Video

Tuesday, 13 January 2015

အမှတ်စဉ်(၄၈) {ဧကဂ္ဂတာ ဖြစ်ပုံ၊ မနသိကာရဖြစ်ပုံ၊ စိတ်နဲ့စေတသိက် ပေါင်းစပ်ဆောင်ရွက်ပုံ၊ စက္ခုဝိညာဏ်စိတ်နှင့် စေတိသိက်}



ဧကဂ္ဂတာ ဖြစ်ပုံ

          ဧကဂ္ဂတာဆိုတာ “ဧက ဆိုတာ တစ်၊ အဂ္ဂ ဆိုတာ ဒီနေရာမှာ အာရုံကို ရည်ညွန်းတဲ့ ဦးတည်ချက်တစ်ခု၊ တာ ဆိုတာ သဘာဝပဲ၊” အာရုံတစ်ခုတည်းကို ဦးတည်ထားတယ်။ ဒါ သမာဓိကို ပြောတာနော်၊  ဦးတည်ချက်တစ်ခုတည်း ရောက်လာအောင် စုစည်းပေးတာ၊

          ဖဿရဲ့ ဦးတည်ချက်ကလည်း ဒီတစ်ခုပဲ ဖြစ်ရမယ်၊ ဝေဒနာရဲ့ ဦးတည်ချက်ကလည်း ဒီတစ်ခုပဲ ဖြစ်ရမယ်၊ စိတ်ရဲ့ ဦးတည်ချက်ကလည်း ဒါပဲ ဖြစ်ရမယ်၊ စေတနာရဲ့ ဦးတည်ချက်ကလည်း ဒါပဲ ဖြစ်ရမယ်လို့ ဦးတည်ချက်တွေ အကုန်လုံး စုပေးတယ်၊ အာရုံတစ်ခုတည်းကို အားလုံး စုစည်းပေးလိုက်တာ၊ ဧကဂ္ဂတာ၊ ဒါက သမာဓိတရားရဲ့ Source အခြေခံရားပဲ။

          အဲဒီ ဧကဂ္ဂတကို စနစ်တကျ လေ့ကျင့်ပြီးတော့ ပေးရင် ဒီ ဧကဂ္ဂတာက စွမ်းအား ထက်မြက်လာပြီဆိုရင် ဈာန်ရဲ့အင်္ဂါဖြစ်လာတယ်၊ ဒါကြောင့်မို့ ပထမဈာန်မှာ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဓကဂ္ဂတာ (သမာဓိ)ကို ပြောတာနော်၊ သဘာဝတရားတွေကို စုစည်းပေးလိုက်တဲ့အခါ မဂ္ဂင် ရှစ်ပါးထဲမှာ သမ္မာသမာဓိလို့ ခေါ်ကြတယ်၊ ဗောဇ္ဈင်ခုနှစ်ပါး ထဲမှာလည်း သမာဓိဗောဇ္ဈင်လို့ ခေါ်တယ်။

                    ဒီ ဧကဂ္ဂတာကတော့ သူ့အတိုင်း မထားရဘူး၊ လေ့ကျင့်ပေးရတယ်၊ ပြုစု ပျိုးထောင်ပေးရမယ်၊ စွမ်းအားတွေ တက်လောအောင် လုပ်ပေးရမယ်၊ ပင်ကိုယ်သဘာဝကတော့ ဒီလောက်ကြီး စွမ်းအားတွေ မထက်ဘူး၊ သူလုပ်နိုင်တဲ့ စွမ်းအားက ဒီလောက်ပဲ၊ လူလေးတစ်ယောက် မွေးလာတယ်၊ မွေးလာတာနဲ့ သူ ပညာတက်ပါ့မလား၊ မတက်ဘူး၊ ကျောင်းပို့ပြီး လေ့ကျင့်ရတယ် မဟုတ်လား၊ သင်ရတယ်၊ လေ့ကျင့်ရတယ်၊ လေ့ကျင့်မှ သူ့ စွမ်းအင်သတ္တိတွေ တက်လာတာ။

         
ဟောဒီ ဧကဂ္ဂတာလေးကိုလည်း လေ့ကျင့် ပေးလိုက်မယ်ဆိုရင် သမာဓိဆိုတဲ့ အဆင့်ရောက်သွားမယ်၊ ဒီလို လေ့ကျင့်ပေးရမယ်၊ ဘာနဲ့ လေ့ကျင့်ပေးရမလဲ၊ အာရုံနဲ့ လေ့ကျင့်ပေးရမယ်၊ ကမ္မဋ္ဌာန်းအာရုံနဲ့ လေ့ကျင့်ပေးရမယ်၊ သမထအာရုံနဲ့ လေ့ကျင့်ပေးရမယ်၊ ဝိပဿနာအာရုံနဲ့ လေ့ကျင့်ပေးရမယ်၊ ဒါ ဧကဂ္ဂတာ။

ဇီဝိတိနြေ္ဒ

          ဇီဝိတိနြေ္ဒဆိုတာက သူနဲ့အတူတူ ဖြစ်ဖက် နာမ်တရားကို ထိန်းသိမ်း စောင့်ရှောက်ပေးတဲ့ တာဝန်ပဲ၊ သူ ဆောင်ရွက်တယ်၊ သူ့ကို ဘာမှ လုပ်ပေးစရာမလိုဘူး၊ သဘာဝအနေနဲ့ ပါနေတာပဲ ရှိတယ်။

မနသိကာရဖြစ်ပုံ

          မနသိကာရဆိုတာ ဘာတုံးဆိုရင် သူကလည်း အရေးပါတဲ့တရား တစ်ခုပဲ၊ ဖဿက အာရုံနဲ့စိတ် တွေ့ပေးဖို့ရာအတွက် အာရုံဘက်ကို ဦးလှည့်ပေးဖို့ မလိုဘူးလား၊ နို့မဟုတ်ရင် အာရုံနဲ့ စိတ်တွေ့တဲ့အခါ လွဲချော်သွားနိုင်သေးတယ်လေ၊

          ဒါကြောင့်မို့ သူက အာရုံနဲ့စိတ်ကို တစ်ခါတည်း တန်းတန်းမတ်မတ်ဖြစ်အောင် ဦးလှည့်ပေးတယ်၊ မြားများလို့ ပစ်တဲ့အခါမှ target ကို ချိန်ရတယ် မဟုတ်လား၊ ပစ်လိုတဲ့ ပစ်မှတ်ကို စိတ်လှည့်အောင် လုပ်ပေးလိုက်တဲ့၊ မနသိကာရဆိုတာ အင်္ဂလိပ်လိုတော့ attention လို့ ပြောတာပေါ့။

          ဒီ attention က သိပ်ပြီး အရေးကြီးတာပဲ၊ attention မပါရင် ဘာမှ မဖြစ်ဘူး၊ Attention ဟာ  အရေးပါလွန်းလို့ ကြည့်ပါလား၊ လေယျဉ်ပျံစီးတဲ့အခါ မကြားဘူးလား၊ “May I have your attention,please?” လေယာဉ်မယ်တွေက ကြေငြာတယ်လေ၊ အဲဒီမှာ ကျေးဇူးပြု၍ နားထောင်ပါဆိုတာ အဲဒီ Attention ကို ပြေတာနော်၊ အာရုံဘက်ကို လှည့်ပြီးတော့နေတဲ့ သဘာဝတရား၊ အဲဒါရှိမှ စိတ်တွေဟာ အားလုံး ဆောင်ရွက်မှုတွေ လုပ်နိုင်တယ်။

စိတ်နဲ့ စေတသိက် ပေါင်းစပ်ဆောင်ရွက်ပုံ

          စိတ်ရဲ့စွမ်းအားတွေနဲ့ စိတ်မှာ မှီပြီးတော့ ဖြစ်နေတဲ့ စွမ်းအားတွေ၊ စေတသိက်ဆိုတာ စိတ်ရဲ့ စွမ်းအားတွေပဲ၊ စိတ်မှာ ရှိနေတဲ့ စိတ်ရဲ့စွမ်းအားတွေ၊ ဒါတွေမပါရင် စိတ်ဟာ အလုပ်မဖြစ်ဘူး၊ စိတ်နဲ့ စေတသိက်ဟာ ဒီလို ပေါင်းစပ်ပြီးတော့ ဆောင်ရွက်တယ်ဆိုတာ သဘောပေါက်ရမယ်နော်။

စက္ခုဝိညာဏ်စိတ်နှင့် စေတသိက်

          ဆိုပါစို့၊ မျက်စိက မြင်ပြီးတော့ သိလိုက်တဲ့ စိတ်ကလေးကိုကြည့်၊ စက္ခုဝိညာဏ်စိတ်ကလေး ဖြစ်လို့ရှိရင် ဟောဒီ ၇-ခု ပါရတယ်၊ ဖဿရယ်၊ ဝေဒနာရယ်၊ သညာရယ်၊ စေတနာရယ်၊ ဧကဂ္ဂတာရယ်၊ ဇီဝိတိနြေ္ဒရယ်၊ မနသိကာရရယ် အဲဒီ ၇-ခုရယ်၊ စက္ခုဝိညာဏ်စိတ်ကလေးရယ် ပေါင်းလိုက်တော့ ၈-ခု တစ်စု ဖွဲ့လိုက်တာကို “မြင်သိစိတ်” လို့ပြောတာ၊ ဟောဒီ ၇-ခု မပါဘဲနဲ့ မြင်သိစိတ် မပေါ်ဘူးနော်။

          ဒါပေမယ့် ဒီမြင်သိစိတ်မှာပါတဲ့ စေတနာဆိုတာလေးက ကံအရာ မမြောက်ဘူး၊ ကမ္မပစ္စယောလို့ ဟောပေမယ့်လို့ ကံ အရာမဟုတ်ဘူး၊ Organize လုပ်တာပဲရှိတယ်၊ သူက အကျိုးထုတ်လုပ်နိုင်တဲ့ ကံသဘော မဟုတ်ဘူးလို့ နားလည်ရမယ်။

          ကျန်တာတွေကလည်း ဒီလို သဘောပေါက်ရမယ်၊ စိတ်ကို မှီတည်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စေတသိက်တွေရဲ့ စွမ်းအင်တွေ မတူဘူးလို့ပဲ မှတ်ရမယ်၊ စွမ်းအင်ချင်းမတူဘူး၊ စိတ်အင်အားနည်းတဲ့ စိတ်ပေါ်မှာမှီတဲ့ စေတသိက်တွေရဲ့ စွမ်းအင်ဟာ ဒီလောက် မရှိဘူးလို့ သိထားရမယ်။

အာဝဇ္ဇန်းစိတ်နှင့် စေတသိက်

          မြင်သိစိတ်ရဲ့ ရှေ့နားလေးမှာ ကြည့်လိုက်မယ်ဆိုရင် အာဝဇ္ဇန်းဆိုတဲ့ စိတ်လေး မပါဘူးလား၊ ခုနက အာရုံနဲ့ စိတ်အာရုံနဲ့ ဝတ္ထု၊ နှစ်ခု ဆုံဆည်းလိုက်တဲ့အခါမှာ ဘာပါလိမ့်လို့ စဉ်းစားပြီးတော့ ဘဝင်စိတ်ကို အလှည့်အပြောင်း လုပ်လိုကတဲ့ စိတ်ကလေးက အာဝဇ္ဇန်းစိတ်တဲ့၊ ဆင်ခြင်တဲ့ စိတ်ကလေး၊ အာဝဇ္ဇန်းစိတ်က မျက်စိက မြင်တဲ့အာရုံကို ဆင်ခြင်တာ ရှိမယ်၊ နားက ကြားတာ၊ နှာခေါင်းက အနံ့ရတာ၊ လျှာက လျက်တာ၊ ခန္ဓာကိုက ထိတယ်ဆိုတဲ့ ဒီ ၅-ဒွါရ၊ ဒွါရ ငါးပေါက်မှာ ထင်လာတဲ့ အာရုံကို နှလုံးသွင်း ဆင်ခြင်တာကို ပဉ္စဒွါရာဝဇ္ဇန်းစိတ် လို့ခေါ်တယ်၊

          အဲဒီ ဆင်ခြင်မှုဆိုတဲ့ စိတ်ကလေး မပါဘဲနဲ့ စက္ခုဝိညာဏ်စိတ် မဖြစ်ဘူး၊ ခုန စက္ခုဝိညာဏ်စိတ်နဲ့ စေတသိက် ၇-ခု၊ ဒါကို အဘိဓမ္မာ လေ့လာတဲ့အခါ စက္ခုဝိညာဏ်စိတ်မှာ စေတသိက် ၇-ခု ယှဉ်တယ်လို့ ပြောနေကြတာ၊ တကယ်တော့ စက္ခုဝိညာဏ်စိတ်ဖြစ်ရင် ဒီ ၇-ခု ပါနေတယ်လို့ ပြောတာ။

          ပန်းလေးတစ်ပွင့်မှာ ဘာတွေ ပါနေကြလဲ၊ ကဲ စဉ်းစားကြည့်ပေါ့၊ ပန်းပွင့်လေးတစ်ပွင့်မှာ အရောင်မပါဘူးလား၊ အနံ့မပါဘူးလား၊ အရသာရော၊ သြဇာရော၊ မာမာပျော့ပျော့ဆိုတဲ့ အားလုံးကို ထမ်းဆောင်ထားတဲ့ အခြေခံရော မပါဘူးလား၊ ပါတယ်၊

          ဒီပန်းကလေးကို တစ်ခါတည်း ရင့်လာအောင် နွမ်းလာအောင် လုပ်တာဆိုတာရော မပါဘူးလား၊ ပန်းပွင့်လေး ဖြစ်အောင် စုစည်းထားတဲ့ သဘောရော မပါဘူးလား၊ ပါတယ်၊ ဒီပန်းလေး ဟာ ပြိုကွဲမသွားအောင် ပုံသဏ္ဌာန်လေး ပျက်မသွားအောင် တွန်းအားပေးထားတဲ့ သဘောရော မပါဘူးလား၊ အဲဒါ ကြည့်လိုက်တော့ အဲဒါလေးတွေ အကုန်လုံး၊ ဒီ ရုပ် ၈-ခု ပေါင်းထားလို့ ပန်းပွင့်ဆိုတာ ဖြစ်နေတာနော်။

          အဲဒါမျိုးလိုပဲ၊ စက္ခုဝိညာဏ်စိတ်ထဲမှာလည်း ဟောဒီလို စေတသိက် ခုနှစ်ခုနဲ့ အားလု့းပေါင်းလိုက်တဲ့အခါ စိတ်က တစ်ခု၊ စေတသိက်က ခုနှစ်ခု၊ စုထားတာ၊ စုထားမှ အလုပ်ဖြစ်တယ်၊ မြင်သိစိတ်ဆိုတာ မြင်ပြီး သိတာ၊ ဒီခုနှစ်ခုရဲ့ စွမ်းအားကြောင့် သူသိလိုက်ရတာ၊ စိတ် တစ်ခုတည်းဆို မရဘူးနော်၊ ဒါကြောင့်မို့လို့ စိတ်ကို အမှီပြု စွမ်းအားစုများလို့ ပြောတာ၊ စိတ်ကို မှီတဲ့စွမ်းအားတွေ။

** ဆက်ရန် ** {ပကိဏ္ဏကစေတသိက် ၆-ခု၊  ဝိတက္က၊ မှားတဲ့အတွေး ၃-မျိုး၊ မှန်ကန်တဲ့အတွေး}

 *ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၂၃၉-၂၄၄)  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။

No comments:

Post a Comment

Gold price estimated