Video

Saturday 31 May 2014

အနာဂတ်သာသနာရေး အပိုင်း(၁၂) ဒီဃတပဿီနှင့် ဗုဒ္ဓတွေ့ပုံ



ဗုဒ္ဓရှင်တော်နှင့် ဥပါလိသူကြွယ်
ဒီဃတပဿီနှင့် ဗုဒ္ဓတွေ့ပုံ
နာဠန္ဒာမြို့ဝယ် “ဥပါလိသူကြွယ်”ဆိုသူကား မူလက နိဂဏ္ဌနာဋပုတ္တ၏တပည့် ဖြစ်၍ (သူ့ဆရာတော်များ၏ လှည့်စားထားချက်အရ) ဗုဒ္ဓအပေါ်မှာ အထင်သေးနေသော လူကုံထံ တစ်ယောက်ပေတည်း၊ ထိုနာဋပုတ္တဆရာကြီးမှာ “ဒီဃတပဿီ”မည်သော လက်ထောက် ဆရာတစ်ယောက် ရှိသေး၏၊ 
နာဠန္ဒာမြို့၌ ထိုဆရာတပည့်တို့ နေကြရာ ဗုဒ္ဓရှင်တော်မြတ်လည်း အထည်ကုန်သည်တစ်ဦး၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေခိုက်နှင့် ကြုံကြိုက်နေလေသည်၊ အခါတစ်ပါး၌ ဒီဃတပဿီသည် ဆွမ်းခံအပြန်တွင် ဗုဒ္ဓအထံသို့ ၀င်လာ၍ ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးနောက် စကား ပြောကြသည်မှာ…
ဗုဒ္ဓ။     ။ ဒီဃတပဿီ…နိဂဏ္ဌနာဋပုတ္တဆရာသည် မကောင်းမှု ဖြစ်ဖို့ရာ ကံအမျိုး ဘယ်လောက် ပညတ်ထားသလဲ။

ဒီဃတပဿီ။   ။ အရှင်ဂေါတမ…နိဂဏ္ဌနာဋပုတ္တဆရာကြီးမှာ “ကံ=ကံ”လို့ ပညတ်ရိုးထုံးစံ မရှိပါ၊ “ဒဏ်=ဒဏ်”လို့သာ ပညတ်ရိုးထုံးစံ ရှိပါတယ်။
ဗုဒ္ဓ။     ။ (သူ့စကားအတိုင်း လိုက်၍) ဒဏ်အမျိုး ဘယ်လောက် ပညတ်ထားသလဲ။
ဒီဃ။   ။ မကောင်းမှုဖြစ်ဖို့ရာ ကာယဒဏ် ၀စီဒဏ် မနောဒဏ်လို့ သုံးမျိုး ပညတ်ထားပါတယ်။
ဗုဒ္ဓ။     ။ ဒီသုံးမျိုးဟာ တစ်မျိုးနှင့်တစ်မျိုး မတူဘူးမဟုတ်လား။
ဒီဃ။   ။ မတူပါဘူး။
ဗုဒ္ဓ။     ။ အဲဒီ သုံးမျိုးတွင် ဘယ်ဒဏ်ကို အပြစ်အကြီးဆုံးဟု ပညတ်သလဲ။
ဒီဃ။   ။ ကာယဒဏ်ကို အပြစ်အကြီးဆုံးဟု ပညတ်ပါတယ်။
ဗုဒ္ဓ။     ။ ကာယဒဏ်ကို အပြစ်အကြီးဆုံးဟု ဆိုပါသလား။
ဒီဃ။   ။ ကာယဒဏ်ကို အပြစ်အကြီးဆုံးဟု ဆိုပါတယ်။ [သုံးကြိမ် တိုင်အောင် မေး, သုံးကြိမ်လုံးပင် ပြန်ပြောသည်။]
ဒီဃ။   ။ အရှင်ဂေါတမအရှင်ကတော့ မကောင်းမှုဖြစ်ဖို့ရာ ဒဏ် ဘယ်နှမျိုး ပညတ်ပါသလဲ။
ဗုဒ္ဓ။     ။ “ဒဏ်=ဒဏ်” လို့ ပညတ်ရိုးမရှိပါဘူး၊ “ကံ=ကံ”ဟု ပညတ်ရိုးသာရှိတယ်။
ဒီဃ။   ။ ကံဘယ်နှမျိုး ပညတ်ပါသလဲ။
ဗုဒ္ဓ။     ။ ကာယကံ ၀စီကံ မနောကံ (ကိုယ်မှု, နှုတ်မှု, စိတ်မှု)ဟု ကံသုံးမျိုး ပညတ်ပါတယ်။
ဒီဃ။   ။ ဘယ်ကံကို အပြစ်အကြီးဆုံးဟု ပညတ်ပါသလဲ။
ဗုဒ္ဓ။     ။ မနောကံကို အပြစ်အကြီးဆုံးဟု ပညတ်ပါတယ်။
ဒီဃ။   ။ မနောကံကို အပြစ်အကြီးဆုံးဟု ဆိုပါသလား။
ဗုဒ္ဓ။     ။ မနောကံကို အပြစ်အကြီးဆုံးဟု ဆိုလိုတယ်။ [သုံးကြိမ် မေး၍ သုံးကြိမ်ပြန်ပြောသည်၊] ဤမျှလောက်စကားကို ပြောပြီး၍ ဒီဃတပဿီလည်း ပြန်သွားလေတော့သည်။
 
Credit to

No comments:

Post a Comment

Gold price estimated