Video

Saturday 31 May 2014

အနာဂတ်သာသနာရေး အပိုင်း(၂၆) ပညာဖြင့် မောဟ, ဒိဋ္ဌိပယ်ပုံ



ပညာဖြင့် မောဟ, ဒိဋ္ဌိပယ်ပုံ
          ဗုဒ္ဓအလောင်းတော်သည် ဘ၀များစွာဝယ် ငယ်ရွယ်စဉ်ကပင် ပညာကို ကြိုးစားခဲ့၍ အရွယ်ရောက်သောအခါ၌ တဖြည်းဖြည်း ပါမောက္ခဆရာကြီး ဖြစ်ရ၏၊ ထိုသို့ ဆရာကြီး ဖြစ်လာသောအခါ မသိမှု မိုက်မဲမှု မောဟတို့သည် အလိုလျောက် ပပျောက်ကုန်၏၊ သူ့ခေတ်သူ့ခါအလျောက် ရှေးရှေးက အစွဲအလမ်း မှားနေသော အထင်မှား အမြင်မှား မိစ္ဆာအယူ (ဒိဋ္ဌိ)များလည်း ဘ၀တိုင်းမှာ တွေ့ရတတ်သေး၏၊ [ယခုအခါ တိုင်းပြည်အရပ်ရပ်၌ အယူဝါဒ အမျိုးမျိုး ရှိနေသကဲ့သို့တည်း၊ ထိုအယူဝါဒများစွာတွင် တစ်မျိုးနှင့် တစ်မျိုး ဆန့်ကျင်ဘက် ဖြစ်နေသော အယူဝါဒလည်း အများအပြား ရှိ၏၊ ထိုသို့ ဆန့်ကျင်နေရာဝယ် ဧကန်မုချ တစ်ခုခုတော့ လွဲရတော့ မည်သာ၊ မည်သည့် အယူဝါဒပင်ဖြစ်စေ လွဲမှားနေသော အယူကို “မိစ္ဆာဒိဋ္ဌိ”ဟု ခေါ်ရ၏၊] ပညာတတ်ပါမောက္ခကြီး အဖြစ်သို့ ရောက် ရဖန်များသော ဘုရားအလောင်းသည် မိမိ၏ တတ်သိသော ဉာဏ်ပညာကို အရင်းခံ၍ ဝေဖန်စဉ်းစား ဆင်ခြင်တုံတရားဖြင့် ထိုမိစ္ဆာ အယူဝါဒများကို ပယ်ရှားနိုင်ခဲ့၏၊ ဤသို့ ဘ၀များစွာဝယ် မိစ္ဆာအယူ တွေကို ပယ်ခဲ့လှပြီ ဖြစ်၍ အလောင်းတော်၏ သန္တာန်၌ မသိမှု မလိမ္မာမှု မောဟနှင့် အယူအဆလွဲမှားမှု ဒိဋ္ဌိတရားလည်း မရှိသလောက်ပင် နည်းပါးလေတော့သည်။

ဆရာမြတ်ထံ ဆည်းကပ်၍ ၀ိစိကိစ္ဆာပယ်ပုံ
ဗုဒ္ဓအလောင်းတော်သည်   မိမိကိုယ်တိုင် ပညာရှိ ဖြစ်နေသော်လည်း အလုံးစုံကို အကုန်သိမြင် နိုင်သောဉာဏ်ကား(ဗုဒ္ဓမဖြစ်သေးသမျှ) မရနိုင်သေးချေ၊ ထို့ကြောင့် “ရှေးရှေးက မိမိဖြစ်ခဲ့ မဖြစ်ခဲ့, နောက်ဘ၀၌ ဖြစ်မည် မဖြစ်မည်, ကံ ရှိ မရှိ, ကံ၏အကျိုး ရှိ မရှိ, သတ္တ၀ါတွေ၏အစ ရှိ မရှိ, ငရဲ နတ်ပြည် ဗြဟ္မာ့ပြည်နှင့် နိဗ္ဗာန်ဆိုတာ ရှိ မရှိ, ခန္ဓာကိုယ်အတွင်း၌ အတ္တဟု ခေါ်သော တစ်ဘ၀မှ တစ်ဘ၀သို့ ပြောင်းရွှေ့လိုက်ပါနိုင် သော အသက်ကောင် ၀ိညာဉ်ကောင်ဆိုတာ ရှိ မရှိ” ဤသို့ စသော ယုံမှားစရာ, တွေးစရာတွေကို ယုံမှားနေသော ၀ိစိကိစ္ဆာကား မကြာခဏ ဖြစ်တတ်ပါသေးသည်။
          ဗုဒ္ဓအလောင်းတော်သည် ရှေးရှေး ဗုဒ္ဓရှင်တော်များ၏ အထံ၌ ဆည်းကပ်၍လည်းကောင်း, ရဟန်းပြု၍လည်းကောင်း, ပစ္စေကဗုဒ္ဓါ နှင့် ရဟန်းများအထံ ချဉ်းကပ်၍လည်းကောင်း ထိုယုံမှားဖွယ်အချက် များကို မေးမြန်း စုံစမ်း၍ ထို ယုံမှားမှုတွေကို  ပယ်ဖျောက်ခဲ့ရ၏၊ ထို့ကြောင့် အလောင်းတော်၏ သန္တာန်ဝယ် ၀ိစိကိစ္ဆာဟု ခေါ်ဆို ရသော ယုံမှားမှုများလည်း မရှိသလောက် နည်းပါးခဲ့ပေသည်။ [ဗုဒ္ဓအလောင်းတော်သည် ရှေးရှေးဗုဒ္ဓတို့၏အထံတော်၌ ရဟန်းပြု၍ ပိဋကတော်ကို သင်ယူ ပို့ချနေရုံသာမက ၀ိပဿနာကိုလည်း မဂ်ဖိုလ် ဆိုက်လုနီးနီး အားထုတ်တော်မူခဲ့ပေသည်။]

No comments:

Post a Comment

Gold price estimated