အလောင်းတော်၏ဉာဏ်ဓာတ်
ဘုန်းကြီးတို့၏ ဗုဒ္ဓအလောင်းတော်လည်း အထွတ်အထိပ် အသိဉာဏ်ကိုရဖို့ရန် ကမ္ဘာပေါင်းများစွာတို့ဝယ် အသိဉာဏ်ကို မသန့်ရှင်းအောင် မြှေးယှက်ဖုံးကွယ်တတ်သော လောဘ ဒေါသ စသည်ကို ဒါနပါရမီ စသည်ဖြင့် ပယ်ရှားခဲ့လေရာ တစ်ကမ္ဘာထက် တစ်ကမ္ဘာ တစ်ဘ၀ထက်တစ်ဘ၀ အသိဉာဏ် သန့်ရှင်းစင်ကြယ်ကာ ရင့်၍ ရင့်၍သာ လာခဲ့ပေသည်၊ ပြုပြုခဲ့သမျှ ဒါန သီလ အစရှိ သော ကောင်းမှုအထူးတို့လည်း အလွန့်အလွန် များပြားလှသဖြင့် တစ်ဘ၀ တစ်ခါ အကျိုးပေး၍ မကုန်နိုင်ဘဲ နောက်ဆုံးဘ၀ သဗ္ဗညုတဉာဏ် ရချိန်တန်မှ အားလုံးစုံ စုပေါင်း၍ အကောင်းဆုံး အကျိုးပေးဖို့ရာ အားခဲနေကြသကဲ့သို့ ရှိလေသည်၊
ထို့ကြောင့် နောက်ဆုံး သိဒ္ဓတ္ထမင်းသားဘ၀၌ စဉ်းစားဉာဏ် စိတ်ကူးဉာဏ်တို့၏ အခြေခံဉာဏ်မျိုးစေ့သည် သူတစ်ပါးနှင့် မတူအောင် ထက်သန် ထူးခြားစွာ ပါလာ၏၊ “အိုမှု နာမှု သေမှုဆိုတာမျိုး ရှိလျှင် မအိုမှု မနာမှု မသေမှုဆိုတာလည်း ရှိရမည်” စသော အထူးအဆန်း စိတ်ကူးဉာဏ်တွေသည် တွေးရင်းတွေးရင်း ကြံစည်စဉ်းစားရင်း ပေါ်ပေါက်လာ၏၊ သို့ဖြစ်၍ ထီးနှင့်နန်းနှင့် ယသော်ဓရာနှင့်အတူ မနေချင်စိတ်တွေ အလိုလို ဖြစ်ပေါ်လာရကား မအို မနာ မသေနည်းကို ရှာလိုသော စိတ်တွေ တရိပ်ရိပ်နှင့် ဒီဂရီတက်သလို နေလေတော့သည်။
တောထွက်၍ပညာရှာပုံ
ထိုသို့ တိုးတက်လျက်ရှိရကားအသက် (၂၉)နှစ်အရွယ် ရောက်သောအခါ ညဥ့်သန်းခေါင် အချိန်မှာ ထီးနန်းကို စွန့်ခွာတော်မူပြီးနောက် အရေးတကြီး အသိဉာဏ်အထူးကို ရချင်လှသော ကြောင့် ဆရာကောင်းများကို စုံစမ်းရှာဖွေရာ ထိုခေတ်က လောကီဈာန်အဘိညာဉ်ဖြင့် တင်းတိမ်နေကြသော ရသေ့တို့တွင် အပါအ၀င်ဖြစ်သော အာဠာရ ရသေ့နှင့် တွေ့၍ ဆရာနည်း ခံယူလေသည်၊ ထိုအခါ ဆရာကြီးမှာသာ သဒ္ဓါ ပညာ ရှိသည်မဟုတ်, ငါ့မှာလည်း သဒ္ဓါ ပညာရှိ၏၊ ထို့ကြောင့် ဆရာကြီးရသော တရားကို ငါလည်း ရအောင် ကြိုးစားမည်ဟု အပူတပြင်း ကြိုးစားလေသည်၊ ထိုအခါ ဈာန်သမာပတ် ရှစ်ပါးတွင် သတ္တမ သမာပတ်အထိသာ ထိုဆရာကြီး ပြနိုင်၍ ရည်ရွယ်အပ်သော အသိဉာဏ်အထူး ပေါ်လာအောင် မပြနိုင်ချေ၊ ဥဒကရသေ့ ဆရာကြီးအထံ နည်းခံရာ၌လည်း အဋ္ဌမသမာပတ် တစ်မျိုးကိုသာ အပိုရခဲ့၍ ထိုဆရာကြီးတို့ထံမှ ထွက်ခွာပြီးလျှင် တစ်ပါးတည်း ထင်ရာ မြင်ရာကို ကြိုးစားတော်မူလေရာ (၆)နှစ် လောက်နီးနီး ခရီးမရောက်ခဲ့ပါ။
လမ်းမှားကို လိုက်မိပြီးမှ
(ရှေးကျသော ဗုဒ္ဓဘာသာဝင်များ လမ်းမှန်ကို တွေ့ရပုံ သည် အားမနာတမ်း ပြောရလျှင်) ဘုန်းကြီးတို့၏ အလောင်းတော်မြတ်သည် ထို(၆)နှစ်နီးနီးမှာ လမ်းအမှားကြီး မှားနေခြင်းပင် ဖြစ်ပါသည်၊ သို့ဖြစ်၍ ဗုဒ္ဓဖြစ်ပြီးနောက် မကြာခင် (ပထမသတ္တာဟ၌ပင်) … “မုတ္တော ၀တမှိ တာယ အနတ္ထသံဟိတာယ ဒုက္ကရကာရိကာယ= (၆)နှစ်ပတ်လုံး အကျိုးမရှိသော ထိုဒုက္ကရစရိယာအကျင့်မှ လွတ်ခဲ့ရ ပေပြီ”ဟု ထို(၆)နှစ်အတွင်းက မှားယွင်းခဲ့သော အကျင့်များကို ပြန်၍ တွေးတောမိပါလေသည်၊ ထိုသို့ (၆)နှစ်နီးနီး ခရီးမရောက်ဘဲ ရှိပြီးမှ လမ်းမှန်ကို ရ၍ တရားအားထုတ်တော်မူလေရာ ကဆုန်လပြည့် ရောက်သောအခါ နံနက်စောစောကပင် သေနာနိဂုံးသူ “သုဇာတာ” မည်သော သူဌေးကတော်ကလေး၏ ဃနာနို့ဆွမ်းကို (၄၉)လုတ်မျှ ဘုဉ်းပေးတော်မူ၏။ [လက်ဖြင့် ကိုင်၍ ရလောက်အောင် ခပ်ပျစ်ပျစ် နို့ဆွမ်းကို “ဃနာနို့ဆွမ်း”ဟု ခေါ်၏၊ ဃန=ပျစ်သည်။]
Credit to
No comments:
Post a Comment