ပတ္တိဘုန်းတော်။ ။ကြွတော်မူလိုရာအရပ်သို့ ဆီးတားကာကွယ်ခြင်း မရှိ၊ တစ်ခဏချင်း ကြွရောက်နိုင်သော ဘုန်းတော် ဖြစ်သည်၊ ဘုရားရှင်သည် ချေချွတ်ထိုက်သော သတ္တ၀ါကို မြင်တော်မူလျှင် နတ်ပြည် ဗြဟ္မာပြည်၌ပင် ဖြစ်စေကာမူ ထိုသူ၏အထံသို့ တစ်ခဏချင်း အရောက်ကြွတော်မူနိုင်သည်။
ပါကမ္မဘုန်းတော်။ ။အဆင်းအမျိုးမျိုး ပုံစံအမျိုးမျိုးကို ဖန်ဆင်းတော်မူလိုပါလျှင် တစ်ခဏတည်းဖြင့် ပြီးစေနိုင်သော ဘုန်းတော်ဖြစ်၏။ ဘုရားရှင်သည် တစ်ခါတစ်ရံ မြောက်ကျွန်းသို့ ကြွတော်မူပြီးလျှင် ထိုကျွန်းသားတို့၏ ဘုရင်ပုံစံ ဖန်ဆင်းလျက် တရားဟောတော်မူသည်။
ဤသိတာဘုန်းတော်။ ။မိမိ၏ စိတ်တော်ကိုလည်းကောင်း, များစွာသော သတ္တ၀ါတွေကိုလည်းကောင်း အုပ်စိုးနိုင်သော ဘုန်းတော်ပေတည်း။ ဤဘုန်းတော်ကြောင့်ပင် ဘုရားရှင်ကို များစွာသော သတ္တ၀ါတို့က ရိုသေခန့်ညားကြရပေသည်။
ဝသိတာဘုန်းတော်။ ။ဈာန်သမာပတ် အဘိညာဉ်ကို ၀င်စားတော်မူလိုလျှင် အဆိုင်းအငံ့မရှိဘဲ တစ်ခဏချင်းပင် ၀င်စားနိုင်သော ဘုန်းတော်ပေတည်း။
ယတ္ထကာမာဝသာယိတာဘုန်းတော်။ ။ဈာန်ဝင်စားခြင်း, ကောင်းကင်ပျံကြွခြင်းစသော ကိစ္စတစ်စုံတစ်ခုကို ပြုတော်မူစဉ် ပြီးဆုံးစေလိုသောအခါ ဆိုင်းငံ့တော်မမူရဘဲ ပြီးဆုံးစေလိုသည်နှင့် တစ်ပြိုင်နက် ထိုကိစ္စကို ပြီးဆုံးစေနိုင်သော ဘုန်းတော်ပေတည်း။ (ယတ္ထကာမ-အလိုရှိရာခဏ၌ + အ၀သာယိတာ-ပြီးစေနိုင်ခြင်း။)
(၁) ဣဿရိယဘုန်းတော်။ ။ဤပြခဲ့သော ဘုန်းတော်ရှစ်ပါးသည် အများပြောဆိုအပ်သော ဘုန်းတော်ခြောက်ပါးတွင် “ဣဿရိယ”ဘုန်းတော်ချည်းသာတည်း။
(၂) ဓမ္မဘုန်းတော်။ ။တစ်ထောင်ငါးရာကိလေသာ ရန်ဆူး ရန်ငြောင့်တွေကို ပယ်ရှားသုတ်သင်နိုင်သော မဂ် ၄-ပါး, ဖိုလ် ၄-ပါး, နိဗ္ဗာန်အားဖြင့် ၉-ပါးသော လောကုတ္တရာတရားတို့ကို “ဓမ္မ”ဘုန်းတော်ဟု ခေါ်သည်။
(၃) ယသဘုန်းတော်။ ။ပျံ့နှံ့ကျော်စေသော ဂုဏ်သတင်းတော်ကို “ယသ”ဘုန်းတော်ဟု ခေါ်သည်၊ ဘုရားရှင်၏ ဂုဏ်သတင်းတော်သည် သူတကာတို့ကဲ့သို့ အသိုင်းအ၀ိုင်းတို့ဖြင့် မဟုတ်မမှန် လုပ်ကြံ၍ ဖြစ်ရခြင်းမျိုး မဟုတ်၊ ဟုတ်မှန်သော ဂုဏ်တော်ကြောင့် အလိုလိုထင်ပေါ်လျက် လူ့ပြည်လောကထက် နတ်ပြည်လောက၌ သာ၍ နှံ့စပ်ကျော်စောပေသည်။ (အခြားစကြ၀ဠာက နတ်ဗြဟ္မာများလည်း ဤစကြ၀ဠာသို့ လာနိုင်သဖြင့် နတ်ဗြဟ္မာအချင်းချင်း ဂုဏ်သတင်းဖြန့်သောကြောင့် “စကြ၀ဠာတစ်သောင်းတိုင်အောင် ပျံ့နှံ့၏၊ လူ့လောက၌ကား ထိုမျှလောက် ဂုဏ်သတင်းမပျံ့နှံ့”ဟု ဆိုလာပါသည်။)
(၄) သီရိဘုန်းတော်။ ။ကျမ်းအစ၌ ပြခဲ့သည့်အတိုင်း အလွန်ကြီးမားသော ပါရမီရှင်ဖြစ်ပေရကား ဖူးမြှော်၍ မ၀နိုင်အောင် လွန်စွာသပ္ပာယ်သော ကျက်သရေကို “သီရိ”ဘုန်းတော်ဟု ခေါ်သည်၊ (ဗုဒ္ဓါနုဿတိကမ္မဠာန်း စီးဖြန်းသောအခါ ဤ “သိရီ”ဘုန်းတော်ဖြစ်သော ရုပ်ပုံတော်ကိုလည်း အာရုံပြုနိုင်ပါသည်။)
ရှင်တော်ဘုရား၏ မျက်နှာဝယ် ညိုမှောင်သော မျက်ခုံးတော် နှစ်သွယ်၏အကြား၌ “ဥဏ္ဏလုံး”ဟု ခေါ်အပ်သော ဆွတ်ဆွတ်ဖြူသော အမွေးတော်သည် ဆန့်ထားလျှင် လက်မောင်းတစ်ဝက်ခန့်ရှည်၍ ပင်ကိုယ်အတိုင်းထားလျှင် ငွေနန်းမျှင်ကို ခွေထားသကဲ့သို့ လက်ယာရစ်ခွေလျက် ကျက်သရေ အလွန်ရှိပါပေ၏၊ ၀ါဝင်းသော အရေပေါ်ဝယ် မျက်ခုံးအမွေးတော်နှစ်ဖက်၏ မည်းနက်သော အရောင်တော်ကြောင့် ဆွတ်ဆွတ်ဖြူသော ဤဥဏ္ဏလုံးမွေးရှင်တော်သည် အလွန်ထင်ပေါ်၍နေလေတော့၏၊ ဥဏ္ဏလုံးမွေးရှင်တော်၏ အောက်နားဝယ် ၀ဲယာနှစ်ဖက်က မျက်တောင်တော်များလည်း အထက်သို့ အဖျားကော့ကာ မွေးရှင်တော်ကို မော်၍ဖူးမြော်သလို ထင်ရပေသည်။
ပတ္တမြားလုံးတပ်ထားသကဲ့သို့ ခပ်မို့မို့ထင်လင်းသည့် မျက်လုံးတော်အတွင်းဝယ် နှစ်သွယ်သော မျက်ဖြူတော်၏ အလယ်ချက်က မျက်နက်ဝန်းတော်မှာမူ ကုမုဒြာ ကြာဖြူပန်းအတွင်းမှ ပိတုန်းကလေးများ ထွက်ပြူနေသလို တင့်တယ်ပါပေသည်၊ မျက်လုံးတော် နှစ်သွယ်၏ အလယ်မှအောက်သို့သက်သော နှာတံတော်သည်ကား မပိမပြား ထင်ရှားပေါ်လွင်၍ မျက်နှာတော်ကို တန်ဆာဆင်သလို ရှိပါပေသည်၊ နူတ်ခမ်းတော်အစုံမှာ ဟင်္သပြဒါးရည် ပက်ဖျန်းသကဲ့သို့ နီမြန်းတော်မူပြီးလျှင် စိန်အစဉ် စီထားသလို ထင်ရသော သွားတော်အစဉ်၏ ဆွတ်ဆွတ်ဖြူပုံကိုပင် ပြုံးတော်မူသောအခါ ကျက်သရေချင်း ပြိုင်ယှဉ်မည်ကဲ့သို့ ထင်ရပေသည်၊ ဤသို့ အမြွက်မျှ ပြအပ်သော မျက်နှာတော်နှင့် ကိုယ်တော်၏ ကျက်သရေတော်သည် နတ်လူဗြဟ္မာတို့၏ မျက်လုံးကို ဆွဲငင်ထားသကဲ့သို့ ဖူးမြော်၍ မ၀နိုင်အောင် ရှိပါပေသတည်း။ (ဤအကြိမ်ရိုက်စာအုပ်၌ ဘုရားရှင်၏ ကျက်သရေတော်ကို ထင်ပေါ်အောင် ရှေးဆရာတို့ဖွဲ့စီးအပ်သော လက္ခဏာတော်ကြီး ဘုရားရှိခိုးထည့်ထားပါသည်။)
ဆက်ဦးအံ့ - “ကျက်သရေ”ဆိုသည်မှာ အလှကို ဆိုလိုသည်မဟုတ်၊ မလှသော်လည်း တစ်ချို့မှာ ရုပ်အနေအထား အချိုးကျ၍ ဖြစ်စေ, အနေအထိုင် အပြောအဆို အချိုးကျ၍ဖြစ်စေ “ကျက်သရေ ရှိပါပေသည်”ဟု ချီးမွမ်းခံကြရပေသည်၊ ဘုရားရှင်ကား ပင်ကိုယ် အဆင်းလည်း တင့်တယ်၏၊ လှမ်းကြွတော်မူပုံ, နေထိုင်တော်မူပုံ, ဟောပြောတော်မူပုံ စသည်တို့မှာလည်း ရူ၍မငြီး, နာ၍မငြီးအောင် ကျက်သရေကို ဆောင်တော်မူ၏၊ ထို့ကြောင့် လူမင်း, နတ်မင်း, ဗြဟ္မာမင်းတို့၏ ပရိသတ်အလယ်၌ ထိုင်တော်မူကာ တရားဓမ္မ ဟောပြတော်မူသော ဘုရာှးင်သည် ၀င်းစက်ညက်ညောသော အသားအရည်ပေါ်တွင် ကြည်လင်ပြတ်သားသော အသံတော်ကို တန်ဆာဆင်သလိုဖြစ်ရကား များစွာသော မင်းပရိသတ်ထက် ကျက်သရေ သာလွန်၍ ထူးချွန်တင့်တယ်တော်မူပေသည်။
သေလသုတ်မှ ကောက်နုတ်ချက်။ ။လုလင်ငယ် သုံးရာလောက်ကို စာပြနေသော ဗြာဟ္မဏဇာတ်ရှိသူ “သေလ”မည်သော ကျောင်းအုပ်ဆရာကြီးတစ်ယောက်သည် အခါတစ်ပါးဝယ် ဘုရားရှင်အကြောင်းကို ကြားရ၍ တပည့်သုံးရာနှင့်အတူ ဘုရားရှင်အထံသို့ ရောက်လာလေရာ ရှင်တော်ဘုရား၏ ကျက်သရေရှိလှသော ရုပ်အဆင်းတော်ကို မြင်ရုံမျှဖြင့် “ဤမျှလောက် ကျက်သရေရှိသော အရှင့်မှာ ရဟန်းပြုနေလို့ ဘာအကျိုးရှိမှာလဲ၊ လေးကျွန်းလုံးကို လွှမ်းမိုး၍ အုပ်စိုးနိုင်သော စကြာမင်းဖြစ်ဖို့ရာ ရုပ်လက္ခဏာတွေ ပြည့်စုံနေပါတယ်၊ ထို့ကြောင့် ရဟန်းအဖြစ်၌မနေဘဲ လူ့ဘောင်မှာနေ၍ မင်းတကာတို့ ရှိခိုးဦးခိုက် ပူဇော်ထိုက်သော စကြာမင်း လုပ်တော်မူပါ”ဟု လျှောက်ထားလေသည်။ (သုတ္တနိပါတ်, မဟာဝဂ္ဂ, သေလသုတ်ပါဠိတော်။)
ဤမျက်စိဖြင့် အလှအပတွေကို ကြည့်ရာ၌ မကောင်းစိတ်တွေတိုးပွား၍ အကျိုးမများသော်လည်း ဘုရားရှင်၏ သပ္ပာယ်သောအာရုံကို ကြည့်ရူဖူးမြော်ရာ၌ကား အကောင်းစိတ်တွေ တိုးပွားသဖြင့် အကျိုးများလှပေသည်၊ ဤမျှလောက် ကြီးကျယ်သော ကျက်သရေတော်အရှင်ကို ငါတို့ မဖူးမြင်လိုက်ရသည်မှာ များစွာဝမ်းနည်းဖွယ်ကောင်းလှပေသည်တကား။
(၅) ကာမဘုန်းတော်။ ။ရှင်တော်မြတ်၏ အလိုတော်ရှိလေသမျှ လုံးဝဥဿုံ အကုန်ပြီးစီးနိုင်ခြင်းကို “ကာမ”ဘုန်းတော်ဟု ခေါ်သည်၊ ဘုရားရှင်သည် ဘုရားဖြစ်၍ သတ္တ၀ါတို့ကို ချေချွတ်နိုင်ဖို့ရန် တောင့်တတော်မူခဲ့ရာ ထိုတောင့်တတော်မူသည့်အတိုင်း ပြည့်စုံပေသည်။
(၆) ပယတ္တဘုန်းတော်။ ။ကြီးမားလှစွာသော လုံ့လ ၀ီရိယတော်ကို “ပယတ္တ”ဘုန်းတော်ဟု ခေါ်သည်၊ ဤကျမ်းအစ “စရံယော ယဒိဝါ တိဋ္ဌံ” ဂါထာ၌ ပြခဲ့သည့်တိုင်း နေ့ရော ညဥ့်ပါ အားလပ်ခွင့်ရတော်မမူဘဲ ဝေနေယျတို့၏အကျိုးငှာ လွန်စွာအားထုတ်တော်မူပေသည်။
ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ "ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။
No comments:
Post a Comment