Video

Tuesday 13 January 2015

အမှတ်စဉ်(၂၁) {ပရမတ္ထတရား လေးပါး}

ပရမတ္ထသစ္စာတရား လေးပါး

မြတ်စွာဘုရားက အဘိဓမ္မာ ရ-ကျမ်းမှာ ဟောဒီသစ္စာ ၂-မျိုး၊ ပညတ်နဲ့ ပရမတ်ဆိုတာ ကို ဟောထားပါတယ်။ အဲဒီဟောထားတဲ့အထဲက ပရမတ်ဆိုတဲ့ အမှန်တရားဟာ ၄-မျိုးပဲ ရှိတယ်။ တကယ့် သဘာဝ အမှန်တရားဟာ ၄-မျိုး၊ “စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဆိုတဲ့ ပရမတ်တရား ၄-ပါး” တဲ့၊
အဲဒီတော့ ကိုယ့်ရဲ့ သန္တာန်မှာ ဒီတရားတွေကို တွေ့အောင်ရှာဖို့ လိုတယ်၊ နောက်ရက်တွေကျတော့ ရုပ်ကနေ စပြီး တစ်ခုချင်း တစ်ခုချင်း ခန္ဓာကိုယ်ထဲမှာ ရှာတွေ့နိုင်အောင် အလွယ်ဆုံးလည်း ဖြစ်အောင် ဘုန်းကြီးတို့ ကြိုးစားပြီးတော့ ရှင်းပြပါ့မယ်၊ တချို့ ဝေါဟာရတွေက ပါဠိ ဝေါဟာရတွေပါ၊ သို့သော် ပါဠိ ဝေါဟာရတွေ ပါပေမယ့်လို့ အခက်အခဲမရှိအောင် သဘာဝ ဆိုက်ထိပြီးတော့ သိရှိနိုင်အောင် ဟောပြပါ့မယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက သန္ဒိဋ္ဌေိကော- ဘုရားဟောတဲ့ တရားတွေကို ကိုယ်တိုင် သိနိုင်တာချည်းပါပဲ၊ သူပြော ကိုယ်ပြော ယုံရမယ့်တရား မဟုတ်ဘူး၊ သန္ဒိဋ္ဌိကော- ကိုယ်တိုင်မြင်နိုင်တဲ့တရားလို့ မြတ်စွာဘုရားက ဟောတာ၊ ဒါကြောင်မို့လို့ ပရမတ္ထဆိုတာ စာအုပ်ထဲမှာ ရှိတာမဟုတ်ဘူး၊ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိပါတယ်၊ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိတာကို တွေ့အောင်ရှာနိုင်ဖို့ ဆက်ပြီးတော့ လေ့လာကြရမှာ ဖြစ်ပါတယ်။
ပရမတ္ထတရားဆိုတာ စိတ်, စေတသိတ်, ရုပ်, နိဗ္ဗာန်တဲ့၊ စိတ်, စေတသိက်ဆိုတာ ဒီကနေ့ ဘုန်းကြီးတို့တစ်တွေ သုံးနေတဲ့ ပြောနေကြတဲ့ စိတ်တိုတယ်တို့၊ စိတ်ဆိုးတယ်တို့၊  စိတ်ကြည်တယ်တို့၊ စိတ်မကြည်ဘူးတို့ ပြောနေတဲ့ အရာတွေက ဒါ စိတ်, စေတသိက် ၂-ခုကို ရည်ညွှန်းနေတာပါ၊ အဲဒီတော့ လူတိုင်း လူတိုင်းဟာ စိတ်အကြောင်ကို ပြောနေကြတာ ဖြစ်ပေမယ့် စိတ်ရဲ့ အကြောင်းကို မသိကြပါဘူး။
စိတ်ရဲ့ အကြောင်းကို အသေးစိတ် လေ့လာကြည့်မယ်ဆိုရင် စိတ်ဟာ အမျိုးမျိုးဆိုတာ ကို ပေါ်လာပါလိမ့်မယ်၊ အဘိဓမ္မာ ၇-ကျမ်းမှာ စိတ်ကို ၈၉-မျိုး ခွဲထားတယ်၊ စိတ် ၈၉-မျိုးကို ဈာန်စိတ်တွေနဲ့ မြှောက်ပွားလိုက်တဲ့အခါ စိတ်အကျယ်-၁၂၁၊ ဖြစ်သွားတယ်။

ပါဠိလို “ဧကူန န၀ုတိ”၊ ဧကူန န၀ုတိဆိုတာ ဧက + ဦန + န၀ုတိ  ဧက ဆိုတာ-၁၊ ဦန က- ယုတ်လျော့နေတဲ့၊ န၀ုတိ က - ၉၀၊ ပါဠိဂဏန်းမှာ ၈၉-ဆိုတာ မရှိဘူး၊ ၈၉-ကို ပြောချင်လို့ ရှိရင် ဘယ်လို ပြောလဲဆိုရင် တစ်ခုယုတ် ၉၀-လို့ ပြောတယ်၊ တစ်ခုယုတ် တစ်ခုလျော့နေတဲ့ ၉၀-လို့ ပြောတာနော်၊ ဘာသာပြန်တဲ့အခါမှာ ဧကူန န၀ုတိကို ပါဠိနောက်လိုက်ပြီးတော့ စိတ်တစ်ခုယုတ် ၉၀-လို့ ဒီလိုဖြစ်သွားတက်ကြတယ်၊
စိတ်ဆိုတာ တစ်ခုတည်းပဲ၊ ရုပ်က ၉၀-တောင် ရှိတယ်လို့ ဘာသာပြန်ကြည့်ပြီး လွဲမှားစွာ တွေးတက်ကြတယ်၊ တကယ်တော့ မဟုတ်ဘူး၊ တစ်ခု ယုတ်လျော့နေတ့ -၉၀၊ ဒီလို ပြောတာ၊ အဲဒီ စိတ် ၈၉-ဆိုတာကို အသေးစိတ် လေ့လာကြရမယ်။
နောက်ပြီတော့ စေတသိက်က ၅၂-မျိုးရှိတယ်၊ ဒါတွေဟာ သဘာဝတရား၊ သဘာဝလက္ခဏာ ရှိတယ်၊ ဆိုင်ရာ ဆိုင်ရာ သဘာဝတွေ ရှိသည့်အတွက်ကြောင့် စိတ်ကို မှီပြီးဖြစ်နေတဲ့ သဘာဝတရားတွေကို စေတသိက်လို့ ခေါ်တယ်၊ ‘စေတသိက’ ဆိုတာ စိတ်ကို မှီပြီးတော့ ဖြစ်နေတာ၊ စိတ်နဲ့ အတူတူဖြစ်နေတဲ့ သဘာဝတရားတွေကို စေတသိက်လို့ ခေါ်တယ်၊ စေတသိက်ဆိုတာ စိတ်ကို မှီပြီးတော့ ဖြစ်နေတာ စိတ်နဲ့ အတူတူဖြစ်နေတဲ့ သဘာဝတရားတွေတဲ့နော်။
နောက်တစ်ခါ ရုပ်ဆိုတာ ရူပဆိုတဲ့ စကားလုံးကို ‘ရုပ်’ လို့ ပြောတာ၊ မြန်မာစကားလို ဖြစ်နေပါပြီ၊ လူရဲ့မျက်စိနဲ့ မြင်ရတာတို့၊ ထိတွေ့လို့ ရတာတို့၊ အကောင်အထည် ရှိနေတဲ့ အရာရော, မရှိတာရောပေါ့၊ အာရုံကို မသိတက်တဲ့ သဘာဝတရားတွေ အားလုံး ပေါင်းစုပြီးတော့ ရုပ်လို့ ခေါ်တာ၊ ဖောက်ပြန်တက်တဲ့ သဘာဝတရားမို့ ရုပ်လို့ ခေါ်တယ်၊ အဲဒီရုပ်ကို ၂၈-မျိုးခွဲပြီးပြတယ်၊ ဒီ ၂၈-မျိုးကိုလည်း ခန္ဓာကိုယ်ထဲမှာ တွေ့အောင် ရှာရမယ်။
နိဗ္ဗာန်ဆိုတာကတော့ ဟောဒီ စိတ်တွေ၊ စေတသိက်တွေ၊ ရုပ်တွေဟာ အကြောင်းတရား မရှိတော့သည့် အတွက်ကြောင့် အကြောင်းတရား ချုပ်သွားလို့ လုံးဝမပေါ်တော့ဘူး၊ မဖြစ်တော့ဘူး ဆိုလို့ရှိရင် ဒါ နိဗ္ဗာန်ရောက်ပြီပေါ့၊
အကြောင်းတရားတွေကို အမှီပြုပြီးတော့ စိတ်တွေ, စေတသိက်တွေ, ရုပ်တွေဖြစ်နေဦးမယ် ဆိုလို့ရှိရင် နိဗ္ဗာန်ဆိုတာ မရောက်နိုင်သေးဘူး၊ ဒါကြောင့်မို့ အကြောင်းတွေ အကုန်ချုပ်ငြိမ်းသွားလို့ ရုပ်တွေနာမ်တွေ အကုန် ငြိမ်းသွားလို့ရှိရင် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန်ဆိုတာကို သိနိုင်မယ်။
အဲဒါကြောင့်မို့ စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ်၊ နိဗ္ဗာန်ရယ်၊ ဒါက ပရမတ္ထတရား ၄-ပါး၊ အဲဒီ ပရမတ္ထတရားလေးပါးကို အသေးစိတ် တစ်ခုစီ တစ်ခုစီ မိမိတို့ ခန္ဓာကိုယ်ထဲမှာ ရှာတွေ့နိုင်ဖို့ရန်အတွက် ဆက်လက်ပြီးတော့ နောက်နေ့ကျမှ ဟောကြားမှာ ဖြစ်ပါတယ်။
ဒီကနေ့တော့ သမ္မုတိသစ္စာနဲ့ ပရမတ္ထသစ္စာ ဒီ ၂-မျိုးကို ခွဲခြားပြီးတော့ ဟောကြားတာ ဖြစ်ပါတယ်၊ အားလုံးသော တရားချစ်ခင် သူတော်စင်ပရိသတ်တို့သည် သမ္မုတိသစ္စာဆိုတာ အများညီလို့ မှန်နေတဲ့ အမှန်သာဖြစ်တယ်၊ ပရမတ္ထသစ္စာရှုထောင့်က ကြည့်လိုက်လို့ရှိရင် သမ္မုတိသစ္စာတွေဟာ မှားသွားပြန်တယ်တဲ့၊ သစ္စာလို့ မခေါ်နိုင်တော့ဘူးတဲ့နော်၊
ပရမတ္ထသစ္စာဟာလည်းပဲ သဘာဝသစ္စာ၊ အရိယသစ္စာလို့ ၂-မျိုး ခွဲလိုက်တဲ့ အခါကျတော့ သဘာဝသစ္စာတွေက မှန်ကန်နေသော်လည်းပဲ အရိယသစ္စာ ရှုထောင့်ကနေ ကြည့်လိုက်မယ်ဆိုရင် မှားသွားနိုင်သေးတယ်တဲ့၊ လုံးဝ အမှန်ဆိုတာ အရိယသစ္စာသာ ရှိတယ်ဆိုတာ အားလုံး ကိုယ်စီ ကိုယ်စီ သဘောကျပြီး အမှန်တရားကို တွေ့ရှိအောင် ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း။

“ သာဓု - သာဓု - သာဓု ”
*ဆက်ရန်* ------- 
{နာမ်တရားဆိုတာ၊ ရုပ်တရား} အား ဆက်လက်ရေးသား ပူဇော်ပါမည်။
*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)၏ အဘိဓမ္မာမြတ်ဒေသနာမှ

No comments:

Post a Comment

Gold price estimated