တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ နေရာဒေသအလိုက်
ဆောင်ရွက်ကြသော "ဒုမင်္ဂလာဆိုင်ရာ" ဓလေ့ထုံးစံများကား များပြားလှ၏။
ယင်းဓလေ့ထုံးစံများထဲတွင် "အသုဘပွဲတွင် ရေအိုးခွဲခြင်းအလေ့" လည်းပါဝင်ပါသည်။
သက်မဲ့ခန္ဓာကိုယ်ကို အိမ်မှထုတ်ဆောင်သောအခါ
တစ်ပါတည်းယူဆောင်လာသော ရေအိုးကို ရိုက်ခွဲရ၏။
ယင်းသို့ရိုက်ခွဲရာ၌ ရေအိုးကွဲဖို့ အရေးကြီး၏ဟု ယုံကြည်ကြသည်၏ အချို့သည်
ရေအိုးကို ရိုက်ခွဲရာ၌ ပထမအကြိမ်တွင် မကွဲသော် ဒုတိယအကြိမ်ရိုက်ခွဲရ၏။
ယင်းသို့ပထမအကြိမ်တွင် ရေအိုးမကွဲသောအခါ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်လျှင်
ဗေဒင်ဆရာ နတ်ကတော်ဆရာထံ ချဉ်းကပ်မေးမြန်းပြီး ယတြာချေကြသူတွေပင် ရှိ၏။
ကောင်းပြီ။
အသုဘပွဲတွင် ရေအိုးကို ဘာကြောင့် ရိုက်ခွဲရသနည်း။
ယင်းသို့ရိုက်ခွဲရန် ဘုရားရှင်က ညွှန်ကြားထားခဲ့၍လော။
ပိဋကတ်တော်ထဲမှာ ပါဝင်၍လော။
မည်သူက စတင်ခဲ့သော 'ဓလေ့' နည်း။
အစဉ်အလာသာ ဆောင်ရွက်လာခဲ့ကြသည်။
တိတိကျကျ ရေရေရာရာ အဖြရှာဖို့မူ စိတ်ဝင်စားခဲ့ဟန်မတူ။
အချို့ကမူ ဤအစဉ်အလာ ဓလေ့ထုံးစံမှာ ဘုရားဟော အဿကဇာတ်
(ဇာတက-ဋ္ဌ၊ ဒု-၁၄၂) နှင့် နှီးနွယ်ဆက်စပ်နေသည်ဟု ယူဆပြောဆိုကြပါသည်။
အဿကဇာတ်၏ အကျဉ်းချုပ်ကို တင်ပြပါမည်။
ကာသိတိုင်း၏ ဘုရင် 'အဿကမင်းကြီး' သည် အင်မတန်ချောမောလှပသော
သူ၏ မိဖုရားကြီး 'ဥပရီ' ကို အလွန်ချစ်ခင်စုံမက် မြတ်နိုးလှပါ၏။
တစ်နေ့၌ ဥပရီ မိဖုရားကြီး ကွယ်လွန်သွားပါသည်။
မင်းကြီးခမြာ မြတ်နိုးလွန်းလှသော မိဖုရားကြီး၏ အလောင်းကို မပစ်ရက်သောကြောင့်
မပုပ်သိုးစိမ့်သောငှာ စီမံထားရှိပြီး သူအိပ်သော ကုတင်အောက်တွင် ထားသည်။
သောကပရိဒေ၀၏ ဒဏ်ကို အပြင်းအထန် လူးလှမ့်ခံစားနေရရှာသည်။
မည်သူကမျှ ဖျောင်းဖျ၍ မရခဲ့ပါ။
ထိုအချိန်၌ ဘုရားလောင်းရသေ့သည် အဿကမင်းကို ဆုံးမရန်
မင်းကြီး၏ ဥယျာဉ်ထဲသို့ ကြွလာပါ၏။
ရသေ့မြတ်က သူ့အားဖူးမြော် လာသူတစ်ဦးအား-
"အဿကမင်းက ငါ့ကိုလာပြီးမေးမယ်ဆိုရင် ငါကသူ့ကို
ဥပရီမိဖုရားရဲ့လားရာဂတိကို ပြောပြမယ်။ အဿကမင်းရဲ့ ရှေ့မှာပဲ
အဲဒီ ဥပရီ မိဖုရားကို စကားပြောခိုင်းမယ်" ဟုပြောကြားလိုက်ပါသည်။
ဤစကားကိုကြားလျှင်ကြားချင်း အဿက မင်းကြီးက ဘုရားအလောင်းတော် ရသေ့ထံ
ဝင်ရောက်လာပြီး
"အရှင်ဘုရားက ဥပရီမိဖုရားရဲ့ ဖြစ်ရာဌာနကို သိတယ်ဆိုတာ ဟုတ်ပါသလားဘုရား"
"ဟုတ်ပါတယ် ဒကာတော်မင်းမြတ်"
"မင်းမြတ်၊ သင့်ရဲ့ မိဖုရားဟာ ကိုယ့်ကိုကိုယ် အလှပြင်နေတာနဲ့ပဲ အချိန်ကုန်ပြီး
ကုသိုလ်ကောင်းမှု မပြုလုပ်ခဲ့တဲ့အတွက် ဒီဥယျာဉ်ထဲမှာပဲ နွားချေးပိုးမ ဖြစ်နေပါတယ်"
"တပည့်တော် မယုံနိုင်ပါ ဘုရား"
"ဒီလိုဆိုရင် နွားချေးပိုးမကို ခေါ်ပြပြီး စကားပြောခိုင်းမယ် ဆိုရင်ရော"
"ကောင်းပါတယ် ဘုရား"
အလောင်းတော် ရှင်ရသေ့သည် သူ၏ တန်ခိုးဖြင့် နွားချေးပိုး ဇနီးမောင်နှံ နှစ်ကောင်လုံးကို
သူ့ရှေ့သို့ ရောက်အောင် ခေါ်လိုက်ပါသည်။
ထို့နောက် အဿကမင်းကြီးအား -
"မင်းကြီး ဒီနွားချေးပိုးဟာ သင်ရဲ့ ဥပရီမိဖုရားပဲ၊ သင့်ကို စွန့်ထားခဲ့ပြီး၊
နွားချေးပိုးဖိုရဲ့ နောက်က တကောက်ကောက် လိုက်ပါနေတယ်"
"အရှင်ဘုရား၊ ဥပရီလို မိန်းမတစ်ဦးက
နွားချေးပိုးမ ဖြစ်နေတယ်ဆိုတာ တပည့်တော် လုံးဝ မယုံနိုင်ပါ”
"မင်းကြီး သူ့ကို စကားပြောခိုင်းရမလား"
"ခိုင်းတော်မူပါ ဘုရား"
အလောင်းတော် ရသေ့သည် သူ၏ တန်ခိုးဖြင့် စေခိုင်းလိုက်ရာ
နွားချေးပိုးမက လူ့ဘာသာစကားနှင့် ပြန်ပြောပါသည်။
"နင်ဟာ အတိတ်ဘ၀တုန်းက ဘယ်သူလဲ"
"အရှင်ဘုရား တပည့်တော်ဟာ အဿကမင်းကြီးရဲ့ မိဖုရား ဥပရီပါ"
"သင်ဟာ အခု မင်းကြီးကို ချစ်သလား၊ ဒါမှမဟုတ် ဒီနွားချေးပိုးထီးကို ချစ်သလား"
"အရှင်ဘုရား၊ ဒီဥယျာဉ်အရပ်က တပည့်တော်ကို အင်မတန်ချစ်မြတ်နိုးတဲ့
လင်ဖြစ်သူ "အဿကမင်း" နဲ့ အတူ တပည့်တော် လှည့်လည်သွားလာနေကျအရပ်ပါ။
အသစ်ဖြစ်တဲ့ ချမ်းသာ ဆင်းရဲက အဟောင်းဖြစ်တဲ့ ချမ်းသာဆင်းရဲကို
ဖုံးကွယ်ပိတ်ဆို့ထားလိုက်ပါတယ်။ ဒီနွားချေးပိုးထီးကို သာပိုပြီး ချစ်ခင်မြတ်နိုးပါတော့တယ်"
ဘ၀ဟောင်းက ဥပရီမိဖုရားကြီး ဖြစ်ခဲ့ဖူးသော နွားချေးပိုးမ၏ စကားကို
ကြားလိုက်ရသောအခါ အဿကမင်းကြီးက စိတ်နာပြီး ပြင်းစွာ ဒေါသထွက်သွားပါသည်။
မိဖုရားအလောင်းကောင်ကို ခြေဖြင့် ကန်ပြီး ချက်ချင်းပင် သယ်ဆောင် သင်္ဂြိုလ်စေခဲ့ပါသည်။
အလောင်းအောက်က ကြမ်းပြင်ကို ရေဖြင့်ဆေးကြောပြီး ကြမ်းခင်းပြင်များကို ထုတ်နှုတ်ပစ်ခဲ့ပါသည်။
အဿကမင်းကြီး၏ ဤထုံးကို နှလုံးမူလျက်
"ရေစက်ကုန်ပြီ"၊ "အိုးစားကွဲပြီ" ဆိုသောသဘောဖြင့် ရေအိုးခွဲခြင်းဖြစ်သည် ဟုဆိုကြပါ၏။
အဿကမင်းကြီး၏ထုံး နှလုံးမူရအောင် ကွယ်လွန်သူအပေါ် ကျန်ရစ်သူ မိသားစုက
(အဿကမင်းကြီးက ဥပရီမိဖုရားကြီးအပေါ် စိတ်နာသလို) စိတ်နာကြလို့လား။
"ရေစက်ကုန်ပြီ" ဟုဆိုရအောင် ကျန်ရစ်သူ မိသားစုတွေက
ကွယ်လွန်သူအပေါ် ဘာများနာကြည်းစရာတွေ ရှိခဲ့လို့လဲ။
"အိုးစားကွဲပြီ" ဟုဆိုရအောင် ကျန်ရစ်သူ မိသားစုက
ကွယ်လွန်သူအပေါ် ဘာများစိတ်ဆိုးစရာ ရှိလို့လဲ။
စင်စစ်မူ "ရေစက်ကုန်ပြီ"၊ "အိုးစားကွဲပြီ" ဆိုသည့် သဘောနှင့်
"ရေအိုးကို ရိုက်ခွဲခြင်း" သည် လက်တွေ့ခံစားချက်ကို သစ္စာဖောက်လိုက်ခြင်းသာဖြစ်ပါ၏။
လက်တွေ့တွင်မူ ကွယ်လွန်သူအပေါ် ကျန်ရစ်သူမိသားစုနှင့် ဆွေမျိုးသားချင်းများက
တမ်းတမ်းတတ ရှိကြသည်။ လွမ်းလွမ်းဆွတ်ဆွတ် ရှိကြသည်။ နှမြောတသ ရှိကြသည်။
ဖြစ်နိုင်လျှင် သေသူနှင့် ဘ၀ပေါင်း အသင်္ချေ ပြန်၍ဆုံချင်ကြပေသည်။
မလွန်ဆန်သာ၍သာ ကွယ်လွန်သူ၏ သက်မဲ့ခန္ဓာကိုယ်ကြီးကို "စွန့်ပစ်" ကြရသည်။
မည်သူကမျှ ကွယ်လွန်သူနှင့် ရေစက်လည်း မကုန်ချင်ကြ၊ အိုးစားလည်း မခွဲချင်ကြပါ။
အချို့ကမူ "ရေအိုးကွဲအောင် ရိုက်ခွဲ" မှ
သေသူ၏ ၀ိညာဉ်လိပ်ပြာက မိသားစုထံတွင် ရစ်ဝဲခြင်းမရှိနိုင်။
တ၀ဲလည်လည်တွယ်တာ ခြင်းမရှိနိုင်ဟု ဆိုတတ်ကြသည်။
မှားလေစွတကား။
ကွယ်လွန်သူမှန်သမျှ သူပြုခဲ့သော ကံ၏စေရာ ဘုံဘ၀တစ်ခုခုသို့
(သေသည်နှင့် တပြိုင်နက်) မိနစ်ပင်မခြား ကူးပြောင်းခဲ့ပြီး ဖြစ်ရာ
သူ၏လားရာဂတိသည် ရေအိုးကို ရိုက်ခွဲခြင်းနှင့် မဆိုင်ပေ။
သို့ဖြစ်၍ အသုဘပွဲတွင် ရေအိုးကို ရိုက်ခွဲသော ဓလေ့သည်
ဘာသာရေး ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊
လက်တွေ့စိတ်ခံစားမှု ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊
မည်သို့မျှ အဓိပ္ပာယ်မရှိသော "အယူသီးမှုတစ်ခု" သာဖြစ်သည်မှာ
ငြင်းပယ်၍ မရနိုင်ပါချေ။
မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေး မှ
http://www.dhammagarden.comမှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment