အဋ္ဌကလာပ်ရုပ် ၈-ပါး
အေး ပေါင်းလိုက်တော့ ဓာတ်ကြီးလေးပါးဆိုတဲ့ မဟာဘုတ်ရုပ် ၄-ခုရယ်, ဓာတ်ကြီး လေးပါးကို မှီတွယ်နေတဲ့ အခုပြောခဲ့တဲ့ ဥပါဒါရုပ် ၄-ခုရယ် ဒီ ၈-ခုဟာ ဘယ်တော့မှ ခွဲလို့ မရဘူးတဲ့၊ ခွဲလိုက်ရင် ရုပ်ကို မဟုတ်တော့ဘူး၊ တစ်ခုစီ ခွဲထားလိုက်လို့ ရှိရင် ရုပ်လို့ မခေါ်နိုင်တော့ဘူး၊ ပြိုကွဲသွားပြီ၊ သဘာဝက ပျောက်သွားပြီ။
အခုခေတ် သိပ္ပံဆရာတွေ ပြောတယ်မဟုတ်လား၊ ရေကို H2O လို့ သင်္ကေတနဲ့ ပြောတယ်၊ ဟိုက်ဒရိုဂျင်အက်တမ် နှစ်ခုနဲ့ အောက်ဆီဂျင်အက်တမ် တစ်ခု-သုံးခုပေါင်းထားတာကို water (ရေ)လို့ ခေါ်တာ မဟုတ်လား၊ သဘာဝတွေ ပေါင်းစပ်ထားတာ ကို ပြောတာ။
ဗုဒ္ဓအဘိဓမ္မာမှာတော့ ရေဟာ ရုပ် ၈-ခုအပေါင်း အက်တမ်သုံးခုတင် မကဘူး၊ ၈-ခု ပေါင်းထားတာ၊ ဒါကြောင့်မို့ ဗုဒ္ဓအဘိဓမ္မာတရားက ပိုပြီးတော့ နက်နဲတယ်လို့ ပြောတာ၊ ဘုန်းကြီးတို့ တစ်နေ့တုန်းက ဘုန်းကြီးတို့ဆီ စာသင်နေတဲ့ ပြင်သစ်ဒကာကြီး တစ်ယောက်က ဘာသာပြန်တာလေး တစ်ခုနနဲ့ စပ်ပြီး ပြောတယ်။
အဘိဓမ္မာကို “Philosophy” လို့ ပြန်ထား တာကို ကြည့်ပြီး ဘာပြောတာတုန်းဆိုရင် Philosophy တို့ psychology တို့ဆိုတာက အပေါ်ယံလေးပဲတဲ့၊ ဗုဒ္ဓအဘိဓမ္မာက ဒီထက်နက်နဲတယ်တဲ့၊ Philosophy လို့ မပြန်ထိုက်ဘူးတဲ့၊ ဆိုက်ကိုလော်ဂျီဆိုတာ ဘာမှ လေးနက်တာ မဟုတ်ဘူး၊ ဖီလိုဆော်ဖီကလည်း ဒီလောက်မလေးနက်ဘူးတဲ့၊ ဗုဒ္ဓအဘိဓမ္မာက အဲဒီထက် နက်နဲတယ်တဲ့။
ကြည့်၊ ဗုဒ္ဓအဘိဓမ္မာက သူတို့ မတွေ့သေးတာတွေကို ဖေါ်ပြတယ်၊ မြတ်စွာဘုရားက နှစ်ပေါင်း ၂၅၀၀-ကျော် ကတည်းက ဟောဒီရုပ်တရားတွေကို အသေးစိတ် ဟောနေပြီနော်၊ အသေးဆုံး ရုပ်ကလေး မြူမှုန်ကလေးပဲဖြစ်ဖြစ်၊ ဆိုပါစို့၊ နေ့စဉ် စားတဲ့ထဲမှာ ပါတဲ့ ပဲစေ့လေး သို့မဟုတ် ထမင်းလုံးကလေးကို ကြည့်ရအောင်၊
အဲဒီထမင်းလုံးလေးဟာ ဒီလိုသဏ္ဌာန်လေး ဖြစ်နေတာက ဘယ်သူ့အပေါ်မှာတည်ပြီး စုစည်းရတာတုန်းဆိုရင် ပထ၀ီပေါ်မှာ တည်ပြီး စုစည်းရတာ၊ အားလုံး တည်နေရာကတော့ ပထ၀ီပဲ၊ အဲဒီမြေဓာတ်ကို အာပေါက စုစည်းပေးထားလို့ ထမင်းလုံး ကလေး ဖြစ်နေတာ၊ ဒီထမင်းလုံးလေးမှာ အပူအအေး ရှိနေသည့် အတွက်ကြောင့် မာလာမယ်၊ တဖြည်းဖြည်း ခြောက်သွားမယ်၊ ဒီလို ဖြစ်နေတယ်၊ ဒီ ထမင်းလုံးလေးကို ပုံသဏ္ဌာန် မပျက်အောင် ၀ါယောက တွန်းကန် ပေးထားတာ ဖြစ်မယ်၊ ထမင်းစေ့လေးမှာတင် ဓာတ်ကြီး လေးပါးက ရှိနေတယ်။
ပြီးတော့ အဲဒီ ထမင်းစေ့လေးမှာ အရောင်တို့ သဏ္ဌာန်တို့ မရှိဘူးလား၊ အဲဒီအရောင်နဲ့ သဏ္ဌာန်က မျက်စိနဲ့ မြင်ရတာ ဖြစ်သောကြောင့် ရုပ်တစ်ခု၊ တစ်ခါ အနံ့မရှိဘူးလား၊ အဲဒီအနံ့လေး က ရုပ်တစ်ခု၊ အရသာရော မရှိဘူးလား၊ အဲဒီအရသာလေးက ရုပ်တစ်ခု၊ ထို ထမင်းစေ့လေးကို စားခြင်းဖြင့် လူ့ရဲ့သန္တာန်မှာ တစ်စုံတစ်ခု အကျိုးဖြစ်စေတာရော မရှိဘူးလား၊ အဲဒါလေးက ရုပ်တစ်ခုတဲ့၊ ဟော ပေါင်းလိုက်တော့ ရုပ် ၈-ခုဖြစ်သွားတယ်၊ ထမင်းစေ့လေး တစ်စေ့ထဲမှာပဲနော်၊ ထမင်းစားရင်း ဆင်ခြင်ပြီးတော့ ကြည့်ပေါ့။
သြော် ဒီအတုံးအခဲလေးက ပထ၀ီပဲ၊ အဲဒီ ပထ၀ီဟာ အာပေါကြောင့် ဒီလို စုစည်းနေတာ၊ တေဇောကြောင့် တဖြည်းဖြည်း မာမာလာပြီး တောင့်သွားတာ၊ ဒီထဲက ၀ါယောကြောင့် တစ်လုံးစီ တစ်ခြမ်းစီ ဖြစ်မသွားဘဲနဲ့ ဒီလို ပုံသဏ္ဌာန်လေးက ခိုင်မြဲနေတာ၊ ဒီပေါ်မှာ အဆင်းအရောင်လေးလည်း ရှိတယ်၊
အနံ့လေးလည်း ရှိတယ်၊ အရာသာလေးလည်း ရှိတယ်၊ လူ့ရဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ သဘာဝဓာတ်ကလေးလည်း ရှိတယ်လို့ ဟောဒီလို စဉ်းစားကြည့်လို့ရှိရင် အဋ္ဌကလာပ်ရုပ် ရှစ်ခု မတွေ့ပေးဘူးလား၊ အဋ္ဌ ဆိုတာ ရှစ်၊ ကလာပ်ဆိုတာ အစု၊ ဗုဒ္ဓအဘိဓမ္မာအရ ရုပ်သည် တစ်ခုတည်း မနေဘူး၊ ရုပ်ဟာ အမြဲတမ်း အစုလိုက် နေတယ်၊ ဓာတ်ကြီလေးပါးပေါ်မှာ မှီတည်ပြီးတော့ ဖြစ်နေတယ်။
အ၀ိနိဗ္ဘောဂရုပ် ၈-ပါး
ဓာတ်ကြီးလေးပါးမှာ အဓိကအမာခံက ပထ၀ီ၊ အမာခံဖြစ်လာအောင် စုစည်းပေးထားတာက အာပေါနော်၊ ခြောက်သွေ့စေတယ်၊ ရင့်ကျက်လာစေတယ်ဆိုတာက တေဇော၊ ထိုစုစည်းမှုပြိုကွဲမသွားအောင် ထိန်းပေးထားတာက ၀ါယော၊ မျက်စိနဲ့ မြင်ရတာ လေးက ရူပ အဆင်း၊ နှာခေါင်းနဲ့ အနံ့ ရတာလေးက အနံ့၊ လျှာနဲ့ အရသာခံလို့ရတာက အရသာ၊ အကျိုးပြုတာက သြဇ၊ အဲဒီ ရုပ် ၈-ခုဟာ အ၀ိနိဗ္ဘောဂရုပ် ၈-ခု၊ အ၀ိနိဗ္ဘောဂရုပ် ၈-ခု၊ အ၀ိနိဗ္ဘောဂ ဆိုတာ ခွဲလို့မရဘူး၊ တစ်ခုနဲ့ တစ်ခု ခွဲလိုက်လို့ ရှိရင် ရုပ်အရည်အချင်း မရှိတော့ဘူး၊ ခုနက H2O ကို ခွဲလိုက်လို့ ရှိရင် ရေဆိုတာ မရှိတော့ဘူး၊ ထို့အတူပဲ အဲဒီ ၈-ခုဟာ indivisible ခွဲခြမ်းလို့ မရတဲ့ ရုပ် ၈-မျိုးလို့ ဒီလို ပြောတယ်။
လူ့ရဲ့ ခန္ဓာကိုယ်မှာလည်းပဲ ဒီအတိုင်းပဲ ကြည့်၊ လူရဲ့ ခန္ဓာကိုယ်ထဲမှာ ခေါင်းဆိုတဲ့ ပုံသဏ္ဌာန်ကြီး ဖြစ်နေတယ်၊ လက်ကလည်း ရှည်ရှည် ပုံပန်းသဏ္ဌာန် ဖြစ်နေတယ်၊ လက်ကလည်း ရှည်ရှည် ပုံပန်းသဏ္ဌာန် ဖြစ်နေတယ်၊ ခြေထောက်ကလည်း ပုံပန်းသဏ္ဌာန် ဖြစ်နေတယ်၊ အဲဒီလို ပုံပန်းသဏ္ဌာန်တွေ ဖြစ်နေတာ မှန်သမျှ အမာခံက ပထ၀ီပဲ ဒီလို ပုံပန်းသဏ္ဌာန်ကြီးပေါ်နေအောင် ဘယ်သူက စုပေးထားတာတုန်းဆိုရင် အာပေါက စုပေးထာတာ၊
ဒီပုံပန်း သဏ္ဌာန်ကြီးဟာ တဖြည်းဖြည်း ဒီလို အမာခံကြီး ဖြစ်သွားအောင် ဘယ်သူက လုပ်ပေးနေတာတုန်း ဆိုတော့ တေဇောက လုပ်ပေးတာ၊ တဖြည်းဖြည်း ရင့်ကျက်နေတယ်၊ ပုံပန်းသဏ္ဌာန်ကြီး ပြိုကွဲ မသွားအောင် ဘယ်သူက ထိန်းပေးနေတာတုန်း၊ ၀ါယောက ထိန်းပေးနေတာတဲ့၊ နောက် အဲဒီအပေါ်မှာ အဆင်းဆိုတာ ရှိတယ်၊ အနံ့ဆိုတာ ရှိတယ်၊ အရသာဆိုတာ ရှိတယ်၊ အကျိုးပြုတယ်ဆိုတာ ရှိတယ်၊ ကြည့်လိုက်မယ်ဆိုရင် လူ့ခန္ဓာ ကိုယ်မှာလည်း အဲဒီ ရုပ် ၈-ခုကို တွေ့နိုင်တယ်၊ ဒီထက် ပိုပြီးတော့ ရှာရင် ဒီထက်ပိုပြီးတော့ တွေ့ဦးမယ်။
ပါဠိလို ပြောမယ်ဆိုရင် “ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ ရူပ၊ ဂန္ဓ၊ ရသ၊ သြဇ” ။ မြန်မာလို ပြောမယ်ဆိုရင် “မြေ၊ ရေ၊ လေ၊ မီး၊ အဆင်း၊ အနံ့၊ အရသာ၊ သြဇ” လို့ ပြောရမယ်၊ မြန်မာပြန်ရတာ ရှည်တော့ ပါဠိလို သုံးလိုက်ကြတာပေါ့၊ ကိုယ်တိုင်ရှာလို့ တွေ့ပြီပဲ၊ စကားလုံး အဓိက မဟုတ်ဘူး၊ စကားလုံးဆိုတာ ထွင်ပြီးတော့သုံးသွားတာ၊ ကိုယ်နားလည်သွားလို့ရှိရင် စကားလုံးဟာ စကားလုံးပဲလေ၊ လူတောင်မှ နာမည်တွေ အခုခေတ် အရှည်ကြီး မှည့်ကြတာ မဟုတ်လား၊ ဆုံးအောင်တောင် မခေါ်နိုင်ဘူး၊ လူနာမည်တွေတောင် အရှည်ကြီး မှတ်နိုင်သေးတာပဲ၊ ပါဠိစာလုံးလေး သုံးလေးလုံးတော့ မှတ်လို့ ရကြရမှာပေါ့။
*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၉၃ - ၉၇) မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။
*ဆက်ရန်* {ရုပ်ကို ဖြစ်စေတက်တဲ့ အကြောင်းတရား ၄-ပါး၊ မဟာဘူတ} အား ဆက်လက်ရေးသား ပူဇော်ပါမည်။
No comments:
Post a Comment