့၊ နောက် ခန္ဓာကိုယ်ထဲမှာ အရည်သဘောတွေ မရှိဘူးလား၊ ခန္ဓာကိုယ်မှာ အရည်တွေ အများကြီးရှိတယ်၊ မျက်လုံးက ထွက်တာတော့ မျက်ရည်တဲ့၊ ပါးစပ်က ထွက်တာ တံတွေးတဲ့၊ ဒီလို လူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အရည်ဓာတ်တွေ၊ အရည်ထဲမှာ အာပေါသာ ရှိတာလား၊ ကျန်တာ မရှိဘူးလား ဆိုရင် ရှိတယ်၊ quantity ဆိုတဲ့ ပါဝင်တဲ့ ပမာဏ ကွာသွားတာ၊ အရိုးကျတော့ ပထ၀ီဓာတ်က များတယ်၊ ကျန်တာတွေက လျော့နည်းသွားတယ်၊ ခုနက အရည်တွေကျတော့ အာပေါဓာတ်က များပြီးတော့ ကျန်တာတွေက လျော့နည်းတယ်၊ ဒီလို နားလည်ရမယ်နော်။
အတုံးအခဲဖြစ်နေရင် ပထ၀ီကများပြီး ကျန်တာတွေက လျော့နည်းတယ်၊ သူတို့က အချိုးအစားချင်း ညီချင်မှ ညီတယ်၊ အတုံးအခဲကြီး ဖြစ်နေရင် ပထ၀ီက များတယ်၊ အရည်ပျော်နေလို့ ရှိရင် အာပေါက များတယ်၊ ဥပမာ မီးဆိုတဲ့အထဲမှာ လူတွေက မီးဆိုရင် အပူတစ်မျိုးတည်းပဲ ထင်တယ်၊ မဟုတ်ဘူး၊ မီးထဲမှာ တေဇောက လွန်ကဲနေတယ်၊ အဲဒီထဲမှာ ပထ၀ီလည်း ရှိတယ်၊ အာပေါလည်း ရှိတယ်၊ ဒီ မီးထဲမှာ မီးညွန့်သဏ္ဌာန်လေး ဖြစ်နေအောင် အာပေါက စုစည်းတာ၊ မီးထဲမှာ အာပေါ ရှိတယ် ဆိုလို့ရှိရင် ယုံနိုင်စရာတောင် မရှိဘူး၊ စုစည်းတဲ့သဘောကို ပြောတာ၊ မီးထဲမှာ စုစည်းထားတဲ့ သဘောလေး ရှိတယ်၊ စုစည်းထာတဲ့ သဘောလေးကို ပြိုလဲမသွားအောင် ထိန်းထားတဲ့ ၀ါယောလည်း ရှိတယ်။
အဲဒီတော့ ဘယ်အရာမှာပဲဖြစ်ဖြစ် ဓာတ်ကြီးလေးပါးရှိတယ်၊ ရေထဲမှာလည်း ရှိတယ်၊ မီးထဲမှာလည်းရှိတယ်၊ လေထဲမှာလည်း ထို့အတူပဲပေါ့၊ လောတိုက်လို့ရှိရင် လူကို လာထိတာ ကြည့်လေ၊ သိတယ် မဟုတ်လား၊ အဲဒီမှာ ထိတဲ့အခါမှာ ပြင်းပြင်းထန်ထန် ထိရင် ဒါ ပထ၀ီရဲ့ သဘောကြောင့် ဖြစ်တာလေ၊ လေထဲမှာလည်း ၀ါယောက ပြင်းထန်တယ်၊ ၀ါယောက လွန်ကဲတယ်၊ ကျန်တာတွေက လျော့နည်းတယ်၊ အချိုးအစား quantity ကျတော့ ကွာခြားတယ်။
လူ့ခန္ဓာကိုယ်ထဲကို ကြည့်လိုက်၊ လူ့ခန္ဓာကိုယ်ထဲမှာ အတုံးအခဲ သဘာဝတွေ မှန်သမျှ ပထ၀ီဆိုတဲ့ အမာခံရုပ်ကို အဓိကထားပြီးတော့ ပြောတာ၊ ပထ၀ီလို့ဆိုပေမယ့် အထဲမှာ ရုပ်၈-ခုလို့ မှတ်ရမယ်၊ ဘယ်နေရာပဲဖြစ်ဖြစ် ရုပ်၈-ခု ရှိတယ်နော်၊ အားလုံးဟာ ရုပ် ၈-ခုနဲ့ ဖွဲ့တယ်၊ သို့သော် ပထ၀ီသည် လွန်ကဲနေတယ်၊ အဲဒီမှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရည်သဘောတွေကျတော့ ရုပ် ၈-ခုနဲ့ပဲ၊ ဒါပေမယ့် အာပေါ လွန်ကဲနေတယ်။
တေဇော ၄-မျိုး
နောက် တေဇောတဲ့၊ လူရဲ့ခန္ဓာကိုယ်ထဲမှာ ရှိတယ်၊ နေမကောင်းတဲ့ အခါကျတော့ လူ့ရဲ့ ခန္ဓာကိုယ်က ပူမလာဘူးလား၊ temperature ဆိုတာ thermomter နဲ့ တိုင်းလိုက်တဲ့ အခါ ရှိရမယ့် အပူထက် ပိုပြီးတော့ ပူလာတယ်၊ အဲဒီ အပူမျိုးကို သန္တပ္ပန တေဇော လို့ ခေါ်တယ်၊ အဲဒီတေဇောက ဘာကြောင့်ဖြစ်တာတုန်းဆိုရင် မတည့်တာ စားရင်လည်း ဖြစ်တယ်၊ မတည့်တဲ့ ဥတုနဲ့ တွေ့ရင်လည်း ဖြစ်တယ်၊ အခုခေတ်ဆိုရင် ဗိုင်းရပ်စ်ပိုးကြောင့်လည်း ဖြစ်တယ်ပေါ့၊ လူရဲ့ခန္ဓာကိုယ်ထဲမှာ ဒီလိုအပူတစ်မျိုးလည်း ရှိတယ်။
နောက် အပူတစ်မျိုး ရှိသေးတယ်၊ ဇိရဏတေဇောတဲ့၊ လူဟာ ကလေးဘ၀တုန်းက အသားအရေနဲ့ နည်းနည်း အရွယ်ရလာတဲ့ အသားအရေ တူသေးလား၊ တဖြည်းဖြည်း ကြမ်းကြမ်းလာတယ်၊ ရင့်ရင့်လာတယ်၊ မွေးစကလေးလေးရဲ့ အသားလေးက နုဖတ်ဖတ်လေး၊ တဖြည်းဖြည်း ကြမ်းလာတာ ဘယ်အရာကနေ ကြမ်းအောင် လုပ်နေတာတုန်း ဆိုရင် တေဇောဓာတ်က လုပ်တာ၊ အဲဒီ တေဇောက ပထမရင့်အောင် လုပ်တယ်၊ နောက်ကျလို့ရှိရင် ရင့်ရာကနေ အရင့်လွန်လာတော့ မှည့်လာတယ်၊ လူတွေမှာ ခေါင်းပေါ်က ဆံပင်လေးတွေ ဖြူလာတယ်၊ သွားတွေ ကျိုးကုန်တယ်၊ ပါးရေတွေ တွန့်ကုန်တယ်၊ တေဇောက လုပ်နေတာ၊ တေဇောကနေ လောင်နေတာ၊ အမြဲတန်း လောင်နေလို့ လူရဲ့ ခန္ဓာကိုယ်သည် ရင့်ရော်ပြီးတော့ အိုမင်းလာတယ်၊ အဲဒါ ဇိရဏတေဇော။
နောက် တေဇောတစ်ခုက ဘာတုံးဆိုလို့ရှိရင် စားလိုက်တဲ့ အစာအဟာရတွေဟာ ၀မ်းထဲမှာ ကြေညက်တယ်၊ ချက်ထားသလို ကြေသွားတာ၊ လုံးဝကို ခွဲခြားလို့ မရအောင်၊ စားတုန်းတော့ အမျိုးစုံ စားတာပဲလေ၊ နောက်ကျတော့ ကြေညက်သွားတဲ့ အခါကျတော့ ခွဲလို့မရတော့ဘူး၊ တစ်ခုတည်း ဖြစ်သွားတယ်၊ အဲဒီလို ဖြစ်သွားအောင် ဘယ်အပူကနေ လုပ်တာတုန်းဆိုရင် ပါစကတေဇော က လုပ်တာ၊ အဲဒီ ပါစကတေဇော ကံကြောင့် ဖြစ်တာ၊ တခြားအကြောင့်ကြောင့် မဖြစ်ဘူး၊ ကျန်တာတွေကတော့ ကံ၊ စိတ်၊ ဥတု၊ အဟာရကြောင့် ဖြစ်နိုင်တယ်။
ကဲ နောက် တေဇောတစ်ခုက ‘ဍယှနတေဇော’၊ လူရဲ့ ခန္ဓာကိုယ်မှာ ပူလှချည်ရဲ့ လောင်လှချည်ရဲ့ ဆိုပြီး အပူတွေ လွန်ကဲလာတဲ့အခါ အနာတွေ ပေါက်ထွက်တာတို့ ဒီလိုတွေ ဖြစ်တက်တယ်လေ၊ လူ့ခန္ဓာကိုယ်မှာ ကြည့်လိုက်ရင် တေဇောဟာ(၄)မျိုး ရှိတယ်၊ သန္တပ္ပနတေဇော ဖျားလို့ ပူလောင်တဲ့ တေဇောက တစ်ခု၊ ဇိရဏတေဇော ဖြည်းဖြည်း ရင့်လာအောင် ဖြစ်လာတက်တဲ့ တေဇောကတစ်ခု၊ အစာအာဟာရတွေ ကြေညက်သွားအောင် digest ဖြစ်အောင် ကြေညက်စေတက်တဲ့ ပါစက တေဇော ကတစ်ခု၊ နောက် ခန္ဓာကိုယ်ကို လောက်စေတက်တဲ့ ဍယှနတေဇောက တစ်ခု၊ အားလုံးပေါင်းလိုက်တော့ ဒီ ၄-ခုဟာ တေဇောလွန်ကဲနေတဲ့ ရုပ် ၈-ခုပဲ။
ဝါယောရုပ် ၆-မျိုး
နောက်တစ်ခုက ခန္ဓာကိုယ်ထဲမှာ ၀ါယောဆိုတာ ရှိသေးတယ်၊ အလွယ်တကူ ကြည့်မယ်ဆိုရင် ၂၄-နာရီပတ်လုံး လူတွေဟာ အသက်ရှူနေကြတာ ရှိတယ် မဟုတ်လား၊ အသက်ရှူနေတဲ့ ဒီလေက စိတ်ကြောင့် ဖြစ်တာတဲ့၊ အကြောင်းတရားက စိတ်ပဲ၊ တခြား အကြောင်းတရားကြောင့် ဖြစ်တာမဟုတ်ဘူး၊ ထွက်လေ ၀င်လေ ရပ်သွားလို့ရှိရင် စိတ်အား နည်းသွားတာလို့ ပြောရမယ်၊ ထွက်လေ ၀င်လေ ထုတ်လုပ်နိုင်အောင် စိမ်းအားသတ္တိ မရှိဘူးဆိုရင် ရပ်သွားမယ်၊ အဲဒီတော့ စတုတ္ထဈာန် အဆင့်ထိရောက်သွားတာနဲ့ သမာဓိ သိပ်ကောင်းသွားရင် ထွက်လေ ၀င်လေတွေ ရပ်သွားတက်တယ်၊ ဒါကြောင့်မို့ ထွက်သက် ၀င်သက်ဟာ စိတ်ကြောင့်ဖြစ်တဲ့ ၀ါယော။
ခန္ဓာကိုယ်မှာ အထက်သို့ဆန်တဲ့လေက တစ်မျိုး ရှိတယ်၊ ၀မ်းဗိုက်ထဲမှာ ရှိတဲ့လေကတစ်မျိုး၊ အူတွေထဲမှာ ရှိနေတဲ့ လေက တစ်မျိုး၊ ခန္ဓာကိုယ်ထဲမှာ လှည့်လည်သွားနေတဲ့လေက တစ်မျိုး၊ သွေးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ လည်ပတ်နေတာ၊ နှလုံးရဲ့ ညှစ်အားနဲ့ ၀ါယောဓာတ်ရဲ့ စွမ်းအားနဲ့ ဒီခန္ဓာကိုယ် တစ်ခုလုံး သွေးတွေ လည်ပတ်နေတာ၊ ပေါင်းလိုက်တော့ လေ(၆)မျိုးလို့ ဆိုလို့ရတယ်နော်။
(၁)အထက်သို့ ဆန်တက်တဲ့လေ၊ (၂) အောက်ကိုစုန်တဲ့လေ၊ (၃) ၀မ်း၌တည်သောလေ၊ (၄) အူ၌တည်သောလေ၊ (၅) အင်္ဂါကြီးငယ်သက်ရောက်တဲ့လေ၊ (၆) အဿာသ ပဿာသ ထွက်သက်ဝင်သက်လေ၊ လေ (၆)မျိုး၊ ဟောဒီ လေ(၆)မျိုးဟာလည်း ခန္ဓာကိုယ်ထဲမှာရှိတော့ ဒါ ၀ါယောဓာတ် လွန်ကဲနေတဲ့ ရုပ် ၈-ခုလို့ မှတ်ရမယ်။
ကဲ ခန္ဓာကိုယ်ကြီးမှာ လိုက်ပြီး ရှာကြည့်လိုက်လို့ရှိရင် ဒီ သဘာဝတရားက လွဲတာ ရှိသေးရဲ့လား၊ မရှိတောဘူး၊ ဒီ သဘာဝသစ္စာဆိုတဲ့ ဓာတ်ကြီး ၄-ခု၊ ဓာတ်ကြီး ၄-ခုကို မှီပြီးတော့ ဖြစ်နတဲ့ ရုပ်၎-ခု၊ အားလုံး ရုပ်ပေါင်းလိုက်တဲ့အခါ ရုပ် ၈-ခု၊ ဒီကနေ့ ရုပ် ၈-ခု ကိုလေ့လာရပြီ။
နောက် ဒီထက်ထူးခြားတဲ့ ရုပ်ကလေးတွေ ရှိသေးတယ်၊ အဲဒီရုပ်တွေကို နောက်ရက်ကျတော့ ဆက်ပြီး ဟောကြရအောင်၊ ဒီကနေ့တော့ ဟောဒီရုပ် ၈-ခုကို မှတ်ထားကြပေတော့၊ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ပြောင်းလွဲသွားတက်တဲ့ သဘော၊ ပျက်စီးသွားတက်တဲ့ သဘောရှိတဲ့ ရုပ်တရားဟာ အမာခံအားဖြင့် ရှိနေတယ်၊ ထိုရုပ်တရားသည် ကံကြောင့်လည်း ဖြစ်တယ်၊ စိတ်ကြောင့်လည်း ဖြစ်တယ်၊ ဥတု၊ အာဟာရလို့ ဆိုတဲ့ ရုပ်တွေကြောင့်လည်း ဖြစ်ကြတယ်။
အကြောင်းတရားတွေ ရှိနေသည့်အတွက်ကြောင့် ဒီလို အကျိုးတရားတွ ပေါ်နေတာ၊ အကြောင်းတရားတွေ ချုပ်သွားတာနဲ့ တစ်ပြိုင်နက် ရုပ်တရားတွေ ရပ်တည်နိုင်ခြင်း မရှိဘူး ဆိုတာကို မိမိတို့ရဲ့ ရုပ်ခန္ဓာကိုယ်ကြီးကို အာရုံပြုပြီး သတိသံဝေဂတရား ပွားများနိုင်ကြပါစေကုန်သတည်း။
“ သာဓု - သာဓု - သာဓု ”
*ဆက်ရန်* -------
{ရုပ်အားလုံး၏ အခြေခံရုပ် ၈-ခု (ရုပ်တရားကို လေ့လာသုံးသပ်ခြင်း - အပိုင်း (၂))} အား ဆက်လက်ရေးသား ပူဇော်ပါမည်။
*ကောက်နှုတ်ချက်*
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၁၀၃-၁၁၀) မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။
No comments:
Post a Comment