Video

Monday, 12 January 2015

အမှတ်စဉ်(၁၄) {မရှိပညတ်၊ ရှိပညတ် }

မရှိပညတ်

လောကမှာ မရှိဘူးလို့ သတ်မှတ်ထားတာ၊ “ယုန်မှာ ချို မရှိဘူး” လို့ ပြောကြတယ်၊ ခု မော်ဒန်ယုန်ကျတော့ မပြောတက်ဘူး၊ ချို ပေါက်ချင်ပေါက်နေမှာနော်၊ အဲဒီတော့ ယုန်ချိုဆိုတဲ့ စကားလုံးကိုကြည့်ရင် ယုန်မှာ ချိုမရှိသော်လည်း စကားလုံး အနေနဲ့တော့ ယုန်ချိုလို့ ပြောလို့ မရဘူးလား၊ ရတယ်၊
သို့သော် ယုန်ချိုလို့ ပြောတဲ့အတိုင်း တကယ် ချိုကို ရှာတွေ့နိုင်ပါ့မလား၊ မတွေ့နိုင်ဘူး၊ အဲဒီလို မရှိတာဟာ ပင်ကိုယ်က မရှိတာ၊ သဘာဝအားဖြင့် မရှိတာ ဖြစ်နိုင်တယ်၊ အဲဒီလို မရှိတာကို အစွဲပြုပြီးတော့ ‘မရှိတဲ့ ပညတ်’ တကယ် မရှိတာကို အရှိလုပ်ပြီး လူတွေက ပြောလေ့ရှိတဲ့ ပညတ်ကို အ၀ိဇ္ဇာမာန ပညတ်လို့ ခေါ်တယ်။

ရှိပညတ်
တချို့ကျတော့ သဘာဝအားဖြင့် တကယ်ကို ရှိတယ်၊ ဥပမာ- အာရုံကို သိတက်တဲ့သဘောကို စိတ်လို့ခေါ်တယ်၊ လူတိုင်း လူတိုင်းမှာ စိတ်ရှိတယ်၊ မတွေ့နိုင်ဘူးလား၊ တွေ့နိုင်တယ်၊ စိတ်ဆိုတဲ့ အာရုံကို
သိတက်တဲ့သဘော၊ လူတိုင်း လူတိုင်းမှာ မရှိဘူးလား၊ အဲဒီအရှိကို အစွဲပြုပြီးတော့ ခေါ်ဝေါ်ပညတ်တဲ့ စိတ်ဆိုတဲ့ ဝေါဟာရလေးကျတော့ ၀ိဇ္ဇာမာနပညတ် လို့ ခေါ်တယ်။
နောက် ဥပမာ ‘နိဗ္ဗာန်’၊ နိဗ္ဗာန်ဆိုတာလည်း ဘုရား အဆူဆူဟာ နိဗ္ဗာန်ကို ၀င်စံတော်မူကြတယ်၊ ရဟန္တာပုဂ္ဂိုလ် တွေလည်း ကိလေသာအာသဝေါ ကုန်သွားတဲ့အခါ နိဗ္ဗာန်ကို ၀င်စံတော်မူကြတယ်၊ လူတိုင်း လူတိုင်းဟာလည်း ဒီကောင်းမှုကြောင့် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုရပါလို၏လို့ ဆိုပြီး နိဗ္ဗာန်ကို ဦးတည်ဆုတောင်းနေကြတယ်၊
အဲဒီ နိဗ္ဗာန်ဟာ တကယ် ရှိသလားလို့ ဆိုတော့ အငြိမ်းဓာတ်အနေနဲ့သာ တကယ်ရှိတာ ဖြစ်သောကြောင့် နိဗ္ဗာန်ဆိုတဲ့ စကားလုံးသည် ၀ိဇ္ဇာမာနပညတ်၊ ပညတ်တော့ ပညတ်ပဲ၊ သူက အရှိကို ခေါ်ထားတဲ့ ပညတ်လို့ ဒီလို ပြောတယ်၊ အဲဒါကို ၀ိဇ္ဇာမာန ပညတ်
လူတိုတာ ဥပမာ အသားဖြူတဲ့ လူကိုလည်း ‘မောင်နက်’ လို့ ခေါ်ချင်ခေါ်မယ်၊ ‘မောင်ညို’ လို့ ခေါ်ချင်ခေါ်မယ်၊ အသားမည်းတဲ့ လူကိုလည်း ‘မောင်ဖြူ’ လို့ ခေါ်ချင်ခေါ်မယ်၊ ကိုက်ရဲ့လား၊ မကိုက်တာတွေလည်း အများကြီးပဲ၊ ခေါ်ချင်ရာ တစ်ခုခုကို စွဲပြီးတော့ ခေါ်လိုက်တာ၊ ‘မချော’ လို့ ဆိုပေမယ့် ချောချင်မှ ချောမှာနော်၊ ‘မရုပ်ဆိုး’ ဆိုတာက ချောချင်လည်း ချောနေမှာပဲ၊
မဟုတ်တာကို စွဲပြီးတော့ လူ့လောကမှာ ခေါ်ချင်သလို ခေါ်ကြတဲ့ အဲဒီလို အခေါ်အဝေါ်တွေ အားလုံးဟာလည်းပဲ ပညတ်တွေချည်းပဲလို့ ဒီလိုပြောတ၊ ဒါတွေဟာ မမှန်ဘူးလားဆိုတော့ သမ္မုတိသစ္စာအနေနဲ့တော့ မှန်တယ်၊ ဘာကြောင့် မှန်တာတုန်း၊ အားလုံးက သဘောတူထားလို့ မှန်တာတဲ့။
မြန်မာစကားထဲမှာ ရှိတယ် မဟုတ်လား၊ “လူညီရင် ဤကို ကျွဲဖတ်” ဆိုတာ လူညီလို့ မှန်နေကြတဲ့ အမှန်တွေလို့ ပြောတာ၊ အဲဒါဟာ သမ္မုတိသစ္စာတွေချည်းပဲ၊ ပညတ်တွေချည်းပဲ၊ မမှန်တာကို စွဲပြောတာလည်း ရှိတယ်၊ မှန်တာကို စွဲပြောတာလည်း ရှိတယ်၊ ဟုတ်တာကို စွဲပြောတာ ရှိတယ်၊ မဟုတ်တာကို စွဲပြောတာ ရှိတယ်၊ တကယ်ရှိတာကို စွဲပြောတာ ရှိတယ်၊ တကယ်မရှိတာကို စွဲပြောတာ ရှိတယ်၊ ဘာပဲ ပြောပြော လူတွေက အသိအမှတ် ပြုလိုက်လို့ ရှိရင် ဒါ သမ္မုတိသစ္စာ ဖြစ်သွားရော၊
ဒီလို ပညတ်က သမ္မုတိသစ္စာ ဖြစ်တယ်၊ အဲဒီ သမ္မုတိသစ္စာဟာ ထ၀ရ မှန်နေတာ မဟုတ်သည့်အတွက်ကြောင့် ပြောင်းလို့ရတယ်၊ ကြည့်လေ- သတင်စာထဲနာမည်ပြောင်းတာ တွေ မတွေ့ဘူးလား၊ သမ္မုတိသစ္စာဆိုတာ ပြောင်းလို့ရတယ်တဲ့၊ ဘာဖြစ်လို့လဲဆိုတော့ just label ဖြစ်လို့ပဲ၊ အမည်ခေါ်စရာလေး တစ်ခုခု သတ်မှတ်ပေးလိုက်တာပဲ၊ ဒါကြောင့် အခေါ်အဝေါ် မှန်သမျှတွေဟာ ပညတ်တွေလို့ ဒီလို မှတ်ရမယ်။

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ၏ အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) -မှ 

  *ဆက်ရန်* ------- {ပညတ်ရဲ့ သဘာဝ၊ သမ္မုတိသစ္စာကို လေးစားကြ } အား ဆက်လက်ရေးသား ပူဇော်ပါမည်။

No comments:

Post a Comment

Gold price estimated