Video
Saturday, 31 May 2014
အနာဂတ်သာသနာရေး အပိုင်း(၄၉) သမ္မာဒိဋ္ဌိ
သမ္မာဒိဋ္ဌိ
[သမ္မာ = မှန်သော + ဒိဋ္ဌိ = အမြင် (အသိဉာဏ်)]
မှန်သော ဉာဏ်အမြင်ကို ““သမ္မာဒိဋ္ဌိ””ဟု ခေါ်၏၊ ထို သမ္မာဒိဋ္ဌိသည် ကမ္မဿကတာဉာဏ်, ၀ိပဿနာဉာဏ်ဟု နှစ်မျိုးရှိ၏၊ ကောင်းသောအရာဖြစ်စေ, မကောင်းသောအရာဖြစ်စေ သိသိ သာသာ စိတ်ပါလက်ပါ ပြုအပ်သော ကိုယ်မှု နှုတ်မှု စိတ်မှုတို့သည် အမှတ်တမဲ့စိတ်များနှင့် မတူဘဲ ဆိုင်ရာကိစ္စ၌ ဗျာပါရ ရှိနေကြသည်၊ ထိုစိတ်၏ ဗျာပါရ (စိတ်၏လှုံ့ဆော်မှု)ကိုပင် အဘိဓမ္မာသဘော အားဖြင့် ““စေတနာစေတသိက်””ဟု ခေါ်၍ ထိုလှုံ့ဆော်မှု စေတနာ ဗျာပါရကိုပင် ““ကံ=အမှုသည်=လက်သည်””ဟု ဆိုရပါသည်၊ ပြုလုပ် ပြောဆို ကြံစည်စိတ်ကူးပြီးသောအခါ ထို(စေတနာ)ကံသည် ချုပ်ကွယ်သွားသော်လည်း သူ၏သတ္တိကား မပျောက်ကွယ်ဘဲ ခန္ဓာ အစဉ်မှာ တည်ရှိရစ်ပါသည်။
          ဥပမာ…ပညာသင်ကြား၍ တတ်မြောက်သူတို့သန္တာန်၌ ထိုသင်ထားသော ကျက်စာတွေ မေ့ပျောက်သွားသော်လည်း ထိုစာနှင့် ဆိုင်သော အသိဉာဏ်ဓာတ်ခံမှာမူ အဖတ်တင်ရစ်သကဲ့သို့တည်း၊ ထိုသို့ အဖတ်တင်ရစ်သော ကံ၏သတ္တိသည် ယခုဘ၀မှာဖြစ်စေ, နောက်နောက် ဘ၀မှာဖြစ်စေ အကျိုးပေးခွင့် ကြုံလာလျှင် အကျိုးပေးနိုင်၏၊ အလွန်ထက်သန်သော ကံတချို့သည် ယခုဘ၀မှာပင် အကျိုးပေး၏၊ အချို့ကံကား နောက်ဘ၀၌ သူနှင့် ထိုက်တန်သော ဘုံဘ၀ကို ရခြင်း, သူ့ကို အကူအညီပေးမည့် ဉာဏ် ၀ီရိယ စိုက်ထုတ်၍ အလုပ်လုပ်ခြင်းများနှင့် တွေ့ကြုံရသောအခါ အကျိုး ပေး၏၊
ဤသို့ တစ်စုံတစ်ယောက်၏ အလိုကြောင့် ကောင်းကျိုး မကောင်းကျိုး ခံစားရသည်ဟု မယူဆဘဲ မိမိပြုအပ်သော ကံနှင့် ဉာဏ် ၀ီရိယတို့၏ ကောင်းမှု မကောင်းမှုကြောင့်သာ ကောင်းကျိုး မကောင်းကျိုး ခံစားရသည်ဟု သိမြင် နားလည်ခြင်းသည်… ““ကမ္မဿကတာသမ္မာဒိဋ္ဌိ”” မည်၏၊ [ကမ္မဿကတာ=ကံသာလျှင် ရောက်ရာ ဘ၀၌ လိုက်ပါ၍ ကိုယ်ပိုင်ဥစ္စာရှိကြောင်း (ပစ္စည်းဥစ္စာ ရတနာတို့ကား နောက်နောက်ဘ၀သို့ မပါသဖြင့် ကိုယ်ပိုင်ဟု မဆို နိုင်ကြောင်း)ကို+သမ္မာဒိဋ္ဌိ=အမှန်အတိုင်း သိမြင်သောဉာဏ်။]
ခန္ဓာကိုယ် အနိစ္စဖြစ်ပုံ  မိမိကိုယ်ကို  လူသူ  တိတ်ဆိတ်၍ ဆိတ်ငြိမ်သော အရပ်သို့ ရောက်နေပါစေ၊ တတ်နိုင်လျှင် တောရိပ် တောင်ရိပ်ဝယ် စီးသော ရေအလျင် တို့၏ ကမ်းပါး၌ ကမ္မဋ္ဌာန်းတရား အားထုတ်ဖွယ်ကောင်းသော ကျောင်းသင်္ခမ်းကလေးမှာ ရောက်နေပါစေ၊ ထိုနေရာကလေးကို ကြည့်၍ နှစ်သက်မှု ပီတိဖြစ်ကာ… 
““ယခု အားထုတ်တော့မည့် ကမ္မဋ္ဌာန်းအလုပ်ဖြင့် အပါယ်လေးပါးဒုက္ခများနှင့် အိုနာသေရေးတို့မှ ကင်းဝေးရပေတော့မည်””ဟု ရွှင်ကြည် အားတက်သောစိတ်ကို အခြေတည်၍ ယောဂီသူတော်စင်တို့ ထိုင်နည်းကျကျ (တရားရပြီး သူတို့ သမာပတ်ဝင်စားနေကြသောပုံ) တခြားအာရုံသို့ စိတ်မရောက် စေဘဲ မိမိ၏ ခန္ဓာကိုယ်၌ပင် စိတ်စွဲ၍ ““မြဲသလား, မမြဲဘူးလား””ဟု စဉ်းစားချက် ထုတ်ကြည့်ပါ၊ (အသက် ၄၀ ရှိသူအတွက်) မိမိခန္ဓာ ကိုယ်သည် အမိဝမ်းမှ ဖွားမြင်ခဲ့ပြီးနောက် အနှစ် (၄၀) ကြာပြီဟု ဆိုကြပါစို့၊ ပထမနှစ် ဖွားခါစရုပ်သည် ဒုတိယနှစ်ရုပ်နှင့် မတူသကဲ့သို့ (၃၀)အရွယ်တုန်းကရုပ်လည်း ယခု(၄၀)အရွယ်ရုပ်နှင့် မတူကြောင်း ထင်ရှားနေပြီမဟုတ်ပါလော။
          ဆက်ဦးအံ့… ခန္ဓာကိုယ်သည် တစ်နှစ်နှင့်တစ်နှစ် မတူအောင် ပြောင်းလွဲလာရာ၌ တစ်နှစ်ပြည့်မှ ဗြုန်းခနဲ ပြောင်းလဲလာသည် မဟုတ်၊ တစ်နှစ်အတွင်း (၁၂)လရှိရာဝယ် လတိုင်း လတိုင်း ပြောင်း လဲလျက်ပင်၊ တစ်လအပြည့် အပြည့်ကျမှလည်း ဗြုန်းခနဲ ပြောင်းလဲ သွားသည် မဟုတ်၊ တစ်လအတွင်း ရက်ပေါင်း (၃၀)ရှိရာဝယ် ရက်တိုင်းရက်တိုင်း ပြောင်းလဲနေသည်သာ တည်း၊ တစ်ရက်တစ်ရက် ပြည့်မှလည်း ဗြုန်းခနဲ ပြောင်းလဲသည်မဟုတ်၊ တစ်ရက်အတွင်း၌ (၂၄)နာရီရှိရာဝယ် နာရီတိုင်း နာရီတိုင်း ပြောင်းလဲလျက်သာတည်း၊ တစ်နာရီ တစ်နာရီ ပြည့်မှလည်း ဗြုန်းခနဲ ပြောင်းလဲသည်မဟုတ်၊ တစ်နာရီအတွင်း မိနစ် (၆၀)ရှိရာဝယ် မိနစ်တိုင်း မိနစ်တိုင်း ပြောင်း လဲလျက်သာတည်း၊ တစ်မိနစ်၌ စက္ကန့် (၆၀)ရှိရာဝယ် တစ်စက္ကန့်၏ အစိတ်အပိုင်း အချိန်ကလေးမှာပင် ရုပ်တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲ လျက်သာတည်း၊ ကျမ်းဂန်တို့၌ကား လက်ဖျောက်တစ်ချက်တီးအချိန် အတွင်းမှာ ကုဋေပေါင်းများစွာ ဖြစ်၍ ပျက်နိုင်ကြ၏ဟု ဆို၏။
          ထိုသို့ အလွန် လျင်မြန်စွာ ဖြစ်ပျက်နေသော်လည်း ရှေ့ရုပ်နှင့် နောက်ရုပ်များ တစ်ထပ်တည်းပင် တူနေသောကြောင့် အဟောင်း အဟောင်း ရုပ်တွေ  ပျက်၍  အသစ်  အသစ်ရုပ်တွေ  ဖြစ်လျက် ဖြစ်လျက်နေသည်ကို မသိနိုင်ကြဘဲ တစ်နှစ်လောက် နှစ်နှစ်လောက် ငါးနှစ်လောက် ဆယ်နှစ်လောက်ကျော်မှ အလျင် ရုပ်များနှင့် မတူကြောင်းကို သိကြရလေသည်။
ပုလဲကုံးဥပမာ  တစ်နှစ်လျှင် ရက်ပေါင်း(၃၆၅)ရက်ရှိရာ အသက်(၄၀) ရှိသူအတွက် ရက်ပေါင်း (၁၄၆၀၀  တစ်သောင်းလေးထောင်ခြောက်ရာ) ရှိသောကြောင့် တရက်လျှင် ပုလဲ တစ်လုံးကျဖြင့် တစ်လုံးနှင့်တစ်လုံးလည်း မသိမသာ အရွယ်ချင်း ခြားနားစေ၍ ကြီးရာမှ တဖြည်းဖြည်း သေးငယ်လာစေပြီးလျှင် ပုလဲ အလုံးပေါင်း တစ်သောင်းလေးထောင်ခြောက်ရာ စီကုံးထားရာဝယ် ရှေ့အလုံးနှင့် နောက်အလုံးကို ယှဉ်ကြည့်လျှင် ထူးခြားသည်ဟု မထင်ရသော်လည်း အလုံး လေး ငါး ခြောက်ဆယ်ခြားလောက် ယှဉ်ကြည့်လျှင် အတော်ထူးခြားသည်ကို တွေ့ရ၏၊
ရှေ့ဆုံးပုလဲလုံး နှင့် နောက်ဆုံးပုလဲလုံးကား အကြီးအငယ် အလွန်ကွဲပြားခြားနားနေ တော့၏၊ ထို့အတူ နေ့ရှိသမျှ ရုပ်တွေ ပြောင်းလဲ၍ ဖြစ်နေကြရာ၌ ရှေ့ရုပ်နှင့် နောက်ရုပ် ထူးခြားပုံကို မသိနိုင်သော်လည်း တစ်နှစ်နှင့် တစ်နှစ် ပြောင်းလဲပုံစသည်တို့မှာ အတော်သိသာပါသည်၊ ပထမနှစ် ရုပ်နှင့် (၄၀)ပြည့်နှစ်ရုပ်တို့ ကွဲပြားကြောင်းမှာ ပြောစရာမလိုတော့၊ ဤသို့ ရှုဖန်များလျှင် ခန္ဓာကိုယ်သည် ဖြစ်သည့်အတိုင်း မတည်ဘဲ ပျက်၍ ပျက်၍ နေသောကြောင့် ““မမြဲသော အနိစ္စပါတကား””ဟု ဉာဏ်၌ ထင်ရှားလာပါလိမ့်မည်။
အနိစ္စမှန်လျှင် ဒုက္ခချည်း
မမြဲသောအရာ ဟူသမျှသည် ဒုက္ခချည်းဖြစ်၏၊    အလွန် ကြီးကျယ်သော    စည်းစိမ်ရှင်တွေကို အများတို့က သုခတုံးကြီးဟု ထင်မြင်နေကြ၏၊ ထိုစည်းစိမ်ရှင်ကြီးတွေ၏ (အများမသိနိုင်သော) အတွင်းရေး ဒုက္ခ တွေကို ဖယ်ထားပါဦးတော့၊ စည်းစိမ်ရှင်ကြီးတွေ မသေသေးခင် မင်းစိုး စသောဘေး, စစ်ဘေး စစ်ဒဏ်ကြောင့် စည်းစိမ်ပျက်၍ ဒုက္ခ ဖြစ်ပုံကိုလည်း ဖယ်ထားလိုက်ပါဦး၊ စည်းစိမ်မပျက်ဘဲနှင့် တစ်နေ့ ကျတော့ ထိုစည်းစိမ်ရှင်တွေ သေကြရပါလိမ့်မည်၊ နတ်စည်းစိမ်ရှင် ဗြဟ္မာ့စည်းစိမ်ရှင်တွေလည်း မရဏမှ မလွတ်နိုင်ကြပါ၊ ဤ ဒုက္ခ သည် ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် မရှိသေးသော လူအားလုံးတို့ သိနိုင် နားလည်နိုင်သော ဒုက္ခပေတည်း။
Credit to
No comments:
Post a Comment
Gold price estimated