Video

Tuesday, 13 January 2015

အမှတ်စဉ်(၅၂) {မျောက်ဖမ်းတဲ့ ကော်စေးနဲ့တူပုံ၊ အပြစ်နည်းပေမယ့်၊ ဟေတုသတ္တိ} အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ)


 မျောက်ဖမ်းတဲ့ ကော်စေးနဲ့တူပုံ

          လောဘဟာ အာရုံနဲ့ စိတ်ကို ကပ်ပေးထားတယ်၊ တွယ်ပေးထားတယ်၊ ကော်များလိုပဲ စိတ်ဟာ အာရုံနဲ့ တွယ်ကပ်နေအောင် မခွဲနိုင် မခွါရက်ဆိုတာ ဖြစ်နေအောင် အာရုံနဲ့စိတ်ကို မခွါနိုင်အောင် တွယ်ကပ်ပေးထားတဲ့သဘော၊ စာပေကျမ်းဂန်များမှာ ဘာနဲ့ ဥပမာပေးထားတာတုန်းဆိုတော့ - “မက္ကဋာလေပ” တဲ့၊ မက္ကဋ - ဆိုတာ မျောက်၊ အာလေပ- ဆိုတာ ကော်စေးကိုပြောတာ၊ မက္ကဋာလေပ- မျောက်ဖမ်းတဲ့ ကော်စေးလို့၊ ခုခေတ် Super Glue လိုပေါ့၊ မျောက်နှဲစေးလို့ ခေါ်တယ်။

          မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ ဥပမာ ပေးထားတယ်၊ မျောက်ဖမ်းတဲ့ ကော်စေး၊ ဟိုးရှေးတုန်းက ဟိမဝန္တာတောင်ခြေမှာ နေကြတဲ့ မုဆိုးတွေက တော်တန်းကြီးကို ဖြတ်ပြီးတော့ တစ်ပင်က တစ်ပင် ကူးနေတဲ့ မျောက်တွေကို ဖမ်းတဲ့အခါမှာ လေးနဲ့ ပစ်ပြီးတော့ မဖမ်းဘူး၊ ထောင်ချောက်နဲ့ မဖမ်းဘူး၊ ကော်စေးကိုအသုံးပြုပြီးတော့ ဖမ်းတယ်၊ အဲဒီကော်စေးလေးကို Lime လို့ ခေါ်တယ်၊

          အင်္ဂလိပ်လိုက စာကလေးတွေ ငှက်သေးသေးလေးတွေကို ဖမ်းတဲ့ ကော်စေးကို bird lime လို့ခေါ်တယ်၊ အခုဟာကျတော့ monkey lime ပေါ့၊ လူဖမ်းရင်တော့ human lime လို့ ခေါ်ရမယ်ထင်တယ်၊ super glue လိုဟာမျိုး ကပ်တယ်၊ စေးကပ်တဲ့အရာ ကော်ပါပဲ၊ ကော်လို့ပဲ ပြောလိုက်တာပေါ့၊ ကော်ဆိုပေမယ့် သာမန်ကော်မဟုတ်ဘူး၊ ရုန်းထွက်လို့ မရအောင် ကပ်တဲ့ကော်မျိုး၊ မျောက်တွေ သွားတဲ့နေရာကို လေ့လာပြီးတဲ့အခါ မျောက်အုပ်ကြီး ဒီနေရာက ဖြတ်တယ်ဆိုရင် အဲဒိနေရာက သစ်ကိုင်းတွေမှာ အဲဒီ ကော်စေးတွေ လိုက်သုတ်ထားတယ်၊

         
မျောက်အုပ်ထဲမှာလည်း လိမ္မာပါးနပ်တဲ့ မျောက်တွေရှိသလို ပြောင်ချော်ချော် မျောက် Naughty Monkey တွေလည်းရှိကြတယ်၊ မျောက်ဆိုတာ အလွန် စူးစမ်းတက်တယ်၊ ဘာဖြစ်ဖြစ် သူက သိချင်တယ်၊ မျောက်က အငြိမ်မနေဘူး၊ လိမ္မာတဲ့ မျောက်တွေကတော့ ကော်စေးတွေ ပြင်တဲ့အခါကျတော့ ‘ဟ- ဒါက ငါတို့ မမြင်ဖူးဘူး၊ အရင်က မရှိဘူး၊ ဒါ အန္တရာယ်ရှိတယ်’ ဆိုပြီးတော့ ဝေးဝေးက ရှောင်တယ်၊ အဲဒီလမ်း မသွားဘူး။

          ဟို နေရာတကာ စပ်စပ် စပ်စပ်နဲ့ သိချင်တဲ့ မျောက်ကျတော့ ဘာတွေတုန်းဆို စူးစမ်း လေ့လာချင်တယ်၊ သွားပြီးတော့ အစေးကို လက်နဲ့ သွားကိုင်တယ်၊ ရုန်းမရဘူး၊ ရုန်းမရလို့ ဘာလုပ်တုန်းဆိုရင် ခြေထောက်တစ်ဖက်နဲ့ တွန်းကန်ပြန်တယ်၊ တွန်းကန်တော့ မကွာဘူး၊ အဲဒီ ခြေထောက်တစ်ချောင်းနဲ့ တွန်းလိုက်ပြန်တော့ ၄-ဖက်လုံး ကပ်သွားတယ်၊ နှုတ်သီးပဲ ကျန်တော့တယ်၊

          ကဲနောက်ဆုံး မရတော့ နှုတ်သီးနဲ့ ထိုးပြီးတော့ ရုန်းတယ်၊ နှုတ်သီးပါ ကပ်သွားတယ်၊ ပဉ္စောဍ္ဍတော - ငါးဋ္ဌာနလုံး သူ အချုပ်ခံလိုက်ရတယ်၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်၊ နှုတ်သီး၊ အားလုံး ကော်စေးနဲ့ ကပ်နေပြီး ရုန်းမသွားနိုင်တော့ဘူး၊ အဲဒီ မျောက်ကို ချောင်းနေတဲ့ မုဆိုးက အသာလေး လာပြီးတော့ ဖမ်းယူသွားတယ်။ အဲဒီလို မြတ်စွာဘုရားက မက္ကဋာလေပသုတ်မှာ ဟောထားတာ ရှိတယ်။

          လောဘဆိုတဲ့ သဘာဝ တရားဟာ စိတ်ရဲ့ အညစ်အကြေးတစ်ခုပါတဲ့၊ သူ့ကို ဖယ်ရှားဖို့ ကြိုးစားရမယ်၊ မဖယ်ရှားနိုင်ဘူး ဆိုရင် အာရုံနဲ့ စိတ်နဲ့ ကပ်ပြီး ဒုက္ခရောက်ဖို့ပဲ၊ ဒုက္ခသမုဒယ - ဒုက္ခဖြစ်စေတဲ့ အကြောင်းတရားပဲ။


အပြစ်နည်းပေမယ့်

          လောဘနဲ့ ပတ်သက်ပြီး မြတ်စွာဘုရား ထိုထို ဒေသနာတွေမှာ ဟောထားတာ အများကြီးပဲ ရှိတယ်၊ လောဘဟာ ဒုက္ခအပေးဆုံးပဲလို့ ဒီလို ဟောတယ်၊ အင်္ဂုတ္ထိုရ်မှာတော့ မြတ်စွာဘုရားက လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ဒီ အကုသိုလ်ရဲ့  အမြစ် ၃-ခုဟာ တစ်ခုနဲ့တစ်ခု ထူးခြားမှု ရှိတယ်တဲ့၊ လောဘက မျောက်နှဲစေးလို ကပ်ပေမယ့်လို့ အစေးဆိုတာ ရေလေးနဲ့ ဆွတ်ခွါရင် မရဘူးလား၊

          ရေထိရင် ပြုတ်ထွက်သွားမှာ၊ ရေနဲ့ဆို ကပ်လို့ မရတော့ဘူးနော်၊ ဒီလောဘကလည်းပဲ ဘယ်လောက်ပဲ ကပ်ကပ်၊ ဘယ်လောက်ပဲ စွဲစွဲ၊ သူကလည်း ခွါတဲ့နည်းနဲ့ ခွါလိုက်ရင် ခွါလို့ရတယ်၊ ဒါကြောင့်မို့ လောဘကို ခွါလို့တော့ ရတယ်၊ လွယ်လွယ်ကူကူနဲ့ ခွါလို့ရတဲ့ဟာမျိုးတော့ မဟုတ်ဘူး။

          အဲဒါကြောင့်မို့ လောဘရှိနေလို့ လူတွေ ဒုက္ခရောက်နေတယ် ဆိုပေမယ့် ဟောဒီ လောဘလေးနဲ့ပဲ နတ်ပြည်ရောက်မသွားနိုင်ဘူးလား၊ ဗြဟ္မာ့ပြည်ရော ရောက်မသွားနိုင်ဘူးလား၊ လောဘတန်းလန်းလေးနဲ့ ရောက်တယ် ပြောတာနော်၊ လောဘကြောင့် ရောက်တာ ပြောတာမဟုတ်ဘူး၊ ကော်လေး တန်းလန်းနဲ့ လူ့ပြည်လည်း သွားလို့ရတယ်၊ နတ်ပြည်လည်း သွားလို့ရတယ်၊ ငရဲဆိုတာတော့ မပြောနဲ့တော့၊ 

          ဟောဒီ လောဘဆိုတဲ့ ကော်တန်းလန်းလေးနဲ့ပဲ နိဗ္ဗာန်ကလွဲရင် ရောက်တယ်၊ သူ့ကြောင့် ရောက်တာတော့ မဟုတ်ဘူးနော်၊ ရှိနေတုန်း ရောက်တယ်ပြောတာ၊ အကုသိုလ်ကြောင့် နတ်ပြည်ရောက်တယ်လို့ ထင်နေမယ်၊ သူ့ကြောင့်တော့ မရောက်ဘူး၊ သို့သော် သူရှိနေပေမယ့်လို့ ရောက်တယ်။

          ဒါကြောင့်မို့ မြတ်စွာဘုရားက လောဘဟာ အပ္ပသာဝဇ္ဇော- အပြစ်ဒီလောက်ကြီး မရှိဘူး၊ သားနဲ့ သမီးနဲ့ မိသားစုနဲ့ နေပြီးတော့ ကုသိုလ်ကောင်းမှု လုပ်ပြီးတော့ ဘဝတစ်ခုကနေ တစ်ခု ဝိသာခါတို့လိုပေါ့၊ ကောင်းတဲ့ဘဝ ရောက်သွားတာ တွေကော မရှိဘူးလား၊ လောဘတန်းလန်းနဲ့ ကောင်းတဲ့ဘဝရောက်နေကြတယ်၊ အပ္ပသာဝဇ္ဇော - အပြစ်တော့ သိပ်မကြီးဘူးတဲ့၊

          သို့သော်လည်း ဒန္ဓဝိရာဂီ တဲ့၊ ပျောက်အောင်လုပ်ဖို့ ကျတော့ တော်တော်ခက်တယ်တဲ့၊ စွဲနေတဲ့ အရာဖြစ်လို့ ချွတ်ဖို့ နည်းနည်းခက်တယ်လို့ ပြောတယ်၊ အဲဒီ လောဘဟာ အပ္ပသာဝဇ္ဇ- အပြစ်နည်းတယ်လို့ ဆိုတာ၊ မိသားစုဘဝ,  ဒီ အိမ်ထောင်သည်ဘဝနဲ့ပဲ နတ်ပြည်ရောက်အောင် ကုသိုလ်ကောင်းမှု လုပ်လို့ရတယ်၊ ဒီဟာကို ပြောတာနော်၊ ကောင်းတဲ့ဘဝတွေ ရောက်နိုင်တယ်လို့ ဆိုလိုတယ်။
         
          လောဘဆိုတာ ငရဲကို ကျစေတက်တဲ့ အပါယဂမနီယ လောဘရှိသလို လောဘတိုင်းဟာ အပါယ်ကို ချတာ မဟုတ်ဘူး၊ သူ့ရဲ့ စွမ်းဆောင်ချက်တွေက အမျိုးမျိုးရှိတယ်၊ လောဘပေမယ့် လောဘချင်း မတူဘူးနော်၊ တချို့ လောဘက အပါယ်ကို ကျစေတယ်၊ တချို့လောဘက အပါယ်ကိုတော့ မပို့ဘူး၊ သို့သော် အနည်းငယ်တော့ ဒုက္ခပေးတာပေါ့၊ လောဘရှိရင် တွယ်တာတက်တယ်၊ တွယ်တာရင် စိုးရိမ်ရတယ်၊  သောကဖြစ်ရတယ်၊ ဒီ ပစ္စုပ္ပန်ဘဝမှာ ဒါလေးကတော့ ရှိတယ်။


ဟေတုသတ္တိ
         
          အဲဒီ လောဘကို မြတ်စွာဘုရားက ပဋ္ဌာန်းမှာ ဟေတုပစ္စယောလို့ ဟောတယ်၊ လောဘဟာ အကုသိုလ်တွေရဲ့ အမြစ်တစ်ခုပဲ၊ လောဘလေး ပေးလာလို့ရှိရင် အဲဒီစိတ်ကူးဟာ ဒီလောဘလေးနဲ့ တွဲနေတဲ့ စိတ်ကူးပဲ ကူးတယ်၊ တခြား စိတ်ကူး မကူးဘူး၊ ပြောလို့ရှိရင်လည်း လောဘကို အခြေပြုတဲ့ စကားမျိုးကိုပဲ ပြောမယ်၊ လုပ်ရင်လည်း လောဘကို အခြေပြုတဲ့ အလုပ်မျိုးကို လုပ်တယ်၊ ဒါကိုပဲ အမြစ်ရှိနေတဲ့ သစ်ပင်သည် အကိုင်းအခက်တွေလည်း ထွက်မယ်၊ အပွင့်တွေလည်း ပွင့်မယ်၊ အသီးတွေလည်းသီးမယ်။
          ဟေတုပစ္စယော ဆိုတာ အမြစ်ဟာ အပွင့်တွေ, အသီးတွေ, အကိုင်းအခက်တွေ, ဝေဆာအောင် ထန်းထားတာ၊ ရှင်သန်နေအောင် ထိန်းထားနိုင်တယ်၊ လောဘကလည်း ထို့အတူပဲ၊ လောဘနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေ၊ ကြံစည်မှုတွေ၊ လုပ်ကိုင်မှုတွေကို ထန်းထားတယ်၊ လောဘ ပျောက်သွားတာနဲ့ တပြိုင်နက် အဲဒီ အခြေအနေတွေလည်း အကုန် ပျောက်သွားတယ်လို့ ပြောတာ။

** ဆက်ရန် **  {လောဘမူလစိတ် ၈-မျိုးဖြစ်ပုံ၊ ဒေါသ၊ ဒေါသမီး၊ မြွေဟောက်လို၊ အပြစ်ကြီးပေမယ့်၊ ဒေါသရဲ့ အပြစ်၊ ဒေါသမူစိတ် ၂-မျိုးဖြစ်ပုံ}

*ကောက်နှုတ်ချက်* အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (စာ ၂၆၄-၂၆၉)  မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။

No comments:

Post a Comment

Gold price estimated