ဗုဒ္ဓကို ယုံကြည်လာခြင်း
ကောသလမဟာရာဇာသည် ပင်ကိုဉာဏ် ထက်သန်လှသူ မဟုတ်သောကြောင့် မဂ်ဖိုလ်တရားကို မရထိုက်သော်လည်း ဗုဒ္ဓ ရှင်တော်မြတ်သည် ၀ါတော် ၂၀ ရပြီးနောက်၌ သာဝတ္ထိမြို့တော် မှာချည်း ၂၅ ၀ါပတ်လုံး သီတင်းသုံးနေတော်မူသောကြောင့် ဗုဒ္ဓကို မကြာခဏ ဖူးတွေ့ခွင့်ရသဖြင့် တရားအမျိုးမျိုး နာရသည့်အတွက် ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ ယုံကြည်သော မဟာရာဇာကြီး တစ်ယောက် ဖြစ်ရပေသည်၊ ဗုဒ္ဓအပေါ်၌ ကောသလမဟာရာဇာ၏ နှစ်နှစ်ကာကာ ယုံကြည်ကြောင်းမှာလည်း သူ၏ နောက်ဆုံးအကြိမ် (နတ်ရွာစံခါနီး၌) လျှောက်ထားသော စကားများဖြင့် ထင်ရှား၏၊
ထိုစကားများသည် မဇ္ဈိမပဏ္ဏာသပါဠိတော်ဝယ် ဓမ္မစေတိယသုတ္တန် ဟူသော နာမည်ဖြင့် လာ၏၊ ထိုသုတ္တန်စကားများကို ဤနေရာ၌ ထုတ်ပြပါမည်။
မဟာရာဇာကြီး ဗုဒ္ဓကို သတိရပုံ
ကောသလမဟာရာဇာသည် ကိစ္စတစ်စုံတစ်ရာကြောင့် သာကီဝင်မင်းတို့နယ်ပယ်တွင် ပါဝင်သော “နဂရက” နိဂုံးသို့ ရောက်နေ၏၊ သူသည် နောက်လိုက်နောက်ပါ အခြွေအရံများဖြင့် ဥယျာဉ်တစ်ခုသို့ သွား၍ ရှုစားသောအခါ တိတ်တိတ်ဆိတ်ဆိတ် ကြည်နူးဖွယ်ကောင်းသော သစ်ပင်များကို မြင်ရလေသော် ထိုကဲ့သို့နေရာမျိုးဝယ် ဗုဒ္ဓရှင်တော် နှင့် မကြာခဏ တွေ့ခဲ့ရဖူးသဖြင့် ဗုဒ္ဓကို အမှတ်ရလေသည်၊ ထိုအခါ “ကာရာယန”စစ်သူကြီးလည်း အနီးမှာရှိသောကြောင့် ထိုစစ်သူကြီး ကို ပြောသည်မှာ…
“အချင်း ကာရာယန…ဤသစ်ပင်များ၏အောက်ဝယ် အလွန် ကြည်နူးဖွယ်ကောင်းပေသည်၊ လူသံသူသံ မကြားရ၊ သူတစ်ပါး မကြားစေလိုသော စကားကို တိုးတိုးတိတ်တိတ် တိုင်ပင်လိုသူတို့ လည်း အသုံးပြုဖို့ ကောင်းလှ၏၊ ရဟန်းတော်အရှင်မြတ်တို့လည်း ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းကာဖြင့် တစ်ပါးတည်း ကိန်းအောင်းနေဖို့ ကောင်းလှပေ၏၊ ဤကဲ့သို့ နေရာမျိုးဝယ် ဗုဒ္ဓရှင်တော်မြတ်ကို ဆည်းကပ်ခဲ့ရဖူးတယ်၊ ယခုအခါ ဗုဒ္ဓရှင်တော်မြတ်သည် ဘယ်အရပ် မှာ သီတင်းသုံးတော်မူပါသလဲ” ဤသို့ ပြောဆို မေးမြန်းလေလျှင် စစ်သူကြီးက ထိုနေ့၌ပင်အရောက်သွားနိုင်လောက်သော “မေဒါဠုပ” နိဂုံးမှာသီတင်းသုံးတော်မူကြောင်းသံတော်ဦးတင်သဖြင့် ချက်ချင်းပင် ဗုဒ္ဓထံတော်သို့ သွား၍ ရောက်လျှင် ရောက်ချင်း ခြေတော်တို့၌ ဦးတိုက်၍ ခြေတော်ကို ပါးစပ်ဖြင့် စုပ်, လက်ဖြင့်လည်း အားရပါးရ ဆုပ်ကိုင်လေသည်။
ဗုဒ္ဓကို မြတ်နိုးခြင်း၏ အကြောင်း
ထိုသို့ ခြေတော်ကို လွန်စွာ အလေးပြုပြီးသောမဟာရာဇာကို ဗုဒ္ဓရှင်တော်က “ဘယ်အကျိုးထူး ကို မြင်သောကြောင့် ဤ ခန္ဓာကိုယ်အပေါ်မှာ ဤမျှလောက် လွန်လွန်မင်းမင်း ရိုသေ မြတ်နိုးခြင်းကို ပြုရသနည်း”ဟု မေးတော်မူလေရာ “ရှင်တော်မြတ် အပေါ် သမ္မာသမ္ဗုဒ္ဓဖြစ်ကြောင်း, ဓမ္မလည်း ကောင်းစွာ ဟောထား တော်မူကြောင်း, တပည့်သာဝကအပေါင်းလည်း ကောင်းစွာ ကျင့်ကြံ ကြောင်းကို (ပိုင်ပိုင်နိုင်နိုင်ကြီး မဟုတ်စေကာမူ) မှန်းဆ၍ သိနိုင် လောက်သော အသိဉာဏ်မျိုးကို ဒကာတော်မှာ ရနေပါပြီ၊ ထိုသို့ ရခြင်းကြောင့် ရှင်တော်မြတ်အပေါ်၌ ဤမျှလောက်ရိုသေလေးစားမှု ပြုရပါသည်”ဟု လျှောက်ထားပြီးနောက် အသိဉာဏ်ဖြစ်ပေါ်လာရ ခြင်း၏ အကြောင်းများကို ဆက်လက်လျှောက်ထားသည်မှာ…
သာသနာအတွင်းအပ သမဏ ၂ မျိုး
ဗုဒ္ဓအဆုံးအမ (ဗုဒ္ဓသာသနာ)၏ပြင်ပ၌ သမဏအမည်ခံသော ရသေ့များ ရှိကြလေရာ သူတို့သည် ၁၀ နှစ်မှ အနှစ် ၄၀ အထိ မေထုန်ရှောင်ကြဉ်မှု စသောအကျင့်ကို ကျင့်ကြ၍ နောင်ခါ လူထွက်ကြပြီးလျှင် ကာမစည်းစိမ်ကို ခံစားကြ၏၊ ဗုဒ္ဓ၏ အဆုံးအမဖြစ်သော သာသနာတော်၌ကား အသက်ပင် သေရစေ ကာမူ မြတ်သောအကျင့်ကို မစွန့်လွှတ်ဘဲ အသက် ဆုံးအောင် ကျင့်သွားကြသော သမဏတို့ကို တွေ့ရသဖြင့် “အင်း… ဗုဒ္ဓက အစစ်အမှန်ဖြစ်လို့သာ, ဗုဒ္ဓ၏ သြ၀ါဒများက မှန်ကန်ကောင်းမြတ်လို့သာ, တပည့်သံဃာများ၏ ကောင်းသောအကျင့် ရှိကြလို့သာ ဤ အရှင်တို့သည် ဤမျှလောက် စောင့်စည်းကြပေသည်”ဟု စိတ်ထဲ၌ မှန်းဆနိုင်သော အသိဉာဏ်ကို ရခဲ့ပါသည်။ [ဤစကားနှင့် စပ်၍ ယခုခေတ် ရဟန်းတော်များ လူထွက်ခြင်း၌ စောဒကတက်ဖွယ် ရှိနေ ၏၊ ထိုအဖြေမှာ ပစ္စက္ခသာသနာအခန်း၌ ထင်ရှားပါလိမ့်မည်။]
ရဟန်းတော်များ ညီညွတ်ပုံ
အရှင်ဘုရား…အကြောင်းတစ်မျိုးမှာ ယခုကာလ၌ မင်း ပုဏ္ဏား, သူဌေး သူကြွယ် စသူတို့သည် အချင်းချင်း မညီမညွတ်ရှိကြပါ၏၊ သားအမိ သားအဖ, မောင်နှမချင်းသော်မှ ငြင်းကြ ခုန်ကြနှင့် မညီညွတ်နိုင်ကြပါ၊ ဗုဒ္ဓ၏ သာဝကဖြစ်ကြသော အရှင်တို့မှာ တစ်ပါး နှင့်တစ်ပါး (နို့ရည်နှင့်ရေ ရောထားသကဲ့သို့) လိုက်လိုက်လျောလျော ရှိကြပုံ, ခင်မင်သောမျက်လုံးဖြင့် အချင်းချင်း ကြည့်ရှုကြပုံကို တွေ့ရပါသည်၊ ဤဗုဒ္ဓ၏ ပရိသတ်လောက် ညီညွတ်သောပရိသတ်ကို အခြားနေရာ၌ မတွေ့နိုင်ပါ၊ ထိုသို့ ညီညွတ်ကြပုံကို မြင်ရခြင်း ကြောင့်လည်း ဗုဒ္ဓ ဓမ္မနှင့် သံဃာတော်များ၏ အမှန်ကောင်းမြတ် ကြောင်းကို မှန်းဆ၍ သိနိုင်သောဉာဏ်ကို ရရှိပါသည်။ [ဤနှင့် စပ်၍ ယခုခေတ် အချို့ရဟန်းများ၏ ရုံးပြင်ကနား သွားရလောက် အောင် ကွဲပြားကြမှုကိုလည်း ပစ္စက္ခသာသနာတော်ခန်း၌ ထင်ရှား စေပါမည်။]
ရဟန်းတို့ကို မြင်ရ၍ စိတ်ဖြစ်ပုံ
မြတ်စွာဘုရား… အကြောင်းတစ်မျိုး ရှိပါသေး၏၊ ဒကာတော်သည် ပိန်ချုံးနေသော ရဟန်းတို့ကို မြင်ရ၍ “ဤ ကိုယ်တော်များသည် သာသနာတော်၌ မပျော်ပိုက်ဘဲ ကျင့်နေကြဟန် တူ၏၊ သို့မဟုတ် သူတို့ ပြုမိသော မကောင်းမှုကို တွေး၍ ပူဆွေးနေကြဟန် တူ၏”ဟု ထင်မိသောကြောင့် ထိုရဟန်းတို့ကို မေးမြန်းသောအခါ နှစ်မျိုးလုံးပင် မဟုတ်ကြဘဲ မျိုးရိုးအလိုက်ပါလာသော ရောဂါရှိနေသူများ ဖြစ်ကြောင်းကို သိရပါသည်၊
၀၀ဖြိုးဖြိုး ရွှင်ရွှင်ပျပျနှင့် ရဟန်း၏ကျင့်ဝတ်ကို ကျင့်ကာ လောကီရေးရာဝယ် လုံ့လ ကြောင့်ကြ ဗျာပါရ မရှိကြတော့ဘဲ မာန်တက်ကြွဟန်လည်း မရှိသော ရဟန်းတို့ကို မြင်ရသည့်အခါ၌ကား “အင်း…ဗုဒ္ဓလည်း အစစ်အမှန်, ဓမ္မလည်း ကောင်းစွာ ဟောပြောထားဟန်ရှိ၍ သာဝကသံဃာတွေ ဤမျှလောက် ပျော်ပျော်ရွှင်ရွှင် ကောင်းစွာ ကျင့်တော်မူကြတာ ဖြစ်ပေလိမ့်မည်”ဟု မှန်းဆနိုင်သော အသိဉာဏ် ကို ရရှိခဲ့ပါသည်။Credit to
No comments:
Post a Comment