Video

Tuesday 16 December 2014

အမှတ်စဉ်(၂) - “အဘိဓမ္မတ္ထသင်္ဂဟကျမ်း”

 


အဘိဓမ္မာ မြတ်ဒေသနာ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ 
ကျန်းဦးနိဒါန်း

                      “ အဘိဓမ္မာ မြတ်ဒေသနာ” ခေါင်းစီးကစပြီး ဘုန်းကြီးတို့ အဘိဓမ္မာဒေသနာတော်ကို လိုရင်း အနှစ်ချုပ် ထုတ်ပြီး ၁၀-ညတိုင်တိုင် ဟောပါမယ်၊ ဟောလို့ပြီးဆုံးသွားရင် အဘိဓမ္မာ တရားတော်ရဲ့ အနှစ်ချုပ်ဖြစ်တဲ့ စိတ်အကြောင်း၊ စေတသိက်အကြောင်း၊ ရုပ်အကြောင်း၊ မိမိတို့သန္တာန် မိမိတို့ရဲ့ ဘ၀မှာ ဖြစ်ပေါ်နေတဲ့ သဘာဝတရားတွေရဲ့ အကြောင်းကို အခြေခံအားဖြင့် သိရှိသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
          ဒီကနေ့ ဘုန်းကြီးတို့  “ အဘိဓမ္မာ မြတ်ဒေသနာ” ဆိုတဲ့ ခေါင်းစီးနဲ့ ဟောပြီး နက်ဖြန်ခါကျတော့ ဆိုင်ရာ ဆိုင်ရာ ခေါင်းစီး အသေးလေးတွေ ပေးပြီးတော့ ဟောသွားပါ့မယ်။

  
အဘိဓမ္မတ္ထသင်္ဂဟကျမ်း

                   ဒီကနေ့ မြန်မာနိုင်ငံမှာ အဘိဓမ္မာလေ့လာနေတဲ့ ပုဂ္ဂိုလ် တိုင်း အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို သင်ယူကြရတယ်၊ အများက သင်္ဂြိုလ်ကျမ်းလို့ ခေါ်ကြတယ်၊ သင်္ဂြိုလ်ဆိုတာ ပါဋိဘာသာ သင်္ဂဟကို မြန်မာလိုခေါ်တာဖြစ်တယ်၊ သင်္ဂဟဆိုတာ အကျဉ်းချုပ်လို့ အဓိပ္ပယ်ရတယ်၊ ဒီပြင်နေရာမှာ သင်္ဂြိုလ်တယ် ဆိုတာ ‘ကူညီထောက်ပံတယ်’ လို့ အဓိပ္ပာယ်ရတယ်၊ ဒီနေရာမှာ သင်္ဂြိုလ်ဆိုတာကတော့ ‘အကျဉ်းချုပ်’ လို့ အဓိပ္ပာယ်ရတယ်၊ အဘိဓမ္မာကျမ်းက အလွန် ကျယ်ဝန်းလို့ ထို အဘိဓမ္မာကျမ်းလာ အနှစ်တွေကိုထုတ်ပြီး အကျဉ်းချုံးထားတဲ့ ကျမ်းကို အဘိဓမ္မတ္ထသင်္ဂဟကျမ်း လို့ ခေါ်တယ်။

                   ပထမပြန်စာမေးပွဲမှာ ပြဋ္ဌာန်းထားတာဖြစ်လို့  မြန်မာနိုင်ငံမှာ ရှိကြတဲ့ ရဟန်းသာမဏေတွေ မဖြစ်မနေရ ဖြေကြရတဲ့ ကျမ်းဖြစ်တယ်၊ ၈-ရာစု, ၉-ရာစု လောက်က သီရိလင်္ကာနိုင်ငံမှာ အရှင်အနုရုဒ္ဓါ ဆိုတဲ့ မထေရ်တစ်ပါး ပြုစုခဲ့တဲ့ ဒီ အဘိဓမ္မတ္ထသင်္ဂဟကျမ်း ဟာ အဘိဓမ္မာကို လေ့လာသူတိုင်းအတွက် အင်မတန်မှ လွယ်ကူတယ်၊ အနှစ်သာရကို ချုပ်ပြီးတော့ ပြထားတဲ့ကျမ်းဖြစ်လို့ အင်မတန် တန်ဘိုးရှိတဲ့ ကျမ်းတစ်စောင် ဖြစ်တယ်၊ ထိုကျမ်းမှာ အပိုင်း ၉- ပိုင်းရှိတယ်၊ အဲဒီအပိုင်း ၉- ပိုင်းထဲမှ -

          (၁) စိတ်ပိုင်း၊
          (၂) စေတသိက်ပိုင်း၊
          (၃) ပကိဏ်းပိုင်းဆိုတဲ့ အပိုင်း ၃-ပိုင်းကို ‘ပထမအဆင့်’ လို့ ဒီလိုသက်မှတ်ပြီးတော့ စာမေးပွဲ ကျင်းပကြတယ်၊ နောက်ပြီး -

          (၄) ၀ီထိပိုင်း၊
          (၅) ၀ီထိမုတ်ပိုင်း၊
          (၆) ရုပ်ပိုင်း ဆိုတဲ့ အလယ် ၃-ပိုင်းကိုတော့ ‘ဒုတိယအဆင့်’ ဆိုပြီးတော့ အဘိဓမ္မာစာမေးပွဲမှာ ကျင်းပတယ်၊နောက်ဆုံးပိုင်းကတော့ -
          (၇) သမုစ္စည်းပိုင်း၊
          (၈) ပစ္စည်းပိုင်း၊
          (၉) ကမ္မဋ္ဌာန်းပိုင်း လို့ ဆိုပြီး ဒီ ၃-ပိုင်းကို စာမေးပွဲကျင်းပတာတော့ ‘တတိယအဆင့်’ လို့ ဆိုပြီးတော့ အားလုံး (၉)ပိုင်း ခွဲခြားထားတယ်။

          ဘုန်းကြီးတို့ ဒီမှာတော့ ရုပ်ပိုင်းက စပြီးတော့ ဟောမှာ ဖြစ်ပါတယ်၊ ရုပ်ပိုင်းပြီးလို့ရှိရင် စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ဒီအပိုင်းသုံးပိုင်းကို (၁၀)ညတာ ခွဲဟောပါ့မယ်၊ “အဘိဓမ္မာမြတ်ဒေသနာ” တရားထဲမှ သဘာဝတရားတွေကို သိရှိနားလည်သွားအောင် ခွဲခြားပြီး ဟောပြောသွားပါမယ်၊ ဒီအပိုင်း ၃-ပိုင်း ကျေသွားလို့ ရှိရင် ကျန်တဲ့အပိုင်းတွေကို ဆက်လက် လေ့လာဖို့ အခြေခံရသွားမှာပါ။

          အေး-- “အဘိဓမ္မာမြတ်ဒေသနာ” ဆိုတာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေထဲမှာ အထူးခြားဆုံးနဲ့ အလေးနက်ဆုံး ဒေသနာလို့ ပြောရမယ်၊ မြတ်စွာဘုရား တရားတော်ကို ခွဲခြမ်းစိတ်ဖြာပြီးတော့ ကြည့်ရင် မြတ်စွာဘုရား စကားတော်ဟာ ‘ဓမ္မ’ နဲ့ ‘၀ိနယ’ လို့ နှစ်မျိုးရှိတယ်၊ ဓမ္မလို့ဆိုတာက သဘာဝတရားတွေကို ပြောတာ၊ သဘာဝ တရားတွေကို ရည်ညွှန်းပြီးတော့ ဟောပြောတာ ဓမ္မ။

          ၀ိနယဆိုတာ သံဃာတွေ သံဃာအဖွဲ့အစည်းမှာ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို သတ်မှတ်ထားတာကို ခေါ်တယ်၊ မြတ်စွာဘုရား တရားတော်ကို အနှစ်ချုပ်ပြီးတော့ ပြောမယ်ဆိုရင် ‘ဓမ္မ’ နဲ့ ‘၀ိနယ’ ဒီနှစ်ခုရှိပါတယ်။

          အဲဒီ ‘ဓမ္မ’ ဆိုတဲ့ အထဲမှာ ဘာတွေပါတုန်းဆိုရင် သုတ္တန်တရားတော်နဲ့ အဘိဓမ္မာတရားတော်တွေ ပါတယ်။ ဓမ္မမှာ အဘိ ဆိုတဲ့ စကားလုံး မပါရင် သက်သက် ဓမ္မဆိုတာ သုတ္တန်တရားတွေကို ရည်ညွှန်းတယ်၊ အဘိဓမ္မဆိုတာ ထူးခြားလေးနက်တဲ့ အဘိဓမ္မာ ဒေသနာတော်ကို ရည်ညွှန်းပါတယ်။

*ဆက်ရန်* -------
ဆရာတော်ကြီးဟောကြားတော်မူသော အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ) မှ  
{ ပိဋကတ် ၃-ပုံ နှင့် ဓမ္မ ၂- မျိုးအထူး } အား ဆက်လက်ရေးသား ပူဇော်ပါမည်။


အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) စာ ၁-၄  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။

ဤစာဖြင့် ဗုဒ္ဓရှင်တော်မြတ်ဘုရား အား လည်းကောင်း
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) ဆရာတော် အား လည်းကောင်း
ကျနော့်အား ယခုစာအုပ်ကို ဓမ္မလက်ဆောင်ပေးသော အန်တီဆွေ (Anatta Swe) တို့အား ရှစ်ခိုးပူဇော်ပါသည်။

ရဲဝင်းထွန်း
05.01.2012   (Thursday)                   10:16 am          

အမှတ်စဉ် (၁) အဘိဓမ္မာ မြတ်ဒေသနာ

ဂုဏ်တော်အမွှမ်း ဘုရားရှိခိုး

    “ ကျန်းဦးပဏာမ ”

            ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ မဟာကရုဏာတော်ကို အာရုံပြုကာ သီကျူးဖွဲ့ဆိုအပ်သော ၀န္ဒာနာပဏာမ အာသီသဂါထာကို ရွတ်ဆို ပူဇော်ခြင်းဖြင့် တရားပွဲကို စတင်ကြရအောင်။

ယော ကပ္ပကောဋိဟိပိ အပ္ပမေယျံ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ။
ခေဒံ ဂတော လောကဟိတာယ နာထော၊
နမော မဟာကာရုဏိကဿ တဿ။

ယော နာထော - ဝေနေယျများစွာ သတ္တ၀ါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်၊
ကပ္ပိကောဋီဟိပိ -  ကုဋေကမ္ဘာ အရေအတွက်သချာင်္တို့ဖြင့်သော်လည်း။

အပ္ပမေယျံ - ရေတွက်တိုင်းတာ ဖေါ်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊
ကာလံ - လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊
လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ၊
အတိဒုက္ကရာနိ -  ဥစ္စာအသက် ခြေ,လက်အင်္ဂါ မေတ္တာကြီးမားး သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အခွန်ခဲယဉ်းသော အမှုတို့ကို၊
ကရောန္တော -  ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည် ဖြစ်၍၊
ခေဒံ -  လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့
ဂတော - ဘ၀အတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရ ရှာလေပြီ၊
မဟာကာရုဏိကဿ -  သတ္တ၀ါများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော၊
တဿ နာထဿ -  ဝေနေယျများစွာ သတ္တ၀ါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား ထိုရှင်တော်မြတ်ဘုရားအား၊
နမော - ရိုသေပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊
အတ္တု ဘ၀တု - စင်စစ်မသွေ ဖြစ်ပါစေသတည်း.....။

                                              “ သာဓု - သာဓု - သာဓု ”
                                                              -------------------------

*ဆက်ရန်* -------
ဆရာတော်ကြီးဟောကြားတော်မူသော အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ) မှ { အဘိဓမ္မာတ္ထသင်္ဂဟကျမ်း } အား ဆက်လက်ရေးသား ပူဇော်ပါမည်။


အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) - မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။

ရဲဝင်းထွန်း
03.01.2012  (Tuesday)                          12:10 pm       

နိဂုံးလင်္ကာ (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၉)

နိဂုံးလင်္ကာ

ကျမ်းပြီးမှတ်ထုံး၊ ကမ္ပတ်ဖုံး၍၊ နိဂုံးအရာ၊ အကျဉ်းမှာပိမ့်၊ 
ခုခါမျက်မြင်၊ လူရောရှင်တို့၊ ပြည်ခွင်နိဗ္ဗာန်၊ 
ဝင်ဖို့ရန်ဟု၊ ဓိဋ္ဌာန်မနော၊ စိတ်ကြံစောလည်း၊ 
သဘောရင်းနှစ်၊ အတွင်းစစ်က၊ သစ်သစ်လွင်လွင်၊ 
မဖြူစင်သော်၊ ခင်မင် ရွှေပြည်၊ ဝေးဦးမည်ကြောင့်၊ 
ငါသည်လည်းကောင်း၊ ငါ့အပေါင်းနှင့်၊ ငါ့နှောင်းငယ်သား၊ အစထား၍၊ 
တရားယူလိုများလူဗိုလ်တို့၊ နဂိုမြင့်မြင့်၊ အလိုတင့်အောင် ကိုယ်ကျင့်အဘိဓမ္မာ၊
                                  ဤကျမ်းစာကို၊ ကောင်းစွာစေ့ငု၊ တွေ့တိုင်းရူ၍၊
စိတ်မူစုံလင်၊ အကုန်ပြင်မှ၊ ဂုဏ်အင်ပြည့်မော်၊ ဘေးလောင်းတော်တို့၊ 
စံပျော်လေရာ၊ ပြည်ခေမာဝယ်၊ ရှင်ဖြာရိပ်ဖြူ၊ ဘိသိက်ယူလျက်၊ 
နိဗ္ဗူနန်းဖြင့်၊ အောင်ခန်းဖွင့်ဖို့၊
 အောင်သင့်အောင်ကြောင်း၊ အောင်တပ်ပေါင်းနှင့်၊
 အောင်မောင်းဆော်ဟည်း၊ အောင်စည်တီးလျက်၊
 အောင်ကြီး အောင်ရမည်သာကို။
ကိုယ်ကျင့်အဘိဓမ္မာ ပြီးပြီ။

ကျားငစဉ်းလဲအကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၈)



ကျားငစဉ်းလဲအကြောင်း 
ဟိတောပဒေသ၌ ကျားအိုကြီး စဉ်းလဲပုံကို ပုံဝတ္ထုလုပ်၍ ပြထားသည်မှာ အသိနှင့် ကိုယ်ကျင့် တခြားစီဖြစ်၍နေကြောင်း ထင်ရှားစေတော့သည်။ ကျားကြီးကား အတော်အိုပြီ။ ရှေးကလို သားကောင်းများကို လျင်လျင်မြန်မြန် မဖမ်းနိုင်တော့ချေ။ သို့ဖြစ်၍ တစ်နေ့သ၌ တောသွားတောလာတို့ ကြားလောက်အောင် ဟစ်အော်သည်မှာ-

“အို-အို ခရီးသွားတို့ ဤရွှေလက်ကောက်ကို ယူလှည့်ပါကုန်” ထိုစကားကို ခရီးသွားတစ်ယောက်ကြား၍ အနားလာပြီးလျှင် “ဘယ်မှာလဲရွှေလက်ကောက်”ဟု မေးသဖြင့် ကျားအိုကြီးက လက်ကိုဖြန့်၍ ရွှေလက်ကောက်ကို ပြသောအခါ ထိုခရီးသည်က “သူများအသက်ကို သတ်ဖြတ် စားသောက်လေ့ရှိသော အသင်၏ အနား၌ ဘယ့်နှယ်လုပ်ပြီး အကျွမ်းတ၀င် ယူဝင့်ဝံ့ပါမည်လဲ”ဟု ပြောလေသော် ကျားကြီးက ပြောသည်မှာ “ကျွန်ုပ်ငယ်ရွယ်စဉ်က တရားကို နားမလည်၍ သူများကို သတ်ဖြတ်ခဲ့၏။ ထိုသို့ သူများကို သတ်မိခဲ့၍ “ကာလိဝိပါက် နောက်ပိုးတက်”သဖြင့် ကျွန်ုပ် သားသမီးနှင့် မယားလည်း ဆုံးလို့ သံဝေဂ ဖြစ်နေတုန်းမှာ သူတော်စင်နှင့် တွေ့၍ “ယနေ့ကစပြီး အလျူဒါနပြုလျက် တရားကျင့်လော့”ဟု သြ၀ါဒ ပေးခဲ့သောကြောင့် ထိုသြ၀ါဒအတိုင်း လိုက်နာနေထိုင်သူ ဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့ လက်သည်းခြေသည်းနှင့် သွားများလည်း လျှောကျကုန်ပြီဖြစ်၍ အဘယ်မှာ ကြောက်ရွံ့စရာ ရှိပါတော့မည်လဲ။
ကျွန်ုပ်မှာ လောဘဆိုလို့ အလွန်နည်းပါးနေပါပြီ။ ကျွန်ုပ်၏ လက်မှာရှိနေသော ဤရွှေလက်ကောက်ကို တစ်စုံတစ်ယောက်အား ပေးချင်နေတာကို ကြည့်ပါတော့။ သည်တော့ကား ကျွန်ုပ်က ဘယ်မှာ သင့်ကို သတ်ဖြတ်တော့မည်လဲ။ ကျွန်ုပ်ကြားဖူးသော တရားစုမှာလည်း “သူများမယားကို ကိုယ်၏မိခင်လို သဘောထား၍ သူများဥစ္စာကို ကျောက်ခဲသလဲများလို သဘောထားပြီးလျှင် သတ္တ၀ါဟူသမျှကို ကိုယ်နှင့် မခြားအောင် စိတ်ထားနိုင်မှ ပညာရှိ သူတော်ကောင်း”ဟု မိန့်ဆိုချက် ရှိလေတော့ “ကျွန်ုပ်လို တရားသိ သူတော်ကောင်း တစ်ယောက်က အဘယ်မှာ သူ့အသက်ကို သတ်ရက်တော့မှာလဲ။ သို့ဖြစ်၍ ဤ ရေအိုင်မှာ ရေဆင်းချိုးပြီး စင်စင်ကြယ်ကြယ်နှင့် ကျွန်ုပ်လက်ကောက်ကို အလှူခံပါ”ဟု ပြောလေသော် -
ထိုစကားကို ယုံကြည်မိသော ခရီးသွားသည် ရေချိုးရန် ဆင်းလျှင်ဆင်းခြင်း ညွှန်၌ ကျွံလေ၏။ ထိုအခါ သူတော်စင်ကျားကြီးက “ဟား-ဟား၊ ညွှန်ထဲနစ်နေသကိုး၊ ကျွန်ုပ်ဆယ်ပါ့မယ်”ဟု ပြောပြော ဆိုဆို အနားသို့ ကပ်ကာ သတ်စားလေသည်။
ဤပုံဝတ္ထုကို ထောက်၍ အသိသည် အသိမျှဖြစ်ကြောင်း သိသလောက် ကိုယ်ကျင့်တရားမရှိလျှင် ကျကျနန ယုတ္တိယုတ္တာနှင့် စဉ်းလဲတတ်သဖြင့် မသိ၍ ဆိုးရွားနေသူတို့ ထက်ပင် ကြောက်ဖွယ် ကောင်းကြောင်း နားလည်ကာ ဤကျမ်းစာရူသူတို့မှာ သိရုံနှင့် မပြီးကြဘဲ သိသည့်အတိုင်း ကိုယ်ကျင့်ကောင်းသူများချည်း ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ထပ်လောင်း၍ သတိပေးရပါသတည်း။

နိရောဓသမာပတ်ကို ၀င်စားခြင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၆)




နိရောဓသမာပတ်ကို ၀င်စားခြင်း

စိတ် စေတသိက်နှင့် စိတ်ကြောင့်ဖြစ်သော ရုပ်များ၏ အသစ်မဖြစ်ဘဲချုပ်ငြိမ်းနေအောင် ပြုနိုင်သော သမာပတ်ကို “နိရောဓသမာပတ်”ဟုခေါ်၏။ အနာဂါမ် ရဟန္တာဖြစ်ပြီး ဈာန်အကုန်ရပြီး ပုဂ္ဂိုလ်ကိုသာ ထိုသမာပတ်ကို ၀င်စားနိုင်၏။ အနာဂါမ်၊ ရဟန္တာ အရှင်မြတ်တို့သည် ရုပ်နာမ် ခန္ဓာကြီးကို လေးလံလှစွာသော ၀န်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော်မူကြကုန်၏။
ထို့ကြောင့် ရုပ်ခန္ဓာ ကင်းနိုင်သမျှကင်းဖို့ရာ နိရောဓသမာပတ်ကို ၀င်စားတော်မူကြသည်။ ထိုသမာပတ်အတွင်း၌ ခံစားမူလုံးဝမရှိ။ နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ဘဲရပ်စဲနေခြင်းသာတည်း။ ထိုရပ်စဲခြင်းသည်ပင် ချမ်းသာသေးလျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းနေသော နိဗ္ဗာန်သည် အဘယ်မှာ


ထင်ရှားရှိသောနိဗ္ဗာန်

ထိုသန္တိသုခနိဗ္ဗာနဓာတ် တရားမြတ်သည် ဘာမျှ မရှိသော(သဘာဝ) ပညတ် မဟုတ်ပါ။ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီး ရှိကြပါသည်။ ထို့ကြောင့်ပင် ရဟန္တာအရှင်တို့သည် ခန္ဓာကိုယ် ထင်ရှားရှိစဉ် မိမိသိအပ်သော နိဗ္ဗာန်ကို အာရုံပြုလျက် ဖလ သမာပတ် ၀င်စား၍ နေလေ့ရှိကြပါသည်။ ထိုသမာပတ်ဝင်စားခိုက်၌ နိဗ္ဗာန်ကို အာရုံပြု၍ နေရသည်မှာ အလွန်သုခ ရှိပါသည်တဲ့။ ထို့ကြောင့်ပင် ထေရာထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန် ၀င်စံခါနီးဝယ် ဥဒါန်းကျူးကာ ရုပ်နာမ် ခန္ဓာဝန်ကြီးကို အပြီးသတ် ပစ်ချတော် မူကြပါသည်။
ရတနသုတ်ပါဠိတော်
ခယံ၊ ၀ိရာဂံ အမတံ ပဏီတံ၊
ယဒဇ္ဈဂါ သကျမုနိ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္တိ ဟောတု။
သန္တံ၊ ဖြစ်ပျက်မစပ် အငြိမ်းဓာတ်ဖြင့် မပြတ်ပုံသေ အေးမြပေထသော။ ခယံ၊ ရုပ်နာမ်အဆူဆူ အပူခပ်သိမ်း ကုန်ငြိမ်းကြောင်းလည်း ဖြစ်ပေထသော။ ၀ိရာဂံ၊ ရုပ်နာမ်အဆက် အကုန်ပျက်သဖြင့် မတပ်မက်ကြောင်းလည်း ဖြစ်ပေထသော။ အမတံ၊ ဇရာမရဏ ရှာမရအောင် ကာလပုံသေ အမြုတေလည်း ဖြစ်ပေထသော။ ပဏီတံ၊ အရသာရှိ စားဖွယ်၏သို့ သိ၍မ၀ မွန်မြတ်ပေထသော။ ယံ ဓမ္မံ၊ အသင်္ခတ နိဗ္ဗာနဓာတ် အကြင်တရားတော်မြတ်ကို။ သမာဟိတော၊ ဘာဝနာကမ္မဋ္ဌာန်း လွန်ကြိုးပမ်းသဖြင့် စိတ်စွမ်းတည်ဘိ သမာဓိရှိတော်မူသော။ သကျမုနိ၊ သာကီနွယ်ဖွား ငါတို့ ဘုရားသည်။ အဇ္ဈဂါ၊ ဗောဓိအောင်မြေ ပလ္လင်ဗွေ၌ လေးထွေသစ္စာ သိသောအခါဝယ် ကောင်းစွာလှလှ ရတော်မူခဲ့လေပြီ။
တေနဓမ္မေန၊ အသင်္ခတ နိဗ္ဗနဓာတ် ထိုတရားတော်မြတ်နှင့်။ သမံ၊ တန်းတူထား၍ ရူစားလောက်သော။ ကိဉ္စိ၊ တစ်မျိုးတခြား တရားဆိုင်ရာ တစ်စုံတစ်ခုသော ရတနာသည်။ နအတ္ထိ၊ လူ့ဘုံ နတ်ရောက် အကုန်ပေါက်အောင် မွှေနှောက်ရှာဖွေ မရှိပါချေ။ ဓမ္မေ္မ၊ အသင်္ခတ နိဗ္ဗာနဓာတ် တရားမြတ်၌။ ပဏီတံ၊ တရားများစွာ ရတနာထက် ကဲသာမြတ်မွန် တုဖက်လွန်သော။ ဣဒမ္ပိ ရတနံ၊ ရတနာဖြစ်ကြောင်း ကောင်းထက်ကောင်းသည့် ဂုဏ်ပေါင်းကိုခြုံ ဤခယ-၀ိရာဂ စသော ဂုဏ်တော်သည်။ အတ္ထိ၊ စင်စစ်ဧကန် အမှန်မသွေ ရှိပါပေ၏။ ဧတေန သစ္စေန၊ မှန်ကန်လှစွာ ဤ၀စီသစ္စာကြောင့်။ ပါဏိနံ၊ ဘေးရန်ခပ်သိမ်း၊ အေးငြိမ်းကြလို များလူဗိုလ်တို့အား။ သုဝတ္ထိ၊ တင့်တယ်ဖို့ရန် အတန်တန်ဖြင့် ဘေးရန်ခပ်သိမ်း အေးငြိမ်းခြင်းသည်။ ဟောတု၊ စင်စစ်မသွေ ဖြစ်ပါစေသတည်း။

ကိုယ့်တာဝန်နှင့် အသိနဲ့ ကိုယ်ကျင့် (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၇)



ကိုယ့်တာဝန်နှင့် အသိနဲ့ ကိုယ်ကျင့်

ကိုယ့်တာဝန်
ဤမျှလောက်သော စကားအစဉ်ဖြင့် ကိုယ်ကျင့်တရား သိဖွယ်များကို နားလည်လောက်ကြပေပြီ။ တတ်သိနားလည်မူမှာ ကျမ်စာ၏ တာဝန်ဖြစ်၏။ တတ်သိ နားလည်သည့်အတိုင်း သတိထားမူ၊ စောင့်စည်းမူ၊ ကြိုးစားမူတို့ကား ကျမ်းစာရူသူတို့၏ တာဝန်ဖြစ်၏။ “ယခုအခါ ကျမ်းစာ၏ တာဝန်ကျေပွန်လောက်ပြီဖြစ်၍ ကျမ်းစာရူသူတို့၏ တာဝန်သာ ကျန်တော့သည်”ဟု ဆိုလိုပါသည်။
အသိနှင့် ကိုယ်ကျင့်
အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊ သိတိုင်း မကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ။ ကျမ်းစာတို့သည် သိအောင်သာ ညွှန်ပြနိုင်၏။ ကျင့်၍ မပေးနိုင်ကြ။ ယခု ကာလ စာပေလိုက်စားသူ၊ အဆုံးအမများများ ခံရသူတို့သည် အသိမနည်းလှချေ။ သို့သော် ထိုသိသူများတွင် အထိုက်အလျောက် စောင့်စည်းသူ သတိထားသူကား အလွန်နည်းပါးလှ၏။ ထိုကဲ့သို့ လူစားတွေပေါများနေသော ဤလောကကြီးဝယ် လူကောင်းသူကောင်းများပင် စိတ်ထားကောင်းဖို့ ခဲယဉ်းလေတော့သည်။

မှန်၏-ဒါနပြုရာမှာပင် ပကာသနဒါနတွေ ပေါများရကား ဒါနစစ်စစ် ပြုလိုပါလျက် ပတ်ဝန်းကျင်အခြေအနေကြောင့် မိမိလည်း ပကာသနဒါနကိုသာ ပြုရသဖြင့် သူတော်ကောင်းစစ်စစ်တို့၏ သွားရာလမ်းကြောင်းဖြစ်သော ဒါနပါရမီလမ်းကို ဖြောင့်တန်းအောင် မလိုက်နိုင်တော့။ ထိုပကာသနဒါနပြုသူများလည်း ပကာသနဒါန၏ အကျိုးမရကြောင်း (ရသော်လည်း အကျိုးနည်းကြောင်း) ကို သိကြ၏။ သို့သော် ဂုဏ်ပကာသနကို မက်သော တဏှာ၏ စနက်ကြောင့် သိပါလျက်နှင့် မသိသူတို့၏ အလုပ်ကိုပင် လုပ်ကြရလေတော့သည်။

သုခ ၂-မျိုး (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၅)



သုခ ၂-မျိုး

သုခသည် ဝေဒယိတသုခ, သန္တိသုခဟု ၂-မျိုးရှိ၏။ ယခုခေတ် လူအများတို့ မြင်ရ၊ ကြားရ၊ နမ်းရ၊ စားသောက်ရ၊ တွေ့ထိရသောအခါ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်းကို “ဝေဒယိတသုခ”ဟု ခေါ်သည်။ ထိုသို့ ခံစားမူမရှိဘဲ ဒုက္ခခပ်သိမ်း ငြိမ်းအေးခြင်းသဘောကို “သန္တိသုခ”ဟု ခေါ်သည်။


ဝေဒယိတသုခ
ခံစားမူ ဟူသော ဝေဒယိတ သုခသည် ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ်အသစ်ရအောင် ပစ္စည်းဥစ္စာရှာရခြင်း စသော ဒုက္ခဖြင့် ထူထောင်ရ၏။ ထိုအသစ် အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ။ ထိုသို့ ဒုက္ခဖြင့် ထူထောင်ကြပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြသောကြောင့် အပိုအမို အကြွေးယူကာ မတရားခံစားမူအတွက် အပါယ်သွား၍ သုခကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ကြရလေသည်။

သန္တိသုခ
ထိုကဲ့သို့ ခံစားမူနှင့် မရောသော သန္တိသုခ သဘောကား ရုပ်နာမ်သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် ကာမဂုဏ်တွေ ပြည့်စုံလှသော သူဋ္ဌေးတစ်ယောက်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ခံစားဖို့ အာရုံများကို ပြင်ဆင်၍ အစေခံတို့က နိုးလာသောအခါ “အအိပ်ဖျက်ရမလား”ဟု ကြိမ်းဝါးမောင်းမဲမည်သာ။ ထိုသူ၏ အိပ်နေစဉ်အခါ၌ ခံစားမူ အထင်အရှားမရှိ။ သို့ပါလျက် နှစ်ခြိုက်စွာ အိပ်ရမူကိုပင် ခံစားမူ သုခထက် နှစ်သက်၍ “အိပ်ရကောင်းလိုက်တာ”ဟု အမွှမ်းတင်ကြသေး၏။ ရုပ်နာမ် အားလုံးကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား “မည်မျှလောက် ကောင်းလိမ့်မည်”ဟု မှန်းဆသင့်တော့သတည်း။

နိဗ္ဗာန်၏ ဂုဏ်တော်တချို့ (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၄)



နိဗ္ဗာန်၏ ဂုဏ်တော်တချို့ 

ခယဂုဏ်တော်
ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ရာဂစသော ကိလေသာအချို့သည်လည်းကောင်း၊ ထိုကိလေသာရှိသူတိုင်း (၇-ဘ၀နောက်ရရှိမည့်) ရုပ်နာမ်တို့သည်လည်းကောင်း ကုန်ခန်းကြရတော့၏။ အထက်မဂ်များကို ရသောအခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်။ ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာတို့၏လည်းကောင်း၊ ရုပ်နာမ်တို့၏လည်းကောင်း ကုန်ခန်းကြောင်းခယဂုဏ်နှင့် ပြည့်စုံပါသည်။


ဝိရာဂဂုဏ်တော်
တပ်မက်ခြင်းသဘောကို ပါဠိလို “ရာဂ”ဟုခေါ်၏။ ထိုရာဂသည် ရုပ်နာမ် ခန္ဓာပေါ်၌လည်းကောင်း၊ ခန္ဓာနှင့်စပ်သော ပညတ်အပေါ်၌လည်းကောင်း ဖြစ်ရသော တရားတည်း။ ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးလုံး မစပ်တော့ရကား “၀ိရာဂ-ရာဂမရှိ”ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။


အမတဂုဏ်တော်

“သေခြင်း” ဆိုသည်မှာ တစ်ဘ၀အတွက် နောက်ဆုံးပျက်ခြင်းတည်း။ ထိုအပျက်ဟူသည်လည်း အဖြစ်ရှိပြီးမှ ပေါ်လာ၏။ ပျက်ဖို့ ရှေးရူနေသော (ပျက်ဖို့ ပြင်နေသော) သဘောကို “အိုခြင်း ဆွေးမြေ့ခြင်း”ဟုခေါ်၏။ ပါဠိလို ဇာတိ၊ ဇရာ၊ မရဏ။ မြန်မာလို “ဖြစ်ခြင်း၊ ရင့်ခြင်း(အိုခြင်း)၊ သေခြင်း(ပျက်ခြင်း)” ဟူသော သဘောသည် ရုပ်တရား နာမ်တရားတို့၏ သဘောဖြစ်၏။ ရုပ်နာမ်အားလုံး ကုန်ဆုံးပြီးသော ထိုနိဗ္ဗာန်သည် သေခြင်း “မတ” မရှိရကား အမတဂုဏ်နှင့်လည်း ပြည့်စုံသည်။
ပဏီတဂုဏ်တော်
နိဗ္ဗာနဓာတ် တရားမြတ်သည် ရဟန္တာပုဂ္ဂိုလ်များအတွက် (စား၍ မ၀နိုင်အောင် အရသာရှိသော အစာကဲ့သို့)မကြာမကြာ အာရုံပြု၍ နေချင်စရာကောင်းလောက်အောင် အရသာရှိသော တရားတော်ဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် (ဖလသမာပတ်ကို ၀င်စားကာ) ထိုနိဗ္ဗာန်ကို အာရုံပြု၍ မကြာမကြာ သီတင်းသုံးတော်မူလေ့ရှိ၏။ တရားဟောတော်မူတုန်းမှာပင် ပရိသတ်က သာဓုသာဓုခေါ်ပြီးမှ တရားကိုဆက်၍ ဟောတော်မူ၏။ နိဗ္ဗာန် တရားတော်သည် ရဟန္တာဖြစ်ပြီး ပုဂ္ဂိုလ်အတွက် ဤမျှလောက် အရသာရှိသော တရားထူး တရားမွန်ဖြစ်သောကြောင့် ပဏီတဂုဏ်နှင့်လည်း ပြည့်စုံပါသည်။
ယဒဇ္ဈဂါ (ယံ + အဇ္ဈဂါ)
ထိုနိဗ္ဗာန်တရားတော်ကို ဤသာသနာတော်၌ ဗုဒ္ဓမြတ်စွာသည် အစဆုံး သိတော်မူ၊ တွေ့မြင်တော်မူရ၏။ တွေ့မြင်ရာဋ္ဌာနနှင့် ကာလကား ဘုရားဖြစ်ရာ ဗောဓိရပ်၌သာ ကဆုန်လပြည့်ညဉ့် အာရုဏ်တက်တော့မည့်ဆဲဆဲ အချိန်အခါတည်း။
နိရောဓသစ္စာ
ထိုအချိန်ဝယ် ဗုဒ္ဓမြတ်စွာသည် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟူသော သစ္စာ ၄-ပါးကို ပိုင်းခြားထင်ထင် သိမြင်တော်မူ၏။ ထိုသို့ သိမြင်တော်မူရာဝယ် “နိရောဓသစ္စာ”ဟူသည် ဤနိဗ္ဗာနဓာတ် တရားမြတ်ပင်ဖြစ်၏။ ထိုအချိန်၌ မျက်စိအောက်သို့ ရောက်နေသော အရာဝတ္ထုကို မြင်ရသကဲ့သို့ ဗုဒ္ဓမြတ်စွာသည် မဂ်ဉာဏ်ဖြင့် ခယ၊ ၀ိရာဂ၊ အမတ ဂုဏ်အပေါင်းနှင့် ပြည့်စုံသော နိရောဓသစ္စာကို ထင်ထင်ရှားရှား မြင်တော်မူပါသည်။
ဥပမာဆောင် ထင်ရှားအောင်ပြပေအံ့ -
အဏှမြူဓာတ်၏ စွမ်းအားကို ရှာဖွေကြသော လောကီ ပညာရှင်တို့သည် အလွန်ကြိုးစားသောအခါ ထိုအဏှမြူအားကို တွေ့မြင်ကြရ၏။ ထိုတွေ့မြင်အပ်သော ထိုဓာတ်အားသည် သူတို့တွေ့မှ ဖြစ်သည်မဟုတ်။ နဂိုသဘာဝအတိုင်း ရှိသောအားဖြစ်သကဲ့သို့လည်းကောင်း၊ လေးနက်သော ကျမ်းစာ၏ အဓိပ္ပာယ် အမှန်သိရအောင် စဉ်းစားကြသော စာပေပညာရှင်တို့သည် ရက်ပေါင်းများစွာ အတော်ကြိုးစားသောအခါ ထိုအဓိပ္ပာယ်ကို သိရ၏။ ထိုသိအပ်သော အကြောင်းအရာ အဓိပ္ပာယ်စာသည် ထိုအချိန်မှ ဖြစ်ရသည်မဟုတ်ဘဲ နဂိုသဘာဝအတိုင်းပင် ရှိသကဲ့သို့လည်းကောင်း တရားထူးရအောင် အားထုတ်သော ယောဂီသူမွန်သည်လည်း နိဗ္ဗာန်နှင့်တကွ၊ သစ္စာ ၄-ပါးကို သိရအောင် တရားအားထုတ်သောအခါ အလွန့်အလွန် ကြိုးစားမှ ထိုတရားကို သိရ၏။ ထိုသိအပ်သော နိဗ္ဗာန်တရားသည် ထိုအချိန်မှ ဖြစ်ပေါ်လာသော တရားမဟုတ်။ သဘာဝအတိုင်း ရှိနေသော သန္တိသုခတရားသာ ဖြစ်ပါသည်။
သမံနတ္ထိ
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်ဟူသော ပရိယတ်တရား၊ ကိလေသာတို့ကို သူ့နည်း သူ့ဟန်ဖြင့် ပယ်နိုင်သော ဈာန်တရား၊ မြေလျှိုမိုးပျံ ပုံသဏ္ဌာန် အမျိုးမျိုးကို ဖန်ဆင်းနိုင်ခြင်းစသော တန်ခိုးရှိသော အဘိညာဉ် တရား၊ ဆိုင်ရာ ကိလေသာတို့ကို အကြွင်းအကျန်မရှိအောင် ပယ်နိုင်သော မဂ်တရား ဖိုလ်တရား တို့သည် ဆိုင်ရာ အကျိုးအမျိုးမျိုးကို ပေးနိုင်ကြသော်လည်း နိဗ္ဗာန်နှင့် တန်းတူသောတရား တစ်ပါးမျှ မရှိပါချေ။
ဒိဋ္ဌဓမ္မိက နိဗ္ဗာန်
ဗုဒ္ဓမြတ်စွာ၏ စိတ်တော်၌ မကြာမကြာ ထင်ပေါ်နေသော နိဗ္ဗာန်ကို မျက်မှောက်ဘ၀၌ အာရုံပြုရသောကြောင့် “ဒိဋ္ဌိဓမ္မိက နိဗ္ဗာန်”ဟု ခေါ်၏။ ၀ိပါက်စိတ်များနှင့် ကမ္မဇရုပ်များကို “ဥပါဒိ” ဟု ခေါ်၏။ ထိုဥပါဒိ ရှိနေစဉ်အခါ၌ အာရုံပြုရသောကြောင့် “သဥပါဒိသေသနိဗ္ဗာန်”ဟုလည်း ခေါ်သည်။
သမ္ပရာယိက နိဗ္ဗာန်
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူပြီးသောအခါ တည်ရှိရစ်သော ထိုနိဗ္ဗာန်ကိုပင် “သမ္ပရာယိက နိဗ္ဗာန်”ဟု ခေါ်၏။ ၀ိပါက် နာမက္ခန္ဓာနှင့် ကဋတ္တာရုပ်ဟူသော ကမ္မဇရုပ် အကြွင်းအကျန်မရှိသောကြောင့် “အနုပါဒိသေသနိဗ္ဗာန်”ဟုလည်း ခေါ်သည်။ ထို့ကြောင့် “ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူပြီးသော်လည်း ဗုဒ္ဓမြတ်စွာ သိတော်မူအပ်ပြီးသော အသင်္ခတ နိဗ္ဗာနဓာတ်သည်ကား ယနေ့တိုင်အောင် တည်ရှိနေသည်”ဟု မှတ်ပါ။ (ဣတိဝုတ္တကဋ္ဌကထာ၊ ဒုက၊ ဒုဝဂ်၊ နိဗ္ဗာနဓာတုသုတ် အဖွင့်)

နိဗ္ဗာန် ၂-မျိုးမှ တစ်မျိုး နိဗ္ဗာန် (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၃)



နိဗ္ဗာန် ၂-မျိုးမှ တစ်မျိုး နိဗ္ဗာန် 
ရဟန္တာအားလုံး၌ ရနိုင်သော ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန် ၂-မျိုးသည် “သိဝံ ပတ္ထေထ ဘိက္ခဝေ၊ သိဝံ ပတ္ထေတွာ ဒါနံ ဒါတဗ္ဗံ = ဘိက္ခုတို့၊ ဘေးခပ်သိမ်းတို့၏ အေးငြိမ်းရာ နိဗ္ဗာန်ကို တောင့်တကြလော့၊ နိဗ္ဗာန်ကို တောင့်တ၍ ဒါနကို ပြုကြလော့၊ သီလကို ဆောက်တည်ကြလော့၊ ဘာဝနာကို ပွားစေကြလော့” ဤသို့ ဗုဒ္ဓမြတ်စွာ တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏”ဟု လူအများ တောင့်တအပ် ဆုတောင်းအပ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “ငါဘုရားသည် ယနေ့ညဉ့်၏ နောက်ဆုံးအချိန်၌ ရှေးရှေးဘုရားတို့ ၀င်အပ်သော အမြိုက် နိဗ္ဗာန်သို့ ၀င်ရတော့မည်” ဟု ဆင်ခြင်တော်မူသောအခါ “စိတ်တော်သည် အလွန်ကြည်၏”ဟု မိန့်တော်မူအပ်သော နိဗ္ဗာန်မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “အနေဇော သန္တိမာရဗ္ဘ၊ ယံ ကာလ မကရီမုနိ = ငါးဖြာအာရုံ ကာမဂုဏ်၌ တုန်လူပ်တတ်စွာ တဏှာ ကင်းပြီးသော အကြင် မုနိထွတ်တင် ဘုရားရှင်သည် ဒုက္ခ ခပ်သိမ်း အေးငြိမ်းရာနိဗ္ဗာန်ကိုရည်ရွယ်တော်မူ၍ ကွယ်လွန်ချိန်ကို ပြုတော်မူပြီ”ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူအပ်သော စကားတော်အရ ဘုရားရှင် ရည်ရွယ်တော်မူအပ်သော သန္တိသုခအမတ - မဟာနိဗ္ဗာနန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည်“နိဗ္ဗာနံ ပန လောကုတ္တရာ သင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ၊ မဂ္ဂဖလာန မာရမ္မဏဘူတံ ၀ါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္ထာ နိဗ္ဗာနန္တိ ပ၀ုစ္စတိ”ဟု အဘိဓမ္မတ္ထ သင်္ဂဟကျမ်း၌ “မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်”ဟုလည်းကောင်း၊ “နိဗ္ဗာနံ ပရမံ သုခံ”ဟု ဓမ္မပဒအဋ္ဌကထာ၊ သုခ၀ဂ်၊ ဧကဥပါသက၀တ္ထု၌ “နိဗ္ဗာန်သည် အမြတ်ဆုံးသုခ”ဟုလည်းကောင်း၊ “အသင်္ခတာ စ ဓာတု”ဟု ဓမ္မ သင်္ဂဏီ၊ ရူပကဏ္ဍ၊ ဥဒ္ဒေသ၌ “အသင်္ခတဓာတ်”ဟုလည်းကောင်း ဟောတော်မူအပ်သော နိဗ္ဗာန်မဟုတ်သေးပါ။
ပြအပ်ခဲ့သောနိဗ္ဗာန် ၂-မျိုးသည် သစ္စာ ၄-ပါးတွင် နိရောဓသစ္စာ အဖြစ်ဖြင့်ပါဝင်သော၊ သောတာပတ္တိမဂ်ကိုရလျှင်ပင် ၀ိသာခါကဲ့သို့ ၇-နှစ်သမီးအရွယ် သူငယ်မတို့ ထိုက်တန်သမျှ မြင်အပ်သော၊ တစ်ခါမြင်ပြီးလျှင် ဒိဋ္ဌိ ၀ိစိကိစ္ဆာတို့ ကင်းကွာရကြောင်းဖြစ်သော၊ တစ်ခါမြင်ဖို့ရန်လည်း ငါးပါးသီလ လုံခြုံမူအခြေခံရသော နိဗ္ဗာန်မဟုတ်သေးပါ။
ထို့ကြောင့် ယခုအခါ အကြောင်းတရားတို့ကို မပြုအပ်သောကြောင့် “အသင်္ခတဓာတ်” အမည်တော်ရသော ဘုရားရှင်သာမက ရဟန္တာ ဟူသမျှတို့သည် ပရိနိဗ္ဗာန်မ၀င်စံခင်ကာလ၌ မကြာမကြာ အာရုံပြု၍နေအပ်သော ပရိနိဗ္ဗာန်စံတော်မူပြီးနောက်လည်း မပျောက်မပျက် ဆက်လက်တည်ရှိရစ်သော၊ လူအများတို့ ဆုတောင်းအပ်သော၊ ဘုရားရှင်လည်း ဆုတောင်းဖို့ရန် တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန်တရားတော်မြတ်ကို ရိုသေလေးမြတ်စွာရေးသား ပူဇော်ပါမည်။
လူအများတို့ဆုတောင်းနေသော နိဗ္ဗာန်၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်
ရှေးပညာရှိများဖွင့်ပြပုံ
စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူသော ပရမတ္ထ တရားတို့သည် ရူပါရုံမှတစ်ပါး မျက်စေ့ဖြင့် မြင်ကောင်းသော တရား မဟုတ်ကြပါ။ ထိုသို့မမြင်ကောင်းသော်လည်း ရှေးပညာရှိ အဋ္ဌကထာဆရာတို့သည် မျက်စေဖြင့် မြင်ရသကဲ့သို့ ဉာဏ်ထဲ၌ ထင်မြင်လာအောင် လက္ခဏာအားဖြင့်လည်းကောင်း၊ ကိစ္စရသ၊ သမ္ပတ္တိရသ တစ်မျိုးမျိုးအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်ရူစားသော ယောဂီပုဂ္ဂိုလ်၊ ပညာရှိပုဂ္ဂိုလ်တို့၏ ဉာဏ်အားထင်လာသော အခြင်းအရာအားဖြင့်လည်းကောင်း၊ အနီးဆုံးအကြောင်းဟူသော ပဒဋ္ဌာန်အားဖြင့်လည်းကောင်း ဖွင့်ပြကြပါသည်။
နိဗ္ဗာန်ကိုလည်းဉာဏ်၌ ထင်မြင်လာအောင်လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်အားဖြင့် ဖွင့်ပြရမည်ဖြစ်၍ ထိုသို့ မဖွင့်ပြမီ သန္တိလက္ခဏာရှိသော နိဗ္ဗာန်နှင့်တစ်ဖက်တစ်လမ်း (ဟိုဘက်ကမ်း ဤဘက်ကမ်းကဲ့သို့)ကွာလှမ်းသော ရုပ်နာမ်၏ မငြိမ်မသက် ဖြစ်ရပုံကို ရှေးဦးစွာ ပြသပါမည်။
သင်္ခတဓာတ်
ရုပ်နာမ်တို့ကို ရှေ့၌ ပြခဲ့ပြီ။ ရုပ်နာမ်တို့သည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံစသော အကြောင်းတို့က ပြုအပ်သော သင်္ခတဓာတ် (ပြုပြင်အပ်သော ဓာတ်) ဖြစ်၏။ ပြု၍ ဖြစ်သောအခါ ချက်ချင်းပျက်၏။ ပျက်ပြီးလျှင်လည်း ထပ်၍ဖြစ်၏။ ဖြစ်ပြီးလည်း ပျက်ပြန်၏။ ဤသို့ ဖြစ်ပျက်ဖြစ်ပျက် ဆက်၍နေသော အစဉ်သည် လက်ဖျောက် တစ်ချက်တီးခန့် ကာလ၌ ကုဋေသိန်းပေါင်းများစွာပင်တည်း။ (စိတ်စေတသိက်တို့ တစ်ဆယ့်ခုနှစ်ကြိမ် ပျက်ပြီးမှ ရုပ်ကတစ်ကြိမ်သာပျက်၏။) ဤအချိန်ကလေး၌ ဤမျှလောက်များအောင် ဖြစ်ပျက်နေရသော ရုပ်နာမ်သည် အဘယ်မှာ ငြိမ်သက် အေးမြ၍ သုခ ဖြစ်နိုင်တော့အံ့နည်း။ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် အမြဲပင် ဒုက္ခဖြစ်၏။ ဥဒယဗ္ဗယပဋိပီဠနဋ္ဌေနဒုက္ခာ = အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် ရုပ်နာမ်ဟူသမျှ ဒုက္ခချည်းသာ။
သန္တိလက္ခဏာ
“လက္ခဏ”ဟူသည် မှတ်သားကြောင်း အမှတ်အသား၊ မှတ်သားအပ်သော သဘောတည်း။ လူတစ်ယောက်၌ အများနှင့်မတူသော ထူးခြားသော အမှတ်အသား ရှိသကဲ့သို့ ပရမတ္ထတရား ၄-ပါး၌လည်း တစ်ပါးနှင့်တစ်ပါး မတူအောင် ထူးခြားသော အမှတ်အသား၊ ထူးခြားသော သဘောရှိ၏။ နိဗ္ဗာန်အတွက် ထူးခြားသော လက္ခဏာ(အမှတ်အသား)ကား သန္တိလက္ခဏာတည်း။
သန္တိဖြစ်ပုံ
ရုပ်၊ စိတ်၊ စေတသိက်၊ နာမ်တို့သည် ပြအပ်ခဲ့သည့်အတိုင်း အမြဲဖြစ်ပျက်နေရကား ငြိမ်ငြိမ်သက်သက် မရှိကြ။ အမြဲပူလောင်နေသကဲ့သို့ ငြိမ်းငြိမ်းအေးအေးလည်း မရှိကြ။ အသေင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်ကား အဖြစ်မရှိသောကြောင့် အလွန်ငြိမ်သက်၏။ အဖြစ်အပျက် အပူအလောင် မရှိသောကြောင့် အလွန်အေးငြိမ်း၏။ ထိုအေးငြိမ်းခြင်းသည် နိဗ္ဗာန်၏ “သန္တိ”ဟု ခေါ်ရသော ထူးခြားသော လက္ခဏာ ဖြစ်သည်။
အစ္စုတရသ
ရုပ် နာမ် ခန္ဓာတို့သည် ရှေးဦးစွာ ဖြစ်ရ၏။ ဖြစ်ပြီးသောအခါ ပျက်ရခြင်းအားဖြင့် ပင်ကို သဘောမှ ရွေ့လျောရ၏။ နိဗ္ဗာန်၏ သန္တိသဘောကား ဘယ်အခါမှ မပျောက်မပျက်သောကြောင့် ပင်ကို သဘောမှမရွေ့လျားခြင်း ဟူသော ထူးသော အရသာရှိ၏။
အနိမိတ္တမစ္စုပဋ္ဌာန်
ကမ္မဋ္ဌာန်းအားထုတ်သော ယောဂီ ပုဂ္ဂိုလ်ဖြစ်စေ၊ တရားသဘောကို စဉ်းစားသော ပညာရှိဖြစ်စေ ဉာဏ်ဖြင့် ရူမြင်သောအခါ အမှန်အတိုင်း ထင်လာ၏။ ထိုသို့ ထင်လာသည်ကို “ပစ္စုပဋ္ဌာန်”ဟုခေါ်၏။ နိဗ္ဗာန်၏ သဘောကို ဉာဏ်ဖြင့် ရူမြင်သောအခါ (စိတ် စေတသိက် ရုပ်တို့မှာ သဘောအထည်ကိုယ် ရှိသကဲ့သို့) “အထည်ကိုယ် မရှိသော တရား”ဟု ဉာဏ်အားဖြင့် ထင်လာသည်။ နိမိတ္တ ဓမ္မာ သင်္ခါရာ၊ တေဟိ သနိမိတ္တာ သ၀ိဂ္ဂဟာ ၀ိယ ဥပဋ္ဌဟန္တိ။ အဋ္ဌသာလိနီ၊ လောကုတ္တရာ ကုသိုလ် အဖွင့်။ -အနုဋီကာ (နှာ ၁၂၁)။
ပဒဋ္ဌာန်
နီးကပ်သောအကြောင်းကို ပဒဋ္ဌာန (ပဒဋ္ဌာန်)ဟု ခေါ်၏။ (စိတ်သည် ယှဉ်ဖက်စေတသိက်၊ မှီရာရုပ်ဟူသော နီးကပ်သော အကြောင်းရှိသကဲ့သို့)နိဗ္ဗာန်မှာ နီးကပ်သောအကြောင်းမရှိ။ အရိယာတို့ သန္တာန်၌ နိဗ္ဗာန်တရား ပေါ်လာဖို့ရန် ဒါန၊ သီလ၊ ဘာဝနာ စသော ဝေးသော အကြောင်းကား များစွာရှိရပါသည်။
သန္တိလက္ခဏံ အစ္စုတ - ရသံ နိဗ္ဗာနအမတံ။
အနိမိတ္တဥပဋ္ဌာနံ၊ ပဒဋ္ဌာနံ န လဗ္ဘတိ။
နိဗ္ဗာနအမတံ၊ အမြိုက်နိဗ္ဗာန်သည်။ သန္တိလက္ခဏံ၊ ငြိမ်သက် အေးငြိမ်းခြင်း လက္ခဏာ ရှိ၏။ အစ္စုတရသံ၊ ပင်ကို သဘောမှ မရွေ့လျောခြင်း သမ္ပတ္တိရသ ရှိ၏။ အနိမိတ္တဥပဋ္ဌာနံ၊ အထည်ကိုယ်ဟန် ပုံသဏ္ဌာန်မရှိသော တရားဟု ဉာဏ်အားထင်လာ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းကို။ န လဗ္ဘတိ၊ မရအပ်။

နိဗ္ဗာန် - ပရိနိဗ္ဗာန် (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၂)



နိဗ္ဗာန် - ပရိနိဗ္ဗာန် 
ပရိနိဗ္ဗာန် ၃-မျိုး
နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်သည် သဘောတူ၏ ထိုပရိနိဗ္ဗာန်သည် ကိလေသာတို့၏ ငြိမ်းအေးခြင်းဟူသော ကိလေသပရိနိဗ္ဗာန်၊ ရုပ်ခန္ဓာတော်၏ ငြိမ်းအေးခြင်းဟူသော ခန္ဓပရိနိဗ္ဗာန်၊ ဓာတ်တော်တို့၏ ငြိမ်းအေးခြင်းဟူသော ဓာတုပရိနိဗ္ဗာန်အားဖြင့် ၃-ပါး အပြားရှိ၏။
ကိလေသပရိနိဗ္ဗာန်
သတ္တ၀ါတိုင်း၌ရှိသော လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့သည် စိတ်ကို ပူလောင်စေကြကုန်၏။ တဏှာ၊ ရာဂ၊ လောဘမီး၏ ပူလောင်မူကြောင့် ဆရာ မိဘ စသူတို့၏ စကားကိုမျှ နားမထောင်နိုင်ဘဲ လုပ်ချင်ရာ လုပ်ကြသူတွေ၊ အလိုမကျသော ဒေါသမီးကြောင့် ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံကြသူတွေကို ကြည့်လျှင် လောဘ၊ ဒေါသမီးတို့ ပူလောင်ပုံမှာ အလွန်ထင်ရှား၏။ 
ထိုသို့ လောဘမီး ဒေါသမီး အလောင်ခံရခြင်းမှာလည်း မောဟမီးက အကြောင်း အကျိုးမသိ မမြင်နိုင်အောင် ဖုံးကွယ်ထားသောကြောင့် မီးကို ကိုင်ချင်သကဲ့သို့ (တချို့မှာ ကိုင်မိသကဲ့သို့)တည်း။ ဗုဒ္ဓ မြတ်စွာသည် အရဟတ္တဖိုလ်ကို ရသောအခါ ထိုကိလေသာ အပူမီးတို့ အလုံးစုံကုန်၍ ငြိမ်းအေးကြလေတော့၏။ ထို့ကြောင့် “ကိလေသ ပရိနိဗ္ဗာနံ၊ ဗုဒ္ဓမြတ်စွာ၏ ကိလေသ ပရိနိဗ္ဗာန်သည်။ ဗောဓိပလ္လင်္ကေ အဟောသိ၊ ဘုရားဖြစ်ရာ မဟာဗောဓိပလ္လင်၌ ဖြစ်ခဲ့ပြီ”ဟု ဥာဏ၀ိဘင်္ဂ အဋ္ဌကထာ (နှာ ၄၁၃ ၌) မိန့်သည်။
ခန္ဓပရိနိဗ္ဗာန်
ရုပ် နာမ် ၂-ရပ် ပေါင်းစပ်၍ တည်နေသော ဤခန္ဓာကိုယ်သည် အေးချမ်း ငြိမ်သက်ခြင်းမရှိသော အပူတုံးသာဖြစ်၏။ ဇာတိမီး ဇရာမီး မရဏမီးစသော (ရှေး၌ ပြအပ်ခဲ့သော) မီးတစ်ဆယ့်တစ်ပါးသည် ဤ ခန္ဓာကိုယ်၌ တစ်မျိုးပြီးတစ်မျိုး လောင်လျက်ရှိ၏။ ဓမ္မစကြာ ပါဠိတော်၌လာသော ချစ်သူနှင့် ကွေကွင်းရခြင်း၊ မုန်းသူနှင့်တွဲရခြင်း၊ အလိုရှိတာမရခြင်းကြောင့် ဖြစ်ရသော ဒုက္ခများလည်း အပူများ ပင်ဖြစ်၏။ ထို့ကြောင့် သတ္တ၀ါတိုင်း၏ ခန္ဓာကိုယ်သည် ဒုက္ခအပူ မီးအပူတို့ဖြင့် အမြဲပူ၍နေ၏။
အခြားသူတို့၏ ခန္ဓာကိုယ်ကိုမဆိုထားဘိ၊ ဗုဒ္ဓမြတ်စွာ၏ ခန္ဓာကိုယ်တော် သော်မှလည်း ၀မ်းတော်လားချိန်မှစ၍ အားတော်နည်းပါးရကား ၃ ဂါဝုတ်ခရီး၌ မကြာမကြာ နားတော်မူရခြင်း ရေသောက်တော်မူလိုသောကြောင့် ရေခပ်စေတော်မူရခြင်းအားဖြင့် ခန္ဓာကိုယ်၏ အပူဒဏ်ကို ပင်ပန်းကြီးစွာ ခံတော်မူရပါသေးသည်။ ထို့ကြောင့် ညောင်စောင်းကလေးအပေါ်မှာပင် ဈာန်ပေါင်းများစွာ အကြိမ်ကြိမ်အခါခါ ၀င်စားတော်မူပြီး၍ စတုတ္ထဈာန်မှ ထတော်မူသောအခါ ပဋိသန္ဓေ နေတော်မူတုန်းကဖြစ်သော မဟာဝိပါက် ပထမစိတ်နှင့်တူသော ဘ၀င်စိတ်ဖြင့် ပရိနိဗ္ဗာန် စံတော်မူခြင်းသည် ရုပ် နာမ် ခန္ဓာဟူသော အပူတုံးကြီး၏ ငြိမ်းအေးခြင်းဟူသော ခန္ဓပရိနိဗ္ဗာန်ပင် ဖြစ်ပါသည်။ ထို့ကြောင့် - “ခန္ဓပရိနိဗ္ဗာနံ ကုသိနာရာယံ၊ ခန္ဓ ပရိနိဗ္ဗာန်သည် ကုသိနာရုံမြို့၌ဖြစ်ခဲ့ပြီး ” ဟု ဉာဏ်ဝိဘင်္ဂ အဋ္ဌကထာ (နှာ - ၄၁၃ ၌) မိန့်သည်။
မီးငြိမ်းခြင်းဥပမာ
ဤ ခန္ဓပရိနိဗ္ဗာန် ဖြစ်တော်မူပုံကိုပင် ရည်ရွယ်တော်မူ၍ “နိဗ္ဗန္တိဓီရာ ယထယံ ပဒီပေါ = ဘုရား ပစ္စေက ဗုဒ္ဓါရဟန္တာဖြစ်သော ပညာရှိတို့သည် နောက်ဆုံး ၀ိညာဉ်ဖြစ်သော စုတိစိတ်တော်၏ ချုပ်ခြင်းအားဖြင့် ငြိမ်းအေးတော်မူကြပြီ။ ဥပမာ - တောက်နေသော ဆီမီးသည် ဆီကုန်သောအခါ ငြိမ်းသကဲ့သို့ ဖြစ်သည်”ဟု ရတနသုတ်၌ ဗုဒ္ဓမြတ်စွာ မိန့်တော်မူ၏။ မဟာပရိနိဗ္ဗာနသုတ် ပါဠိတော် (နှာ ၁၂၉)၌လည်း “ပဇ္ဇောတေဿဝ နိဗ္ဗာနံ ၀ိမောက္ခော စေတ သော အဟု - ပရိနိဗ္ဗာန် စုတေစိတ်တော်၏ လွတ်မြောက်တော်မူခြင်း သည် မီးငြိမ်းပုံနှင့်တူသည်”ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူသည်။
ဓာတုပရိနိဗ္ဗာန်
ဗုဒ္ဓ မြတ်စွာ၏ ဓာတ်အော်အားလုံးစုပေါင်း၍ ဓာတ်ပေါင်းကိုယ်တော်ကို ဓာတ်မီးလောင်ပြီးမှ ငြိမ်းခြင်းကို “ဓာတုပရိနိဗ္ဗာန်”ဟုခေါ်၏။ ချဲ့ပါဦးမည်။ သာသနာတော် ကိုးကွယ်မည့် လူတစ်ယောက်တလေမျှ မရှိလောက်အောင် သာသနာ ဆုတ်ယုတ်သောအခါ နေရာဌာန အသီးသီး၌ တည်တော်မူသော ဓာတ်တော်များသည် ဘုရားဖြစ်ရာ ဗောဓိပင်၌ စုပေါင်းကာ ရွှေတုံးကြီးကဲ့သို့ ဖြစ်၍ ရောင်ခြည်တော် လွှတ်လိမ့်မည်။
ထိုရောင်ခြည်တော်ကို ဖူးမြင်ရသောအခါ နတ်ဗြဟ္မာတို့သည် ကပျာကယာ လာကြပြီးလျှင် အရိုးတော် ရွှေတုံးကြီး၌ တေဇောဓာတ်လောင်နေသည်ကို မြင်ရသောအခါ “ယခုမှ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတော်မူတာပဲ၊ ယခုမှ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူတာပဲ”ဟု ပြောကာပြောကာ အလွန်ဝမ်းနည်းစွာ ငိုကြွေးကြလေ၏။ အနာဂါမ်၊ ရဟန္တာ နတ် ဗြဟ္မာတို့ကား “ဖြစ်သမျှ ပျက်ရသည်သာ”ဟု တရားသဘောကိုတွေးကား သံဝေဂဉာဏ်ဖြင့် သည်းခံနိုင်ကြပေသည်။
လင်္ကာ။ ။ဓာတ်တော် မွေတော်၊ ကြွင်းပါသော်လည်း၊ ချွတ်ချော် သာသနာ၊ နောင်သောခါဝယ်၊ ဓာတ်သွယ်သွယ်လည်း၊ ကိုးကွယ်ကြမည့်၊ လူမရှိ၍၊ ဗောဓိပင်မှာ စုပေါင်းကာဖြင့်၊ ရောင်ဝါလွှင့်ပြီး၊ ရွှေတုံးကြီးသို့၊ ဓာတ်မီးလောင်တောက်၊ ကုန်ဆုံးပျောက်က၊ လာရောက်ကြရှာ၊ နတ်ဗြဟ္မာတို့၊ သာသနာဗုဒ္ဓ၊ ယခုမှပင်၊ မုချအတည်၊ ကွယ်ရပြီဟု၊ ငိုမြည်တမ်းတ၊ သံဝေဂဖြင့် မရယူကျုံး၊ ကိုယ်စိတ်ချုံးသည်၊ နောက်ဆုံး သာသာနာ့ပွဲတော်ဘုရား။

သောတာပန်ဖြစ်ဖို့ခက်သလား? (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၁)




သောတာပန်ဖြစ်ဖို့ခက်သလား? 
ပါဠိတော်။ ။တသ္မာတိဟာနန္ဒ ဓမ္မာဒါသံနာမ ဓမ္မပရိယာယံ ဒေသေဿာမိ၊ ယေန သမန္နာဂတော အရိယ သာဝကော အာကင်္ခမာနော အတ္တနာဝ အတ္တာနံ ဗျာကရေယျ၊ ခီဏနိရယောမှိ ခီဏ တိရစ္ဆနယောနိ ခီဏပေတ္တိ ၀ိသယော ခီဏာပါယဒုဂ္ဂတိ ၀ိနိပါတော၊ သောတာပန္နော ဟမ သ္မိ အ၀ိနိပါတ ဓမ္မော နိယတော သမ္မောဓိပရာယဏောတိ။
မြန်မာပြန်။ ။နောက်၌ ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာဂုဏ်တော် ၉-ပါး၊ ဤဂုဏ်တော်များ၌ အဝေစ္စပသာဒ (ဉာဏ်ဖြင့် သက်ဝင်ယုံကြည်ခြင်း) ၃-မျိုး၊ ငါးပါးသီလနှင့် ပြည့်စုံခြင်း ဤဂုဏ်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသူသည် မိမိ ကိုယ်ကို သောတာပန်ဖြစ်ပြီဟု ဆုံးဖြတ်နိုင်သည်။

သောတာပန်ဖြစ်ဖို့ မခဲယဉ်း
ဤတရားမှန်ကြီးကို ကြည့်ရူသောအခါ သောတာပန်ဖြစ်ဖို့ အကြောင်းမှာ ရတနာသုံးပါး၏ ဂုဏ်တော်ကို လေးလေးနက်နက်ကြည်ညိုခြင်းနှင့် လူဝတ်ကြောင်များ၌ ငါးပါးသီလ စင်ကြယ်ဖို့သာ ဖြစ်၏။ ထို့ကြောင့်လည်း ၀ိသာခါကျောင်းအမသည် ဗုဒ္ဓမြတ်စွာကို ပထမဖူးရစဉ် ၇-နှစ်အရွယ်ကပင် သောတာပန်တည်ခဲ့၏။ ဓမ္မာသောကမင်း၏ အသန္ဓိမိတ္တာဒေ၀ီသည် ဘုရားရှင်၏ အသံတော်နှင့် အထိုက်အလျောက်တူသော ကရ၀ိက်ငှက်၏ အသံကို ကြားရ၍ ဘုရားကို မဖူးလိုက်ရဘဲ ကြည်ညိုသော အဝေစ္စပသာဒ (သဒ္ဓါ) ကြောင့် မောင်းမ ၇-ရာနှင့်အတူ သောတာပန်ဖြစ်ကြ၏။ ပင်ကို ငါးပါးသီလ စင်ကြယ်သူများအတွက် ယခုလို သာသနာတွင်း၌က သောတာပန်ဖြစ်ဖို့ မခဲယဉ်းဟု မှတ်သင့်ပါသည်။


ဆောင်။ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊ ဆင်ပြင်လိုဘိ၊ နေ့စဉ်ကြည့်သို့၊ မိမိသီလ၊ ဆိုင်သမျှကို၊ နေ့ညခပင်း၊ လွန်သန့်ရှင်း၍၊ ပြန့်သင်းမွှေးမူ၊ အလေးပြုလျက်၊ သုံးလူထွတ်ထား၊ မြတ်ဘုရားနှင့်၊ တရား၊ သံဃာ၊ အရိယာ၏။ ဆိုင်ရာ ဂုဏ်တော်၊ ဉာဏ်၌ပေါ်အောင်၊ ရွှင်ပျော်ရူစား၊ သဒ္ဓါပွားမူ၊ မလားအပါယ်၊ တရားကယ်မည်၊ ရူဖွယ်ထောက်မှန် အစစ်တည်း။
ကမ္မဋ္ဌာန်းမှန်သမျှ အ၀ိဇ္ဇာနှင့် တဏှာကုန်ဖို့သာ
အ၀ိဇ္ဇာနှင့် တဏှာကြောင့် ဒုက္ခအမျိုးမျိုးဖြင့် ကျင်လည်နေရပုံကို သိသောအခါ ထိုအ၀ိဇ္ဇာနှင့် တဏှာကုန်အောင် ကြိုးစားနေရသောနည်းကို ရှာကြရ၏။ ထိုနည်းကို ဘုရားတစ်ဆူ ပွင့်တော်မူမှသာ ဘုရားဟောတော်မူ၍ သိကြရ၏။ သမုဒ္ဒရာသို့ ၀င်ဖို့ရန် ဆိပ်ကမ်းများစွာ ရှိသကဲ့သို့ သံသရာ၏ တစ်ဖက်ကမ်းဖြစ်သော နိဗ္ဗာန်ကို ၀င်ဖို့ရန်လည်း ကမ္မဋ္ဌာန်းတည်းဟူသော ဆိပ်ကမ်းတွေ အများအပြားပင်ရှိ၏။
ထိုကမ္မဋ္ဌာန်းကို အားထုတ်ရင်းပင် အ၀ိဇ္ဇာနှင့် တဏှာတို့ နည်း၍ နည်း၍လာမှသာ ထိုကမ္မဋ္ဌာန်းလမ်းစဉ်သည် မှန်သောလမ်းစဉ်ဖြစ်၏။ ကမ္မဋ္ဌာန်းအားထုတ်သော်လည်း အ၀ိဇ္ဇာနှင့် တဏှာမနည်းလျှင် ကမ္မဋ္ဌာန်းသော်လည်း မှားနေပေလိမ့်မည်။ သို့မဟုတ် မိမိကသော်လည်း အ၀ိဇ္ဇာနှင့် တဏှာ နည်းလိုသော ဆန္ဒမရှိသောကြောင့် ဖြစ်လိမ့်မည်။ ကမ္မဋ္ဌာန်းနည်းမှန်၍ မိမိဆန္ဒက အ၀ိဇ္ဇာနှင့် တဏှာ ကုန်စေလိုလျှင်ကား ကမ္မဋ္ဌာန်းဟူသမျှသည် အ၀ိဇ္ဇာ တဏှာနည်းပါးရာမှ တစ်စတစ်စ ကုန်ဖို့သာဖြစ်သည်။ ထို့ကြောင့် ဤအချက်လည်း ကမ္မဋ္ဌာန်းအားထုတ်ရင်း တဏှာနည်း မနည်းကြည့်ရူရန် တရားကြေးမုံ ထောက်မှန်ကြီး ဖြစ်သည်ဟုမှတ်ပါ။

နိဗ္ဗာန်အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၀)



နိဗ္ဗာန်အကြောင်း
နိဗ္ဗာန်အကြောင်းကိုရေးသားလျှင် ကြောင်းကျိုးစုံလင်အောင် ကျယ်ဝန်းစွာရေးမှ တာဝန်ကျေပေလိမ့်မည်။ ဤစာ၌ကား ထိုမျှလောက် ကျယ်ဝန်းစွာ ရေးခွင့်မရ။ အနည်းငယ် မထိတထိ ရေးခြင်းထက် လုံးလုံးမရေးခြင်းက သင့်တော်သေး၏ဟု သဘောရ၍ နိဗ္ဗာန်အကြောင်းကို လျစ်လျူရူခဲ့ပါသည်။ သို့သော် အထိုက်အလျောက် သိနှင့်ကြဖို့ရန် ၁၃၂၀-ခုရိုက် စာအုပ်၌ကား သင်္ဂြိုဟ် ဘာသာဋိကာ၌ ပါသော ဥပသမာနုဿတိခန်းကို ထည့်သွင်းပြလိုက်ပါသည်။


ဥပသမာနုဿတိ

နိဗ္ဗာန်၏ ချမ်းသာအေးမြ သန္တိသုခ တစ်မျိုးရှိပုံကို အဖန်ဖန် အောက်မေ့နေခြင်းသည် ဥပသမာနုဿတိ မည်၏။ နိဗ္ဗာန်တရားကို “ရုပ်ဝိသေသ၊ နာမ်ဝိသေသ”ဟုလည်းကောင်း၊ “ခန္ဓာကိုယ်တွင်း၌ အနှစ်အမတေအလား မြဲခိုင်သော နိစ္စတရားရှိ၏။ ရုပ်တရား နာမ်တရား ချုပ်ပျောက်သောအခါ ထိုအနှစ်အမြူတေသာ အဖတ်တင်ရစ်၏။ ထိုအနှစ်အမြူတေအဖြစ်ဖြင့် တည်နေရခြင်းသည်ပင် နိဗ္ဗာန်တည်း”ဟုလည်းကောင်း၊ “နိဗ္ဗာန်၌ ရုပ်နာမ်မရှိ၍ ခံစားခွင့်မရလျှင် အဘယ်မှာ ချမ်းသာဟု ဆိုနိုင်ပါအံ့နည်း”ဟုလည်းကောင်း မိမိတို့ထင်ရာမြင်ရာပြောဆိုကြ၏။ တစ်စုံတစ်ခုသော အာရုံ၏ အကြောင်းအရာကို ထိုအာရုံရဖူးသူသာ ပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်သကဲ့သို့ နိဗ္ဗာန်အကြောင်းကိုလည်း ထိုနိဗ္ဗာန်ကိုရပြီးသော အရိယာပုဂ္ဂိုလတို့သာ ပိုင်နိုင်စွာ သိနိုင်ပါသည်။ ပုထုဇဉ်တို့ အတွေးဖြင့် လေးနက်သော နိဗ္ဗာန်ကို အမှန်မထိမိနိုင်ရာ။ သို့သော် ကျမ်းဂန်သာဓက ယုတ္တိကို ချိန်ဆ၍ ဉာဏ်မြင်သလောက် ရေးပြဦးအံ့။
“နိဗ္ဗာန်” ဟူသည် စိတ်၊ စေတသိက်၊ ရုပ်၊ ပရမတ်တို့မှ သီးခြား ပရမတ္ထတရားတစ်ပါးတည်း။ ထို့ကြောင့် ရုပ်နာမ် သင်္ခါရနှင့် လုံးဝဆက်သွယ်ခြင်းမရှိရကား ရုပ်ဝိသေသ နာမ်ဝိသေသမဟုတ်နိုင်။ အဇ္ဈတ္တ ဗဟိဒ္ဓ ၂-မျိုးတွင် “ဗဟိဒ္ဓာဓမ္မာ”ဟူသော မာတိကာပုဒ်အရတွင် ပါဝင်သော ဗဟိဒ္ဓတရားဖြစ်သောကြောင့်ပင် ခန္ဓာကိုယ်အတွင်း၌ အမြူတေအဖြစ်ဖြင့် တည်ရှိနေသော ဓာတ်တစ်မျိုးလည်း မဟုတ်နိုင်။ နိဗ္ဗာန်သည် ပုဂ္ဂိုလ်သတ္တ၀ါများကဲ့သို့ ခံစားတတ်သော တရားလည်း မဟုတ်။ ရူပ သဒ္ဒစသည်အာရုံ ကာမဂုဏ်တို့ကဲ့သို့ ခံစားအပ်သော တရားလည်းမဟုတ်ရကား နိဗ္ဗာန်၌ ဝေဒယိတသုခ မရှိဘဲ သန္တိသုခသာ ရှိသည်မှာ အမှန်ပင်တည်း။
ချဲ့ဦးအံ့ - ခံစားမူဟူသော ဝေဒယိတသုခသည် ခံစားစံစား၍ ကုန် ကုန်သွားသည့်အတွက် အသစ် အသစ်ရအောင် ထူထောင်ရ၏။ ထိုအသစ် အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ။ ထိုဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်သောကြောင့် အပိုအမိုအကြွးယူကာ မတရားခံစားမူအတွက် အပါယ်လေးပါးသွား၍ သုခအကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ရသည်မှာ ၀မ်းနည်းစရာပေတည်း။ ထိုကဲ့သို့ ခံစားမူနှင့် မရောသော သန္တိသုခသဘောကား ရုပ်နာမ် သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်း သဘောပေတည်း။ 
ထင်ရှားစေဦးအံ့ - လောကီအာရုံ ကာမဂုဏ်တွေ ပြည့်စုံကြွယ်ဝသော သူဋ္ဌေးတစ်ယောက်သည် အားရပါးရ အိပ်ပျော်နေစဉ် လောကီအာရုံများကို ပြင်ဆင်၍ အစေခံတို့က နိုးလာသောအခါ “အအိပ်ဖျက်ရမလား”ဟု ကြိမ်းဝါး မောင်းမဲ မည်သာတည်း။ ထိုသူအိပ်စေနေစဉ် ခံစားမူ အထင်အရှားမရှိ။ သို့ပါလျက် ငြိမ်းချမ်းစွာ အိပ်နေရမူကိုပင် ခံစားမူသုခထက် နှစ်သက်ပေသေးသည်။ ထို ခံစားမူမပါသော အိပ်ပျော်ခြင်းသုခကိုပင် “အိပ်ရကောင်းလိုက်တာ”ဟု အမွှမ်းတင်ကြသေး၏။ ထို့ကြောင့် ရုပ်နာမ်ကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား မည်မျှလောက် မွန်မြတ်လိမ့်မည်ကို မုန်းဆသင့်သည်။
ဆက်ဦးအံ့ - အနာဂါမ် ရဟန္တာ အရှင်မြတ်တို့သည် ရုပ်နာမ် ခန္ဓာကြီးကို လေးလံလှစွာသော ၀န်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော်မူကြသဖြင့် ရုပ်နာမ်ခန္ဓာမှ ကင်းနိုင်သမျှ ကင်းဖို့ရာ နိရောဓ သမာပတ်ကို ၀င်စားတော်မူကြသည်။ ထိုသမာပတ်အတွင်း၌ ခံစားမူလုံးဝမရှိ။ စိတ် စေတသိက် တည်းဟူသော နာမ်တရားနှင့် တချို့ရုပ်များ အသစ်မဖြစ်ဘဲ ချုပ်ငြိမ်းနေခြင်းသာတည်း။ 
ထိုကဲ့သို့ ရုပ်နာမ်အချို့ ချုပ်ငြိမ်းနေခြင်းကိုပင် အင်မတန် သုခကြီးဟု သဘောရ၍ နိရောဓ သမာပတ်ကို ၀င်စားတော် မူကြပေသည်။ ထို့ပြင် အသညသတ် အရူပဗြဟ္မာတို့၏ အဖြစ်ကို စဉ်းစားပြန်လျှင်လည်း သန္တိသုခ၏ အေးမြငြိမ်းချမ်းပုံများ ထင်ရှားပြန်၏။ အသညသတ် ဗြဟ္မာတို့၌ နာမ်တရား မရှိ၍ ခံစားမူလည်းမရှိ။ ကမ္ဘာ ၅၀၀-ခန့်မျှ နာမ်တရား တို့မှာ ငြိမ်းချမ်းလျက်နေရ၏။
အရူပဗြဟ္မာတို့၌ ရုပ်တရားတို့မှ အေးမြငြိမ်းချမ်းလျက်ရှိ၏။ အထက်ဆုံး အရူပဗြဟ္မာ၏ သန္တာန်ဝယ် ဖြစ်ခွင့်ရှိသော နာမ်တရားသည်ပင် အလွန်နည်းပါးလှချေပြီ။ ရဟန္တာဖြစ်လျှင် မနောဒွါရာဝဇ္ဇန်း၊ မဟာကြိယာ ၈၊ နေ၀သညာယတန ၀ိပါက် ၁၊ ကြိယာ ၁၊ အရဟတ္တဖိုလ်စိတ် ၁ အားဖြင့် ယှဉ်ဖက်စေတသိက်များနှင့်တကွ ၁၂-ပါးသာ ဖြစ်ခွင့်ရှိတော့၏။ ထို ၁၂-ပါးလည်း တစ်ခုစီသာ ဖြစ်နေရကား ထိုစိတ်ကလေးတစ်ခု နောက်ထပ်မဖြစ်လျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းတော့၏။ ထိုအခါ သန္တိသုခခေါ်သော နိဗ္ဗာနဓာတ် တရားမြတ်သည် မုချဆတ်ဆတ် ထင်ရှားတော့လတ္တံ့။
ထို သန္တိသုခ နိဗ္ဗာနဓာတ်သည် အများဆိုင် ဘုံတရားကဲ့သို့ တစ်ပါးတည်း မဟုတ်ပေ။ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီးရှိကြ၏။ ထို့ကြောင့် အရိယာအရှင်မြတ်တို့သည် ခန္ဓာကိုယ်ဒြပ် ထင်ရှားရှိစဉ် မိမိနိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ် ၀င်စားတော်မူကြပေသည်။ ထိုဖလသမာပတ် ၀င်စားခိုက်ဝယ် နိဗ္ဗာန်ကို အာရုံမှန်းလျက် စိတ်တမ်း၍နေရခြင်းသည်ပင် အင်မတန် ချမ်းသာတော်မူကြသတဲ့။ ထေရာထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန် ၀င်စံခါနီးဝယ် ဥဒါန်းကျူးကာကျူးကာဖြင့် ရုပ်နာမ်ခန္ဓာကို အားရပါးရ စွန့်ပစ်ခဲ့ကြသည်မှာ ရုပ်နာမ်ကို အမြဲတမ်း ခင်မင်နေကြသော ငါတို့လို ပုထုဇဉ်များအတွက် ရှက်ဖွယ်ကြီးပါတကား။
သုခံ ဒိဋ္ဌမရိယေဘိ၊ သက္ကာယဿ နိရောဓနံ။
ပစ္စနီက မိဒံ ဟောတိ၊ သဗ္ဗလောကေန ပဿတံ။
သက္ကာယဿ၊ ပရမတ္ထအားဖြင့် ထင်ရှားဘိတောင်း ခန္ဓာငါးပါးအပေါင်း၏။ နိရောဓနံ၊ ကင်းပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာဖြစ်သော။ သုခံ၊ နိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို။ အရိယေဘိ၊ အရိယာအရှင် သူတော်စင်တို့သည်။ ဒိဋ္ဌံ၊ ဉာဏ်စက္ခုဖြင့် စေ့ငုထင်ထင် သိမြင်အပ်ပေပြီ။ ဣဒံ၊ များပုထုဇဉ် ဉာဏ်အမြင်ဖြင့် မမြင်နိုင်တန် ဤနိဗ္ဗာန်ကို။ ပဿတံ၊ တပ်အပ်ထင်ထင် ကိုယ်တိုင်မြင်သည့် အရှင်အပေါင်း သူတော်ကောင်းတို့မှာ။ သဗ္ဗလောကေန၊ အ၀ိဇ္ဇာဖုံး တဏှာတုံးဟု အားလုံးလောက ဟူသမျှနှင့်။ ပစ္စနီကံ ဟောတိ၊ ကျောချင်းကပ်ယှဉ် ပြေးကြအင်သို့ အစဉ်ဆက်ဆက် ဆန့်ကျင်ဖက်အနေ ဖြစ်ရလေတော့သတည်း။ (သဠာယတနသံယုတ်၊ ဒေ၀ဒဟ၀ဂ်)

Gold price estimated