Video

Thursday, 22 January 2015

အရိယာဟု ၀န်ခံကြသူများ


> ရန်ကုန်မြို့ရှိ မိတ်ဆွေတစ်ယောက်ထံမှ ‘အရိယာကြေညာစာတမ်း’ များကို ဖတ်ရပါသည်။ တာမွေမြို့နယ်မှ လူပုဂ္ဂိုလ်ဆရာတစ်ဦး၏ တရားပြမှုဖြင့် တရားထိုင်ကြကာ မိမိတို့ အရိယာတွေ ဖြစ်နေကြပါပြီဟူသော လူပုဂ္ဂိုလ်များ၏ ကြေညာစာရွက်များ ဖြစ်ပါသည်။ မိတ်ဆွေက လက်ခံချင်ပုံရပါသည်။ ထို့ကြောင့် ကျွန်တော်ထက် ပရိယတ္တိပညာ ကြီးသူများ၏ အဖြေများဖြင့် သူကိုရှင်းလင်းပြလိုသောကြောင့် လူသိရှင်ကြား မေးမြန်းအပ်ပါသည်ခင်ဗျား–

(က) တရားထိုင်တုန်း ကိုက်ခဲနာကျင်မှု ဝေဒနာတွေ ပေါ်လာတာဟာ ၀ဋ်ကြွေးချေရတာ ဖြစ်သည်။
“မဟာနာမ် ငါသည် အခါတစ်ပါး၌ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ နေ၏။ ထိုအခါ များစွာသော နိဂဏ္ဌတို့သည် ဣသိဂိလိတောင်နံဘေး ကျောက်ဖျာနက်ပေါ်၌ ထိုင်နေခြင်းကို ပယ်ကြကုန်လျက် မတ်မတ်ရပ် တည်နေကြကုန်၏၊ အားထုတ်မှုကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲ ဝေဒနာတို့ကို ခံစားကြကုန်၏။
မဟာနာမ် ထိုအခါ ငါသည် ညနေချမ်း အချိန်၌ ကိန်းအောင်းရာမှ ထလျက် ဣသိဂိလိတောင်နံဘေး ကျောက်ဖျာနက်ပေါ်ရှိ ထိုနိဂဏ္ဌတို့ အထံသို့ ချဉ်းကပ်ပြီးသော် “ငါ့ရှင် နိဂဏ္ဌတို့ အဘယ်ကြောင့် သင်တို့သည် ထိုင်နေခြင်းကို ပယ်၍ မတ်မတ်ရပ်တည် နေကြလျက် အားထုတ်ခြင်းကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဒုက္ခဝေဒနာတို့ကို ခံစားကြကုန်သနည်း” ဟု ပြောဆို၏။
မဟာနာမ် ဤသို့ ပြောဆိုသော် ထိုနိဂဏ္ဌတို့က ငါ့အား “ငါ့ရှင် နာဋ၏သား နိဂဏ္ဌသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ သွားနေစဉ် ရပ်နေစဉ် အိပ်နေစဉ် နိုးနေစဉ် ဉာဏ်အမြင်သည် ငါ့အား အမြဲမပြတ် ရှေးရှုထင်၏ ဟု ဉာဏ်အမြင် အကြောင်းကို အကြွင်းမဲ့ ၀န်ခံ၏၊ ထိုနာဋ၏သား နိဂဏ္ဌသည် ‘အိုနိဂဏ္ဌတို့ ရှေး၌ ပြုထားသော မကောင်းမှု ကံသည် ရှိသည်သာတည်း၊ ထိုမကောင်းမှု ကံကို ဤစပ်ရှားလှသည့် ပြုနိုင်ခဲသော အကျင့်ကို ကျင့်ခြင်းဖြင့် ချေဖျက်ကြ ကုန်လော့၊ ယခုဘ၀၌ ကိုယ်ဖြင့် စောင့်စည်းခြင်း နှုတ်ဖြင့် စောင့်စည်းခြင်း စိတ်ဖြင့် စောင့်စည်းခြင်းသည်ပင် နောင်ဘ၀၌ မကောင်းမှု ကံကို မပြုခြင်းဖြစ်၏၊ ဤသို့လျှင် ကံဟောင်းတို့ကို အကျင့်ဖြင့် ဖျက်ဆီးခြင်း, ကံသစ်တို့ကို မပြုခြင်းကြောင့် နောင်ဘ၀၌ မတိုးပွားခြင်း ဖြစ်၏၊ နောင်ဘ၀၌ မတိုးပွားခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခ ကုန်၏၊ ဆင်းရဲဒုက္ခ ကုန်ခြင်းကြောင့် ခံစားခြင်း ဝေဒနာ ကုန်၏၊ ဝေဒနာ ကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခ အားလုံးသည် ပျက်ပြုန်းလတ္တံ့’ ဟု ဆို၏။ (စူဠဒုက္ခက္ခန္ဓသုတ်)
အထက်ပါသုတ်လာ နိဂဏ္ဌ နာဋပုတ္တ၏ အယူဝါဒနှင့် မေးခွန်းပါ အယူအဆသည် တူညီနေသည်ကို တွေ့ရသဖြင့် အညတိတ္ထိယ၀ါဒ မိစ္ဆာဝါဒဖြစ်ကြောင်း ထင်ရှားပါသည်။ နိဂဏ္ဌတို့အား ဘုရားရှင်အောက်ပါအတိုင်း ကဲ့ရဲ့တော်မူ၏။
“ငါ့ရှင် နိဂဏ္ဌတို့ “ဤသို့လျှင် ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာ၊ မဖြစ်ခဲ့ကြဖူးသည် မဟုတ်” ဟု သင်တို့ မသိကြကုန်။ ငါတို့သည် “ရှေးက မကောင်းမှု ကံကို ပြုခဲ့ကြဖူးသည်သာ၊ မပြုခဲ့ကြဖူးသည် မဟုတ်ကုန်” ဟု မသိကြကုန်။ “ဤသို့ ဤသို့သော မကောင်းမှုကံကို ပြုခဲ့ကြဖူးကုန်ပြီ” ဟု မသိကြကုန်။ “ဤမျှသော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှသော ဆင်းရဲဒုက္ခကို ချေဖျက်ရ ဦးမည်၊ ဤမျှသော ဆင်းရဲဒုက္ခ ကျေပျက်သော် ဆင်းရဲဒုက္ခ အလုံးစုံသည် ကျေပျက်လတ္တံ့” ဟု မသိကြကုန်။ မျက်မှောက် ဘ၀၌ပင် အကုသိုလ် တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို မသိကြကုန်။ ငါ့ရှင် နိဂဏ္ဌတို့ ဤသို့ဖြစ်သော် လောက၌ ကြမ်းတမ်းသူ သွေးစွန်းသော လက်ရှိသူ ကြမ်းကြုတ်သော အမှု ရှိသူတို့သည် လူဖြစ်လာကုန်လျက် နိဂဏ္ဌတို့၌ ရှင်ရဟန်း ပြုကြလေကုန်ယောင် တကား” ။ (စူဠဒုက္ခက္ခန္ဓသုတ်)
မြတ်ဗုဒ္ဓ၏ ဒေသနာအရမူ–
“ဖဿသမုဒယာ ဝေဒနာသမုဒယော၊ ဖဿနိရောဓါ ဝေဒနာနိရောဓော”
“တွေ့ထိမှု ‘ဖဿ’ ဖြစ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ တွေ့ထိမှု ‘ဖဿ’ ချုပ်ငြိမ်းခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ချုပ်ငြိမ်း၏။”
ကတမော စ ဘိက္ခဝေ ဝေဒနာနိရောဓော၊ ဖဿနိရောဓာ ဘိက္ခဝေ ဝေဒနာနိရောဓော။
ရဟန်းတို့ ဝေဒနာတို့၏ ချုပ်ငြိမ်းမှုဟူသည် အဘယ်နည်း။
ရဟန်းတို့ တွေ့ထိမှု ဖဿ ချုပ်ငြိမ်းမှုသည် ဝေဒနာတို့၏ ချုပ်ငြိမ်းမှု ဖြစ်၏။
တရားထိုင်တုန်းဖြစ်စေ၊ ဖဲရိုက်နေတုန်းဖြစ်စေ ကိုက်ခဲနာကျင်မှု ဝေဒနာတွေ ပေါ်လာခြင်းသည် ၀ဋ်ကြွေးကြောင့်မဟုတ်၊ ဖဿကြောင့်သာ ဖြစ်၏။ ဖဿရှိနေသမျှ၊ အာရုံနှင့် အာရမ္မဏိက တိုက်ဆိုင်နေသမျှ၊ မြင်-ကြား-နံ-စား-တွေ့ထိ- ကြံဆနေသမျှ ဖဿရှိနေမည်ဖြစ်၏။ ဖဿရှိနေသမျှ ဝေဒနာရှိမည်ဖြစ်၏၊ လူမသေသမျှ ဝေဒနာမကုန်။
(ခ) ဒီဝေဒနာတွေကို ကျော်အောင်မှတ်နိုင်ရင် ၀ဋ်ကြွေးကျေပြီး ဉာဏ်စဉ်တက်သည်။
ဤမေးခွန်းအတွက် ဖားအောက်ဆရာတော်ကြီး၏ မှတ်ချက်ကို ဖော်ပြချင်ပါသည်။
အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ပြောဆိုချက်———
အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား တရားထိုင်လိုက်သဖြင့် အချိန် အနည်းငယ် ကြာညောင်း၍ ခန္ဓာကိုယ်ဝယ် နာကျင်ကိုက်ခဲမှုများ ဖြစ်ပေါ်လာသောအခါ ယင်းနာကျင်ကိုက်ခဲမှု စသည်ကို လိုက်ရှုကြ၏။ ထိုသို့ ရှုလိုက်သဖြင့် နာကျင်ကိုက်ခဲမှု စသည်တို့ ပျောက်ပျက်သွားသောအခါ “ဝေဒနာကို ကျော်သွားပြီ၊ ဝေဒနာကုန်သွားပြီ၊ ဝေဒနာ မရှိတော့ပြီ” ဟု ပြောတတ်ကြ၏။
ထိုသို့ ပြောဆိုလာသူတို့အား “အသိစိတ်ကော ရှိပါသေးသလား”ဟု မေးမြန်း ကြည့်သောအခါ “အသိစိတ်ကား ရှိနေသည် မချုပ်သေးပါ”ဟု အဖြေပေးကြ၏။
ယင်းသို့ ဝေဒနာကို နိုင်အောင်တိုက်နိုင်ပါသည်ဟု ၀န်ခံသော ထိုယောဂါဝစရ ပုဂ္ဂိုလ်မြတ်တို့၏ အလိုမှာ “ဝေဒနာကား ချုပ်သွား၏၊ အသိစိတ်ကား မချုပ်သေး”ဟု ဆိုလိုနေကြ၏။
ဘုရားရှင်၏ အဆုံးအမ သာသနာတော်၌ကား ဝေဒနာစေတသိက်သည် သဗ္ဗစိတ္တသာဓာရဏစေတသိက် = စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် ဖြစ်၏။ စိတ်တိုင်း စိတ်တိုင်း၌ အမြဲယှဉ်၏၊ စိတ်ရှိနေသမျှ ဝေဒနာကား ရှိလျက်ပင် ဖြစ်သည်။ စိတ်ဖြစ်နေသမျှ ဝေဒနာကား ဖြစ်လျက်ပင် ရှိ၏။ ထိုဝေဒနာမှာ သုခသော်လည်း ဖြစ်ရာ၏၊ သို့မဟုတ် ဒုက္ခသော်လည်း ဖြစ်ရာ၏၊ သို့မဟုတ် ဥပေက္ခာသော်လည်း ဖြစ်ရာ၏။ ဝေဒနာတစ်မျိုးမျိုးကား စိတ်ဖြစ်တိုင်း ပါဝင်လျက် ရှိ၏။
ဘုရားဟောနှင့် ခေတ်အပြောကား ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေ၏။ မည်သည့် အဆိုကို အမှန်ယူသင့်သည် ဟူသော အချက်ကား အသင်သူတော်ကောင်းကိုယ်တိုင် ဆုံးဖြတ်ယူရမည့် ကိုယ်ပိုင် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ အကယ်၍ အသင်သူတော်ကောင်းဘက်က “ဘုရားဟောကား မှား၏၊ မိမိ၏ ကိုယ်တွေ့ဉာဏ်မြင်ကား မှန်၏”ဟု အဖြေပေးလာသည် ဖြစ်အံ့၊ ထိုဘုရားကိုပင် အသင်သူတော်ကောင်း အနေဖြင့် ယုံကြည်သိမှတ် ဆည်းကပ် ကိုးကွယ်ဖို့ရန် သင့်မသင့်ကိုပါ ထပ်မံ စဉ်းစားရတော့မည် ဖြစ်ပေသည်။ “ဘုရားဟောကား မှား၏”ဟု အဖြေပေးနေသောကြောင့် ဖြစ်၏။
ဝေဒနာ မချုပ်ဘူးလား
ဝေဒနာကား ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရမည့် တရားစုသာ ဖြစ်၏။ ဝေဒနာကို ကုန်အောင်တိုက်ရမည့် တရားကား မဟုတ်ပေ။ ဝေဒနာကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော တဏှာအမျိုးမျိုးတို့ကိုသာ ကုန်အောင်တိုက်ရမှာ ဖြစ်သည်။ တဏှာကို ကုန်ခန်းစေသည့် ကျင့်စဉ်ကား – အကြောင်းတရားနှင့် တကွသော ဝေဒနာ အ၀င်အပါ ဖြစ်သည့် ခန္ဓာ (၅)ပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ၀ိပဿနာ ရှုပွားသုံးသပ်ခြင်း လုပ်ငန်းရပ်ပင် ဖြစ်သည်။ (နိဗ္ဗာနဂါမိနီပဋိပဒါ-ဒု-တွဲ)
ဗုဒ္ဓစာပေကျမ်းဂန်များတွင်———
၁။ အသညသတ်ဘုံတွင် ဖြစ်ရာအခါ၊ ၂။ နိရောဓသမာပတ် ၀င်စားရာအခါ၊ ၃။ ဘုရား ရဟန္တာများ ပရိနိဗ္ဗာန်ဝင်စံပြီးရာအခါ -ဟု ဝေဒနာချုပ်ရာအခါ သုံးမျိုးလာရှိ၏။
ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ၏ ဖြေရှင်းချက်ကိုလည်း ဖော်ပြပါဦးမည်။
“ဝေဒနာက ပိုင်းခြားသိရမယ့် ဒုက္ခသစ္စာထိုက်တဲ့ တရားပါ။ ပယ်ရမယ့် တရားမဟုတ်ပါ။ အဲဒီဝေဒနာကို အာရုံပြု၍ဖြစ်တဲ့ ကိလေသာက ပယ်ရမယ့် သမုဒယသစ္စာ ထိုက်တဲ့တရားပါ။ သဘောပေါက်လား။”
“မှန်ပါ၊ သဘောပေါက်ပါတယ်ဘုရား”
ပယ်မှားဖြစ်မယ်။ ။ ယောဂီတို့ ၀ိပဿနာဘာဝနာတရား ရှုပွားအားထုတ်နေတာဟာ ပယ်ရမယ့်တရားကို ပယ်နိုင်အောင်၊ ပိုင်းခြားသိရမယ့်တရားကို ပိုင်းခြားသိနိုင်အောင် အားထုတ်နေတာပါ။
အင်း ပိုင်းခြားသိရမယ့်တရားကို ပယ်ရင် ပယ်မှားဖြစ်မယ်၊ ပယ်မှားဆိုရင် ဘယ်သွားမှာလဲ၊ မိစ္ဆာဒိဋ္ဌိဖြစ်သွားမှာပေါ့။
တကယ်ပယ်ရမှာက ဝေဒနာကို အာရုံပြု၍ဖြစ်တဲ့ ကိလေသာကို ပယ်ရမှာပါ။ အဲဒီ ကိလေသာကိုတော့ မပယ်ဘဲနဲ့ ဝေဒနာကုန်အောင်ဆိုပြီး ဝေဒနာကို ပယ်နိုင်အောင် ရှုပွားအားထုတ်ရင် အမှားကြီးမှားပါတယ်။
အဲဒီအမှားကြီးဟာ ၀ိပဿနာတရားနယ်ထဲမှာ တော်တော်ကျယ်ပြန့်နေပါတယ်။ ယောဂီတော်တော်များများဟာ အဲဒီအမှားကြီးကို အမှန်ထင်ပြီး စွဲလမ်းနေကြပါတယ်။
ယောဂီတို့ သေသေချာချာ နားထောင်ပါ။ ဝေဒနာဟာ ဒုက္ခသစ္စာ ထိုက်တဲ့တရားပါ။ ပိုင်းခြားသိရမယ့်တရားပါ။ ပယ်ရမယ့်တရား မဟုတ်ပါ။ ကုန်အောင်လုပ်ရမယ့်တရား မဟုတ်ပါ။ (ဝေဒနာရှုပွားနည်း၊ ဓမ္မဒူတအရှင်ပညာဇောတ)
(ဂ) လူကောင်ကြီးကြီး တစ်ယောက်က အပါယ်တံခါး ပိတ်လိုက်တာမြင်ရပြီး၊ ဂျိမ်းခနဲ အသံပါ ကြားလိုက်ရသည်။
ဤမေးခွန်းအတွက်ကား အထူးဖြေရှင်းစရာလိုမည် မထင်ပါ။ ပိဋကတ်တွင်လည်း အလားတူဖြစ်ရပ်မျိုးမရှိပါ။
(ဃ) ထိုင်ရက် ၂၇- ရက်၊ အကြိမ် ၇၀-မှာ မဂ်ကျပြီး၊ ၄-ရက်အကြာ ၁၆-နာရီ ထိုင်ပြီးမှ ဖိုလ် ၁၀-ကြိမ် ၀င်စားနိုင်သည်။
မဂ်ကျပြီး အတော်ကြာမှ ဖိုလ်ကျသည်ဟု ဆိုရာရောက်သောကြောင့် မှားပါသည်။ ဖိုလ်သည် မဂ်စိတ်ဖြစ်ပြီးလျှင် ဆက်တိုက်ဖြစ်သော အချိန်မဆိုင်းသော အကာလိက-တရား ဖြစ်ပါသည်။ အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုသော တရားဖြစ်ပါသည်။
(င) ၎င်းတို့ညွှန်းသော သံလျင်ဘက်မှ ရိပ်သာတစ်ခုတွင် ၁၅-ရက် တရားစခန်း တရားတစ်ပတ်၌ လူ ၅၀-၀င်လျှင် ၄၀-ခန့် သောတာပန်တည်ကြသည်။
ဤမေးခွန်းလည်း ဖြေစရာလိုမည် မထင်ပါ။
(စ) ထိုကဲ့သို့ မိမိကိုယ်မိမိ အရိယာဟု ကြေညာခြင်းဖြင့် ဖြစ်နိုင်သော အကျိုး၊အပြစ်။
၁၃၅။ အကြင်သူသည် ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု ၀န်ခံ၏၊ ဤသူသည်သာလျှင် ဗြဟ္မာနှင့် တကွသော လောက၌ အယုတ်မာဆုံးဖြစ်သော ခိုးသူကြီးပေတည်း။ (သုတ္တနိပါတ်၊ ၀သလသုတ်)
အထက်ပါ ဒေသနာအရ မိမိကိုယ်မိမိ အရိယာဟု ကြေညာရာတွင် အမှန်တကယ် မဟုတ်ဘဲ ကြေညာက အယုတ်မာဆုံး ခိုးသူကြီး ဖြစ်ပေလိမ့်မည်။
၇၈၉။ အကြင်သူသည် မိမိ၏ သီလနှင့်အကျင့်တို့ကို မမေးပါဘဲလျက် သူတစ်ပါးတို့အား ပြောဆို၏၊ အကြင်သူသည်ကား မိမိ (အကြောင်းအရာ)ကို ကိုယ်တိုင်ပင် ပြောဆို၏၊ ထိုပြောဆိုခြင်း ဟူသမျှကို သူယုတ်မာတို့ သဘောဟူ၍ ပညာရှိ တို့ ဆိုကြကုန်၏။ (ဒုဋ္ဌဋ္ဌကသုတ်)
အထက်ပါသုတ်အရ တကယ်အရိယာဖြစ်သည့်တိုင် မမေးဘဲ ပြောက၊ မိမိအကြောင်းကို ကိုယ်တိုင်ပြောက သူယုတ်မာ သဘောရှိသူ ဖြစ်ပေလိမ့်မည်။ (အမှန်တကယ် အရိယာဖြစ်သူက မိမိအကြောင်းကို မမေးဘဲမပြောပါ။ မေးတိုင်းလည်း မပြောပါ။)
၇၉၀။ လောက၌ အကြင်ရဟန်းသည် ကိလေသာ ငြိမ်းအေးသူ ကိလေသာ ငြိမ်းအေးသော စိတ်ရှိသူ ဖြစ်လျက် ငါသည် သီလတို့၌ တည်သူဟု မကြုံးဝါး မပြောဆို၊ အကြင်ရဟန်းအား သံသရာပွါးစီးကြောင်း ကိလေသာတို့ အနည်း ငယ်မျှ မရှိကုန်၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်မျိုးကို သူတော်ကောင်း သဘောရှိသူ ဟူ၍ ပညာရှိတို့ ဆိုကြကုန်၏။ (ဒုဋ္ဌဋ္ဌကသုတ်)
၇၂၇။ ရေမပြည့်သော အိုးသည် အသံမြည်၏ (ဘောင်ဘင်ခတ်၏)၊ ရေပြည့်သော အိုးသည် ငြိမ်သက်သည် သာတည်း၊ သူမိုက်သည် ရေမပြည့်သော အိုးနှင့် တူ၏၊ ပညာရှိသည် ရေပြည့်သော အိုးကြီးနှင့် တူ၏။ (၄၃) (သုတ္တနိပါတ်၊ နာလကသုတ်)
အထက်ပါသုတ်တို့ကို ထောက်ဆ၍ ချင့်ချိန်ကာ ယုံကြည်ကြပါ။ အားပေးသင့်မှ အားပေးကြပါ။
အရှင်ကောဝိဒ (ယော)
မှတ်ချက် = မေးသူ —- ဦးစံမတူ (မန္တလေး)

No comments:

Post a Comment

Gold price estimated