နာမ်ကလာပ်စည်း
စိတ်တစ်ခုတစ်ခု ဖြစ်ရာ၌ စိတ်သက်သက် ဖြစ်သည် မဟုတ်၊ စိတ်နှင့်အတူ ဖြစ်၍ အတူ ပျက်ကြသော စေတသိက်ခေါ် တရားစုလည်း ပါဝင်ကြသေး သည်၊ ထိုတရားများကား အာရုံကို ဓာတ်သဘောအလိုက် ထိခိုက် သော ဖဿ, အာရုံအရသာကို ခံစားသော ဝေဒနာ, အာရုံကို မှတ် သားးသော သညာ, တွဲဖက်တရားများကို ဆိုင်ရာကိစ္စများ၌ ဆောင် ရွက်ဖို့ရာ လှုံ့ဆော်သော စေတနာ, အာရုံ၌ (တစ်ခဏမျှဖြစ်စေ) ငြိမ်သက်စွာ တည်တံ့နေသော ဧကဂ္ဂတာ (သမာဓိ), ထိုတရားတို့၏ အသက်ဟု ခေါ်ရသော ဇီဝိတိနြေ္ဒ, ထိုအာရုံကို နှလုံးသွင်းသော “မနသိကာရ”ဟု (အနည်းဆုံးအားဖြင့်) ဤတရား ခုနစ်ပါးသည် လည်း အမြဲပါနေပေသည်၊ ဤသို့ စိတ် စေတသိက်တို့ အစုလိုက် အစုလိုက် ဖြစ်ခြင်းကို ““နာမ်ကလာပ်””ဟု ခေါ်ကြစို့။ [နာမ=နာမ်+ ကလာပ=အစု။]
ရုပ်ကလာပ်စည်း
ဗုဒ္ဓရှင်တော်သည် ရုပ်အကြောင်းကို ဟောပြတော်မူရာ၌လည်း “ဤ ဓာတ်သည် ခက်မာခြင်းသဘော ရှိ၏၊ ပထ၀ီဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် ဖွဲ့စည်းခြင်းသဘော ယိုစီးခြင်းသဘော ရှိ၏၊ အာပေါဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် အငွေ့သဘော ရှိ၏၊ (အပူရုပ်၌ အပူငွေ့, အအေးရုပ်၌ အအေးငွေ့ ရှိ၏၊) တေဇောဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် ထောက်ကန်ခြင်း, တွန်းဖိခြင်းသဘောရှိ၏၊ ၀ါယော ဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် အဆင်းအရောင်သဘော ရှိ၏၊ ၀ဏ္ဏဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် အနံ့သဘောရှိ၏၊ ဂန္ဓဓာတ်” ဟု ခေါ်၏၊ “ဤဓာတ်သည် အရသာသဘောရှိ၏၊ ရသဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် အဆီအနှစ်တည်း၊ သြဇာဓာတ်”ဟု ခေါ်၏၊
ဤပြခဲ့သော ရုပ်ရှစ်ခုအပေါင်းသည် အနည်းဆုံး ရုပ်ကလာပ်တစ်ခု ဖြစ်၏၊ သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အလွန်ကောင်းသော မှန်ပြောင်းဖြင့်သာ မြင်နိုင်သော အသေးဆုံးဆိုရသော (အဏုမြူ ထက်ပင် သေးငယ်၍ “ပရမာဏုမြူ”ဟု ခေါ်ရသော) ရုပ်မှုန့်ကလေး ၌သော်မှ ရှစ်ခု ရှစ်ခု ပေါင်းစုနေသော ရုပ်ကလာပ်ကလေးတွေ အတော်များများ စုဝေးတည်နေပါသည်၊ ရုပ်တုံး ရုပ်ခဲက ကြီးကျယ်လေ ထိုရုပ်ကလာပ်မှုန့်ကလေးတွေ များလေ ဖြစ်၏။
အဘိဓမ္မာအရေးကြီးပုံ
နာမ်အစု ရုပ်အစုကို သူ့ကလာပ်နှင့်သူ ခွဲစိတ်၍ ပြထားသည့်ပြင် တစ်စုနှင့်တစ်စု ရှေ့နောက်ဖြစ်ရာ၌ အချင်းချင်း ကျေးဇူးပြုသွားကြပုံကိုလည်းကောင်း, သူတို့ဖြစ်ခိုက်၌ အချင်းချင်း ကျေးဇူးပြုနေကြပုံကို လည်းကောင်း အဘိဓမ္မာ၌ ဟောပြထားတော်မူ၏၊ လက်တွေ့ စဉ်းစားလေ့ရှိကြသော ယခုခေတ်ဝယ် ထိုအဘိဓမ္မာသဘောအတိုင်း မမှန်နိုင်ဟု ပယ်လှန်မည့်သူကို တွေ့စမ်းချင်ပါသည်၊
ဘုန်းကြီးတို့ အယူအဆ၌ကား ထိုမျှလောက် အသေးစိတ်၍ ခွဲခြားစိတ်ဖြာပြီးလျှင် ဤသဘောသည် ဖဿ, ဤသဘောသည် ဝေဒနာ စသည်ဖြင့် သိနိုင်သူကို မဆိုထားဘိ၊ ဗုဒ္ဓ မပေါ်ထွန်းခဲ့ပါလျှင် “ဖဿ, ဝေဒနာ” စသော နာမည်မျိုးကိုမျှ တပ်ပြနိုင်သူ မရှိဟု ယူဆပါသည်၊
ဘုန်းကြီးတို့သည် ရုပ်ဓာတ်ကို လက်တွေ့ ခွဲကြည့်ဖို့ရာ လက်နက်ကိရိယာ အပြည့်အစုံ မရကြသေး၍ မခွဲနိုင်သော်လည်း လူတစ်ယောက်၏ စိတ်နေစိတ်ထားကိုကား စကားပြောပုံ, ပြုကျင့်နေထိုင်ပုံကို ထောက် ထား၍ “ထိုအချိန်မှာ မည်သည့် နာမ်ကလာပ်ဖြစ်နေသည်”ဟု အဘိဓမ္မာအလေ့အကျင့်အရ အတော်မှန်အောင် မှန်းဆနိုင်ကြပါ၏၊ တရားအားထုတ်၍ တရားပေါက်နေသူ (ပရစိတ္တ၀ိဇာနနဉာဏ်ရနေသူတို့ကား) ထို့ထက်ပင် သေချာအောင် သိနိုင်ကြပါသည်။
မိမိ၏ စိတ်ထားကို စဉ်းစားသောအခါ၌ကား အလွန်သေချာစွာ သိ၍ မကောင်းသော နာမ်ကလာပ်ကို နောက်ထပ်မဖြစ်အောင်လည်း ချုပ်တည်းနိုင်, ကောင်းသောနာမ်ကလာပ်ကို တိုးတက်အောင်လည်း ပြုပြင်နိုင်ကြပါသည်။
ယခုအချိန်အခါသည် “ဖန်ဆင်းသူ ရှိ၏”ဟူသော ရှေးကျသည့် ၀ါဒကို မသုံးစွဲကြတော့ဘဲ လက်တွေ့ကိုသာ လိုက်စားချိန်ဖြစ်၏ ထို့ကြောင့် အလွန် သေချာကျနသော (မလွဲနိုင်သော) အဘိဓမ္မာ၏ သဘာဝများကို အထက်တန်း လောကီကျောင်းများ၌ သင်ပြသင့်ကြပါသည်၊ ဘုန်းကြီးကျောင်းများ၌လည်း အရကျက်ရုံ မဟုတ်ဘဲ လက်တွေ့သင်၍ ကမ္ဘာကို ပြဖို့ရန် ကြိုးစားသင့်ကြပါပြီ၊ ဤကျမ်း ၌ကား အနာဂတ်သာသနာကို ပြုပြင်ချင်လာအောင် ညွှန်ပြရဦးမည် ဖြစ်၍ ထိုသဘာဝကို အကျယ်ပြနိုင်တော့မည် မဟုတ်ပါ။
Credit to
No comments:
Post a Comment