Video

Friday 31 October 2014

မစ္ဆရိယအကြောင်း


ဝန်တိုခြင်းသဘောသည် “မစ္ဆရိယ”တည်း။ ထို့ကြောင့် “ပြောထူးမစ္ဆေ ၀န်တိုလေသတဲ့”ဟု ဆိုခဲ့သည်။ ယခုကာလ၌ မလှူရက်၊ မပေးကမ်းရက်သော သူကို မစ္ဆရိယရှိသူဟု ခေါ်ကြသည်။ မစ္ဆရိယကား မလှူချင် မပေးချင်မူမျိုးမဟုတ်၊ သူတစ်ပါးတို့အား မရစေချင်သော သဘောသာတည်း။ ထို့ကြောင့် မလှူချင်မပေးချင်မူတို့မှာ မိမိပစ္စည်းကို တွယ်တာသော လောဘသဘောသာ ဖြစ်သည်။ မိမိပစ္စည်းကို ဖြစ်စေ၊ အခြားပစ္စည်းကို ဖြစ်စေ၊ ဂုဏ်ကိုဖြစ်စေသူ တစ်ပါးမရစေလိုသော သဘောကိုသာ ၀န်တိုမူ မစ္ဆရိယသဘောဟု မှတ်ပါ။ ဤမစ္ဆရိယကို ကျမ်းဂန်တို့၌ ၅-မျိုးပြ၏။

၁။ အာဝါသမစ္ဆရိယ = မိမိနေရာ၊ ကျောင်း၊ အိပ်ရာ၊ နေရာ၌ ၀န်တိုမူ။ သံဃာအများနှင့် သက်ဆိုင်သော သံဃိကကျောင်း၊ အိပ်ရာ၊ နေရာကို မိမိရသည့်အခါ ထိုကျောင်းသို့ အခြား သံဃာတော်များကို မလာစေလိုခြင်းမျိုးတည်း။ သို့သော် မကောင်းဆိုးရွားသော ရဟန်းများ မလာစေလိုခြင်းကား မစ္ဆရိယ မဟုတ်ပါ။ ဤ အာဝါသမစ္ဆရိယ ရှိသူသည် သေသောအခါ ထိုကျောင်း၌ပင် ပြိတ္တာ ဖြစ်နေတတ်သည်။ သို့မဟုတ် သံအိမ်ငရဲ၌ ကျက်ရတတ်သည်။

၂။ ကုလမစ္ဆရိယ = မိမိအမျိုးနှင့် ဒကာ ဒကာမများကို ၀န်တိုမူ။ မိမိဆွေမျိုးကို ဖြစ်စေ၊ ဒကာ ဒကာမမျိုးကို ဖြစ်စေ၊ အခြားသံဃာများ မလာစေလို၊ မဆက်ဆံစေလိုခြင်းတည်း။ သို့သော် သဒ္ဓါတရားကို ဖျက်ဆီးမည့် ယုတ်မာဆိုးရွားသော ရဟန်းများနှင့် မဆက်ဆံစေလိုခြင်းမှာ မစ္ဆရိယ မဟုတ်ပါ။ ဤ ကုလမစ္ဆရိယ ရှိသူသည် မိမိ ဒကာ ဒကာမတို့၌ သူများ ဆက်ဆံနေသည်ကို မြင်တွေ့ရသောအခါ ၀မ်းထဲ၌ ပူပူလောင်လောင် ဖြစ်၍ သွေးအန်တတ်၏။ ၀မ်းလျှောတတ်၏။ အူအပိုင်းပိုင်း ပြတ်တတ်၏။ သို့မဟုတ် နောက်ဘ၀၌ လာဘ်လာဘ ပါးရှားတတ်သည်။

၃။ လာဘမစ္ဆရိယ = ပစ္စည်း လာဘ်လာဘကို ၀န်တိုမူ သူတစ်ပါးတို့အား ပစ္စည်း လာဘ်လာဘ မရစေလိုခြင်းတည်း။ သို့သော် ရရှိသော လာဘ်လာဘကို မတရားသုံစွဲမည့် ရဟန်းကို မရစေလိုဘဲ တရားသဖြင့် သုံးစွဲရသော ရဟန်းတို့ကို ရစေလိုခြင်းမှာ လာဘမစ္ဆရိယ မဟုတ်ပါ။ ဤ လာဘမစ္ဆရိယ ရှိသူသည် ဘင်ပုပ်ငရဲ၌ ကျက်၍ ဘင်ပုပ်ကို စားနေရတတ်၏။ (ဤ လာဘမစ္ဆရိယကြောင့် အပြစ်ရသော လောသကတိဿဝတ္ထုကို ကံအခန်း၌ ပြအံ့။)

၎။ ၀ဏ္ဏမစ္ဆရိယ = ကိုယ်အဆင်း ဂုဏ်သတင်း ၂-မျိုးလုံး၌ ၀န်တိုမူ။ မိမိထက် အဆင်းလှမည်ကို ၀န်တိုမူ၊ မိမိထက် ဂုဏ်ကြီးမည်ကို ၀န်တိုမူသည် ၀ဏ္ဏမစ္ဆရိယပင်တည်း။ ဤ ၀ဏ္ဏမစ္ဆရိယ ရှိသူသည် ဘ၀သံသရာဝယ် ရုပ်အဆင်း ဆိုးရွားတတ်၏။ ဂုဏ်သတည်းလည်း ညံ့ဖျင်းတတ်သည်။

၅။ ဓမ္မမစ္ဆရိယ = မိမိတတ်သိသောတရား(အတတ်ပညာ)ကို ၀န်တိုမူ။ ဓမ္မမစ္ဆရိယ ရှိသူသည် မိမိတတ်သိသော အတတ်ပညာ၊ စာပေပညာ၊ လက်မူပညာ၊ နူတ်မူပညာများကို သူတစ်ပါး တတ်သိမှာ စိုးသောကြောင့် မေးလာလျှင် ကောင်းမွန်စွာ မပြောလိုခြင်း၊ ရေးကူးထားသော ပညာကို မပြလိုခြင်း၊ စာချသောအခါ မိမိလိုတတ်မည်စိုး၍ အကုန်မပြောလိုခြင်း ဖြစ်တတ်သည်။ သို့သော် စာပေ တတ်ပြီးနောက် ထိုစာကို မတရားသုံးစွဲမည့်သူ၊ သာသနာကို ဖျက်ဆီးမည့်သူတို့အား ပြောမပြခြင်းတို့မှာ မစ္ဆရိယ မဟုတ်ပါ။ ဤ ဓမ္မမစ္ဆရိယ ရှိသူသည် ဖြစ်လေရာ ဘ၀တိုင်း၌ အဖျင်း အအ ဖြစ်တတ်၏။ သို့မဟုတ် ပြာပူငရဲ၌ ကျက်ရတတ်သည်။

စဉ်းစားဖွယ်

ကျမ်းဂန်လာ မစ္ဆရိယ ၅-ပါးကို စဉ်းစားလျှင် သူတစ်ပါး လှူဒါန်းမှ နေထိုင်စားသောက်ရသော ရဟန်းများ၊ သီလရှင်များ၌ အဖြစ်များဖွယ်ရှိ၏။ ယခု မျက်မြင်အားဖြင့်လည်း ထိုသူများ၌ ဤမစ္ဆရိယ သောင်းကျန်းလျက်ရှိသည်။ လူအများ၌လည်း ကိုယ့်ထက် အိမ်ကောင်းရာကောင်းရှိမှာစိုးခြင်း၊ ကိုယ့်ထက်ဆွေမျိုး ဉာတိပေါမှာစိုးခြင်း၊ ကိုယ့်ထက်ဥစ္စာပေါမှာစိုးခြင်း၊ ကိုယ့်ထက်ရောင်းဝယ်ကောင်းမှာ စိုးခြင်း၊ ကိုယ့်ထက်လှမှာစိုးခြင်း၊ ကိုယ့်ထက်ဂုဏ်ကြီးမှာစိုးခြင်း၊ ကိုယ့်ထက်တတ်သိမှာ စိုးခြင်း စသောအားဖြင့် အများပင် ဖြစ်တတ်ပါသည်။ ထိုသဘောများကား မစ္ဆရိယပင်တည်း။ ထိုသို့ မစ္ဆရိယ ဖြစ်သည့်အတွက် ထိုအဖြစ်ခံရသူမှာ အကျိုးမယုတ်ဘဲ မိမိမှာ ဖြစ်သည့်အတွက် ထိုအဖြစ်ခံရသူမှာ အကျိုးမယုတ်ဘဲ မိမိမှာ စိတ်ယုတ်မာရှိကြောင်း ထင်ရှားရကား ဤမစ္ဆရိယကို ၀ါသနာနှင့်တကွ အမြစ်ပါပြုတ်အောင် ကြိုးစား၍ ဖြုတ်သင့်ကြပေသည်။ ဤကဲ့သို့ တရားသိသော ဘ၀၌သော်မှ မစ္ဆရိယကို မတားလျှင် ပြိတ္တာဖြစ်ဖို့သာ ပြင်ကြပါတော့။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
တောသူမလေး at 2:32 PM

အိမ်ထောင်ရှင်မ ဖြစ်တော့မည့် ၀ိသာခါကို သူ့မိဘများ မှာကြားလိုက်သော စကား(၁၀)ခွန်း

၁) အိမ်တွင်းမီး အပြင်မထုတ်ရ
၂) အိမ်ပြင်မီး အတွင်းမသွင်းရ
၃) ပြန်ပေးမည့်သူကိုသာပေး။
၎) ပြန် မပေးမဲ့သူကို မပေးနဲ့။
၅) ပေးသင့်သူကိုလည်း ပေး။
၆) ချမ်းသာစွာထိုင်။

၇) ချမ်းသာစွာ စား။
၈) ချမ်းသာစွာ အိပ်။
၉) မီးကို ရိုသေစွာလုပ်ကျွေး။
၁၀) အိမ်တွင်းနတ်ကို ရှိခိုးပူဇော်။
တို့ဖြစ်ပါသည်။
၁) အိမ်တွင်းမီး အပြင်မထုတ်ရဆိုတာ.. အိမ်တွင်းမှာရှိတဲ့ အိမ်တွင်းရေးပြဿနာ ကိစ္စအဝဝကို အပြင် ဖောက်သည်မချနဲ့ဆိုလိုတာပါ။
၂) အိမ်ပြင်မီး အတွင်းမသွင်းရဆိုတာ…ပြင်ပမှာဖြစ်လာတဲ့ ပြဿနာတွေကိုလည် အိမ်တွင်းသည်မလာနဲ့ လို့ဆိုလိုတာပါ။
၃) ပြန်ပေးမယ့်သူကို ပေးဆိုတာ.. ချေးငှားတဲ့အခါ ပြန်တောင်းရမည့်သူကိုသာ ချေးငှားလို့ဆိုတာပါ။
၎) ပြန်မပေးမယ့်သူကို မပေးနဲ့ဆိုတာ…ပစ္စည်းဥစ္စာချေးငှားတဲ့အခါ ပြန်တောင်းရမ်းလို့မရမည့်သူကို မချေးငှားနဲ့လို့ ဆိုလိုတာပါ။
၅) ပေးသင့်သည်ဖြစ်စေ၊ မပေးသင့်သည်ဖြစ်စေ ပေးပါဆိုတာက…မိမိဆွေမျိုးအသိုင်းအဝိုင်းထဲမှာ.. ဘဝပေးအရ မပြည့်စုံတဲ့သူတွေကိုတော့ ဘာမှမျှော်လင့်တောင့်တမနေပဲ ထောက်ပံ့လိုက်ပါဟု ဆိုလိုတာပါ။
၆) ချမ်းသာစွာထိုင်ပါဆိုတာ.. မိမိလင်ယောက်ျား၊ယောကမ္ခတွေရဲ့အထက်အရပ်၊လေညာအရပ်စသော မပြစ်မလွတ်သောနေမှာ မထိုင်ဘဲ အပြစ်ကင်းသော နေရာမှာထိုင်လို့ပြောတာပါ။
၇) ချမ်းသာစွာစားပါဆိုတာ…မိဘ၊ ယောက္ခမ၊ခင်ပွန်းတို့ကို ရှေးဦးစွားကျွးပြီး နောက်မှစားပါလို့ ပြောတာပါ။
၈) ချမ်းသာစွာအိပ်ပါဆိုတာ.. မိဘ၊ ယောက္ခမ၊ လင်ယောက်ျားတို့ ကို သင့်တင့်သော ဝေယျာဝစ္စပြုပြီးမှာ အိပ်ပါလို့ပြောတာပါ။
၉) မီးကိုရိုသေစွာလုပ်ကျွေးဆိုတာ.. ယောက္ခမတွေကို ကောင်းစွာစောင့်ရှောက်လို့ပြောတာပါ။
၁၀) အိမ်ဦးနတ်ကိုရိုသေဆိုတာ.. မိမိလင်ယောက်ျားကို အိမ်ဦးနတ်ကဲ့သို ဆက်ဆံရမယ် လို့ ဆိုလိုတာပါ။
(ဖေ့ဘုတ်မှတဆင့်တင်ပြသည်)
မူကြိုဆရာ at 5:00 AM

သီတဂူဆရာတော်ဘုရားဟောကြားသောဗုဒ္ဓဘုရားပွင့်ရခြင်းအကြောင်း(၅)ချက်...။

ဘုရားရှင်တွေ တိုးတက်တဲ့.ဒီဘက်ခေတ်မှာ ဘာလို့ မပွင့်တာလဲ..လို့ မေးထားတာပါ။..
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ရဲ့ ဗုဒ္ဓ၀င် တရားလေးကို နာဖြစ်ခဲ့ပါတယ်။ ဒီတရားလေး နာဖြစ်လိုက်ရင်..အဲသံသယကို ပြေလည်စေနိုင်ပါတယ်။..အခု အဲတရားလေးထဲက..ဆရာတော်ကြီး ဟောထားတဲ့ ဘုရားအလောင်းတော်ရဲ့ ဘုရားဖြစ်ဖို့ရန် ..ကြည့်ခြင်းကြီး (၅)ပါးကို ရေးလိုက်ချင်ပါတယ်။...
မြတ်စွာဘုရားအလောင်းတော်..သိဒ္ဓတ္ထ မင်းသားဘ၀သို့ မရောက်မီ..
တုသိတာနတ်ပြည်တွင် သေတကေတု နတ်မင်းကြီး..ဖြစ်နေခဲ့ပါတယ်။ သေတကေတု နတ်မင်းဟာ..လူပြည်မှာ. ဘုရားရှင် ဖြစ်ဖို့ ရန်အတွက် ကြည့်ခြင်းကြီး ၅ ပါးဖြင့် သုံးသပ်တော်မူခဲ့ပါတယ်။ ကြည့်ခြင်းကြီး ၅ ပါးကတော့..
ကာလ
ဒီပ
ဒေသ
ကုလ
မာတုအာယု
တို့ ဖြစ်ပါတယ်။
၁။ ကာလ
လူ့သက်တမ်း နှစ် (၁၀၀၀၀၀) ထက်မပိုသော ခေတ် ၊ နှစ် ၁၀၀ အောက်လည်း မကျသော ခေတ်ကာလကို သေသေချာချာ ရွေးချယ်တော်မူရပါတယ်။..
လူ့သက်တမ်း နှစ် (၁၀၀၀၀၀) ထက်မကအသက်ရှည်ကြပါက..လူတို့ လွန်စွာ ကျန်းမာ အသက်ရှည်ကြပြီး..ထိုသူတို့ကို အနိစ္စ ဒုက္ခ အနတ္တ ဟုဟောရင်လည်းပဲ ထိုသူတို့က..ဘယ်လိုမှ ယုံနိုင်ကြလိမ့်မည် မဟုတ်သောကြောင့်..ထိုလောက်အသက်ရှည်လွန်းသော ခေတ်ကာလ ကို ဘုရားရှင်တို့ မပွင့်ပါ။..ထိုကြောင့် လူ့သက်တမ်း နှစ် (၁၀၀၀၀၀) အောက် ခေတ်ကာလ ကို ရွေးတော်မူပါတယ်။
တဖန် လူ့သက်တမ်း နှစ် (၁၀၀) အောက်ရောက်သောခေတ်ကာလ၌လည်းပဲ ဘုရားရှင်တို့ မပွင့်ပါ။ နှစ် (၁၀၀) အောက် အသက်တိုလွန်းပါက..လူတို့ဟာ.ဒုစရိုက်လွန်စွာ ထူပြောပြီး မိုက်မဲလွန်းကြပါမယ်။ အဲလို မှောင်မိုက်လွန်းတဲ့ခေတ်ကာလ မှာ တရားအလင်းရောင်ထိုးပြရင်လည်း လူတွေက.ဘုရားရှင်ရဲ့ စကားကို..မသိနိုင်.မယုံနိုင် လက်ခံနိုင်ကြလိမ့်မယ်မဟုတ်သောကြောင့်. (၁၀၀) အောက်ရောက်သောခေတ်ကာလ အသက်တိုသော ခေတ်ကာလ ၌လည်းပဲ ဘုရားရှင်တို့ မပွင့်ပါ.။
ထို့ကြောင့် လူ့သက်တမ်း နှစ် (၁၀၀) မှ စ၍ နှစ် (၁၀၀၀၀၀) အောက်..ကာလ..လူ့သက်တမ်း မရှည်လွန်းသောကာလ..မတိုလွန်းသော ကာလ အလယ်အလတ် ခေတ်ကာလကို သာ ရွေးချယ်တော်မူခြင်းဖြစ်ပါတယ်။ ထိုကာလတွင် လူတို့ဟာ ချမ်းသာ တလှည့် ဆင်းရဲတလှည့် ကောင်းတလှည့် ဆိုးတလှည့် ဖြစ်နေကြပြီး..ထိုကာလတွင် တရားပြပါက.သတ္တ၀ါဝေနေယျ တို့ဟာ..နားလည်နိုင်တယ်..တရားထူးရနိုင်တယ်..တရားတော်ပိုပြီး..ကျယ်ပြန့်နိုင်တာ ဖြစ်တဲ့အတွက်ကြောင့် ထို ကာလကိုသာ ရွေးချယ်တော်မူခြင်းဖြစ်ပါတယ်။
၂။ ဒီပ (ကျွန်း)
တောင်ဘက်ကျွန်း (ဇမ္ဗူဒီပကျွန်း) ကိုသာ ဘုရားပွင့်ဖို့ရန်အတွက် ရွေးချယ်တော်မူပါတယ်။
မြင့်မိုရ်တောင်ကို အလယ်ဗဟိုထားပါက..အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ တောင်ကျွန်း တို့ရှိကြတယ့် အထဲမှာမှ.. အရှေ့ကျွန်းမှာလည်း ဘုရားမပွင့်..အနောက်ကျွန်းမှာလည်း ဘုရားမပွင့်.မြောက်ကျွန်းမှာလည်း ဘုရားမပွင့်ဘဲ တောင်ကျွန်း၌ သာ ဘုရားပွင့်ခြင်းဖြစ်ပါတယ်။
၃။ ဒေသ (အရပ်)
အထက်ပါ..တောင်ဘက်ကျွန်း (ဇမ္ဗူဒီပကျွန်း) ကြီးရဲ့ အလယ်ဗဟိုဒေသ(မဇ္ဈိမ ဒေသ)အရပ်.ကိုသာ ဘုရားပွင့်ရန် ထပ်မံ ရွေးချယ်တော်မူပါတယ်။
အစွန်အဖြားကျသော ဒေသဆိုလျင် ပညာနည်းမည် အသိဥာဏ်နည်းမည်..ဖြစ်ခြင်းကြောင့် အစွန်အဖြား ဒေသမှာ မပွင့်ဘဲ အလယ်ဒေသဖြစ်သော မဇ္ဈိမ ဒေသကိုသာ ရွေးချယ်တော်မူပါတယ်။ မဟာဗောဓိပင်ကို အလယ်ဗဟိုထားပြီး အရှေ့ ၊အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ ယူဇနာ (၉၀၀) အကျယ်အ၀န်းရှိသော ဒေသသည် မဇ္ဈိမ ဒေသ ပင်ဖြစ်ပါတယ်။ မဟာဗောဓိပင်ကြီးဟာ အလယ်ဗဟို အကျဆုံးနေရာပါ။ ဘုရားရှင်တို့ဟာ.. အလယ်ဗဟိုကျသော ဒေသမျိုးကိုသာ ဘုရားဖြစ်ဖို့ လောကအကျိုးစီးပွားဆောင်ရွက်ဖို့..ရွေးချယ်တော်မူပါတယ်။
၎။ ကုလ (အမျိုး)
မြင့်မြတ်သော ခတ္တိယအမျိုး (မင်းမျိုး) ၌သာ..ဘုရားပွင့်ရန် လောကအကျိုးစီးပွားဆောင်ရွက်ဖို့ ရွေးချယ်တော်မူပါတယ်။
ဘုရားရှင် ဖြစ်မည့် လူသားဟာ. လူသားတော့လူသားပါပဲ..ဒါပေမယ့် မဟာလူသားဖြစ်ပါတယ် ဒါကြောင့် သာမာန်အမျိုး..မမြတ်မြတ်တဲ့အမျိုးမှာ ဘုရားမဖြစ်ပါဘူး..ဘုရားဖြစ်မည့် အမျိုးဟာ.
လူတကာတို့ အလေးအမြတ်ပြုသော အမျိုး ဖြစ်ရမည်
အမျိုးမပြတ်သော အမျိုး ဖြစ်ရပါမယ်..
ဒါကြောင့် တန်ခိုးအာဏာကြီးသော မြင့်မြတ်သော ခတ္တိယ အမျိုး၊ ထို ခတ္တိယ အမျိုးမှာမှ..အမျိုးသန့်သော မပြတ်သော သာကီယအမျိုး ၌သာ. ဘုရားဖြစ်ရန်လောကအကျိုးစီးပွားဆောင်ရွက်ဖို့ရန်. ရွေးချယ်တော်မူပါတယ်။
၅။ မာတုအာယု (မယ်တော့်အသက်)
မိခင်ဖြစ်မယ့်သူရဲ့ အသက်အရွယ်ကို ရွေးခြင်းဖြစ်ပါတယ်။
မိခင်ဖြစ်မည့်သူသည် (၁၀)လ နှင့် (၇)ရက်သာ အသက်ကြွင်းမယ့် သီလစင်ကြယ်သော သူကိုသာ ရွေးချယ်တော်မူပါတယ်။ မိခင်မယ်တော်ဖြစ်မည့်သူဟာ သဘာဝအလျောက်..နောက် (၁၀လ နှင့် ၇ရက်) မှာ သေမည့် သူသာ ဖြစ်ရပါမယ်..ဘုရားအလောင်းတော် ၀င်လာလို့ သေပေးရတဲ့ သဘော(လုံးဝ) မဟုတ်ပါ။ သူရဲ့ သဘာဝအလျောက် အဲကာလကြာရင်..သေမယ့်..အသက်အရွယ်ရှိသော.သူကိုသာ သေချာ စောင့်ပြီး ရွေးချယ်ခြင်းမျိုးဖြစ်ပါတယ်။ မိခင်ဖြစ်မည့်သူ၏ ၀မ်းကြာတိုက်ဟာ. ရှိခိုးထိုက်လောက်အောင်..အလွန်မြင့်မြတ်ပါတယ်။ ရှိရှိသမျှ မိခင်တွေထဲမှာ..အမြတ်ဆုံးမိခင် ဖြစ်မယ့်သူပါ။အဲလို..မြင့်မြတ်မယ့်.. ၀မ်းကြာတိုက်မှာ..ဘုရားအလောင်းတော်သာလျင် ပဋိသန္ဓေ ယူထိုက်ခြင်းဖြစ်ပါတယ်။ ဘုရားမဖြစ်မည့် သူနောက်တစ်ယောက်ဟာ.ဒီဝမ်းကြာတိုက်မှာ မကိန်းကောင်းပါဘူး..တစ်ခေတ်ထဲမှာ လည်းပဲ ဘုရားဆိုတာ..တစ်ဆူပဲ ပွင့်တာဖြစ်ခြင်းကြောင့် မိခင်ဖြစ်မည့်သူဟာ.. (၁၀လ နှင့် ၇ရက်)သာ အသက်ကြွင်းမယ့် သူဖြစ်ပြီး..ထိုသူ၌သာလျင် ပဋိသန္ဓေယူဖို့ ရွေးချယ်ခြင်းဖြစ်ပါတယ်။
-----------------------------------------
အထက်ပါ..အကြောင်းအရာကတော့ ဘုရားအလောင်းတော် ပွင့်မည့် လောကအကျိုးစီးပွားဆောင်ရွက်မည့်. ခေတ်ကာလ ဒေသ..စတဲ့..ငါးပါးကို ညီညွတ်စွာ သေသေချာချာ ရွေးချယ်ခြင်းပါပဲ..အထက်ပါ..ခေတ်ကာလကလွဲလို့ ဘုရားရှင်များမပွင့်ပါ..ဒီလို ကြည့်ခြင်းကြီး ငါးပါးနှင့် ညီညွတ်သော ခေတ်ကာလ.ဒေသ အမျိုး..များ၌သာ ပွင့်ခြင်းဖြစ်ပါတယ်..
ယခုခေတ်ကာလကတော့..သက်တမ်း နှစ် (၁၀၀) အောက်မှာရှိပါတယ်..လက်ရှိ life expectancy အများဆုံးနိုင်ငံဂျပန်တောင်မှပဲ..၈၆လောက်ပဲရှိပါတယ်..ကျန်တဲ့နို်င်ငံတွေဆိုတာ အတော်နည်းကြပါတယ်.(life expectancy table , wikipedia.)
အဲတော့ အခုခေတ်ဟာ.နည်းပညာတွေ တိုးတက်နေလည်းပဲ...လောဘ ဒေါသ မောဟတွေ ထူပြော..ဒုစရိုက်တွေ ထူပြောနေတဲ့ခေတ်ဖြစ်နေတဲ့အတွက်.ဘုရားရှင်တို့ မပွင့်နိုင်ပါဘူး..မိမိကိုယ်တိုင်..ခန့်မှန်းကြည့်လည်းပဲ သိနိုင်ပါတယ်..
အခုခေတ်မှာ.မြတ်ဗုဒ္ဓဘုရားရှင်ထားခဲ့တဲ့.အနိစ္စ ဒုက္ခ အနတ္တ ကောင်းပေ့ဆိုတဲ့ တရားတွေဟာ ရှိနေပါလျက်နဲ့..ကျွန်တော်တို့ မြန်မာမှာပဲ နားလည် လက်ခံ သူများနေတာပါ..ကျန်တဲ့ နားမလည်တဲ့နိုင်ငံတွေဆိုတာ အများကြီးပါ..
အထက်ပါ..ဘုရားရှင် ပွင့်နိုင်မယ့် ကာလ၊ ဒေသ၊ အရပ်၊ အမျိုး၊ မိခင်အသက် တွေ လေ့လာခြင်းအားဖြင့်..ဘုရားရှင် ပွင်မယ့်ခေတ်ကို နားလည်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်..အဲ အချက် ငါးပါးနဲ့ ပြည့်စုံ ညီညွတ်နေမှသာ လောကအားလုံးရဲ့ ပူဇော်အထူးခံထိုက်တဲ့ သုံးလောက ထွဋ်ထား မြတ်ဗုဒ္ဓ ဘုရားရှင်ဟာ ပွင့်ပါတယ်လို့...ဖြေလိုက်ပါတယ်။...
အထက်ပါ ရေးတဲ့ စာသားများကတော့
သီတဂူဆရာတော်ဘုရားကြီး..၁၃၄၃ ခုနှစ် ကဆုန်လဆန်း (၁၅) ရက်တုန်းကဟောတဲ့ ခုနှစ်နေ့ ဗုဒ္ဓ၀င်တရားတော်မှ..ကောက်နုတ်ရေးထားတာဖြစ်ပါတယ်။ ထိုတရားကို dhammaweb.netကနေဒေါင်းလုပ်ချနာနိုင်ပါတယ်..
ဆန်းကိုဦး
ထေရ၀ါဒတည်တံ့ရေး |
မူကြိုဆရာ at 5:00 AM

အလှူဒါန ( ၇ ) မျိုး



အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံ သို့ ချဉ်းကပ်၍ " အရှင်မြတ်ဘုရား အကျွန်ုပ်သည် မည်သည့်အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်နေရပါသနည်း ဘုရား " ဟုမေးလျှောက်၏။
" ချစ်သားသည် အလှူဒါန မပြုတတ်၍ ဖြစ်သည် " ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။ " ငွေကြေးတစ်ပြား တစ်ချပ်မျှ မရှိသော အကျွန်ုပ်အဖို့  မည်ကဲ့သို့ သော အလှူဒါန ပြုနိုင်ပါမည်နည်း " ဟု လူငယ်က မေးလျှောက်သည်တွင် မြတ်စွာဘုရားက " ချစ်သား ဤသို့ မဟုတ် သည်ကိုမှတ်သားလော့။ တစ်ဦးတစ်ယောက် သောသူသည် ငွေကြေးမရှိသော်လည်း သူတစ်ပါးကို ပေးကမ်းနိုင်သော အလှူဒါန (၇) မျိုးရှိသည် " ဟု မိန့် တော်မူခဲ့လေ၏။ ထို (၇) မျိုးမှာ -
(၁) မျက်နှာ ဟန်ပန်အမူအရာဖြင့် အလှူဒါနပြုခြင်း
အပြုံးဖြင့် ဖေါ်ရွေစွာ ဆက်ဆံခြင်း ကိုဆိုလိုပါသည်။
(၂) နှုတ်ဖြင့် အလှူဒါနပြုခြင်း
အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသော စကားများ ပြေဆိုခြင်းကို ဆိုလိုပါသည်။
(၃) စိတ်ဖြင့် အလှူဒါနပြုခြင်း
စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်းကို ဆိုလိုပါသည်။
(၄) အမြင်ဖြင့် အလှူဒါနပြုခြင်း
ကောင်းသောစေတနာ အမြင်ဖြင့် သူတစ်ပါးကို ကြည့်မြင်တတ်ခြင်း ကိုဆိုလိုပါသည်။
(၅) ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း
ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကိုကူညီပေးခြင်း ကိုဆိုလိုပါသည်။
(၆) နေရာထိုင်ခင်းဖြင့် အလှူဒါနပြုခြင်း
လှေစီး၊ ကားစီး သည့်အခါ အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးသူငယ် တို့ အား မိမိထိုင်ခုံနေရာကို ပေးကမ်း၍ ထိုင်စေခြင်းကို ဆိုလိုပါသည်။
(၇) နေအိမ်တည်းခိုရာ အခင်းအကျင်းဖြင့် အလှူဒါနပြုခြင်း
မိမိ၏ နေအိမ်နေရာကို သူတစ်ပါးတို့ အား ခေတ္တသော်လည်းကောင်း တည်းခိုရာနေရာ ပေးခြင်းကို ဆိုလိုပါသည်။
မည်သူမဆို၌ ဤအလှူဒါန (၇) မျိုးသော ကောင်းမှုကုသိုယ်ကို ပေးကမ်းလေ့ရှိသည့် အကျင့်ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာ လိုက်ပါလာမည်သာ ဖြစ်ပေသည်။
ပါမောက္ခ ဒေါ်ခင်ဖြူ ( မြင်းခြံ ) ဘာသာပြန်ဆိုပေးပါသည်။
မူကြိုဆရာ at 8:36 AM

အလှူခံပုဂ္ဂိုလ်လိုက်၍ အကျိုးပေးကွာခြားပုံ

“အလှူခံ ပုဂ္ဂိုလ်သည် လယ်ယာမြေနှင့်တူ၏”ဟု ဆိုခဲ့ပြီ။ သို့ဖြစ်၍ လယ်မြေသည် ပထမတန်း ဒုတိယတန်း တတိယတန်း ရှိသကဲ့သို့ အလှူခံ ပုဂ္ဂိုလ်ဟူသော လယ်များသည် အတန်းအစား အမျိုးမျိုးရှိ၏။ လယ်ယာတို့၌ မြက်စသော အနှောင့်အယှက်မရှိလေ အပင်သန်လေ ဖြစ်သကဲ့သို့ ထို့အတူ အလှူခံရာ၌လည်း ရာဂ၊ ဒေါသ၊ မောဟနည်းလေ လှူရသူမှာ အကျိုးများလေဖြစ်၏။ လယ်ယာတို့၌ နွားချေးစသော မြေသြဇာများ၍ ရေအဆင်သင့်လေ ကောက်ပင်သန်လေ ဖြစ်သကဲ့သို့ အလှူခံပုဂ္ဂိုလ်များ၌လည်း သီလ၊ သမာဓိ၊ ပညာကြီးလေ လှူရသူ၌ အကျိုးများလေ ဖြစ်၏။
သံဃိကဒါန
ပါဠိလို “သံဃ”၊ မြန်မာလို အပေါင်းအဖွဲ့ကို “သံဃာ”ဟု ခေါ်၏။ ထိုသံဃာ့အဖွဲ့အစည်းကို ရည်မှန်း၍ လှူဒါန်းအပ်သော ဒါနသည် သံဃိကဒါနမည်၏။ အသင်းတစ်သင်း၌ ငွေ ၁-ကျပ်လောက် ထည့်ဝင်လျှင် ထိုငွေ ၁-ကျပ်သည် အသင်းဝင်အားလုံး (သူဋ္ဌေး ဆင်းရဲသားမကျန်) သက်ဆိုင်သကဲ့သို့ ဆွမ်းတစ်အုပ်ဖြစ်စေ၊ သင်္ကန်းတစ်ထည်ဖြစ်စေ သာသနာတော်၌ ရှိသမျှ သံဃာ့အဖွဲ့အစည်းကို ရည်မှန်း၍ လှူဒါန်းလျှင် တစ်သာသနာလုံး (ရဟန္တာနှင့် အောက်တန်းစား ပုထုဇဉ်မကျန်) သက်ဆိုင်၏။ ထိုသံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းသော ပစ္စည်းကို တစ်ကမ္ဘာလုံးရှိ သံဃာတော်များအား လိုက်၍ ဝေငှနေဖွယ်မလို။ ထိုအသင်း၌ ထည့်ဝင်သော ငွေ ၁-ကျပ်ကို အသင်းဝင်သူ မည်သူမဆို သုံးခွင့်ရသကဲ့သို့ သံဃိက ပစ္စည်းကိုလည်း တွေ့ကြုံနေသော သံဃာက ဝေငှ၍ သုံးစွဲစားသောက် နိုင်ကြပါသည်။
သံဃာ၌ စိတ်ရောက်မှ သံဃိကဒါနမြောက်ပုံ
ထိုကဲ့သို့ သံဃိကဒါနဖြစ်အောင်လှူဒါန်းရာတွင် စိတ်ကလည်း သံဃာသို့ ညွှတ်နိုင်မှသာ သံဃိကဒါန အစစ်ဖြစ်နိုင်ပေသည်။ နူတ်က “သံဃဿဒေမိ=သံဃာအားလှူပါ၏”ဟု ဆိုနေသော်လည်း စိတ်က ကိုယ်ကြည်ညိုနေသော ကျောင်းတိုက် သံဃာ၊ ကိုယ်ကြည်ညိုနေသော ဘုန်းကြီးကိုသာ လှူလိုလျှင် သံဃိကအစစ် မဖြစ်နိုင်။ တကယ့်ကို (ပုဂ္ဂိုလ်မခွဲခြားဘဲ) သံဃာအားလုံးကို ရည်စူးနိုင်မူကား နေ့စဉ် ဆွမ်းလောင်းရာ၌လည်းကောင်း၊ သံဃာမှညွှန်ပြ၍ရသော ပုဂ္ဂိုလ်တစ်ပါးအား ဆွမ်းကျွေးရာ၌လည်းကောင်း သံဃိကဒါနအစစ် ဖြစ်နိုင်ပါသည်။
ဆွမ်းလောင်းရာ၌ သံဃာညွှတ်ပုံ
ဘုရားရှင်ကို ကြည်ညိုလှသဖြင့် ဘုရားရှင် တည်ထောင်တော်မူအပ်သော သာသနာကိုလည်းကောင်း၊ သာသနာ့ဝန်ထမ်း ရဟန်းကောင်း အဆက်ဆက်ပေါ်ထွက်၍ သာသနာတော် ကြီးပွားရေးကိုလည်းကောင်း မြော်တွေးမိသော အမျိုးသား အမျိုးသမီးတို့သည်ဆွမ်းလောင်းဖို့ရာ ပြင်ဆင်သောအခါ (ငါ့ဘုန်းကြီး၊ ငါ့ဦးပဉ္စင်း စသော အစွဲကို ပယ်ရှား၍) ဤဆွမ်းကို (ဤဆွမ်းနှင့် ဟင်းကို) “သံဃဿဒေမိ၊ သံဃဿဒေမိ = သံဃာအားလှူပါ၏။ သံဃာအားလှူပါ၏”ဟု နူတ်ကလည်းရွတ်၊ စိတ်ကလည်း ညွှတ်ပါစေ။ ဤသို့ လှူနိုင်လျှင် နေ့စဉ် ဆွမ်းလောင်းရာ၌လည်း သံဃိကဒါန ဖြစ်နိုင်ပါသည်။ ပုဂ္ဂိုလ်စွဲ၊ ကျောင်းတိုက်စွဲ၍ လောင်းလှူလျှင်ကား သံဃိကဒါန မဖြစ်နိုင်။ ပုဂ္ဂလိက (ပုဂ္ဂိုလ်အများ ဆိုင်သော) ဒါနသာ ဖြစ်နိုင်သည်။
ဆွမ်းပင့်ကျွေးရာ၌ သံဃိကဒါန
အနီးအပါး ကျောင်းတိုက်သို့ သွားပြီးလျှင် “နက်ဖြန်ဆွမ်းကပ်လိုပါ၍ သံဃာတော်ထဲမှ တစ်ပါး (အလိုရှိသလို ၂-ပါး ၃-ပါး စသည်) နံနက် ၆-နာရီ အချိန် ချီးမြှင့်တော်မူပါ”ဟု လျှောက်ရမည်။(“ဘုန်းကြီးနှင့်တကွ၊ ဆရာတော်နှင်တ့ကွ”ဟု မပါစေရ။) ထိုကဲ့သို့ လျှောက်ပြီးနောက် နက်ဖြန်၌ ဆွမ်းဟင်းစများ ချက်ပြုတ်တုန်းကပင် သတိရတိုင်း “သံဃဿဒေမိ၊ သံဃဿဒေမိ”ဟု စိတ်ကလည်း ညွှတ်၊ နူတ်ကလည်း ရွတ်ပါ။ အချိန်ကျ၍ ကြွလာသော ပုဂ္ဂိုလ်သည် တော်စွလျော်စွ အညံ့စား ဖြစ်နေလျှင်လည်း စိတ်မပျက်ပါနှင့်။ “ငါသည် သူ့ကို လှူသည်မဟုတ်၊ သံဃာကို လှူသည်”ဟု သတိထား၍ သံဃာအား ရိုသေသလို ထိုကိုယ်တော်အား ရိုသေစွာ ဆွမ်းကပ်ပါ။ “ဆရာတော်အား ဆမ်းကပ်လှူခြင်းမဟုတ်။ ဆရာတော်ပါဝင်သော သံဃာအားလုံးကို ကပ်လှူခြင်းဖြစ်သည်”ဟု သတိထားပါ။ ထိုသို့ သံဃာ၌ စိတ်ညွှတ်နိုင်လျှင် သံဃာက ညွှန်ပြ၍ရသော တစ်ပါးကို လှူရာ၌လည်း သံဃိကဒါနအစစ် ဖြစ်နိုင်ပါသည်။
ဒကာတစ်ဦး စိတ်ထားတတ်ပုံ
ရှေးတုန်းက ဒကာတစ်ဦးသည် ဆွမ်းကပ်လို၍ သံဃာထဲမှ ရဟန်းတစ်ပါးကို လျှောက်တောင်းလေရာ လူအများ မကြည်ညိုနိုင်လောက်အောင် ထင်ရှားသောဒုဿီလရဟန်းကို ရလေသည်။ သို့သော် သံဃာကို ရည်မှန်းထားသူဖြစ်၍ စိတ်မပျက်။ နေရာကို ကျနစွာ ခင်းပြီးလျှင် အပေါ်၌ မျက်နှာကြက်မိုး၍ ပန်းနံ့သာတို့ဖြင့် ဆေးပေး၍ ဘုရားရှင်ကို အရေးပါသလို အရေးပါလျက် လှူဖွယ်များကို လှူဒါန်းလေသည်။ ဤမျှလောက် အရေးပါနိုင်ပါမူကား သံဃာတော်ကိုသာ အာရုံပြုထားခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် ထိုဒကာ၏ ဒါနမှာဒုဿီလကို လှူရသော်လည်း သံဃိကဒါန ဖြစ်လေပြီ။
ဆက်ဦးအံ့ - ထိုကဲ့သို့ အရေးတယူပြုစုလိုက်သည့်အတွက် ဒုဿီလကြီကား “သူ့ကို အတော်ကြည်ညိုတဲ့ ဒကာ”ဟု အထင်ကြီးသွားဟန်တူသည်။ ညနေအချိန်ကျတော့ သူ၏ ကျောင်းကို ပြင်လို၍ ထိုဆွမ်းဒကာအထံ ကိုယ်တိုင်လာပြီး ပေါက်တူးကို ငှားလေသော် ဒကာက ပေါက်တူးကို ခြေဖြင့်ညှပ်၍ “ရော့”ဟု ပေးလိုက်သတဲ့။ ထိုအခြင်းအရာကို အိမ်နီးချင်းတို့က မြင်ကြ၍ မနက်က ရိုသေပုံနှင့် ယခုရိုသေပုံတို့မှာ ကွာခြားလှသဖြင့် ထိုဒကာ၏ စိတ်ထားကို မေးကြလေရာ “မနက်က ဒီကိုယ်တော်ကို ရိုသေလေးစားခြင်း မဟုတ်ပါ။ သံဃာကိုသာ ရိုသေခြင်း ဖြစ်ပါတယ်။ ယခုတော့ ဒီကိုယ်တော်ကို မရိုသေခြင်း ဖြစ်ပါတယ်”ဟု ရှင်းလင်းလေသည်။ ဤ၀တ္ထုကိုထောက်၍ သံဃိက ဒါနဖြစ်အောင် လှူဒါန်းသောအခါ သံဃာ၌ စိတ်ညွှတ်နိုင်အောင်စိတ်ထားကိုပြုပြင်ကြပါကုန်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
တောသူမလေး at 9:49 AM

ဒါန ၂-မျိုး အကျိုးပေးကွာပုံ


၁-ပါး၊ ၂-ပါး၊ ၃-ပါးစသော ပုဂ္ဂိုလ်များကို သီးခြားရွေးချယ်၍ လှူသော အလှူမှန်လျှင် အလှူခံက တစ်ထောင်မက များသော်လည်း ပုဂ္ဂိုလ်ကို ရည်စူးသောကြောင့် ပုဂ္ဂလိကဒါနချည်းသာ ဖြစ်သည်။ ထိုပုဂ္ဂလိကဒါန၌ ဘုရား ပစ္စေကဗုဒ္ဓါမှတစ်ပါး အခြားသော ပုဂ္ဂလိက ဒါနထက် သံဃိကဒါနက အကျိုးပေးသာသည်ဟု ကျမ်းဂန်၌ဆို၏။ သဘောယုတ္တိကို စဉ်းစားလျှင်လည်း သံဃိကဒါနလှူရာ၌ ရဟန္တာအရှင်တို့လည်း ထိုသံဃာအဖွဲ့အစည်းတွင် ပါဝင်၏။ ပုဂ္ဂလိက ဒါနပြုရာ၌ကား ထိုကဲ့သို့ ရဟန္တာပါချင်မှပါမည်။ ပါစေကာမူ သံဃိကဒါနလောက် မများနိုင်ပေ။ သံဃိက ဒါနလှူရာ၌ အကျင့်အကောင်းဆုံး ပုဂ္ဂိုလ်ကိုလည်း လှူရာရောက်၏။ ပုဂ္ဂလိက ဒါနကား အတော်ရွေးချယ်တတ်မှသာ သင့်တင့်သော ပုဂ္ဂိုလ်ကို ရနိုင်စရာရှိ၏။ ထို့ကြောင့် ဘယ်အခါမဆို ပုဂ္ဂလိကဒါနထက် သံဃိကဒါနက အကျိုးပေးသာလွန်သည်ဟူသော စကားသည် ကောင်းစွာ ယုတ္တိရှိပါပေတည်း။
ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းပုံ
သက်တော်ထင်ရှား ရှိတော်မူစဉ်တုန်းက ဘုရားရှင်အား တိုက်ရိုက် လှူဒါန်းနိုင်ခဲ့ကြသော်လည်း ယခုအခါ ဘုရားရှင်မရှိတော့ရကား ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်းပုံကို ကျမ်းဂန်အတိုင်း သိထိုက်၏။ ဘုရားအစစ်ကို ရည်မှန်း၍ ဆွမ်းလှူလိုလျှင် ရဟန်းတစ်ပါး ဆွမ်းကပ်ရာ၌ ပြင်သလို တစ်ပါးစာလောက်အောင် ပြင်ဆင်၍ ရုပ်ပွားတော်၏ ရှေ့မှာဖြစ်စေ၊ အနီး၌ ရုပ်ပွားတော်မရှိလျှင် ရုပ်ပွားတော်ကို ရည်မှန်း၍ဖြစ်စေ ကပ်လှူရမည်။ နဂိုကဘုရားရှင်၌ ဝေယျာဝစ္စ (တံမြက်လှည်းမူ၊ အမိုက်သုတ်သင်မူ စသည်ကို) ပြုလုပ်နေသူရှိလျှင် ဘုရားရှင်အား ကပ်လှူသောဆွမ်းကို ထိုဝေယျာဝစ္စပြုသူ စားထိုက်၏။ ထိုကဲ့သို့ အမြဲပြုသူမရှိလျှင် ယခုလောလောဆယ် ပြု၍ (ရဟန်းဖြစ်စေ၊ လူဖြစ်စေ) စားထိုက်၏။ ဥပုသ်သည်ဖြစ်သူကား မွန်းတည့်ခါနီးနေလျှင် စားပြီးမှလည်း ဝေယျာဝစ္စကို ပြုနိုင်၏ အလှူကြီးပေးရာ၌ ဘုရာအးမှူးရှိသော သံဃာအား ဆွမ်းကပ်လှူလိုလျှင်လည်း ဤနည်းအတိုင်း ဘုရားအတွက် ပြင်ဆင်ကပ်ရာ၏။
ဘုရားရှင်အား ရည်မှန်း၍ သင်္ကန်း လှူဒါန်းရာ၌လည်း ထိုကဲ့သို့ ဝေယျာဝစ္စ ပြုသော ရဟန်သံဃာများ ၀တ်ကောင်း၏။ ထိုသင်္ကန်းကို ကပ္ပိယ ဒါယကာက အခြားပစ္စည်းနှင့် လဲလှယ်၍လည်း ဘုရားအတွက် လိုနေရာ၌ သုံးစွဲထိုက်၏။ ပန်း၊ ဆီမီး၊ အမွှေးတိုင် စသည်မှာ ယခုကာလ ပူဇော်နည်းအတိုင်းပင် သင့်တော်ပါ၏။ သို့သော် ရုပ်ပွားတော် စေတီရင်ပြင်၌ စိုရွှဲနေအောင် ရေပူဇော်ခြင်း၊ ပန်းအမိုက်တွေ ရူပ်ပွေနေအောင် ပူဇော်ခြင်း၊ ဆီမီး ဖယောင်းစက် ပေတေနေအောင် ပူဇော်ခြင်းတို့မှာ (မိမိ၏ အိမ်၊ ဘုန်းကြီးကျောင်းများ၌ ထိုကဲ့သို့ လာ၍ပူဇော်လျှင် အိမ်ရှင်နှင့် ကျောင်းပိုင်တို့က ကျေနပ်မည်မဟုတ်သလို) ကျေနပ်ဖွယ် မဟုတ်သော ပူဇော်ခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိ၏ ရေချမ်း၊ ပန်း၊ ဆီမီးများအတွက် ဘုရားရှေ့တော်မှာ မသန့်မရှင်း မဖြစ်အောင် ပူဇော်နိုင်မှသာ လောကရော သံသရာရော ချောမော သန့်ရှင်း၍ အပြစ်ကင်းသော ပူဇော်ခြင်းဟု ဆိုလိုပါသည်။
အဝေးကနေ၍ ပူဇော်နည်း
ယခုကာလ၌ ရုပ်ပွား စေတီတော်ရှိရာ အရပ်သို့ ရောက်အောင် သွားခွင့်မရသောကြောင့် အိမ်မှာပင် ဘုရားကို ရည်မှန်း၍ ပန်း စသည်တို့ကို ပူဇော်ကြ၏။ ထိုကဲ့သို့ ပူဇော်ရာ၌ အကျိုးရ၊ မရ ရှေးကပင် စဉ်းစားဖူးကြလေပြီ။ အကျိုးရမူ မရမူမှာ ပူဇော်သူများ၏ စေတနာသာ ပဓာန ဖြစ်၏။ မိမိ၏ စိတ်စေတနာက ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာက ဘုရားကိုရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာ ဖြစ်သောကြောင့် အဘယ်မှာ အကျိုးမရဘဲ ရှိအံ့နည်း။ ဧကန် အကျိုးရနိုင်ပါသည်။
ဤကမ္ဘာမှ ပြန်၍ ရေတွက်သော် တစ်ရာ့တစ်ဆယ့်ရှစ်ကမ္ဘာထက်၌ အတ္ထဒဿီဘုရား ပွင့်တော်မူ၏။ တစ်နေ့သ၌ အမျိုးသားတစ်ယောက်သည် ကောင်းကင်၌ သံဃာတော် အခြံအရံနှင့် ကြွလာတော်မူသော ဘုရားရှင်ကို ဖူးမြင်လိုက်ရ၏။ ထို့နောက် အရပ်တစ်ပါးသို့ ရောက်တော်မူနေသော ဘုရားရှင်ကို ရည်မှန်း၍ ပန်းနံ့သာ စသည်တို့ကို အဝေးမှ လှူဒါန်းပူဇော်လေသည်။ ထိုကောင်းမူကြောင့် ဒုဂ္ဂတိဘ၀သို့ မလားရဘဲ ငါတို့ ဘုရားလက်ထက်၌ “ဒေသပူဇကမထေရ်”ဟု ထင်ရှားသော ရဟန္တာတစ်ပါး ဖြစ်လာလေသည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
တောသူမလေး at 9:50 AM

Wednesday 29 October 2014

သမာဓိ၏ အကျိုးတရား များ




- သာသနာ၏ အနှစ်တရားတို့တွင် " သမာဓိ " သည်လည်း
တစ်ခုအပါအ၀င်ဖြစ်သည်။ " သမာဓိ " သည် မြန်မာတို့နှင့်
ရင်းနှီးကျွမ်းဝင်သော ပါဠိဝေါဟာရဖြစ်သည်။
၁ ။ သမာဓိ၏ အဓိပ္ပာယ်
သမာဓိ၏ တဟ်အာရုံတည်းမှာသာ စိတ်ရှိခြင်း၊
တည်ကြည်ခြင်းဖြစ်၏။ စိတ်ကို အာရုံအမျိုးမျိုးသို့
မပျံ့လွင့် မပြေးသွားစေဘဲ တစ်အာရုံတည်းမှာသာ
ကောင်းစွာထားနိုင်ခြင်း(သမာဓာန)သည် သမာဓိ၏
သဘောအဓိပ္ပာယ်ပင်ဖြစ်သည်။

၂ ။ သမာဓိ၏ အမည်အမျိုးမျိုး
သမာဓိ၏ အမည်များ အမျိုးမျိုးရှိပါသည်။ သမာဓိရကာမျှ
ဖြစ်သော ဟီနသမာဓိ(ယုတ်ညံ့သောတည်ငြိမ်မှု)၊ လွန်စွာ
မပွားများရသေးသော မဇ္ဈိမသမာဓိ(အလယ်အလတ်
တည်ငြိမ်မှု)၊ ကောင်းမွန်နိုင်နင်းစွာ ပွားများပြီးသော
(ပဏီတ သမာဓိ( မြင့်မြတ်သောတည်ငြိမ်မှု) စသည်ဖြင့်
သမာဓိအမျိုးမျိုးကို ၀ိသုဒ္ဓိမဂ် စသည်တို့၌ ဖော်ပြထားပါသည်။
၃ ။ သမာဓိထူထောင်နည်း
သမာဓိအလုပ်သည် စိတ်ကူးယဉ်အလုပ်မဟုတ်၊ နှုတ်ဖြင့်
ပြောယုံသာပြောရသော အလုပ်လည်းမဟုတ်၊ လက်တွေ့ အလုပ်
ဖြစ်သည်။ သမထ၊ ၀ိပဿနာ တစ်မျိုးမျိုးကို လက်တွေ့ကျင့်ကြံ
ရှုပွားမှသာ သမာဓိကိုရရှိနိုင်ကြမည်ဖြစ်သည်။

အကယ်၍ သမထကျင့်စဉ်ဖြင့် သမာဓိကို ထူထောင်မည်ဆိုပါက
ဆိတ်ငြိမ်သော နေရာကို ရွေးရပါမည်။ သမထကျင့်စဉ်လေးဆယ်
တို့တွင် ပါဝင်သော နည်းတစ်ခုခုဖြင့် သမာဓိဖြစ်အောင် ပြုရမည်။
သမာဓိဖြစ်လာသောအခါ စိတ်သည် မိမိရှုနေ့သော အာရုံမှလွဲ၍
အခြားသို့ ပျံ့လွင့်သောစိတ်မရှိတော့ပေ။ ဤသို့ ဖြစ်တည်နေသာ
စိတ်ကို " သမာဓိ " (စိတ်တည်ကြည်ခြင်း )ဟု ခေါ်ခြင်းဖြစ်၏။
ထိုမျှသာမက ၀ိပဿနာအာရုံတစ်မျိုးမျိုးကို ရှုမှတ်၍ သမာဓိ
ထူထောင်လိုကလည်း ထူထောင်နိုင်ပါ၏။ သတိပဋ္ဌာန်တရား
လေးပါးလုံးမှ တစ်ပါးပါးဖြစ်စေ၊ အားလုံးဖြစ်စေ ပွားများ၍
အာရုံတစ်ခုခုပေါ်၌၊ စိတ်သည် အခြားသို့ ပျံ့လွင့်ခြင်း
မရှိတော့ပဲ စိတ်တည်ငြိမ်နေခြင်းကို " သမာဓိ " ဟုခေါ်သည်။
ထိုအခြေအနေမျိုးရောက်အောင် ကျင့်ကြံရှုမှတ်နိုင်ခြင်းကိုပင်
သမာဓိထူထောင်နိုင်သည်ဟု ပြောဆိုကြခြင်း ဖြစ်သည်။
၎ ။ သမာဓိ၏ စွမ်းရည်
သမာဓိ၏ စွမ်းရည်ကား ကြီးမားလှ၏။ နိဗ္ဗာန်ကို ဆုတောင်း
နေရုံနှင့် မပြီး သမာဓိရသည်အထိ ကျင့်ကြံရဦးမည်ဖြစ်သည်။
မြတ်ဗုဒ္ဓက ဤသို့ ဟောကြားခဲ့၏ -
" ရဟန်းတို့...သမာဓိကို ပွားများကြကုန်လော့။
သမာဓိရသော ရဟန်းသည် -
ဤကား ဒုက္ခတည်း။
ဤကား ဒုက္ခဖြစ်ကြောင်းတည်း။
ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)တည်း။
ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း-ဟု
ဟုတ်တိုင်းမှန်စွာ သိ၏။
(သံယုတ်ပါဠိ၊ သစ္စသံယုတ်၊ သမာဓိဝဂ်၊ သမာဓိသုတ် )
ထို့ပြင် မြတ်ဗုဒ္ဓက -
" သမာဓိကို ကြိမ်ဖန်များစွာ ပွားများက မျက်မှောက်ဘ၀၌
ချမ်းသာစွာ နေရခြင်း၊ ဒိဗ္ဗစက္ခု(နတ်မျက်စိ )ဥာဏ်အမြင်ကို
ရခြင်း၊ သတိ (အောက်မေ့ခြင်း)၊ သမ္ပဇဉ်(ဆင်ခြင်ဥာဏ်)ကို
ရရှိခြင်း၊ ကိလေသာအာသဝေါတို့ ကုန်ခန်းနိုင်ခြင်း
ဟူသော အကျိုးတို့ကို ရရှိနိုင်ပါသည်။ "
- (အင်္ဂုတ္ထိုရ်၊ စတုက္ကနိပါတ်၊ ရောဟိတဿဝဂ်၊ သမာဓိဘာဝနာသုတ်)
ဤသို့စသည်ဖြင့် သမာဓိစွမ်းရည် ၊ သမာဓိ၏ အကျိုးတရား
များကို မြတ်ဗုဒ္ဓ ဟောကြားထားခြင်း ဖြစ်ပါ၏။
- ( သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဋ္ဌာန )

သာသနာပြုခြင်းနှင့် လွဲမှားနေကြသူများ။

        သာသနာပြုခြင်း ဆိုသည်မှာ သာသနာတော် အဓွန့်ရှည် တည်တန့်ရေးအတွက် ဆောင်
ရွက်ရသည့် သာသနာ့ကိစ္စဖြစ်သည်။ ဗုဒ္ဓဘာသာ အများစုသည်  သာသနာပြုဖို့ရန် အလွန်စိတ်
ဝင်စားကြ၏။ သာသနာပြု ပုဂ္ဂိုလ်များကိုလည်း အလွန်လေးစားကြ၏။ ထို့ကြောင့် သာသနာပြု

အမည်ခံ ပုဂ္ဂိုလ်များကို နားကပ်၊ ဆွဲကြိုးကအစ ကိုယ်၌၀တ်ဆင်ထားသော ရတနာများကို ချွတ်
ပြီး လှူတတ်ကြ၏။  သာသနာပြုလိုလျှင်၊ သာသနာပြု ပုဂ္ဂိုလ်များကို တကယ် လှူဒါန်းလိုလျှင်
သာသနာ၏ အဓိပ္ပါယ်ကို ဦးစွာသိရမည် ဖြစ်၏။
         သာသနာဟူသည်-- အဆုံးအမပင် ဖြစ်၏။ မည်သူ၏ အဆုံးအမနည်းဟု ဆိုလျှင် ဗုဒ္ဓ၏
အဆုံးအမပင် ဖြစ်၏။  ဗုဒ္ဓက မည်ကဲ့သို့ ဆုံးမခဲ့သနည်း။  သီလ၊ သမာဓိ၊ ပညာ  သိက္ခာသုံးပါး
မိမိသန္တာန်မှာ  ဦးစွာတည်အောင် ကြိုးစားဖို့ ဆုံးမ၏။ ဘုရား၊ တရား၊ သံဃာ  ရတနာသုံးပါးကို
ယုံကြည်ကြရ၏။ ဤသည်မှာ မိမိသန္တာန်ကို  ဦးစွာသာသနာပြုခြင်း  မည်၏။
         မိမိသန္တာန်တွင် သာသနာသုံးရပ် တည်ပြီးလျှင် သူတစ်ပါး သန္တာန်တွင် သာသနာသုံးရပ်
တည်အောင်  စာသင်တိုက်များ  ဖွင့်လှစ်၍  စာပေများကို  ပို့ချသင်ကြားပေးခြင်း၊  ရိပ်သာများ
တည်ထောင်ပေး၍ တရားဓမ္မများ ဟောပြောပြသခြင်းများသည် သူတစ်ပါး သန္တာန်၌ သာသနာ
ပြုခြင်းပင် ဖြစ်၏။
         ထို့ကြောင့် တကယ်သာသနာပြုနေသူများသည် စာချဆရာတော်များ၊  တရားပြ ဆရာ
တော်များပင် ဖြစ်၏။  သို့သော်  ဗုဒ္ဓဘာသာ အများစုကား  ဘုရားတည်သော ဘိုးတော်၊  ဘွား
တော်၊ မယ်တော်၊ ဂိုဏ်းဆရာနှင့် တောထွက် ရဟန်းတော် အချို့ကိုသာ  သာသနာပြု ပုဂ္ဂိုလ်
များဟု ထင်မြင်နေကြ၏။ ထင်ရခြင်း၏ အကြောင်းမှာ ဘုရားတည်သောသူများက “သာသနာ
ပြု ” ဟူသော ဆိုင်းဘုတ်ကို ကြီးကျယ်စွာ ထောင်နေကြသောကြောင့် ဖြစ်၏။
         အမှန်အားဖြင့် ဘုရားတည်ခြင်းကို သာသနာပြုခြင်းဟု မခေါ်နိုင်ပေ။ ဒါနပြုခြင်းဟုသာ
ခေါ်ဆိုနိုင်၏။ ထိုကဲ့သို့ သာသနာပြုခြင်း၏ အဓိပ္ပါယ်ကို သေချာမသိခြင်းကြောင့် ဒကာ၊ ဒကာမ
များသည် ဘုရားတည်သော  ဘုန်းကြီးများကိုသာ အဓိကထား လှူဒါန်းကြ၏။  စာသင်တိုက်နှင့်
တရားပြ  ဆရာတော်များကို  ပစ်ထားကြသောကြောင့်  ထိုမြို့၊  ထိုရွာ၌  စာသင်တိုက်များနှင့်
တရားပြစခန်းများ တည်တန့်ဖို့အတွက်၊  သာသနာတော် အဓွန့်ရှည်ရေးအတွက် အားလုံးသော
တရားချစ်ခင် သူတော်စင်တို့သည် ၀ိုင်းဝန်းကြိုးပမ်း  လှူဒါန်းကြပြီး နိဗ္ဗာန်ချမ်းသာ  ရတဲ့အထိ
အားထုတ်နိုင်ကြပါစေ ကုန်သတည်း။ ။
{ မေတ္တာရှင်- ရွှေပြည်သာ၏  မေတ္တာဖြင့်စီးပွါးရှာခြင်းမှ ကောက်နုတ်ရေးသား
  ပူဇော်ပါသည်}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ရထားထိန်း။

        ရဟန်းတော်တွေ သစ်ပင်မခုတ်ရ ဆိုတဲ့ ပညတ်ချက်နဲ့ ပတ်သက်ပြီးတော့ ရုက္ခစိုးတစ်ဦးရဲ့
ဒေါသ ထိန်းနိုင်ပုံကို မြတ်စွာဘုရားက ဟောထားတာရှိပါတယ်။ “ မြင်းရထားမောင်းတဲ့ ပုဂ္ဂိုလ်ဟာ
မြင်းရဲ့ဇတ်ကိုနိုင်အောင် ထိန်းနိုင်ပေမယ့် တကယ့်ရထားထိန်းလို့ မခေါ်နိုင်ဘူး။ ကိုယ့်ဒေါသကို
ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်မှ တကယ့်ရထားထိန်းလို့ ခေါ်နိုင်တယ် ” လို့ မြတ်စွာဘုရားက ဟောထားတာ

ရှိပါတယ်။
         တစ်ခါတုန်းက ရဟန်းတော်တစ်ပါးက ကျောင်းဆောက်ဖို့ရန်အတွက် ကြီးမားတဲ့ သစ်ပင်
ကြီးတစ်ပင်ကို ခုတ်လှဲပါတယ်။ လှဲတဲ့အခါမှာ အဲဒီသစ်ပင်ရဲ့ ဘုံဗိမာန်မှာရှိနေတဲ့ ရုက္ခစိုးနတ်က
“ အရှင်ဘုရား ကိုယ့်အတွက် အဆောက်အအုံ လုပ်ချင်တာနဲ့ တပည့်တော်ရဲ့ အဆောက်အအုံကို
မဖျက်ဆီးပါနဲ့ ” လို့ ပြောတော့ ကျောင်းဆောက်မယ့်ကိုယ်တော်က နားမထောင်ဘူး။
         အဲဒီတော့ ရုက္ခစိုးက ခုတ်မည့်နေရာကို သူ့ရဲ့သားငယ်လေး ရှေ့ကကာထားလိုက်ရင် ဒီ
ကိုယ်တော် ခုတ်မှာမဟုတ်ဘူးထင်ပြီး ခုတ်မည့်နေရာမှာ သူ့သားလေးကို ထားလိုက်တယ်။ ဟိုကိုယ်
တော်ကလည်း အားနဲ့ခုတ်ချလိုက်တဲ့အချိန်မှာ မထိန်းနိုင်တော့ဘဲနဲ့ ရုက္ခစိုးသားလေးလက်မောင်း
ခုတ်မိသွားလို့ အရင်းကနေ ပြတ်သွားပါတယ်။
        ဒီနေရာမှာ စဉ်းစားစရာက ရုက္ခစိုးကြီး ကိုယ်တိုင်ကလည်း မခုတ်ပါနဲ့လို့ ပြောပါတယ်။ ရုက္ခ
စိုးရဲ့သားငယ်လေးကို မြင်ရက်သားနဲ့ ခုတ်လိုက်တယ်ဆိုတော့ ရုက္ခစိုးကြီး ဘယ်လောက် စိတ်ဆိုး
သွားမလဲ။ ဒါနဲ့ ရုက္ခစိုးကြီးကလည်း သူရဲ့တန်ခိုးပါဝါနဲ့ အဲဒီရဟန်းကို အဲဒီနေရာမှာပဲ သတ်လိုက်
တော့မလို့ စိတ်ဖြစ်လိုက်တဲ့ အချိန်မှာ “ ဒေါသ ” ကို ပြန်ပြီးတော့ ထိန်းလိုက်ပါတယ်။
         ဘယ်လို ထိန်းလိုက်သလဲဆိုတော့ “ အော်.. ဒီကိုယ်တော်မှာ ဆရာသမားရှိတယ်။ ဘုရားရှိ
တယ်။ ငါသတ်လိုက်လို့ရှိရင် ငါ့မှာ အကုသိုလ်တွေဖြစ်မယ်။ သူ့ရဲ့ဆရာဆီသွားပြီး တိုင်မယ် ” ဆို
ပြီး မြတ်စွာဘုရားထံ သွားပြီးလျှောက်ပါတယ်။
         လျှောက်လိုက်တဲ့အခါမှာ မြတ်စွာဘုရားက ခုနက စကားလေးကို ဟောပါတယ်၊ “ အေး...
ကိုယ့်ဒေါသကို ကိုယ်ထိန်းနိုင်တဲ့သူဟာ တကယ့် ရထားထိန်းအစစ်ပဲ ” လို့ ဟောလိုက်ပါတယ်။
အော်.. ဒေါသကို ထိန်းတဲ့သူဟာ သူတော်ကောင်းပဲ လို့ ဘုရား ချီးမွမ်းပါတယ်။
         အရှိန်နဲ့ထွက်လာတဲ့ ဒေါသကို သူထိန်းလိုက်တယ်ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးဆိုပြီး
မြတ်စွာဘုရားက ချီးမွမ်းပါတယ်။ ဒီရဟန်းက သီလရှိတဲ့ရဟန်းတဲ့၊ သင် သွားသတ်မိလို့ရှိရင် သင်
အကုသိုလ်တွေဖြစ်ပြီး ငရဲကျရလိမ့်မယ်။ ကိုယ့်ဒေါသ ကိုယ်ထိန်းတာဟာ သိပ်ကောင်းတာပဲလို့
မြတ်စွာဘုရားက တရားဟောပြီး ဇေတ၀န်ကျောင်းထဲမှာ မကြာခင်ကဘဲ နတ်က စုတေသွားလို့
အားလပ်နေတဲ့ ဘုံဗိမာန်တစ်ခုကို ညွှန်ပြီးတော့ အဲဒီမှာ ရုက္ခစိုးကြီးကို နေရာချပေးထားပါတယ်။
        တရားဓမ္မ ကျင့်ကြံအားထုတ် နေကြတဲ့ တရားချစ်ခင် ဓမ္မမိတ်ဆွေတို့ကလည်း တရားသ
ဘောကို နားလည်သဘောပေါက်ကြပြီး ဒေါသကိုထိန်းနိုင်ကာ ချမ်းသာအစုံ စံစားခံစားနိုင်တဲ့
ဘ၀ကိုဖြတ်သန်းလျက် မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေကုန်သတည်း။
{၁၃၇၀ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊
   ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြား
သော သူတော်ကောင်းတို့၏ စိတ်နေသဘောထားတရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ရွှေအိုးမြှုပ်ခြင်း။

      ရှေးအခါက မဂဓတိုင်း သာလိဒ္ဒိယပုဏ္ဏားရွာ၌ ကောသိယ ဟူသောဗြဟ္မဏ တစ်ယောက်ရှိ၏။  ထို
ဗြဟ္မဏ၏ သလေးစပါးခင်းမှာ ကျယ်ဝန်း၏။ သလေးနှံတွေ အဆံပြည့်ချိန်တွင် ကျေးသားများ လာ၍စား
ကြသဖြင့် အများအပြား ပျက်စီးရ၏။ ကျေးသားများအနက်မှ ကြီးမားသော ကျေးသားတစ်ကောင်သည်
သလေးနှံများကို စားရုံမျှမက ကိုက်ချီ၍ ယူသွားတတ်၏။

        လယ်စောင့်သမားသည် ထိုကျေးကြီးကို ကျော့ကွင်းထောင်၍ ဖမ်းဆီးရာ တစ်နေ့သော် မိလေ၏။
ဖမ်းမိသော ကျေးသားကြီးကို လယ်ရှင် ကောသိယဗြဟ္မဏထံ အပ်လိုက်၏။ ကောသိယသည် ကျေးသား
ကြီးကို မြင်လျှင်မြင်ချင်း သားသမီးကဲ့သို့  ချစ်ခင်စိတ် ဖြစ်ပေါ်လာ၏။ ကောသိယဗြဟ္မဏက ကျေးသား
ကြီးကို   “ အသင် ကျေးသား၊ သလေး စပါးနှံများကို စားရုံမျှသာ မဟုတ်ဘဲ၊  ဘာကြောင့် ကိုက်ချီ  ယူ
ဆောင်သွားပါသလဲ၊ ကျွန်ုပ်သည် သင်၏ရန်ဖက် ဖြစ်လို့ပါလား၊ သို့မဟုတ်က သင်၏အိမ်မှာ ၀မ်းဗိုက်အ
ပို ရှိနေသေးလို့ပါလား၊  ဒါမှမဟုတ်  သိုလှောင်ထားစရာ စပါးကျီ ရှိလို့ပါလား၊ ” ဟု မေး၏။
       ထိုအခါ ကျေးသားကြီးက  “ အဆွေ ဗြဟ္မဏ၊ အသင်သည်  ကျွန်ုပ်၏  ရန်ဖက်လဲ မဟုတ်ပါ၊  ၀မ်း
ဗိုက်လဲ အပိုမရှိပါ၊ စပါးကျီလဲ မရှိပါ။ ကြွေးဟောင်းလဲ ပေးဆပ်နေရပါတယ်၊ ကြွေးသစ်ချခြင်းလဲ လုပ်ရ
ပါတယ်၊ ရွှေအိုးမြှုပ်ခြင်းကိုလဲ ပြုလုပ်လို၍ ယူဆောင်သွားခြင်း ဖြစ်ပါတယ်။ ” ဟု  အဖြေပေးရာ  ကျေး
သား၏စကားကို နားမရှင်းသော  ဗြဟ္မဏက ထပ်မံမေးသဖြင့် ကျေးသားက ရှင်းပြသည်မှာ ------
       “ အဆွေ ကောသိယ၊ ကျွန်ုပ်မှာ မိအို၊ ဖအိုများရှိပါသည်။ ထို မိအို၊ ဖအိုများကို ပြုစုလုပ်ကျေးခြင်း
သည် ကြွေးဟောင်းဆပ်ခြင်း မည်ပါသည်။ အတောင် မစုံသေး၍ မပျံနိုင်သေးသော သားငယ်၊ သမီးငယ်
များ ရှိပါသည်။ ထို သားငယ်၊ သမီးငယ်တို့ကို ကျွေးမွေးစောင့်ရှောက်ခြင်းသည်၊  ကျွန်ုပ် အိုမင်းမစွမ်း ရှိ
သောအခါ သူတို့က ပြန်လည်ကျွေးမွေး စောင့်ရှောက်ကြမည် ဖြစ်၍  ကြွေးသစ်ချခြင်း မည်ပါသည်။  အို
မင်းနေကြပြီဖြစ်၍  မပျံသန်း နိုင်တော့သော အတူနေ သက်ကြီးရွယ်အို ကျေးကြီးများကို  ကုသိုလ်လို၍
ကျွေးမွေးရပါသည်။ ဤသည်မှာ  အနုဂါမိက  ရွှေအိုးမြှုပ်ခြင်း  မည်ပါသည်။ ”
       ကျေးသားကြီးကား ၀တ္တရားကျေလှပါသည်။ မိဘ၀တ်လည်း မချွတ်စေရ၊  သားသမီးဝတ်ကိုလည်း
မချွတ်စေရ၊ အတူနေ ဆွေမျိုးဝတ်ကိုလည်း မချွတ်စေရ၊ ယဉ်ကျေးလိမ္မာရာမှာ အချို့  လူတို့ထက်  သာ
ပေသည်။ အချို့ လူတို့မှာ ဤ၀တ္တရားများကို သိလည်းမသိကြ၊ သိစေကာမူ ၀တ္တရား မကျေကြဟု ကော
သိယ စဉ်းစားမိကာ  ကျေးသားကြီးကို ကြည်ညို၍ သလေးခင်းကြီးကို လှူလိုက်၏။  ကျေးသားကြီးကမူ
သင့်မြတ်ရုံသာ လက်ခံ၍ သင့်လျော်သော စကားများ ပြောဆိုပြီးလျှင် မိမိနေရာသို့ ပြန်သွားလေသည်။
ဒါကြောင့် မိမိတို့တစ်တွေဟာ ကျေးသားကြီးကို သဘောကျပြီး ကြွေးဟောင်းဆပ်၊ ကြွေးသစ်ချ၊ ရွှေအိုး
မြှုပ်ပြီး၊ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ၊ ချမ်းသာအမျိုးစုံကို စံစား၊ ခံစားနိုင်
ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။ ။
{ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ၏ ချမ်းမြေ့မင်္ဂလာသင်စရာမှ ကောက်နုတ်ရေးသား
     ပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားက အရှင်ပုဏ္ဏကိုပေးတဲ့ ကမ္မဌာန်းတစ်ပုဒ်။

         ဗုဒ္ဓမြတ်စွာ လက်ထက်တော်ကာလတုန်းက အရှင်ပုဏ္ဏဆိုတာ ရှိပါတယ်။ တစ်နေ့တော့
မြတ်စွာဘုရားဆီလာပြီး “ အရှင်ဘုရား တပည့်တော်ကို လိုက်နာကျင့်သုံးရမယ့် ဆုံးမသြ၀ါဒ
တရားလေး ဟောပေးပါ, အရှင်ဘုရား ဟောထားတဲ့အတိုင်း တပည့်တော်ဟာ အားတက်သရော
ကြိုးကြိုးစားစားနဲ့ လိုက်နာကျင့်သုံးပါ့မယ် ” လို့ ဘုရားကို လျှောက်ပါတယ်။ ဒါနဲ့ မြတ်စွာဘုရား

က ကမ္မဌာန်းတစ်ပုဒ် ပေးလိုက်ပါတယ်။
         အဲဒီကမ္မဌာန်းက ဘာတုန်းဆိုရင် မျက်စိက နှစ်သက်စရာ မြင်စရာအာရုံကို မြင်တဲ့အခါ၊
နားက သာယာစရာ နှစ်သက်စရာ အသံကိုကြားတဲ့အခါ၊ နှာခေါင်းက မွှေးကြိုင်ပြီးတော့ နှစ်သက်
စရာအနံ့ကိုရှူရှိုက်ရတဲ့အခါ၊ လျှာကလည်း အင်မတန် အရသာရှိတဲ့ အစာအဟာရကို လျက်ရတဲ့
အခါ၊ ခန္ဓာကိုယ်ကလည်း အင်မတန်မှ အထိအတွေ့ကောင်းတဲ့ အရာဝတ္ထုကို ထိတွေ့ရတဲ့အခါ၊
စိတ်ထဲကလည်း ကြည်နူးစရာကောင်းတဲ့ အရာမျိုးကို တွေ့ရတဲ့အခါမျိုးတွေမှာ “မင်း” လောဘ
မဖြစ်အောင် ထိန်းပါ။ လောဘမဖြစ်ပါစေနဲ့။ ဒါက ကျင့်ရမယ့် ကျင့်ဝတ်တစ်ခုပါ။

         လူတိုင်းလူတိုင်းဟာ အာရုံမုန်တိုင်းက ကိုယ့်စိတ်ကို အမြဲတမ်းလာတိုက်တယ်။ မုန်တိုင်း
တိုက်ပြီဆိုရင် သာမန်အခုအခံ မရှိဘူးဆိုရင် လူတွေရဲ့စိတ်ဟာ ပြိုလဲသွားပါတယ်။ လောဘဖြစ်
စရာအာရုံနဲ့တွေ့ရင် လောဘဖြစ်တယ်၊ ဒေါသဖြစ်စရာ အာရုံနဲ့တွေ့ရင်ဒေါသဖြစ်တယ်၊ ဒါ..ပြို
လဲသွားတာ ဖြစ်ပါတယ်။
         မျက်စိက မြင်တာ၊ နားက ကြားတာ၊ နှာခေါင်းက အနဲ့ရတာ၊ လျှာက အရသာသိတာ၊
ခန္ဓာကိုယ်က အထိအတွေ့ထိတာ၊ စိတ်ကူးစိတ်သန်းထဲက သိတာ၊ ဒါကိုအကြောင်းပြုပြီး နှစ်
သက်စရာအာရုံ  နဲ့ထိတွေ့ရင် လောဘဖြစ်တယ်၊ နှစ်သက်စရာ မဟုတ်ဘူးဆိုရင် ဒေါသဖြစ်
တယ်၊ အဲဒါ.. စိတ်လှုပ်ရှားမှု၊ အာရုံမုန်တိုင်းတွေရဲ့ အတိုက်ကို ခံရတဲ့အတွက်ကြောင့် လူရဲ့စိတ်
ဟာ ယိမ်းထိုးနေပါမယ်။ မြတ်စွာဘုရားက အဲဒီလို မဖြစ်အောင် ထိန်းရပါမယ်တဲ့။ “နန္ဒီ ဒုက္ခဿ
မူလံ ” နှစ်သက်စွဲလမ်းတဲ့ တဏှာရာဂသည် ဒုက္ခဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။
         မျက်စိကနှစ်သက်စရာ အာရုံတွေ့လာရင် လောဘကဖြစ်လာပါတယ်။ လောဘဖြစ်လာ
ရင်၊ ဒီ. လောဘကို မထိန်းနိုင်ရင် ရှေ့ဆက် ပြဿနာတွေ ဆောင်ကျဉ်းတော့ပါမယ်၊ “နန္ဒိသမုဒ
ယာ ဒုက္ခသမုဒယော ” အာရုံတွေပေါ်မှာ နှစ်သက်တဲ့တဏှာ ပေါ်လာပြီ ဆိုလို့ရှိရင် ဒုက္ခကိုဖြစ်
စေတော့မှာ သေချာပါတယ်။ ဒါကြောင့်မို့ “နန္ဒီ” ကို မဖြစ်စေနဲ့လို့ မြတ်ဗုဒ္ဓဆုံးမခဲ့ပါတယ်။
         တစ်ခါ အာရုံခြောက်ပါး တွေ့လာတဲ့အခါ ထို အာရုံခြောက်ပါးပေါ်မှာ တွယ်တာမှုကို
ထိန်းလိုက်နိုင်ပြီဆိုရင် “နန္ဒီ” ဆိုတဲ့တဏှာဟာ ချုပ်ငြိမ်းသွားပါလိမ့်မယ်။ “နန္ဒီ ” ဆိုတဲ့တဏှာ
ချုပ်သွားပြီဆိုရင် “ နန္ဒိနိရောဓာ ဒုက္ခနိရောဓော ” ဒုက္ခဆင်းရဲတွေ ပြဿနာတွေ ချုပ်မှာပါ။
သူရှိနေရင် ပြဿနာတွေ ရှိနေပါမယ်။ သူချုပ်သွားရင် ပြဿနာတွေ ချုပ်သွားပါမယ်။
         ဒါကြောင့် တရားချစ်ခင် သူတော်ကောင်းတို့ကလည်း တရားသဘောကို နားလည်ကြပြီး
အာရုံခြောက်ပါးပေါ်မှာ တွယ်တာမှုကို ထိန်းနိုင်ကြကာမြင့်မြတ်သော မြတ်နိဗ္ဗာန်ကို  ရရောက် 
နိုင်ကြပါစေ ကုန်သတည်း။
{၁၃၇၀ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊
   ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြား
သော သူတော်ကောင်းတို့၏ စိတ်နေသဘောထားတရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

အနာဂတ်သာသနာရေး အပိုင်း(၁၄၇) ကျေနပ်ဖွယ်သာသနာ



ကျေနပ်ဖွယ်သာသနာ
ဘုန်းကြီးမြင်ချင်သော မြန်မာနိုင်ငံတော်ကား အားလုံးညီညွတ်စွာဖြင့် စီးပွားရေးကို လေးစားမှုကြောင့် တိုးတက်လာသော ကျန်းမာရေး ပညာရေးတို့ကို အခြေပြု၍ မြေပြင် ရေပြင် ဝေဟင်တပ်တို့ဖြင့် သပ်ရပ်ထည်ဝါ တင့်တယ်စွာသော ပြည်ထောင်စု မြန်မာအိမ်တော်တွင် စည်းကမ်းကျနစွာ အထွတ်တင်ထားသော ကျောင်းကန်ဘုရား စာသင်တိုက်များကို မြင်ချင်လှပြီ၊ အကြင်အခါ စာသင်တိုက် ကမ္မဋ္ဌာန်းတိုက်နှင့် ကျောင်းကန်ဘုရားတို့သည် ၀င်လာသူတို့စိတ်ကို စွဲဆောင်နိုင်လောက်အောင် သာယာ၏၊ ဆိတ်ငြိမ်၏၊ ထိုအတွင်း၌ သီတင်းသုံးနေထိုင်သူတို့သည် စိတ်ထားဖြူလွင် သူတော်စင်များချည်း ဖြစ်၏၊ ထိုအခါ (ဈာန် မဂ် ဖိုလ် မရစေကာမူ) ကျေနပ်ဖွယ်ကောင်းသော သာသနာတော် ဖြစ်ပါလိမ့်မည်။
ကျွန်းကိုင်းမှီ ကိုင်းကိုကျွန်းမှီ
ရေလယ်ကောင်ကျွန်းသည် ကိုင်းပင်တွေ အမြစ်တွယ်၍ ယှက်နွယ်ခြင်းကြောင့် ခိုင်မြဲရ၏၊ ကိုင်းပင်တွေလည်း ကျွန်းခိုင်မြဲသောကြောင့်ပင် ခိုင်မြဲ တည်တံ့ရ၏၊ ထိုအတူ ပြခဲ့သော အစီအစဉ်အရ သာသနာတော် အရေးကို ပြင်လိုက်ကြလျှင် သာသနာတော်ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်တံ့၍ နိုင်ငံတော်တည်တံ့မှုကြောင့် သာသနာတော်လည်း စည်ပင်ဖွယ်ရှိရကား ရှင်ဘက် လူဘက် ခေါင်းဆောင်များသည် ဟိတောပဒေသလာ စိတြဂီဝါခိုအသင်းနှင့် သမ္မောဒမာန ဇာတ်တော်လာ ငုံးအသင်းတို့၏ ညီညွတ်ကြသည့်ထုံးကို နှလုံးသွင်း၍ ဗုဒ္ဓသာသနာတော်ကို အထွတ်တင်ထားသော မြန်မာနိုင်ငံတော် ကြီးကို ခိုင်ဖြီး တိုးပွားအောင် ကြိုးစားနိုင်ကြပါစေသတည်း။
နောက်ဆုံးညွှန်ပြချက်
အစိုးရပါမှ ပြင်နိုင်
ဤ အနာဂတ်သာသနာရေးကျမ်း၌  ပြုပြင်ဖွယ်ရာများကို အစိုးရပါမှ ပြုပြင်နိုင်မည်၊ အစိုးရဆိုသူသည် တန်ခိုးအာဏာ လွန်စွာရှိ၏၊ တိုင်းသူပြည်သားတို့ အကျိုးများမည့် ကိစ္စတို့ကို အနော်ရထာမင်း စသော မြန်မာမင်း အဆက်ဆက်တို့ ပြုပြင်ခဲ့ကြ၏၊ ပြုပြင်သလောက်လည်း အကျိုးရှိခဲ့သည်။
          ဤခေတ်၌ မြန်မာနိုင်ငံဝယ် ပြုပြင်ဖွယ် အများအပြားရှိ၏၊  ထိုများစွာသော ပြုပြင်ဖွယ်တို့တွင် သာသနာရေးကိစ္စလည်း အပါအ၀င် ဖြစ်၏၊ သို့သော် ပြုပြင်ပုံ နည်းမကျလျှင် “ဖွပ်သည့်အတွက် ညစ်”ဆိုသလို ဖြစ်တတ်၏၊ ထို့ကြောင့်လည်း မပြုပြင်ဘဲ မိရိုးဖလာအတိုင်း ကြည့်နေခဲ့ကြဟန်တူ၏၊ ထိုသို့ ကြည့်နေခဲ့မှုကြောင့် ယခုအခါတွင် အမြင်မတော်စရာတွေ ရှေ့ကထက် များနေလေပြီ။
အစိုးရမပါလျှင်
အစိုးရသည် အကြောင်းအမျိုးမျိုးကြောင့် မပါနိုင်လျှင် မိမိတို့ သံသရာရေးကို မိမိတို့တွေးကာ လူဝတ်ကြောင် ဒါယကာ ဒါယိကာမများလည်း ဆရာကောင်းထံ နည်းခံ၍ ဖြစ်တန်သမျှ ပြုပြင်သင့်ကြ၏၊ ဆရာတော် သံဃာတော်များကား… တစ်ဖက် ပုပ်နေသော ပိန္နဲသီး၏ အပုပ်ဘက်သို့ ပါမသွားအောင်  ၀ိနည်းသိက္ခာကိုလည်း  လေးလေးစားစား ထိန်းသိမ်း၍ သမထ ၀ိပဿနာ ဘာဝနာကိုလည်း အချိန်များများ ကြိုးစားသင့်ကြ၏၊  ဤသို့  ကြိုးစားနိုင်မှသာ သာသနာတော်နှင့် တွေ့ကြုံရကျိုးနပ်၍ အနာဂတ်သံသရာခရီးလမ်း ဖြောင့်တန်းစေနိုင် ပါလိမ့်မည်။

မနသိကာရအကြောင်း

 
နှလုံးသွင်ခြင်းသဘောသည် မနသိကာရ မည်၏။ ထို့ကြောင့် “နှလုံးသွင်းကို၊ မနသိဆို၏”ဟု ဆိုခဲ့သည်။ “နှလုံးသွင်း”ဟူရာ၌ စိတ်ကို “နှလုံး”ဟုခေါ်၏။ ဤစိတ်နှလုံးအတွင်းသို့ အာရုံတစ်ခုခု ပေါ်ထင်အောင် (သွင်းပေးသကဲ့သို့) ပြုပေးခြင်းကို “နှလုံးသွင်းဟု ခေါ်သည်။ အမှန်အားဖြင့် မနသိကာရသည် စိတ်ထဲတွင် အာရုံဝင် = လာအောင် ဆွဲဆောင်သွင်းနိုင်သည်မဟုတ်။ သို့ရာတွင် မနသိကာရ၏ အစွမ်းကြောင့် အာရုံတစ်ခုခုအမြဲရလျက် ရှိရကား ဤ မနသိကာရသည်ပင် အာရုံကိုရအောင် ဆောင်ယူ သွင်းပေးသကဲ့သို့ တင်စား၍ ပြောဆိုရပေသည်။


စေတိသက် ၇-ပါး စိတ်ဖြစ်တိုင်းပါပုံ

စိတ်တစ်ခုဖြစ်ရာ၌ အာရုံကို ထိမူ “ဖဿ”နှင့် “မနသိကာရ” တိုင်အောင် စေတသိက် ၇-ပါးတို့ အမြဲပါကြရသည်။ လောဘ၊ ဒေါသ၊ သဒ္ဓါ၊ သတိ စသည်တို့ကား သူတို့ဆိုင်ရာ အာရုံကိုယူသော အခါ၌သာ အပိုပါဝင်လာကြသည်။ ထို ၇-ပါးတွင် တစ်စုံတစ်ခုကို ခံစားနေသောအခါ ဝေဒနာသည် သတ္တိထင်ရှား၍ တစ်စုံတစ်ခုကို မှတ်နေသောအခါ သညာသည် သတ္တိထင်ရှား၏။ ကံတစ်ခုခုကို ပြုနေသောအခါ စေတနာသည် သတ္တိထင်ရှား၍ အာရုံတစ်ခုခုကို စူးစိုက်သောအခါ ဧကဂ္ဂတာခေါ်သော သမာဓိက သတ္တိထင်ရှား၏။ ကြွင်းသော ဖဿ၊ ဇီဝိတနြေ္ဒ၊ မနသိကာရ ၃-ပါးတို့ကား ဘယ်အခါမျှ သူတို့သတ္တိ မထင်ရှားလှချေ။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဝီရိယအကြောင်း

 
 
အားထုတ်ခြင်းသဘောကို “၀ီရိယ”ဟု အများနားလည်ကြပြီ။ ထိုအားထုတ်ခြင်းသဘောကို စဉ်းစားလျှင် ဆိုင်ရာ ကိစ္စကို ပြုလုပ်ဆောင်ရွက်ဖို့ရာ မကြောက်မရွံ့ ရဲဝံ့ခြင်း သဘောတည်း။ ထို့ကြောင့် “ရဲစွမ်းရောက်က၊ ၀ီရိယ”ဟု ဆိုခဲ့ပေသည်။ ထိုစကားမှန်၏။ ၀ီရိယ လုံ့လကင်းမဲ့သူကို “အပျင်းထူသူ”ဟု ခေါ်ကြသည်။ ထိုငပျင်းကား အလုပ်တစ်ခုရှိလျှင် “စောပါသေးတယ်၊ မိုးချုပ်လှပြီ၊ ချမ်းလှသေးတယ်၊ နေပူလွန်းပါသေးတယ်။ ယနေ့ထမင်းစားလို့ မကောင်းဘူး၊ ယနေ့ ထမင်းအများကြီးစားမိလို့ နည်းနည်း နေမကောင်းဘူး။ နေကောင်းပြီးစမို့ ခရီးသွားစရာ ရှိသေးလို့၊ ခုမှ ခရီးပြန်ရောက်စမို့” စသည်ဖြင့် ဆင်ခြေပေးလျက် အလုပ်လုပ်ရမည့် အရေးကို တွေး၍ ကြောက်နေတတ်၏။ ထိုသို့ ပျင်းနေသောစိတ်သည် ကုသိုလ်စိတ်မဟုတ်။ ထိန မိဒ္ဓ လွန်ကဲသော အကုသိုလ် စိတ်ပင်ဖြစ်သည်။

ဝီရိယ လုံ့လရှိသူကား အအေး အပူစသည်လောက်ကို မဆိုထားဘိ၊ တကယ့် ကိစ္စကြုံလာလျှင် အသက်ကိုပင် ထီမထင်ဘဲ ရင်ဆိုင်တွေ့နေသော ကိစ္စကိုပင် အားပါးတရ ပြုလုပ်ရဲလေသည်။ မဟာဇနကဇာတ်၌ ရွက်သင်္ဘောကြီး ပျက်ခါနီးမှာ ကုန်သည် ၇၀၀-တို့သည် ၀ီရိယကို လျှော့၍ မိရိုးဖလာနတ်များကို တိုင်ကြ၊ ပသကြသော်လည်း ကယ်ဆယ်သူပေါ်မလာ၊ ငါးလိပ်တို့၏ အစာသာ ဖြစ်ကြရသည်။ အလောင်းတော်ကား မည်သည့်နတ်ကိုမျှ အားကိုးမနေဘဲ ရဲစိတ် ရဲသွေး ၀ီရိယဓာတ်ကို အထပ်ထပ်မွေးပြီးလျှင် ပင်လယ်ရေပြင်ကို လက်ပစ်ကူးကာ ဥပုသ်ကိုပင် စောင့်သုံးတော်မူခဲ့ပေသေးသည်။ ဤသို့လျှင် ၀ီရိယဟူသည် တွေ့ကြုံလာသော ကိစ္စ၌ မကြောက်မရွံ့ ရဲဝံ့သော သဘောတည်း။
ကျန်းမာရေး
ဝီရိယအကျိုးသည် လောကတွင် များစွာ ထင်ရှား၏။ ကျန်းမာရေး လိုက်စားရာ၌ လမ်းမှန်မှန် လျှောက်ခြင်း၊ (အဝေး မလျှောက်သာလျှင် မိမိနေအိမ်၏ အနီးအပါးမှာပင် လျှောက်ခြင်း)၊ အစာကို အချိန်မှန်မှန် စားသောက်ခြင်း၊ အလေးအပေါ့ကို ပျင်းသည့်အတွက် (ဆောင်းအခါ အိပ်ရာမှာ ဖြစ်စေ) ချုပ်တည်း မထားခြင်း၊ သင့်တော်သောအချိန်ဝယ် ရေချိုးခြင်း၊ သင့်တော်သော ဆေးဓာတ်စာများကို အချိန်မှန်မှန်စားခြင်း စသည်တို့ကို ပြုကြရသည်။ ထိုအားလုံးကို ၀ီရိယကင်း၍ အပျင်းထူနေက မဖြစ်နိုင်။ ထို့ကြောင့် ၀ီရိယရှိသူမှ ကျန်းမာရေး လိုက်စားနိုင်သည်။
စီးပွားရေး
စီးပွားရှာရာတွင်လည်း အပူအအေး စသည်တို့ကို ကြောက်ရွံ့နေလျှင် ၀ီရိယရှိသူများက ထိုသူ့အရင် ရောင်းဝယ်နှင့်ကြသဖြင့် ၀ီရိယကင်းသူမှာ အရာရာပင် နောက်ကျ၍ နောက်ချေးနှင့် သလဲသာရတော့လတ္တံ့။ မြန်မာအမျိုးသားတို့ ၀ီရိယနည်းပါးပုံမျာ စံနမူနာ တင်လောက်ပါပေသည်။ လူမျိုးခြားတို့က နံနက်စောစောထပြီးလျှင် ကျက်သရေရှိအောင် ရောင်းရေးဝယ်မူကို ပြင်ဆင်သူကပြင်၊ နေရာထိုင်ခင်း လှည့်ကျင်းသူက လှည်းနှင့် ရေမိုးချိုးကာ အ၀တ်အစားလဲ၍ လက်ဖက်ရည် ကလေးများသောက်ပြီးမှ အလုပ်ခွင်၌ ၀င်နေချိန်ဝယ်များစွာသော မြန်မာလူမျိုးတို့က အိပ်ရာမှ မထကြသေး။ အိပ်ရာမှ ထခါနီးလည်း လွန့်ကာ လိမ့်ကာ သန်းကာ ဝေကာနှင့် မိမိ၏ အပျင်းတွေကို အတော်ကြာကြာ မူတ်ထုတ်ပြီးမှ အနိုင်နိုင်ထပြီး နောက် အတော်ကြာကြာပင် ကျက်သရေမရှိသော ပုပ်သိုးသိုး မျက်နှာဖြင့် မိုင်နေလိုက်ကြသေး၏။ ထိုမျှလောက် အပျင်းထူနေသူတွေ အဘယ်မှာ စီးပွားရေးဘက်က တန်းတက်နိုင်တော့အံ့နည်း။
အမျိုးသမီးများ ကျေးဇူး
မြန်မာအမျိုးသမီးတို့ကား ကူးသန်းရောင်းဝယ်ရေး၌ ကိုယ်တိုင်ပါဝင်နေကြရှာ၏။ များစွာသော ဈေးသည်တို့မှာ အမျိုးသမီးများသာ ဖြစ်သည်။ ထိုဈေးသည် အမျိုးသမီးများ အရွယ်လောက်ရှိသော အမျိုးသားတို့ကား ကျောင်းနေသူနေ၊ အလုပ်လက်မဲ့ဖြစ်သူက ဖြစ်နှင့် မိမိတို့ မိဘနှင့် အစ်မ နှမများကို မှီခိုအားကိုး၍ နေကြရ၏။ မြန်မာအမျိုးသမီးတွေသာ အိမ်တွင်းပုန်း လုပ်နေကြပါမူ ဤမြန်မာနိုင်ငံသည် ယခုထက်ပင် အောက်ကျနောက်ကျ ဖြစ်ဖွယ်ရှိ၏။ အမျိုးသမီးများ ကျေးဇူးကြောင့် ယခုလောက် အခြေအနေမှာ တည်နေနိုင်ကြသည်။
နှစ်ဖက်စလုံး ကြိုးစားလျှင်
စီးပွားရေး၌ အမျိုးသမီးများ ကြိုးစားကြသလို အမျိုးသားအားလုံး ကြိုးစားကြမည် ဆိုပါလျှင် ( မြို့များ၌ အမျိုးသားတို့က တစ်ဖက်တစ်လမ်း စီးပွားရှာနိုင်ကြလျှင်) ဤမြန်မာနိုင်ငံသည် ထွန်းသစ်စ လ၀န်းကဲ့သို့ လန်းဆန်းရွှန်းဝေ ကျက်သရေ အမျိုးမျိုးထွက်၍ တိုးတက်သော နိုင်ငံကလေး ဖြစ်လောက်ပေသည်။
ပညာရေး
အမျိုးသားတို့သည် စီးပွားရေးဘက်တွင်သာ အချက်မကျသည် မဟုတ်သေး။ ပညာရေးဘက်မှာလည်း ဂေဇက်ကိုကြည့်လျှင် ဂုဏ်ထူးဆောင်နှင့် အောင်မြင်သူ နည်းပါးလှသည့်အပြင် အထက်တန်း ပညာရပ်များ၌လည်း အခြားလူမျိုးများထက် ရာခိုင်နူန်းနည်းပါးသည်ဟု ကြားရ၏။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အမေက အမွေးညံ့၍ချည်း မဟုတ်တန်ရာ။ ကျောင်းတော်ကြီးများဝယ် ငွေကုန်ကြေးကျများစွာခံပြီး နေကြပါလျက် ငွေထောက်ပံ့ကြရသော မိဘ အစ်ကို အစ်မတို့ကို မငဲ့ညာဘဲ လုံ့လ၀ီရိယကင်း၍ အပျင်းပေါပြီး ကမြင်းကြောထနေမူတို့ကြောင့်သာ အများအပြား ဖြစ်တန်ရာ၏။
ကျောင်းတော်သို့ ရောက်ကြသည့်အချိန်မှာ အသက် ၂၀-နီးပါးရှိကြပေလိမ့်မည်။ ထိုမျှလောက် အသက်မကြီးကြသော တပင်ရွှေထီး၊ ဘုရင့်နောင်၊ မင်းရဲကျော်စွာ စသော လူမျိုး၏ ကျက်သရေဆောင် လူငယ်တွေ ထွန်းကားခဲ့သော အမျိုးသားဖြစ်ပါလျက် ငါတို့လက်ထက်မှ အဘယ်ကြောင့် အပျင်းဘ၀၌ အဖျင်းအအ လုပ်နေကြသနည်း။ ရဲမာန် ရဲသွေး ရဲစိတ်မွေးကာ ရဲဇာနည်စိတ်ထားဖြင့် ရဲရဲတောက်တောက် ကလေးများ ဖြစ်သင့်ကြသည် မဟုတ်လော။
လူတို့ဘက်၌သာ ပညာစံချိန် ညံ့သည် မဟုတ်သေး။ သာသနာ ပညာလည်း အခါအလျောက် အောက်ကျလျက်ပင်။ မှန်၏။ ရှေးက ဘုန်းတော်ကြီးများသည် ရပ်သူနယ်သား လူအများ၏ ဆရာဖြစ်ရုံသာမက မြို့ပြတို့၌လည်း မင်းညီမင်းသား မှူးမတ်သားတို့၏ ဆရာတော်များ ဖြစ်ကြသည်။ မိမိတို့နှင့် အခါနှင့်လိုက်အောင် ပညာရေးကို ပြုပြင်နိုင်ကြခဲ့လျှင် ယခုအချိန်မှာလည်း တိုင်းသူပြည်သားတို့၏ ဆရာအဖြစ်၌ တည်နိုင်ဖွယ်ရှိ၏။ ယခုသော်ကား ထိုကဲ့သို့ မပြုမပြင်နိုင်ကြမူကြောင့် ဆရာအဖြစ်မှပင် လျှောကျရုံသာမက တချို့ ကျေးရွာကျောင်းရွာကျောင်းများ၌ ဆွမ်းခံပေးမည့် ကလေးပင် မရှိတော့ချေ။ ဤအချက်ကား မြန်မာနိုင်ငံအတွင် သာသနာရေး အသက်ငင်နေခြင်းပင် ဖြစ်တော့သည်။ ဤသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းကို ရှင်းရလျှင် ကိုယ့်အထုပ် ကိုယ်ဖြေပြရာ ရောက်မည်ဖြစ်၍ မရှင်းလင်းလိုတော့ပါ။ ဤသို့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသည်တို့ဖြင့် အဘက်ဘက်က အောက်ကျ နောက်ကျ ဖြစ်ကြရခြင်းမှာ လုံ့လ၀ီရိယကင်း၍ အပျင်းများမူကြောင့် ဖြစ်သည်။
ဝီရိယကြောင့် ဘုရားဖြစ်
ငါတို့ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာဘုရားည် ကိုယ်တော်တိုင် ၀ီရိယပါရမီကို ကြိုးစား၍ ဘုရားဖြစ်တော်မူသည်။ ဘုရားဖြစ်တော်မူပြီးလည်း မနားမနေ တရားဟောတော်မူခဲ့ပေ၏။ ထို ဟောတော်မူသမျှ တရားတိုင်းမှာ သိဖို့က ပထမ၊ သိသည့်အတိုင်း ကြိုးစားဖို့က ဒုတိယထား၍...

“၀ါယမေထေ၀ ပုရိသော၊ နိဗ္ဗိန္ဒေယျ ပဏ္ဍိတော”
“ယောက်ျားမှန်က ကြိုးစားသင့်စွာ၊ ပညာရှိ မပျင်းမရိရာ”ဟု ဟောတော်မူသည်။
ပြင်ကြဦးစို့
ဗုဒ္ဓကို အားကိုးသူ၊ ဗုဒ္ဓတရားကို လိုက်နာသူ ဗုဒ္ဓဘာသာဝင်ဟူ၍ အခေါ်ခံနေကြသော မွန်မြန်မာတို့မှာ ဗုဒ္ဓ၏ တရားတော်ကို သင့်တော်ရာ ချိတ်ထားလိုက်ကြသဖြင့် ဘာသာခြားတို့က ဗုဒ္ဓ၏ တရားတော်နှင့်အညီ လောကီရေးရာဝယ် လိုက်စားလျက် ဧရာမ ဓနရှင် ပညာရှင်ကြီးများ ဖြစ်နေကြလေပြီ။ ဗုဒ္ဓဘာသာဝင်တို့ကား ရှင်ပြုတုန်းက ရွှေထီးဆောင်းရသည်ကိုပင် ဂုဏ်ယူကာ ၀တိံသာမြင့်အောင် စိတ်ထားသော်လည်း လူအနေမှာမူ ချုံကြားက မထွက်နိုင်ကြသေးချ။ ထို့ကြောင့် “တို့သားအဖတစ်စု ပြင်ထိုင်ကြဦးစို့”ဟူသကဲ့သို့ ငါတို့ တစ်စုလည်း အပျင်းကို ပယ်ရှား၍ ၀ီိရိယသမားဖြစ်အောင် ပြင်ကြဦးစို့။
“၀ီရိယ၀တော ကိံနာမ န သိဇ္ဈတိ = လုံ့လ၀ီရိယ ရှိသူမှာ မပြီးနိုင်သာ အရာမရှိ”
(၀ီရိယကောင်းဖို့ရန် တိုက်တွန်းသော်လည်း ဆင်ကန်းတောတိုး သဘောမျိုးဖြင့် အကျိုးမများသော ၀ီရိယကို မဆိုလို။ စဉ်းစားဉာဏ်ပါသော ၀ီရိယကိုသာ ဖြစ်စေလိုသည်။)
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဇီဝိတိနြေ္ဒအကြောင်း




စိတ် စေတသိက် ၂-ပါးကို နာမ်တရားဟု ခေါ်၏။ ထိုနာမ်တရားတို့၏ အသက်သည် ဇီဝိတိနြေ္ဒတည်း။ ဖြစ်သမျှ စိတ်စေတသိက်များသည် အသေမဟုတ်၊ အရှင်များတည်း။ ထိုသို့ အရှင်ဖြစ်သောကြောင့် အာရုံကို သိနိုင်၏။ အကယ်၍ အသက်မပါဘဲ စိတ်စေတသိက်တွေ အသေချည်း ဖြစ်နေပါမူ မည်သည့်ကိစ္စကိုမျှ ရွက်ဆောင်နိုင်ကြလိမ့်မည်မဟုတ်။


အချုပ်မှာ ဤဇီဝိတိနြေ္ဒဟု ခေါ်သော အသက်ပါနေသောကြောင့်သာ စိတ်စေတသိက်တို့ တစ်ခုပြီးတစ်ခု ဆက်၍ မပျက်စီးဘဲ (ကံ အရှိန်ရှိနေသမျှ) တည်နေကြရလေသည်။ ထို့ကြောင့် “မကွာနာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက်မပြုန်း”ဟု ဆိုခဲ့ပေသည်။ နာမ်တရားတို့၌ နာမ်သက်ပါသကဲ့သို့ ရုပ်တရားတို့၌လည်း ရုပ်သက်ပါ၏။ ဤနာမ်သက်နှင့် ရုပ်သက်ဖြစ်သော ဇီဝိတ ၂-ပါးကိုပင် သတ္တ၀ါတို့၏ အသက်ဟု ခေါ်ရပေသည်။ ထိုရုပ်ဇီဝိတ နာမ် ဇီဝိတ ၂-မျိုးအပြင် သတ္တ၀ါတို့ ကိုယ်အတွင်း၌ အသက်ကောင်၊ ၀ိညာဉ်ကောင်း၊ လိပ်ပြာကောင်၊ အတ္တကောင်းဟူ၍ မရှိတော့ပြီ။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

ဆန္ဒအကြောင်း


အာရုံတစ်ခုခုကို ပြုလိုခြင်း(ရယူလိုခြင်း) သဘောသည် ဆန္ဒတည်း။ “ပြုလိုခြင်း ရယူလိုခြင်း” ဟူရာ၌ လောဘကဲ့သို့ စွဲလမ်းတတ်ခြင်း၊ ကပ်ငြိခြင်းမဟုတ်၊ ပြုလိုရုံမျှ ရလိုရုံမျှသာ ဖြစ်သည်။


ထို့ကြောင့် “သက်သက်အာရုံ၊ ပြုလိုရုံမျှ၊ ဆန္ဒသဘော”ဟု ဆိုခဲ့သည်။ ဤဆန္ဒသဘောလည်း သတ္တ၀ါတို့၌ အလွန်ထင်ရှား၏။ ကလေးငယ်သည် ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်၍ လက်လှမ်း၏။ ဤလိုက်ချင်မူသည် ဆန္ဒတည်း။ ဟိုသွားချင် သည်လာချင်၊ တစ်စုံတစ်ယောက်ကို တွေ့ချင်မြင်ချင်၊ ကြားချင်၊ နာချင်၊ နမ်းချင်၊ စားချင်၊ ကိုင်ချင်၊ ထိချင်၊ တတ်သိနားလည်ချင်မူ အစုစုသည် ဆန္ဒချည်းတည်း။



နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက မဟာသာဝက ဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင်ဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ရဟန်းပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်၍ နေချင်၊ ကုသိုလ်ရချင်စသည်တို့လည်း ဆန္ဒပင်တည်း။ တော်ရုံတန်ရုံ လိုချင်မူ၌ ဆန္ဒအားသေး၏။ မရမကလိုချင်၊ မဖြစ်မနေ ဖြစ်ချင်မူများ၌ကား ဆန္ဒအားကြီး၏။ ဤဆန္ဒကို အရင်းခံ၍ ၀ီရိယသန်သန်ဖြင့် ပါရမီ = ဖြည့်တော်မူခဲ့သောကြောင့် နောက်ဆုံး၌ ဆန္ဒတော်အတိုင်း ဘုရားဖြစ်တော်မူရသည်။


ထိပ်တန်းရောက်ရန် အခြေခံဆန္ဒမျှ မရှိသေးလျှင် ထက်သန်သော ၀ီရိယကို မည်သူမျှ ပြုကြမည်မဟုတ်။ သို့ဖြစ်၍ အကျိုးကျေးဇူး တစ်ခုခုရလိုသော ဆန္ဒကို ပထမဖြစ်စေရမည်။ ဤဆန္ဒမျိုးကို “အာသာ”ဟုလည်း ခေါ်သည်။ (အာသာ = လိုလား တောင့်တခြင်း) ထို့နောက် အာသာဆန္ဒရှိရုံနှင့် (ဆုတောင်းနေရုံမျှနှင့်) မရနိုင်ကြောင်းကို နားလည်ကာ စိတ်ပါလက်ပါ ၀ီရိယစိုက်ရမည်။ ထင်ရှားစေအံ့ - မန္တလေးမှ ရန်ကုန်သို့ သွားလိုခြင်းသည် ဆန္ဒတည်း။ ထိုဆန္ဒရှိရုံမျှဖြင့်ကား ရန်ကုန်မရောက်နိုင်။ ရန်ကုန်သွားနိုင်အောင် ငွေရှာရမည်။ မီးရထားဖြင့်သွားလိုလျှင် မီးရထားစရိတ် လုံလောက်အောင် ရှာရမည်။ လေယာဉ်ပျံဖြင့် သွားလိုလျှင် လေယာဉ်ပျံစရိတ်ကို လုံလောက်အောင် ရှာရမည်။ ထိုသို့ ရှာရခြင်းကား ၀ီရိယသဘောတည်း။ ထို့အတူပင် နိဗ္ဗာန်ရလိုလျှင် ဘုရားအဖြစ် သာဝကအဖြစ် အမျိုးမျိုးနှင့်တန်အောင် ပါရမီ ရှာရမည်။



ယခုကာလ လူ့ဘက်ရှင်ဘက၌ အထက်တန်း ရောက်နေကြသူတို့သည် ဘုန်းနှင့် သမ္ဘာ ထက်ကြပ်ပါ၍ စိတ်သွားတိုင်း ကိုယ်ပါလျက် လိုရာပြီးစီးနိုင်သော မိုးပေါ်ကျ ရွှေကိုယ်တော်များ မဟုတ်ကြချေ။ အာသာဆန္ဒအလိုက် ၀ီရိယ စိုက်ထားသူတွေသာ များပေသည်။ ထို့ကြောင့် အလွန်ရခဲလှသော မနုဿတ္တ ဒုလ္လဘကို ရှေးကံကောင်းထောက်မ၍ ရကြပြီး ဖြစ်ပါလျက် တိုးတက်လိုသော အာသာဆန္ဒ ကင်း၍ အဖျင်း အအ အပျင်းအနတွေ ဖြစ်နေပါလျှင် တိရစ္ဆာန်ဘ၀နှင့် မခြားရတော့ကား မိမိကိုယ်ကို ယခုဘ၀လည်း အထက်တန်းရောက်အောင် နောင်သံသရာလည်း မဂ်လမ်းပေါက်အောင် ထက်သန်သော အာသာဆန္ဒကို ကိုယ်စီကိုယ်င ဖြစ်စေကြပါကုန်။

“ဆန္ဒ၀တော ကိံနာမ နသိဇ္ဈသိ = ဆန္ဒရှိသူမှာ မပြီးနိုင်သောအရာ မရှိ။”

“အာသာ ဖလ၀တီ သုခါ = တောင့်တမူသည် ကြိုးစား၍ အကျိုးရလျှင် ချမ်းသာကို ဖြစ်စေနိုင်၏”


နိဂုံး
ဤမျှလောက်သော စကားအစဉ်ဖြင့် ဆားကဲ့သို့ ကောင်းဆိုး နှစ်တန် ခပ်တိုင်းငန်သော စေတသိက်များ ပြီးဆုံးပေပြီ။ ဤစေတသိက်များကို ထင်ရှားအောင် ရေးသားရကြောင်း ကောင်းမူ ပဋိပတ် အကျင့်မြတ်ကြောင့် ဤကျမ်းကို ကြည့်ရူသူတို့ ကုသိုလ်ကိစ္စ၀ယ် ထက်သန်သော ဆန္ဒ ၀ီရိယနှင့် ထက်သန်သော စေတနာထားနိုင်ကြပါစေ။ ဖြစ်လေသမျှ ဘ၀တိုင်းမှာ ငါ့တွက်တာမူ သမ္မာဆန္ဒ ၀ီရိယတို့ဖြင့် ပုညကောင်းမူ အစုစုတို့ကို ပြုကာပြုကာ အချိန်ကို ကုန်လွန်စေလိုပါသည်။ ငါ၏ အဆက်အသွယ် ကြီးကြီးငယ်တို့လည်း ပါရမီကိစ္စအ၀၀၌ ထက်မြက်သော စေတနာနှင့် သမ္မာဆန္ဒ ၀ီရယရှင်တို့ချည်းသာ ဖြစ်ကြပါစေ။


ပင်ကိုသဘော၊ ကောင်းဆိုးရောလျက်၊ စိတ်ဇောခြယ်လှယ်၊ ဆယ်သုံးသွယ်ကို၊ အကျယ်ရေးဖွင့်၊ ဤအကျင့်ကြောင့်၊ အသင့်စိတ်ထား၊ ဗိုလ်လူများတို့၊ တက်ကြွဝေဆာ၊ စေတနာနှင့်၊ သမ္မာဆန္ဒ၊ ၀ီရိယမျိုး၊ ကိုယ်စီနိုး၍၊ အကျိုးရစေ၊ ငါ့အနေမူ၊ ဘဝေဘ၀၊ ဖြစ်သမျှ၌၊ ဆန္ဒလည်းတင့်၊ လုံ့လရင့်လျက်၊ ဆင့်ဆင့်ဝေဆာ၊ စေတနာဖြင့်၊ ကောင်းရာထိုထို၊ ပြုစွမ်းလို၏။ နဂိုအရင်း၊ ငါ့အသင်းလည်း၊ မယွင်းငါ့တူ၊ စိတ်ကောင်းယူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Gold price estimated