Video
Saturday, 31 May 2014
အနာဂတ်သာသနာရေး အပိုင်း(၅၀) သမ္မာသင်္ကပ္ပ
သမ္မာသင်္ကပ္ပ
**********
ကာမသင်္ကပ္ပ
[သမ္မာ = ကောင်းသော, အပြစ်ကင်းသော+သင်္ကပ္ပ = ကြံစည်မှု, စိတ်ကူးမှု, စဉ်းစားမှု၊]  လောက၌ ““မိစ္ဆာသင်္ကပ္ပ””ဟု ခေါ်ရသော မကောင်းသော အကြံ အစည် စိတ်ကူးစဉ်းစားမှု များသည် ““ကာမသင်္ကပ္ပ, ဗျာပါဒသင်္ကပ္ပ, ၀ိဟိံသာသင်္ကပ္ပ””ဟု သုံးမျိုးရှိ၏၊
ချဲ့ဦးအံ့… လှပသောအဆင်း, သာယာဖွယ်အသံ, မွှေးကြိုင်သောအနံ့, ကောင်းသောအရသာ, ကောင်းသောအတွေ့အားဖြင့် ငါးပါးသော ကာမဆိုင်ရာအာရုံများကို ခံစားချင်သော ဇောစိတ်ဖြင့် တွေးတောကြံစည် စိတ်ကူးနေခြင်း, ခံစားပြီးသည်ကို  မှန်းဆ၍ တမ်းတအောက်မေ့နေခြင်း ထိုအာရုံ များကို ခံစားဖို့ရန် ပစ္စည်းဥစ္စာ, နေရာထိုင်ခင်း, အိမ်ဝင်း ဥယျာဉ် စသည်တို့ကို ရအောင် ရှာဖွေကြံစည်နေခြင်းသည် ကာမဆိုင်ရာကို ကြံစည်နေသော ကာမသင်္ကပ္ပ မည်၏။
ဗျာပါဒသင်္ကပ္ပ
ပင်ကိုအတိုင်း စိတ်ကောင်း မဟုတ်တော့ဘဲ စိတ်ဖောက်ပြန် ပျက်စီးနေသော ဒေါသကို ““ဗျာပါဒ”” ဟု ခေါ်၏၊ ဒေါသဖြစ်လွန်းမက ဖြစ်လှ၍ မိမိနှင့် မတည့်သူကို တွေးကာ ““ဒီအကောင် ဘယ်တော့များ သေပါ့မလဲ, ငါကိုယ်တိုင် သတ်ရကောင်းမလား, ဘယ်သူလာပြီး သတ်ပါ့မလဲ”” စသည်ဖြင့် ကြံစည်စိတ်ကူးမှုသည် ““ဗျာပါဒသင်္ကပ္ပ”” မည်၏။
ဝိဟိံသာသင်္ကပ္ပ
သူတစ်ပါးကို သေအောင် မဟုတ်ဘဲ စိတ်ဆင်းရဲရုံ ကိုယ်ဆင်းရဲရုံ, ကိုယ်တိုင်ညှဉ်းဆဲ လိုသော, သူတစ်ပါး လာ၍ ညှဉ်းဆဲစေလိုသော, ရုံးကနားရောက်၍ ငွေကုန်ကြေးကျ ဖြစ်စေလိုသော အကြံအစည်သည် ““၀ိဟိံသာ သင်္ကပ္ပ”” မည်၏။
နေက္ခမ္မသင်္ကပ္ပ
မိမိစိတ်၌   ထိုသုံးမျိုးလုံး   မဖြစ်အောင် စောင့်စည်း၍ နေက္ခမ္မသင်္ကပ္ပ, အဗျာပါဒ သင်္ကပ္ပ, အ၀ိဟိံသာသင်္ကပ္ပ”” ဖြစ်နေစေခြင်းသည် ““သမ္မာသင်္ကပ္ပ”” မည်၏၊
ချဲ့ဦးအံ့-[နေက္ခမ္မ=ကာမမှ ထွက်မြောက်သော+သင်္ကပ္ပ= ကြံစည်, စိတ်ကူးမှု၊] ကာမအာရုံကို စွန့်ပယ်၍ ရဟန်းကောင်း ရဟန်းမြတ် ပြုလုပ်မည်ဟု ကြံစည်စိတ်ကူးခြင်း၊ တောထွက်၍ ကျင့်မည်ဟု ကြံစည်စိတ်ကူးခြင်း၊ ဈာန်ရအောင် အားထုတ်မည်, ကမ္မဋ္ဌာန်းအားထုတ်မည်ဟု ကြံစည်စိတ်ကူးခြင်း၊ ကုသိုလ်တရားတွေ မိမိမှာ များများဖြစ်စေဖို့ရန် ဒါနပြုမည်, ဥပုသ်စောင့်မည်ဟု ကြံစည်ခြင်း ဤသို့ စသည်ဖြင့် ကာမလိုက်စားမှု၏ တစ်ဖက် တစ်လမ်း ကြံစည်စိတ်ကူးခြင်းဟူသမျှသည် နေက္ခမ္မသင်္ကပ္ပတည်း။
အဗျာပါဒသင်္ကပ္ပ
ဒေါသ၏ တစ်ဖက်တစ်လမ်း ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာကို ““အဗျာပါဒ”” ခေါ်၏၊ တစ်ယောက်အပေါ်၌ ဖြစ်စေ, အများအပေါ်၌ ဖြစ်စေ တရားသော နည်းလမ်းဖြင့် အကျိုးကို လိုလားကာ ချမ်းသာ ကျန်းမစေလို, အန္တရာယ်ကင်း ရန်ဘေး ရှင်းစေလိုသော မေတ္တာစိတ်ဖြင့် ကြံစည် စိတ်ကူးခြင်း၊ ဆရာသမားဖြစ်၍ တပည့်များ၏ အကျိုးစီးပွားဖြစ်မည့် အလုပ်တွေကို ကြံစည်စိတ်ကူးညွှန်ပြနေခြင်း၊ မိဘ ရပ်ရွာလူကြီး တိုင်းပြည်ခေါင်းဆောင်ဖြစ်၍ အိမ်သူအိမ်သား ရပ်သူရွာသား တိုင်းသူပြည်သားတို့၏ အကျိုးစီးပွားကို ကြံစည်စိတ်ကူးနေခြင်းသည် အဗျာပါဒသင်္ကပ္ပမည်၏။ [ထိုသို့ ကြံစည်ရာ၌ သူတစ်ပါး၏ စီးပွား ရေးကို ထိခိုက်နေလျှင် ၀ိဟိံသာသင်္ကပ္ပ ဖြစ်သောကြောင့် ထိုသို့ မထိခိုက်စေအောင် သတိထားရပေမည်။]
အ၀ိဟိံသာသင်္ကပ္ပ
ညှဉ်းဆဲလိုသော ဒေါသ၏ တစ်ဖက်တစ်လမ်း ဆန့်ကျင်ဘက်ဖြစ်နေသော ကရုဏာသည် အ၀ိဟိံသာ မည်၏၊ ထိုကရုဏာဖြင့် ဆင်းရဲသူများကို သနား ကြင်နာ၍ ကယ်ဆယ်လိုခြင်း၊ အောက်ကျ နောက်ကျဖြစ်နေသော တိုင်းသူပြည်သား, ရပ်သူနယ်သား, ကျောင်းသူကျောင်းသား, တပည့် ဒကာ ဒကာမများကို သနားညှာတာ၍ အထက်တန်းရောက်ဖို့ နည်းလမ်း ရှာဖွေ စိတ်ကူးနေခြင်းသည် အ၀ိဟိံသာသင်္ကပ္ပ မည်၏၊ ဤသင်္ကပ္ပ သုံးမျိုးသည် မဇ္ဈိမပဋိပဒါ၌ ပါဝင်သော သမ္မာသင်္ကပ္ပ မဂ္ဂင်တစ်ပါးပေတည်း။
Credit to
အနာဂတ်သာသနာရေး အပိုင်း(၄၉) သမ္မာဒိဋ္ဌိ
သမ္မာဒိဋ္ဌိ
[သမ္မာ = မှန်သော + ဒိဋ္ဌိ = အမြင် (အသိဉာဏ်)]
မှန်သော ဉာဏ်အမြင်ကို ““သမ္မာဒိဋ္ဌိ””ဟု ခေါ်၏၊ ထို သမ္မာဒိဋ္ဌိသည် ကမ္မဿကတာဉာဏ်, ၀ိပဿနာဉာဏ်ဟု နှစ်မျိုးရှိ၏၊ ကောင်းသောအရာဖြစ်စေ, မကောင်းသောအရာဖြစ်စေ သိသိ သာသာ စိတ်ပါလက်ပါ ပြုအပ်သော ကိုယ်မှု နှုတ်မှု စိတ်မှုတို့သည် အမှတ်တမဲ့စိတ်များနှင့် မတူဘဲ ဆိုင်ရာကိစ္စ၌ ဗျာပါရ ရှိနေကြသည်၊ ထိုစိတ်၏ ဗျာပါရ (စိတ်၏လှုံ့ဆော်မှု)ကိုပင် အဘိဓမ္မာသဘော အားဖြင့် ““စေတနာစေတသိက်””ဟု ခေါ်၍ ထိုလှုံ့ဆော်မှု စေတနာ ဗျာပါရကိုပင် ““ကံ=အမှုသည်=လက်သည်””ဟု ဆိုရပါသည်၊ ပြုလုပ် ပြောဆို ကြံစည်စိတ်ကူးပြီးသောအခါ ထို(စေတနာ)ကံသည် ချုပ်ကွယ်သွားသော်လည်း သူ၏သတ္တိကား မပျောက်ကွယ်ဘဲ ခန္ဓာ အစဉ်မှာ တည်ရှိရစ်ပါသည်။
          ဥပမာ…ပညာသင်ကြား၍ တတ်မြောက်သူတို့သန္တာန်၌ ထိုသင်ထားသော ကျက်စာတွေ မေ့ပျောက်သွားသော်လည်း ထိုစာနှင့် ဆိုင်သော အသိဉာဏ်ဓာတ်ခံမှာမူ အဖတ်တင်ရစ်သကဲ့သို့တည်း၊ ထိုသို့ အဖတ်တင်ရစ်သော ကံ၏သတ္တိသည် ယခုဘ၀မှာဖြစ်စေ, နောက်နောက် ဘ၀မှာဖြစ်စေ အကျိုးပေးခွင့် ကြုံလာလျှင် အကျိုးပေးနိုင်၏၊ အလွန်ထက်သန်သော ကံတချို့သည် ယခုဘ၀မှာပင် အကျိုးပေး၏၊ အချို့ကံကား နောက်ဘ၀၌ သူနှင့် ထိုက်တန်သော ဘုံဘ၀ကို ရခြင်း, သူ့ကို အကူအညီပေးမည့် ဉာဏ် ၀ီရိယ စိုက်ထုတ်၍ အလုပ်လုပ်ခြင်းများနှင့် တွေ့ကြုံရသောအခါ အကျိုး ပေး၏၊
ဤသို့ တစ်စုံတစ်ယောက်၏ အလိုကြောင့် ကောင်းကျိုး မကောင်းကျိုး ခံစားရသည်ဟု မယူဆဘဲ မိမိပြုအပ်သော ကံနှင့် ဉာဏ် ၀ီရိယတို့၏ ကောင်းမှု မကောင်းမှုကြောင့်သာ ကောင်းကျိုး မကောင်းကျိုး ခံစားရသည်ဟု သိမြင် နားလည်ခြင်းသည်… ““ကမ္မဿကတာသမ္မာဒိဋ္ဌိ”” မည်၏၊ [ကမ္မဿကတာ=ကံသာလျှင် ရောက်ရာ ဘ၀၌ လိုက်ပါ၍ ကိုယ်ပိုင်ဥစ္စာရှိကြောင်း (ပစ္စည်းဥစ္စာ ရတနာတို့ကား နောက်နောက်ဘ၀သို့ မပါသဖြင့် ကိုယ်ပိုင်ဟု မဆို နိုင်ကြောင်း)ကို+သမ္မာဒိဋ္ဌိ=အမှန်အတိုင်း သိမြင်သောဉာဏ်။]
ခန္ဓာကိုယ် အနိစ္စဖြစ်ပုံ  မိမိကိုယ်ကို  လူသူ  တိတ်ဆိတ်၍ ဆိတ်ငြိမ်သော အရပ်သို့ ရောက်နေပါစေ၊ တတ်နိုင်လျှင် တောရိပ် တောင်ရိပ်ဝယ် စီးသော ရေအလျင် တို့၏ ကမ်းပါး၌ ကမ္မဋ္ဌာန်းတရား အားထုတ်ဖွယ်ကောင်းသော ကျောင်းသင်္ခမ်းကလေးမှာ ရောက်နေပါစေ၊ ထိုနေရာကလေးကို ကြည့်၍ နှစ်သက်မှု ပီတိဖြစ်ကာ… 
““ယခု အားထုတ်တော့မည့် ကမ္မဋ္ဌာန်းအလုပ်ဖြင့် အပါယ်လေးပါးဒုက္ခများနှင့် အိုနာသေရေးတို့မှ ကင်းဝေးရပေတော့မည်””ဟု ရွှင်ကြည် အားတက်သောစိတ်ကို အခြေတည်၍ ယောဂီသူတော်စင်တို့ ထိုင်နည်းကျကျ (တရားရပြီး သူတို့ သမာပတ်ဝင်စားနေကြသောပုံ) တခြားအာရုံသို့ စိတ်မရောက် စေဘဲ မိမိ၏ ခန္ဓာကိုယ်၌ပင် စိတ်စွဲ၍ ““မြဲသလား, မမြဲဘူးလား””ဟု စဉ်းစားချက် ထုတ်ကြည့်ပါ၊ (အသက် ၄၀ ရှိသူအတွက်) မိမိခန္ဓာ ကိုယ်သည် အမိဝမ်းမှ ဖွားမြင်ခဲ့ပြီးနောက် အနှစ် (၄၀) ကြာပြီဟု ဆိုကြပါစို့၊ ပထမနှစ် ဖွားခါစရုပ်သည် ဒုတိယနှစ်ရုပ်နှင့် မတူသကဲ့သို့ (၃၀)အရွယ်တုန်းကရုပ်လည်း ယခု(၄၀)အရွယ်ရုပ်နှင့် မတူကြောင်း ထင်ရှားနေပြီမဟုတ်ပါလော။
          ဆက်ဦးအံ့… ခန္ဓာကိုယ်သည် တစ်နှစ်နှင့်တစ်နှစ် မတူအောင် ပြောင်းလွဲလာရာ၌ တစ်နှစ်ပြည့်မှ ဗြုန်းခနဲ ပြောင်းလဲလာသည် မဟုတ်၊ တစ်နှစ်အတွင်း (၁၂)လရှိရာဝယ် လတိုင်း လတိုင်း ပြောင်း လဲလျက်ပင်၊ တစ်လအပြည့် အပြည့်ကျမှလည်း ဗြုန်းခနဲ ပြောင်းလဲ သွားသည် မဟုတ်၊ တစ်လအတွင်း ရက်ပေါင်း (၃၀)ရှိရာဝယ် ရက်တိုင်းရက်တိုင်း ပြောင်းလဲနေသည်သာ တည်း၊ တစ်ရက်တစ်ရက် ပြည့်မှလည်း ဗြုန်းခနဲ ပြောင်းလဲသည်မဟုတ်၊ တစ်ရက်အတွင်း၌ (၂၄)နာရီရှိရာဝယ် နာရီတိုင်း နာရီတိုင်း ပြောင်းလဲလျက်သာတည်း၊ တစ်နာရီ တစ်နာရီ ပြည့်မှလည်း ဗြုန်းခနဲ ပြောင်းလဲသည်မဟုတ်၊ တစ်နာရီအတွင်း မိနစ် (၆၀)ရှိရာဝယ် မိနစ်တိုင်း မိနစ်တိုင်း ပြောင်း လဲလျက်သာတည်း၊ တစ်မိနစ်၌ စက္ကန့် (၆၀)ရှိရာဝယ် တစ်စက္ကန့်၏ အစိတ်အပိုင်း အချိန်ကလေးမှာပင် ရုပ်တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲ လျက်သာတည်း၊ ကျမ်းဂန်တို့၌ကား လက်ဖျောက်တစ်ချက်တီးအချိန် အတွင်းမှာ ကုဋေပေါင်းများစွာ ဖြစ်၍ ပျက်နိုင်ကြ၏ဟု ဆို၏။
          ထိုသို့ အလွန် လျင်မြန်စွာ ဖြစ်ပျက်နေသော်လည်း ရှေ့ရုပ်နှင့် နောက်ရုပ်များ တစ်ထပ်တည်းပင် တူနေသောကြောင့် အဟောင်း အဟောင်း ရုပ်တွေ  ပျက်၍  အသစ်  အသစ်ရုပ်တွေ  ဖြစ်လျက် ဖြစ်လျက်နေသည်ကို မသိနိုင်ကြဘဲ တစ်နှစ်လောက် နှစ်နှစ်လောက် ငါးနှစ်လောက် ဆယ်နှစ်လောက်ကျော်မှ အလျင် ရုပ်များနှင့် မတူကြောင်းကို သိကြရလေသည်။
ပုလဲကုံးဥပမာ  တစ်နှစ်လျှင် ရက်ပေါင်း(၃၆၅)ရက်ရှိရာ အသက်(၄၀) ရှိသူအတွက် ရက်ပေါင်း (၁၄၆၀၀  တစ်သောင်းလေးထောင်ခြောက်ရာ) ရှိသောကြောင့် တရက်လျှင် ပုလဲ တစ်လုံးကျဖြင့် တစ်လုံးနှင့်တစ်လုံးလည်း မသိမသာ အရွယ်ချင်း ခြားနားစေ၍ ကြီးရာမှ တဖြည်းဖြည်း သေးငယ်လာစေပြီးလျှင် ပုလဲ အလုံးပေါင်း တစ်သောင်းလေးထောင်ခြောက်ရာ စီကုံးထားရာဝယ် ရှေ့အလုံးနှင့် နောက်အလုံးကို ယှဉ်ကြည့်လျှင် ထူးခြားသည်ဟု မထင်ရသော်လည်း အလုံး လေး ငါး ခြောက်ဆယ်ခြားလောက် ယှဉ်ကြည့်လျှင် အတော်ထူးခြားသည်ကို တွေ့ရ၏၊
ရှေ့ဆုံးပုလဲလုံး နှင့် နောက်ဆုံးပုလဲလုံးကား အကြီးအငယ် အလွန်ကွဲပြားခြားနားနေ တော့၏၊ ထို့အတူ နေ့ရှိသမျှ ရုပ်တွေ ပြောင်းလဲ၍ ဖြစ်နေကြရာ၌ ရှေ့ရုပ်နှင့် နောက်ရုပ် ထူးခြားပုံကို မသိနိုင်သော်လည်း တစ်နှစ်နှင့် တစ်နှစ် ပြောင်းလဲပုံစသည်တို့မှာ အတော်သိသာပါသည်၊ ပထမနှစ် ရုပ်နှင့် (၄၀)ပြည့်နှစ်ရုပ်တို့ ကွဲပြားကြောင်းမှာ ပြောစရာမလိုတော့၊ ဤသို့ ရှုဖန်များလျှင် ခန္ဓာကိုယ်သည် ဖြစ်သည့်အတိုင်း မတည်ဘဲ ပျက်၍ ပျက်၍ နေသောကြောင့် ““မမြဲသော အနိစ္စပါတကား””ဟု ဉာဏ်၌ ထင်ရှားလာပါလိမ့်မည်။
အနိစ္စမှန်လျှင် ဒုက္ခချည်း
မမြဲသောအရာ ဟူသမျှသည် ဒုက္ခချည်းဖြစ်၏၊    အလွန် ကြီးကျယ်သော    စည်းစိမ်ရှင်တွေကို အများတို့က သုခတုံးကြီးဟု ထင်မြင်နေကြ၏၊ ထိုစည်းစိမ်ရှင်ကြီးတွေ၏ (အများမသိနိုင်သော) အတွင်းရေး ဒုက္ခ တွေကို ဖယ်ထားပါဦးတော့၊ စည်းစိမ်ရှင်ကြီးတွေ မသေသေးခင် မင်းစိုး စသောဘေး, စစ်ဘေး စစ်ဒဏ်ကြောင့် စည်းစိမ်ပျက်၍ ဒုက္ခ ဖြစ်ပုံကိုလည်း ဖယ်ထားလိုက်ပါဦး၊ စည်းစိမ်မပျက်ဘဲနှင့် တစ်နေ့ ကျတော့ ထိုစည်းစိမ်ရှင်တွေ သေကြရပါလိမ့်မည်၊ နတ်စည်းစိမ်ရှင် ဗြဟ္မာ့စည်းစိမ်ရှင်တွေလည်း မရဏမှ မလွတ်နိုင်ကြပါ၊ ဤ ဒုက္ခ သည် ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် မရှိသေးသော လူအားလုံးတို့ သိနိုင် နားလည်နိုင်သော ဒုက္ခပေတည်း။
Credit to
အနာဂတ်သာသနာရေး အပိုင်း(၄၈) အတ္တကိလမထအကျင့်
အတ္တကိလမထအကျင့်
          [အတ္တ = အတ္တဘော = ခန္ဓာကိုယ် +  ကိလမထ=ပင်ပန်းကြောင်းအကျင့်]
ဗုဒ္ဓ ထွန်းပေါ်တော်မမူမီက ရသေ့တို့သည် ခန္ဓာကိုယ်တွင်း၌ ကိလေသာ ကာမစိတ်တွေ သောင်းကျန်းနေခြင်း၏ အပြစ်ကို မြင်ကြ၍ ထိုကာမစိတ်ဓာတ် နည်းပါးစေနိုင်သော အကျင့်ကို ရှာကြလေရာ ““ခန္ဓာကိုယ် ၀၀ဖြိုးဖြိုးနှင့် တိုးတက်စည်ပင်နေလေသမျှ ကာမတဏှာ ကိလေသာ အစိုအစေးဓာတ်လည်း မပြတ်စိုနေစရာ ရှိ၏၊ ဤခန္ဓာကိုယ် မစိုမလန်း ခြောက်ခန်းနေလျှင် ထန်းနို့ခြောက်မှ ထန်းရည် မထွက်နိုင်သကဲ့သို့ ကိလေသာ အစိုဓာတ်လည်း ခြောက်ကပ် ပျောက်ကွယ်ဖွယ် ရှိ၏””ဟု ကြံဆပြီး မိမိ ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ်အောင် နှယ်ကြလေတော့၏၊ အစာကို ခြိုးခြံကာ ပဲပြုတ်ရည်ကလေးမျှလောက်ကိုသာ စားသောက်၍ ကျင့်ကြ၏၊ (အလောင်းတော်သည်ပင် ထိုအကျင့်ကို ကျင့်ခဲ့သေး၏၊)
အချို့ကား နွေခေါင်ခေါင် နေပူ၌ လေးမျက်နှာက မီးဖိုကြီး လေးဖို ဖိုပြီးလျှင် ထိုအလယ် ၀င်နေ၍ နေပူနှင့်တကွ အပူငါးမျိုးကို ခံကာ ““ပဉ္စာတပ= ပဉ္စ + အာတပ””ခေါ် အကျင့်ဖြင့် ကိလေသာအစို ပျောက်အောင် ခန္ဓာကိုယ်ကို အပူတိုက်ကြလေ၏၊ အချို့ကမူ ခုတင် စသည်၌ ဆူးတွေ စိုက်ပြီးမှ အနာခံ၍ အိပ်ကြလေ၏၊ ထိုသို့ နာကျင်နေလျှင် ကိလေသာစိတ်တွေ မဖြစ်နိုင်တော့ဟု ယူဆကြလေသည်၊ တချို့ ကား ““ချမ်းပါပေ့””ဟု ဆိုရသော ဆောင်းကာလ၀ယ် ရေချိုးကာ ကိလေသာကို ရေ၌ မျှောကြ၏၊ ထိုအကျင့်မျိုးတွေကို ““အတ္တ ကိလမထအကျင့်””ဟု ခေါ်၏။
          ထိုအကျင့်မျိုးလည်း ခန္ဓာကိုယ် ဒုက္ခရောက်ရုံမျှသာ ဖြစ်၏၊ အပင်ပန်းခံနေခိုက်မှာ ကာမကိလေသာ မဖြစ်ဘဲရှိရာသော်လည်း တစ်ခါတည်း အမြစ်ပြတ်အောင် ခြောက်ကပ်၍ သွားလိမ့်မည် မဟုတ်၊ ထိုအကျင့်ဖြင့် သေသွားစေကာမူ နောက်ဘ၀၌ ကိလေသာ အစိုဓာတ်သည် အမြဲ ပါနေဦးမည်သာ၊ ထို့ကြောင့် ထိုအကျင့်သည် ဒုက္ခရောက်သလောက် အကျိုးမရသဖြင့် အရိယာသူတော်စင်တို့၏ ကျင့်နည်း မဟုတ်သေးချေ၊ သို့ဖြစ်၍ ထိုအကျင့်မျိုးကိုလည်း ရသေ့ ရဟန်း သူတော်စင်တို့ မကျင့်ထိုက်ဟု တားမြစ်တော်မူသည်။
မှတ်ချက်။                ယခုကာလ  ““ကျင့်နေပါသည်”” ဟု  ၀န်ခံကြသော                        ပုဂ္ဂိုလ်များသည် မိမိခန္ဓာကိုယ် အင်အားလိုက်၍ အပင်ပန်းခံသင့်မှ ခံရပေမည်၊ ခန္ဓာကိုယ် အားမရှိဘဲ ဓုတင်ကို အတင်းဆောင်ထားရမည် မဟုတ်၊ ကိလေသာကာမစိတ် မတိုးပွား စေနိုင်သော ပစ္စည်းများကိုလည်း တရားအားထုတ်နိုင်ဖို့ရာ သုံးစွဲကောင်းပါသည်၊ သို့ရာဝယ် စည်းစိမ်ခံစားသောသဘော သက်ရောက်ဖွယ်ရာ အရောင်အ၀ါ ၀င်းဝင်းစက်စက် အသုံး အဆောင်များကိုကား ရှောင်ရှားသင့်ကြသည်၊ ထို့ပြင် ““ကိလေသာ”” ဟု ဆိုလျှင် ကာမစိတ်တစ်မျိုးဟုသာ နားလည်နေကြသော်လည်း အမှန်အားဖြင့် စိတ်ဓာတ်ကို ညစ်နွမ်းစေသော ဒေါသ မောဟ မာန စသည်တို့လည်း ကိလေသာပင် ဖြစ်၏၊ ထိုကိလေသာတို့ကိုကား ရှေ့၌ ပြခဲ့သော အတ္တကိလမထအကျင့်က (ခေတ္တခဏမျှ) တားဆီး နိုင်မည် မဟုတ်ပါ။
မဇ္ဈိမပဋိပဒါ၏အကျိုး                     
[မဇ္ဈိမ = အလယ်အလတ် + ပဋိပဒါ=အကျင့်၊ (နိဗ္ဗာန်သွားကြောင်းလမ်းစဉ်)]            ကာမဂုဏ်လိုက်စားသော ကာမသုခလိ’ကအကျင့်သည် လက်ယာ လမ်းဖြစ်၍ အောက်တန်းကျ၏၊ ပျော့ညံ့လှ၏၊ လျော့သောစောင်း ကြိုးသည် အသံကောင်း မမြည်စေသကဲ့သို့ ထိုအကျင့်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ကို မရနိုင်၊ ခန္ဓာကိုယ် ဒုက္ခပေးသော အတ္တကိလမထအကျင့်ကား လက်ဝဲလမ်းဖြစ်၍ တင်းလွန်း၏၊ အောက်တန်းကျသည်, ယုတ် ညံ့သည်ဟု မဆိုရသော်လည်း ထို အလွန်တင်း၍ အပြင်းအထန် ကျင့်မှုလည်း (တင်းလွန်းသောစောင်းကြိုးသည် အသံကောင်း မမြည် စေသကဲ့သို့) မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ရန် မှန်သောလမ်း မဟုတ်သေးချေ။
          မလျော့မတင်း စောင်းကြိုးညင်းကဲ့သို့ လျော့လည်း မလျော့, တင်းလည်း မတင်းဘဲ ဉာဏ်စက္ခုအလင်းရအောင် ပြုနိုင်, ထိုးထွင်း ၍လည်း သိအောင်ပြုနိုင်, နိဗ္ဗာန်ကိုလည်း သိမြင်စေနိုင်သော အကျင့်သည်သာ အလယ်အလတ်အကျင့် ဖြစ်၍ လမ်းမှန်သော အကျင့် ဖြစ်နိုင်သည်၊ ဗုဒ္ဓအလောင်းတော်ကား ထိုကျင့်စဉ်အမှန်ကို တွေ့မှ ဗုဒ္ဓအဖြစ်သို့ ရောက်ရပေသည်၊ ထိုအကျင့်ကား တခြားမဟုတ်, သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးပင်တည်း။
Credit to 
အနာဂတ်သာသနာရေး အပိုင်း(၄၇) အဓိပ္ပာယ်ရှင်းပြချက်
အဓိပ္ပာယ်ရှင်းပြချက်
ဤအခန်းကို   ကြည့်ရှုသူတို့အား ဓမ္မစကြာတရား စ၍ ဟောတော် မူချိန်ကို ခန့်မှန်းစေလိုပါသည်၊ ရှင်တော်မြတ်သည် ဗုဒ္ဓဖြစ်ပြီးခါစ သက်တော် (၃၅)နှစ် အရွယ်မျှဝယ် ကမ္ဘာလောက၌ ထူးခြားသော တရားတော်ကို ပထမဆုံး ဟောတော်မူရမည့် အခါပေတည်း၊ လူ ပုဂ္ဂိုလ်ထဲက ငါးဦးမျှသောပဉ္စ၀ဂ္ဂီတို့သည် တရားဦးကို နာယူမည်ဟု မျှော်လင့်တောင့်တ စောင့်ဆိုင်းခဲ့ကြသည်မှာ (၃၅)နှစ်လောက်ပင် ကြာပါပေပြီ၊ 
ယခုအချိန်မှာ သူတို့ မျှော်လင့်နေသော အလောင်းတော်မင်းသား၏ ဗုဒ္ဓဖြစ်ကြောင်းကို ယုံကြည်လာကြပြီ ဖြစ်၍ တရားတော်ကို နာလိုသောဆန္ဒလည်း အလွန်ထက်သန်လျက် ရှိကြပေလိမ့်မည်၊ နေရာဌာနမှာလည်း လူသံကင်းဝေး အေးဆေးငြိမ်သက် လှစွာ မိဂဒါဝုန် ရဂုံမြိုင်တွင်းဖြစ်၏၊ အချိန်မှာ ၀ါဆိုလပြည့်နေ့ဝယ် နေစွယ်ယွန်း၍ လ၀န်းပေါ်စအချိန် ဖြစ်ပေသည်၊ ထိုအချိန်ကောင်းဝယ် အရွယ် (၃၅)နှစ်မျှ အားအင်တော်ပြည့်၍ ၀ါဝင်းသပ္ပာယ်သော ကိုယ်ခန္ဓာတော်တွင် ကြည်လင်အေးမြသော မျက်နှာတော်ဖြင့် သာယာသော အသံတော်ကို ထုတ်ဖော်ကာ ““ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ”” အစချီသော တရားရတနာကို မိန့်တော်မူပါသည်။
ကာမသုခလ္လိကအကျင့်
ကာမချမ်းသာကို  ခံစားသော  လူဝတ်ကြောင်များသည် မိမိတို့ ကာမစိတ်အလိုကျအောင် လှပသောအဆင်း, သာယာသော တီးမှုတ်သံ, မွှေးကြိုင်သောအနံ့ အရက်သေစာမှ စ၍ အစားအသောက်မျိုးစုံဖြင့် တစ်ယောက်နှင့်တစ်ယောက် တွေ့ကာထိကာ မီးခိုးမဆုံး မိုးမဆုံးသော ခံစားဖွယ်တွေကို ရနိုင်သမျှ ခံစားကြ၏၊ ထိုကာမစိတ်ကြိုက် အလိုလိုက်သောအကျင့်သည် ကာမသုခလ္လိကအကျင့်မည်၏၊ ထိုကာမအကျင့်သည်အောက်တန်းကျ၍ယုတ်မာ ညစ်ညမ်းသောကြောင့် လူလယ်ကောင်၌ မပြုရဲကြ၊ အိမ်သူအိမ်သားတွေရဲ့ အကျင့်သာ ဖြစ်၏၊ အထက်တန်းကျသော အနာဂါမ် ရဟန္တာများ မကျင့်ကြချေ။
          မှန်၏၊ ဤအကျင့်သည် ကာမရာဂ မကုန်သေးသူတို့အတွက် အကောင်းကြီးဟု ထင်ရသော်လည်း ရာဂကုန်နေသူတို့အတွက်မှာ စိတ်ပျက် ရွံရှာဖွယ်သာ ဖြစ်၏၊ ဥပမာ…ခွေးဘ၀၌ ဖြစ်ခိုက် မစင်ကို အလွန် နှစ်သက်သော်လည်း ခွေးဘ၀မှ လွတ်၍ လူဖြစ်လာသော အခါ မစင်သည် စက်ဆုပ်ရွံရှာဖွယ် ဖြစ်သကဲ့သို့တည်း၊ ထို့အတူ ကာမရာဂ မကင်း၍ အကောင်းကြီးထင်ရသော ကာမခံစားမှုသည် ကာမရာဂ ကင်းကွာပြီးသော အနာဂါမ်ဖြစ်လျှင် ရွံဖွယ်ဟုသာ ထင်မြင်လေတော့သည်၊ ထိုအကျင့်ကို လိုက်စား၍ လောကအကျိုး သံသရာအကျိုး ပွားတိုးသည်ဟု မရှိ၊ စင်စစ်သော် ထိုအကျင့်ယုတ်ကို အားထုတ်လိုက်စားသူတို့မှာ ဉာဏ်ပညာ မတိုးပွားသည့်ပြင် နဂိုရှိသမျှ ပညာဉာဏ်သည်ပင် ထိုင်းမှိုင်းတတ်သေး၏၊ ထို့ကြောင့် ထို ကာမသုခလ္လိကာအကျင့်ကို ရသေ့ ရဟန်း သူတော်စင် ဟူသမျှတို့ ဝေးနိုင်သမျှ ဝေးအောင် ရှောင်ကြဉ်ကြရပေသည်။
မေထုန်ငယ်ခုနစ်မျိုး
[ ဤနေရာဝယ်  ““အင်္ဂုတ္တိုရ် သတ္တကနိပါတ်”” လာ မေထုန်ငယ် ခုနစ်ပါးကို သတိထားသင့်သည်၊] အိုပုဏ္ဏား…သမီး ခင်ပွန်းချင်း ကာမစည်းစိမ် ခံစားနေခြင်းကိုသာ ““မေထုန်””ကိစ္စဟု မမှတ်လင့်၊
၁။ ရေချိုးရာ၌ မာတုဂါမ၏ ပွတ်တိုက်ပေးခြင်း, အခြားနေရာ၌ ခြေဆုပ်လက်နယ် ပြုပေးခြင်းကို သာယာနေခြင်းလည်း မေထုန်ကိစ္စ တစ်မျိုးပင်တည်း၊
၂။ ထိုသို့ ပြုစုခံခြင်းမှ ရှောင်ကြဉ်နိုင်သော်လည်း မာတုဂါမနှင့်အတူ ပြုံးကာ ရယ်ကာ တို့ကာ ဆိတ်ကာ သာယာနေခြင်းလည်း မေထုန် ကိစ္စ တစ်မျိုးပင်တည်း၊
၃။ ထိုသို့ ပြုံးရယ် တို့ဆိတ်ခြင်း စသည်ကို ရှောင်ကြဉ်နိုင်သော်လည်း မျက်နှာချင်းဆိုင်၍ အားရပါးရ ကြည့်ရှု နေခြင်းလည်း မေထုန်ကိစ္စ တစ်မျိုးပင်တည်း၊
၎။ ထိုသို့ ကြည့်ရှု ခြင်းမျိုးမှ ရှောင်နိုင်သော်လည်း မိမိ၏ မမြင်ကွယ်ရာ အနီးအပါးမှ ရယ်သံ စကားပြောသံကို ကြား၍ သာယာသောအားဖြင့် နားစိုက် နေခြင်းလည်း မေထုန်ကိစ္စ တစ်မျိုးပင်တည်း၊
၅။ ထိုသို့ နား မထောင်ဘဲ ရှောင်လွှဲနိုင်စေကာမူ သီလမဆောက်တည်ခင် ရှေးက မာတုဂါမနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ကြင်ကြင်နာနာ နေခဲ့ရဖူးသည်ကို တွေး၍ မျက်စိထဲ၌ တရေးရေး မြင်နေရခြင်းလည်း မေထုန်တစ်မျိုးပင်တည်း၊
၆။ ထိုသို့မတွေးဘဲ နေနိုင်စေကာမူ လူဝတ်ကြောင် များ၏ ခံစားမှုကို မြင်ရ၍ အားကျနေခြင်းလည်း မေထုန်တစ်မျိုးပင်တည်း၊
၇။ ထိုအားလုံးကို ရှောင်ကြဉ်၍ သူတော်စင်ပီပီ တည်ကြည်ပါသည်ဟု ချီးမွမ်းရမည် ဖြစ်သော်လည်း ယခုဘ၀၌ စောင့်စည်းရသော အကျင့်သီလဖြင့် နောက်ဘ၀ နတ်ဖြစ်ရတော့ မည်ဟု မျှော်လင့်လျက် နှစ်သက်သာယာနေခြင်းလည်း မေထုန် တစ်မျိုးပင် ဖြစ်၏။
          ထိုစိတ်မျိုး ဖြစ်နေသမျှ အဗြဟ္မစရိယ (မေထုန်)မှ ရှောင်ကြဉ်မှု သီလသည် ညှိုးနွမ်း ပေါက်ကျားနေသေး၏ဟု ဟောတော်မူသည်၊ ထို့ကြောင့် ကာမသုခလ္လိကနုယောဂအကျင့်ကို ရှောင်ကြဉ်၍ သူတော်စင်ပီပီ တည်ကြည်သော ရသေ့ ရဟန်း သီလရှင် ဖြစ်လိုသူ များကား ထိုအားလုံးမှ ရှောင်ရှားနိုင်အောင် ကိုယ်ရော စိတ်ပါ သတိထားကြရပေလိမ့်မည်။
Credit to
အနာဂတ်သာသနာရေး အပိုင်း(၄၆)ဓမ္မစကြာတရားတော်
ဓမ္မစကြာတရားတော်
အမှာစကား
ဤတရားတော်ကို နဂို ဟောတော်မူရင်း အစဉ်အတိုင်း နားလည်လောက်အောင် ရေးနေရလျှင် ထိုတရားတော်ဖြင့် ဓမ္မအခန်း တစ်ခန်းလုံး ဖုံးသွားဖွယ်ရှိ၏၊ ဤကျမ်းကား တရားတော်၏ လေးနက်ပုံကိုလည်းကောင်း, ထိုတရားတော်ကို ဟောပြတော်မူသော ဗုဒ္ဓ၏ ဉာဏ်တော်ကိုလည်းကောင်း,  (မယုံကြည်တတ်သေးသူတို့) မှန်းဆကြစေလိုသည့်အပြင် ထိုတရားတော်အရ တည်ဆောက်ထားသော သာသနာ့အဆောက်အအုံကြီးကို ခိုင်ဖြီး ခမ်းနားအောင် ပြုပြင်လိုသောကြောင့် စီစဉ်အပ်သော ကျမ်းစာဖြစ်ရကား တရားတော် အစဉ်ကျအောင် လုံးစေ့ပတ်စေ့ ရေးခွင့်မရတော့ပါ၊ ထို့ကြောင့် ထိုထိုသုတ္တန်တော်ကြီးများမှ လိုရင်း အချက်များကိုသာ ထုတ်ဖော်ညွှန်ပြရပါလိမ့်မည်။
အချုပ်တရားများ
ဤဓမ္မစက္ကပ္ပ၀တ္တန(ဓမ္မစကြာ)သုတ်၌ အချုပ်တရားများကား ပဋိပဒါ (အကျင့်) သုံးပါး, သစ္စာလေးပါး, ဉာဏ်(၁၂)ပါးနှင့် ဗုဒ္ဓအဖြစ်ကို ၀န်ခံတော်မူခန်းများ တည်း၊ [နတ်တို့၏ ကြေးကြော်သံမှာ ဓမ္မစကြာတရားရင်း၏ နောက် ဆက်သာတည်း၊]
ထိုတွင်… အကျင့်သုံးပါးဟူသည်… ကာမသုခလိ’ကာနုယောဂ, အတ္တ ကိလမထာနုယောဂ, မဇ္ဈိမပဋိပဒါတည်း။
          သစ္စာလေးပါးဟူသည်…ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓ သစ္စာ, မဂ္ဂသစ္စာတည်း။
          ဉာဏ်တော်(၁၂)ပါးဟူသည်… ဤတရားစုသည် ဒုက္ခသစ္စာ တည်းဟု ဒုက္ခသစ္စာကို သိသော သစ္စဉာဏ်,       
ဤဒုက္ခသစ္စာသည် (ပယ်ရှားစွန့်ပစ်စရာ မဟုတ်) ကွဲကွဲပြားပြား နားလည်စရာ ဖြစ်သည်ဟု ဒုက္ခသစ္စာအပေါ်၌ ဖြစ်ထိုက်သော ကိစ္စကို သိသော ကိစ္စဉာဏ်,
          ဤဒုက္ခသစ္စာကို ငါဘုရားသည် ကွဲကွဲပြားပြား ခွဲခြား၍ သိပြီး ပေပြီဟု ပြုပြီးကိစ္စကို သိသော ကတဉာဏ်,
          ဤသို့ ဒုက္ခသစ္စာ၌ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟု ဉာဏ်သုံးပါး ဖြစ်သကဲ့သို့ နောက် သစ္စာများ၌လည်း သုံးပါးစီ ပြားရကား ဉာဏ်ပေါင်း (၁၂)ပါး ပြားသည်။
          ဤသို့ သစ္စာလေးပါးတို့၌ ဉာဏ် (၁၂)ပါး မဖြစ်မီက ““သမ္မာ သမ္ဗုဒ္ဓ=ဘုရား”” ဖြစ်ပြီဟု ၀န်မခံသေးဘဲ ဉာဏ် (၁၂)ပါးဖြင့် သစ္စာ လေးပါးကို သိတော်မူမှ ၀န်ခံတော်မူသည်။
          ဤစကားလုံးကား ဓမ္မစကြာ၌ ဟောတော်မူလိုရင်း အချုပ်တရားတည်း၊ ထိုတွင် ဉာဏ် (၁၂)ပါးမှာ အများနှင့် အရေးတကြီး မဆိုင်လှသဖြင့် ဖော်ပြတော့မည် မဟုတ်၊ ထို့ပြင် ပါဠိတော်ရင်းကို လည်း ပါဠိကို နားမလည်သူတို့အား ထူးခြားခြင်း မရှိသဖြင့် မဖော်ပြ တော့ဘဲ အကျဉ်းချုပ် ဘာသာပြန်ကိုသာ ပြထားပါသည်၊ အောက်ပါ စကားတို့ကား ထိုပါဠိတော်ကို မြန်မာလို ပြန်ဆိုထားချက်တည်း။
အကျင့်သုံးပါးတရားတော်
ဘိက္ခုတို့…ရသေ့ ရဟန်းဟူသမျှသည် ကာမစည်းစိမ်ကို ခံစားသော အကျင့်နှင့် ခန္ဓာကိုယ် ပင်ပန်းသော အကျင့် နှစ်မျိုးကို မကြိုးစားထိုက်၊ ကာမစည်းစိမ်ကို ခံစားသော အကျင့်သည် ယုတ်မာ ညစ်ညမ်း အောက်တန်းကျ၏၊ မြို့ရွာနေသူ လူဝတ်ကြောင်များ၏ အကျင့် ဖြစ်၏၊ ကာမစည်းစိမ်ကို ခံစားသော အကျင့်သည် ယုတ်မာ ညစ်ညမ်း (ရသေ့ ရဟန်းများ၏ အကျင့် မဟုတ်) ပုထုဇဉ် လူ့ဗာလ တို့၏ အကျင့်လည်း ဖြစ်၏၊ မြင့်မြတ်ဖြူစင် အရိယာနွယ်ဝင်တို့၏ အကျင့်မဟုတ်၊ ထိုကာမစည်းစိမ်ခံစားသော အကျင့်သည် အကျိုး စီးပွားများအောင် မဆောင်နိုင်သည့်ပြင် အကျိုးမဲ့ကိုသာ ဆောင်နိုင်လေသည်၊ ခန္ဓာကိုယ် အပင်ပန်းခံ၍ ကျင့်သော အကျင့်မျိုးလည်း ဒုက္ခရောက်လှ၏၊ အရိယာသူတော်စင်တို့၏ အကျင့်မဟုတ်၊ အကျိုး မဲ့ကိုသာ ဆောင်နိုင်သည်။
မဇ္ဈိမပဋိပဒါ
ဤနှစ်မျိုးသော ကျင့်စဉ်လမ်းမှားကို မလိုက်ဘဲ ကာမချမ်းသာကို ခံစားသောလမ်း, ဒုက္ခခံသော လမ်းနှစ်သွယ်၏ အလယ်ဖြစ်သော ကျင့်စဉ်လမ်းတစ်မျိုးကို ငါဘုရား ထိုးထိုးထွင်းထွင်း ရှင်းလင်းစွာ သိထားပြီ၊ ““မဇ္ဈိမပဋိပဒါ””ဟုခေါ် သော ထိုအလယ်လမ်းကား ဉာဏ်စက္ခုအလင်းရအောင် ပြုနိုင်၏၊ အသိဉာဏ် တိုးပွားအောင် ပြုနိုင်၏၊ ကာမဂုဏ် ခံစားလိုသော ကိလေသာမှ စ၍ ဒေါသ မောဟ မာန်မာန စသော ကိလေသာ အပူတွေကို အေးငြိမ်းစေနိုင်၏၊ သစ္စာလေးပါးကို (မျက်မှောက်ပြု သောအားဖြင့်) ဖိဖိစီးစီး သိအောင် ပြုနိုင်၏၊ ထို သစ္စာလေးပါးကို (ပိုင်းခြားဆုံးဖြတ်သောအားဖြင့်လည်း) သိအောင် ပြုနိုင်၏၊ နိဗ္ဗာန်ဟု ခေါ်ရသော အအေးဓာတ် အငြိမ်းဓာတ်ကိုလည်း ရအောင် ပြုနိုင် ပေသည်။
မဂ္ဂင်ရှစ်ပါး
ထို မဇ္ဈိမပဋိပဒါခေါ် အလယ်လမ်းကျင့်စဉ် ဟူသည်မှာ… အယူအမြင် မှန်ခြင်း, အပြစ်မရှိသော အကြံကို ကြံခြင်း, မမှန်သော စကားကို ရှောင်၍ မှန်သော စကားကိုသာ ပြောခြင်း, မမှန်သော အလုပ်ကို ရှောင်၍ မှန်သောအလုပ် ကို ပြုလုပ်ခြင်း, တရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာဖြင့်သာ ကောင်းမွန်စွာ အသက်မွေးခြင်း, လမ်းမှန်ကိုသာ ကြိုးစားခြင်း, မှန်ကန်သော သတိ အမြဲရှိခြင်း, မှန်ကန်သောအရာ၌ သမာဓိရှိခြင်း ဤ ရှစ်ပါးပင် ဖြစ်သည်၊ ဤ ရှစ်ပါးသော ကျင့်စဉ်များကို မိမိစိတ် အစဉ်မှာ အမြဲဖြစ်အောင် ကြိုးစားလျှင် ဉာဏ်စက္ခုအလင်း ရ၍ အသိဉာဏ်လည်း တိုးပွားကာ ကိလေသာ အပူမီးကို ငြိမ်းစေနိုင်၏၊ သစ္စာလေးပါးကို ဖိဖိစီးစီး မှန်မှန်ကန်ကန် သိမြင်နိုင်, နိဗ္ဗာန်ကိုလည်း ကိုယ်တိုင် မြင်နိုင်ပါသည်၊ ဤကား ပါဠိတော်ကို မြန်မာပြန်ချက်တည်း။
Credit to
အနာဂတ်သာသနာရေး အပိုင်း(၄၅) ဗုဒ္ဓရှင်တော်နှင့်ပဉ္စ၀ဂ္ဂီ
ဗုဒ္ဓရှင်တော်နှင့်ပဉ္စ၀ဂ္ဂီ
ပဉ္စ၀ဂ္ဂီတို့နှင့်တွေ့ပုံ
ထိုသို့  ဆွမ်း စသည်ကို  စားတော်မူလျှင် မကြာခင်နဂိုအသားအရေဖြစ်၍ လမ်းမှန် ကျကျ တရားအားထုတ်တော်မူလေရာ ပထမဈာန်မှ စ၍ လောကီ ဈာန်ကို ရတော်မူပြီးလျှင် အတော်ကြာသောအခါ ဗုဒ္ဓအခန်း၌ ပြခဲ့သည့်အတိုင်း ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူပြီးနောက် တရားဦး ဟောဖို့ရန် ပဉ္စ၀ဂ္ဂီတို့ ရှိရာ မိဂဒါဝုန်တောသို့ ကြွတော်မူလေသော် ပဉ္စ၀ဂ္ဂီတို့သည် ဗုဒ္ဓရှင်တော်မြတ်ကို ““ဗုဒ္ဓ မဖြစ်သေး””ဟု အယူရှိ သောကြောင့် ““ငါ့ရှင် ဂေါတမ””ဟု ပြောဆိုကြလေသည်။
ပဉ္စ၀ဂ္ဂီ                    ငါ့ရှင် ဂေါတမ… ဥရုဝေလတော၌ ကမ္မဋ္ဌာန်းအား ထုတ်နေစဉ် ကျုပ်တို့က ငါ့ရှင်ရဲ့ သပိတ်, သင်္ကန်းကို ယူပြီး (ဟိုဟိုသည်သည်)လှည့်လည်ခဲ့ကြတယ်နော်၊ မျက်နှာသစ် ရေ, တံပူတို့ကိုလည်း ပေးခဲ့ကြတယ်၊ ငါ့ရှင်နေတဲ့ ကျောင်း တလင်းကိုလည်း တံမြက်လှည်းခဲ့ကြ တယ်၊ သည့်နောက် ကျုပ်တို့ ဒီရွှေ့လာတဲ့အခါ ဘယ်သူက ၀တ်ကြီး ၀တ်ငယ် ပြုပါသလဲ။
ဗုဒ္ဓ                        ဘိက္ခုတို့… ငါ့ကို (ဂေါတမ ဟု) နာမည်မခေါ်ကြနှင့်၊ ငါ့ရှင်လို့လည်း မပြောကြနှင့်၊ ယခု ဗုဒ္ဓ ဖြစ်လာပြီ၊ အမတ တရား (နိဗ္ဗာန်တရား)ကို ငါသိပြီ၊ နားထောင်ကြ၊ တရား ဟောပြမည်၊ ဟောတဲ့အတိုင်း ကျင့်ကြလျှင် မကြာခင်ပင် မြတ်သောတရားကို ကိုယ်တိုင် သိမြင်ကြရလိမ့်မည်။
ပဉ္စ၀ဂ္ဂီ                    (ဗုဒ္ဓဖြစ်တယ်ဆိုတာကို မယုံနိုင်ကြသဖြင့်) ငါ့ရှင်ဂေါတမ… ခဲခဲယဉ်းယဉ်းနှင့် အပင်ပန်းခံပြီး (ပဲပြုတ်ရည် ကလေး တစ်လက်ခုပ်လောက် သောက်လျက်) ကျင့်တုန်းကမှ ဗုဒ္ဓမဖြစ်နိုင်ဘဲနှင့် ယခုလို ပစ္စည်းလာဘ် ပေါများအောင် ဟိုလည် ဒီလည် လည်ပြီးလျှင် ကမ္မဋ္ဌာန်းမှ ထွက်ခွာ၍ အစားအသောက်တွေ စားနေခါမှ ဗုဒ္ဓဖြစ်တယ် ဆိုတာ ဘယ်မှာ ဟုတ်နိုင်မှာလဲ။
ဗုဒ္ဓ               ။ ဘိက္ခုတို့ … ငါသည် ကမ္မဋ္ဌာန်းမှ  ထွက်၍ ပစ္စည်း ပေါများအောင်  လှည့်လည်နေသည်  မဟုတ်၊  ဗုဒ္ဓဖြစ်ပြီး အမတ (နိဗ္ဗာန်)ကို သိပြီ၊ သင်တို့ နားထောင်ကြ, တရား ဟောမည်၊ ဟောတဲ့အတိုင်း ကျင့်ကြလျှင် မကြာခင် တရားထူးကို ကိုယ်တိုင် သိကြရလိမ့်မည်။
[ ဤသို့ သုံးကြိမ် မိန့်တော်မူသည်။]
                   ဘိက္ခုတို့… သင်တို့သည် (ဥရုဝေလတောမှာ နေကြ စဉ်က) ငါ့အပေါ်၌ ““ဗုဒ္ဓ ဖြစ်တော့မှာပဲ””ဟု အမျှော်ကြီး မျှော်လင့်၍ နေကြတယ် မဟုတ်လား၊ ထိုအခါတုန်းက (သင်တို့ စိတ်အားထက်သန်ပါစေတော့ဟူသော သဘော ဖြင့်) ““ငါ့မှာ အရောင်အ၀ါတွေ ထွက်ပေါ်လာပြီ၊ မကြာမီ ဗုဒ္ဓ ဖြစ်တော့မည်””စသော စကားမျိုးကို ပြောဖူးသလား။
ပဉ္စ၀ဂ္ဂီ                    (အထက်ပါ စကားကို မိန့်တော်မူလိုက်လျှင်)… ““ဟုတ်သားဘဲ, ငါတို့ အမျှော်ကြီး မျှော်နေတုန်းက ဒီစကားကို မပြောခဲ့ဘဲ ယခုမှ ပြောခြင်းကို ထောက်လျှင် ဗုဒ္ဓ ဖြစ်ဟန်တူတယ်””ဟု သဘောပေါက်လာကြ၍ ““ရှေးက ဒီစကားမျိုး မပြောပါဘူးဘုရား””ဟု တစ်ပြိုင်နက်လျှောက် ထားကြလေသည်။
ဗုဒ္ဓ               ။ ယခု ငါ ဗုဒ္ဓ ဖြစ်လာပြီ၊ အမတ (နိဗ္ဗာန်)ကို သိပြီ၊ သင်တို့ နားထောင်ကြ၊ ငါ သွန်သင်ပြသမည်၊ သွန်သင်ပြသသော နည်းအတိုင်း လိုက်နာကြလျှင် မကြာခင်ပင် တရား ထူးကို ကိုယ်တိုင် သိကြရလိမ့်မည်။ [ ဤသို့ မိန့်တော်မူပြီး လျှင် ““ဓမ္မစကြာ””တရားဦးကို ဟောတော်မူသည်။]
Credit to
အနာဂတ်သာသနာရေး အပိုင်း(၄၄) အတ္တကိလမထအကျင့်
အတ္တကိလမထအကျင့်
ဤသို့ ပင်ပန်းခံ၍ ကျင့်ခြင်းကို ““ အတ္တကိလမထအကျင့် ”” ဟု ခေါ်၏၊ (အတ္တ= ခန္ဓာကိုယ် အတ္တဘောကို + ကိလမထ= ပင်ပန်း ခံကြောင်းအကျင့်) ထိုခေတ်က ထိုကဲ့သို့ ပင်ပန်းခံသော အကျင့် များကို အသားယူ၍ ဘုရားတစ်ဆူ လုပ်နေကြသူတွေရှိ၏၊ ရေပူ ရေချမ်း ကမ်းလှမ်း၍ လုပ်ကျွေးနေကြသော ပဉ္စ၀ဂ္ဂီတို့လည်း ထိုသို့ ပင်ပန်းစွာ ကျင့်၍ နေပုံကို မြင်ရသဖြင့် ဧကန် ဗုဒ္ဓဖြစ်တော့မှာပဲဟု အားရပါးရ မျှော်လင့်နေကြလေသည်၊ အလောင်းတော်မှာကား ထိုမျှလောက် အပင်ပန်းခံမှုကြောင့် ဗုဒ္ဓဖြစ်ခန်းနှင့် ဝေးသော လမ်းမှားကို လိုက်သွားမိလေသည်။
စဉ်းစားတော်မူခြင်း
အလောင်းတော်သည်    တစ်မျိုးပြီး တစ်မျိုး  ပြောင်း၍  ပြောင်း၍ ခန္ဓာကိုယ်ပင်ပန်းကြောင်း အကျင့်များကို ကျင့်နေမိသည်မှာ (၆)နှစ် နီးနီး  ကြာခဲ့လေပြီ၊  မည်သည့်  တရားထူးကိုမျှလည်း  မရချေ၊ ထို့နောက် စဉ်းစားချက်တစ်မျိုးပေါ်လာသည်မှာ …  
ယခုခေတ် နောက်ခေတ်တို့၌ ““အပင်ပန်းခံ၍ ကျင့်သည်””ဟု မှတ်တမ်းတင်ရသူ တို့သည်လည်း ယခု ငါကျင့်သည်ထက် မလွန်နိုင်ကြချေ၊ ဤသို့ ပင်ပန်းခံ၍ ကျင့်မှ ရတမ်းဆိုလျှင် ငါလည်း တရားထူး ရသင့်ပြီ၊ ဤမျှလောက် ကျင့်ပါလျက် တရားထူးမရသည်မှာ ဤအကျင့်၏ လမ်းမှန်မဟုတ်သောကြောင့်သာဖြစ်၏၊ ထူးသော အသိဉာဏ်ကို ရဖို့ရန် လမ်းမှန်သည်ကား တစ်မျိုး ဖြစ်တန်ရာသည်ဟု စဉ်းစားမိလေသည်။
အစာစား၍ကျင့်ပုံ
ငယ်ရွယ်စဉ်အခါ ခမည်းတော်  လယ်ထွန်မင်္ဂလာပြုချိန်ဝယ် ဇမ္ဗုသပြေပင်အောက်မှာ ဧယင်ပုခက်ပေါ် နေစဉ် အထိန်းတော်များ လယ်ထွန်မင်္ဂလာသို့ သွား၍ ကြည့်ခိုက် အာနာပါန ပထမဈာန်ကို ရ၍ ၀င်စားနေခဲ့ဖူး၏၊ ထိုအခါ အလွန် ချမ်းသာလှပေ၏၊ ထိုဈာန်သည်ပင် ထူးခြားသော ဉာဏ်ကို ရဖို့ရန် လမ်းမှန်ဖြစ်လေရော့သလားဟု စဉ်းစားလေရာ… ““အင်း…ဟုတ်သားဘဲ, အဲဒီဈာန်ဟာ လမ်းမှန်ပါပဲလား””ဟု အသိ ဉာဏ်လည်း ပေါ်လာ၏၊ 
ထိုသို့ ပေါ်လာသောအခါ ၀တ္ထုအာရုံ ကာမဂုဏ်တို့နှင့်လည်းကောင်း,  အကုသိုလ်စိတ်များနှင့်လည်း ကောင်း ကင်းကွာ၍ အလွန်ချမ်းသာလှသော ထိုပထမဈာန်တရားကို ဘာကြောင့် ငါကြောက်နေရမှာလဲ၊ ထိုလမ်းကောင်းလမ်းမှန်ဖြစ်သော ပထမဈာန်ကိုပင် ပြန်၍ ရအောင် ကြိုးစားတော့မည်၊ သို့သော် ဤမျှလောက် ခန္ဓာကိုယ် ပင်ပန်းနေလျှင် ထိုဈာန်ကို ရဖို့ မလွယ်ချေ၊ အစာကို မျှတအောင် စားဦးမှ သင့်မည်ဟု ကြံတော်မူ၍ စားရိုး စားစဉ် ဆွမ်း မုန့်များကို ရဖို့ရန် ဆွမ်းခံတော်မူပြန်သည်။
        အမှာ။            ။ ထိုသို့ အစားအသောက်များကို ထုံးစံအတိုင်း ပြန်စားသောအခါ ပဉ္စ၀ဂ္ဂီတို့လည်း အလောင်းတော်အပေါ်၌ အထင်သေး၍ ““ရဟန်းဂေါတမသည် ကမ္မဋ္ဌာန်းက လျှောကျ၍ လာဘ်ပေါများအောင် ကျင့်နေပေါ့””ဟု မျှော်လင့်ချက်လျှော့ပြီး စိတ်ပျက်စွာဖြင့် မိဂဒါဝုန်တောသို့ ရွှေ့သွားကြလေသည်။
Credit to
အနာဂတ်သာသနာရေး အပိုင်း(၄၃) အလောင်းတော်ကြိုးစားပုံ
အလောင်းတော်ကြိုးစားပုံ
[ဒုက္ကရ = ခဲယဉ်းစွာ ပြုအပ်သောအကျင့်ကို+စရိယာ=ကျင့်ပုံ၊] ဤ နေရာ၌ ဒုက္ကရစရိယာကျင့်ပုံကို အကျဉ်းမျှ ပြအံ့၊ အလောင်းတော် သည် ကာမအာရုံ၌ ခံစားလိုစိတ် မရှိသဖြင့် အတွင်းဓာတ် မစိုသော ထင်းနှင့် တူ၏၊ ယသော်ဓရာထိပ်ခေါင်တင်နှင့်တကွ မောင်းမမိဿံ အခြွေအရံများကို လွတ်လွတ်ကျွတ်ကျွတ်စွန့်ခဲ့ပြီးဖြစ်၍ ရေမနီးသော  ကုန်းခေါင်ခေါင်ကြီး၌ ပစ်၍ထားအပ်သော ထင်းနှင့်တူသည်၊ ထို့ကြောင့် အလောင်းတော်သည် ထင်လာသော ဥပမာသုံးချက်တွင် တတိယဥပမာနှင့် တူနေပေပြီ၊ ရှေ့ကို ကြိုးစားလျှင် တရားထူးမီး ထွက်ဖို့ရာ အဆင်သင့်ပေတည်း။
          ထို့ကြောင့် ဗုဒ္ဓအလောင်းတော်သည် (ငါလို ပုဂ္ဂိုလ်မျိုးအား ထူးခြားသော အသိဉာဏ်မရဘဲ နေနိုင်မည်လား)ဟု အံကြိတ်၍ တောက်ခေါက်ပြီးလျှင် အကုသိုလ်စိတ်ကို ကုသိုလ်စိတ်ဖြင့် (မီးပွတ်သလို) အတင်းဖိနှိပ်ကာ မဆုတ်မနစ် အပူတပြင်း ကြိုးစားတော်မူလေသည်၊ ထိုအခါ လက်ကတီးကြား (ချိုင်းကြား)တို့မှ ချွေးများ ယိုစီးလာ၏၊ ၀ီရိယကား အလွန်ပြင်းထန်၏၊ ဆုတ်နစ်ခြင်း လုံးဝမရှိ၊ သတိလည်း အကုသိုလ်စိတ် မဖြစ်ရအောင် အလွန်ကောင်းစွာ ထားလျက်ရှိသည်၊ ထိုသို့ ဆင်းရဲပင်ပန်းခံကာ ကြိုးစားအားထုတ်မှုက နှိပ်စက်သဖြင့် ခန္ဓာကိုယ်သည် အေးမြငြိမ်းချမ်းခြင်းမရှိဘဲ ပူလောင် နေသကဲ့သို့ ဖြစ်ရလေသည်။ [ထိုအချိန်မှာ အလောင်းတော်သည် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တော်မူနေသည်။]
ထွက်သက် ၀င်သက်ချုပ်ပုံ
ထို့နောက် အလောင်းတော်သည် အသက် မရှူမရှိုက်ဘဲ ပါးစပ်နှင့် နှာခေါင်းတို့မှ လေ၀င် လေထွက် မရှိရအောင် ချုပ်တည်းစမ်းတော်မူ၏၊ ထိုအခါ နှာခေါင်းပေါက်တို့မှ လေတွေ ထွက်လာ၏၊ ပန်းပဲဖိုမှ ထွက်သောလေသံကဲ့သို့် ထိုလေသံသည် အလွန်ပြင်းထန်၏၊ ထိုအခါ နှာခေါင်းပေါက်မှလည်း လေမထွက်အောင် ချုပ်တည်းတော်မူပြန်၏၊ ထိုအခါ ထွက်ပေါက်မရ၍ မထွက်ရသော လေတို့သည် ဦးထိပ်သို့ တက်ကာ (ထက်စွာသောစူးဖြင့် မွှေသကဲ့သို့) ဦးထိပ်ကို မွှေနှောက် လေတော့၏။
          ထိုနည်းအတိုင်း ထွက်သက် ၀င်သက်တို့ကို ချုပ်တည်းထားပြန်ရာ အလွန်ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ ဖြစ်ပေါ်လာလေ၏၊ အလွန် တင်းကျပ်စွာ သားရေပိုင်းဖြင့် ဦးခေါင်းကို စည်းထားသကဲ့သို့ တင်းကျပ်ကြီး ဖြစ်နေတော့၏၊ ထိုမှ တစ်ဖန် လေတို့သည် ၀မ်းဘက်သို့ လှည့်ကာ (နွားသတ်သမားက ဓားထက်ထက်ဖြင့် နွား၏ ဗိုက်ကို ဖြတ်လိုက်သကဲ့သို့) အလွန်ပြင်းထန်သော လေသည် ၀မ်းကို ဖြတ်လှီးသကဲ့သို့ ဖြစ်၏၊ ထို့နောက် မီးကျီးတွင်းထဲ ဆွဲချ လိုက်သကဲ့သို့ တစ်ကိုယ်လုံး ပူလောင်လာလေသော် စင်္ကြံသွားရင်း မူးမိုက်၍ လဲရှာလေတော့သည်၊ ထိုသို့ လဲ၍ မူးမေ့နေသောအခါ တချို့ နတ်များက ““သေပြီ””ဟု ထင်၍ နတ်အချို့က ““ရဟန္တာဖြစ်၍ သမာပတ်ဝင်စားနေတာ””ဟု ထင်မှားကြလေသတတ်။
အစားလျှော့၍ ဒုက္ခဖြစ်ပုံ
ထို့နောက် သတိရလာ၍ ၀ီရိယ မလျှော့သည့်အပြင်  လုံးလုံး အစာမစားဘဲ ကျင့်ရန် ကြံပြန်လေရာ (အစာမစားလျှင် နတ်တို့က နတ်သြဇာကို သွင်းပေးမည်စိုးသောကြောင့်) တစ်လက်ခုပ်လောက် တစ်လက်ခုပ်လောက် ပဲပြုတ်ရည်ကိုသာ သောက်၍ ကျင့်ပြန်လေသည်၊ ထိုသို့ အစာကို သိပ်လျှော့လိုက်ခြင်းကြောင့် ခန္ဓာကိုယ်သည် အလွန်အမင်း ပင်ပန်းတော်မူ၏၊ အရိုး အဆစ်တွေ ပေါ်နေ၏၊ တင်ပါးသားများပင် မရှိတော့ဘဲ ကုလားအုတ်၏ ခွာကဲ့သို့ ဖြစ်နေ၏၊ ကျောရိုးများလည်း ကိုးရိုးကားရား ဖြစ်နေတော့၏၊ နံရိုးများလည်း မမိုးရသေးသော အိမ်အချင်များကဲ့သို့ ကျိုးတိုးကျဲတဲ ဖြစ်နေ၏၊ မျက်လုံးများလည်း မျက်လုံးအိမ်အတွင်းသို့ဝင်ကာ ရေတွင်းထဲက ရေပွက်ကလေးကဲ့သို့ ထင်ရလေ၏။
          ဦးခေါင်းတော်ကား လေပူ နေပူလောင်ထား၍ ရှုံ့တွနေသော ဘူးခါးသီးကဲ့သို့ ဖြစ်နေ၏၊ ၀မ်းရေလည်း ကျောသို့ ကပ်နေရကား ၀မ်းဗိုက်ကို စမ်းလိုက်လျှင် ကျောရိုးများကို စမ်းသပ်မိတော့၏၊ အားလုံးသော အသားအရေ ရှုံ့တွနေရကား ကျင်ကြီးကျင်ငယ် စွန့်လျှင် လွယ်လွယ်နှင့် စွန့်၍မရဘဲ ထိုင်ရာမှ မှောက်လျက် လဲသွားတတ်လေသည်၊ အလောင်းတော်၏ နဂိုအသားအရေမှာ ၀ါဝင်း စိုပြေလှ၏၊ ထိုစဉ်ကမူ မည်းခြောက်၍ နေလေတော့သည်။
Credit to
အနာဂတ်သာသနာရေး အပိုင်း(၄၂) ဒုက္ကရစရိယာကျင့်တော်မူပုံ
ဒုက္ကရစရိယာကျင့်တော်မူပုံ
ပဉ္စ၀ဂ္ဂီငါးယောက်      
ငါးယောက်သော ပုဂ္ဂိုလ်များ၏အစု(အဖွဲ့)ကို ““ပဉ္စ၀ဂ္ဂီ”” ဟု ခေါ်၏၊  ဗုဒ္ဓ အလောင်းတော် ဖွားမြင်တော်မူ၍ မကြာမီ သုဒ္ဓေါဒနမဟာရာဇာသည်  ဗြာဟ္မဏပဏ္ဍိတ်  တရာ့ရှစ်ယောက်တို့ကို  ဖိတ်မန်၍ ကောင်းမွန်စွာ ကျွေးမွေးပြီးလျှင် ထိုဗြာဟ္မဏတို့တွင် ပညာအရှိဆုံး ရှစ်ယောက်ကို ရွေး၍ အလောင်းတော်ကလေး၏ ရုပ်လက္ခဏာ တော်ကို ကြည့်ရှုစေရာ ခုနစ်ယောက်သော ဗြာဟ္မဏတို့က ““ရုပ် လက္ခဏာအလိုအားဖြင့် တောထွက်လျှင် ဗုဒ္ဓဖြစ်ရမည်၊ လူ့ဘောင် နေလျှင် စကြာမင်းဖြစ်ရမည်””ဟု ဟောကြ၍ အငယ်ဆုံး ကောဏ္ဍည ဗြာဟ္မဏကမူ ““ဧကန်မုချ ဗုဒ္ဓ ဖြစ်ပါလိမ့်မည်””ဟု ဟောသည်။
          ထိုတွင် ကောဏ္ဍညဗြာဟ္မဏသည်““အိမ်ရာထောင်၍ လူ့ဘောင်နေလျှင် သားသမီးတွေနှင့် အစွန့်ရခက်မည်””ဟု ယူဆ၍ ထိုဗြာဟ္မဏ တို့၏ သားလေးယောက်နှင့်အတူ တောထွက်ပြီးလျှင် ရသေ့လုပ်ကာ အလောင်းတော်မြတ်၏ တောထွက်လာချိန်ကို စောင့်နေနှင့်၏၊ [ဗြာဟ္မဏရှစ်ယောက်တွင် သုံးယောက်က ဗုဒ္ဓနှင့်စကြာမင်းဟု နှစ်ခွန်း, ငါးယောက်က ဧကန် ““ဗုဒ္ဓဖြစ်ရမည်””ဟု ဟောပြီးလျှင် ထိုငါးယောက်သည်ပင် တောထွက်၍ ရသေ့လုပ်နေကြသည် ဟုလည်း ပါသရာသိသုတ်၌ တစ်နည်းပြ၏၊] ဗုဒ္ဓအလောင်းတော် တောထွက်လာသောအခါ သူတို့သည် ဗုဒ္ဓဖြစ်အောင် အားထုတ်နေ သော အလောင်းတော်ကို ရေပူရေချမ်း ကမ်းလှမ်းလုပ်ကျွေးနေကြလေသည်။
ဥပမာသုံးမျိုး ထင်လာပုံ
အလောင်းတော်သည်  တောထွက်တော်မူပြီးနောက် ဆရာကို လိုက်၍ ရှာရာ အာဠာရနှင့် ဥဒကရသေ့တို့ကို တွေ့ရပါသော်လည်း ထိုရသေ့ဆရာကြီးများအထံမှ လောကီဈာန်ကိုသာ နည်းခံရသဖြင့် အားရကျေနပ်ခြင်း မရှိသေးရကား ထိုဆရာကြီးတို့အထံမှ ခွဲခွာခဲ့၍ အကောင်းဆုံး ကုသိုလ်ဖြစ်သော သဗ္ဗညုတဉာဏ်တော်ကို ရှာလျက် လှည့်လည်တော်မူစဉ် ဥရုဝေလတော သေနာနိဂုံးသို့ ရောက်တော် မူသောအခါ အလွန်သာယာသော တောအုပ်ကိုလည်းကောင်း, စီးတသွင်သွင် ကြည်လင်သန့်ရှင်း မြူမှော်ကင်းသော စမ်းရေနှင့် ကမ်းခြေအနီးအပါးဝယ် ဆွမ်းခံစရာ ရွာကိုလည်းကောင်း မြင်တော် မူရ၍ ထိုတော၌ပင် ကမ္မဋ္ဌာန်းအားထုတ်ဖို့ရန် ဆုံးဖြတ်တော်မူသည်၊
ထိုအခါဝယ် စိတ်တော်၌ ဥပမာသုံးမျိုး ထင်လာသည်မှာ…
          ၁။       ရေသဖန်းသားတစ်ချောင်းသည် အစေးနှင့်တကွ စိုစိုဖပ်ဖပ် ရှိ၏၊ ထိုထင်းကို ရေထဲ၌ ချထားပြန်၏၊ မီးကို အလိုရှိသူသည် ထိုထင်းကို ယူ၍ မီးမွှေးလျှင် မီးရနိုင်မလား, မရနိုင်၊ ဘာ့ကြောင့် နည်း၊ နဂိုက စိုနေသည့်အပြင် ရေထဲ၌ပင် စိမ်ထားပြန်သောကြောင့်တည်း၊ ထို့အတူ နဂိုက ကာမစိတ်အစေးဓာတ် အစိုဓာတ် မကင်း ပြတ်သေးသူတို့သည် ၀တ္ထုအာရုံကာမဂုဏ် အတွင်း၌ (သမီး ခင်ပွန်း ချင်းအတူ) စိမ်နေပါလျှင် ထိုကိလေသာ အစိုဓာတ် ခြောက်ကပ် ကုန်ဆုံးသွားအောင် ကြိုးစားစေကာမူ လောကုတ္တရာတရားထူးဖြစ်သော မီးကို မထွက်စေနိုင်။ [ ဤစကားဖြင့် ကိလေသာကာမ စိတ်ဓာတ်လည်း မကင်းဘဲ သား လင် ခင်ပွန်းနှင့်အတူ တရား အားထုတ်နေသူတို့ တရားရနိုင်, မရနိုင်ကို စဉ်းစားစေလိုသည်၊ ပါရမီဖြစ် အားထုတ်သူကို မဆိုလို။]
          ၂။       ရေသဖန်းသား ထင်းတစ်ချောင်းကား အစေးမပြတ် စိုဖပ်ဖပ် ရှိနေသေး၏၊ သို့သော် ရေထဲ၌ စိမ်၍ မထားဘဲ ရေနှင့် ဝေးစွာ ကုန်းပေါ်မှာ ချထား၏၊ ထိုထင်းဖြင့် မီးတောက်အောင် ကြိုးစားသူလည်း မီးရနိုင်မည်လော၊ မရနိုင်၊ ဘာ့ကြောင့်နည်း၊ ရေထဲ၌ စိမ်မထားသော်လည်း စိုဖပ်ဖပ် ရှိနေသောကြောင့်တည်း၊ ထို့အတူ သမီး ခင်ပွန်း အဖြစ်ဖြင့် မနေတော့ဘဲ ရသေ့ ရဟန်း သီလရှင် ရသေ့မ လုပ်၍ နေသော်လည်း အတွင်းစိတ်ဓာတ်၌ ကာမဂုဏ် ခံစားလို၍ စိုနေသေးပါမူ ထိုသူလည်း တရားထူးမီး ထွက်အောင် မတတ်နိုင်ချေ။
          ၃။       ထင်းတစ်ချောင်းကား ခြောက်လည်း ခြောက်ပြီ၊ ရေနှင့်လည်း အလွန်ဝေးသော ကုန်းခေါင်ခေါင်မှာ ပစ်ထား၏၊ ထိုထင်းဖြင့် မီးမွှေးသူကား ဧကန်မုချ မီးရတော့မည်၊ သိပ်အားမစိုက်ရဘဲ လေတိုက်ခတ်၍ ထင်းခြောက်ပင်အချင်းချင်း ပွတ်မိရုံမျှဖြင့်လည်း မီးတောက်နိုင်၏၊ ထို့အတူ ကာမ၀တ္ထုမှ (သမီး ခင်ပွန်းချင်းမှ) ခွဲခွာ၍ ရသေ့ ရဟန်း သီလရှင် ရသေ့မ ပြုလုပ်နေသူတို့သည် ကာမဓာတ် အလိုကင်း၍ စိုခြင်းမရှိပါမူ အချို့မှာ အပင်ပန်းခံ၍ ကြိုးစားမှ တရားထူးမီးကို ရမည်ဖြစ်သော်လည်း အချို့ကား သက်သက်သာသာ ဖြင့်ပင် တရားထူးမီးကို ရနိုင်ရာ၏၊ ဤသို့လျှင် အလောင်းတော်မှာ မထင်စဖူး ထူးကဲသော ဥပမာသုံးချက် ထင်လာသည်။
Credit to
အနာဂတ်သာသနာရေး အပိုင်း(၄၁) သုတ္တန်တရားတော်
သုတ္တန်တရားတော်
သုတ္တန်တရားတော်များ၌  ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကတို့၏ ရှေးဖြစ်ဟောင်း(ဇာတ် ကြောင်း) များလည်း ပါ၏၊ မင်္ဂလသုတ်, သိင်္ဂါလောဝါဒသုတ် စသည် ကဲ့သို့ လူအများ၏ ကိုယ်ကျင့်တရားများလည်း ပါ၏၊ လူ နတ် ဗြဟ္မာ တို့၏ အမေးပုစ္ဆာ ပြဿနာကို ဖြေရှင်းထားသော တရားများလည်း ပါ၏၊ ဒါနအကျိုး, သီလအကျိုး စသည်များနှင့်တကွ အကုသိုလ် ဒုစရိုက်များ၏ မကောင်းကျိုးများလည်း ပါ၏၊ သစ္စာလေးပါး, ပဋိစ္စ သမုပ္ပာဒ်, သတိပဋ္ဌာန် စသော အလွန်လေးနက်သော တရားများလည်း ပါ၏၊ ပညာရှိ လူ နတ် ဗြဟ္မာ တို့၏ စိတ်ကို ဆွဲဆောင်နိုင် သော (သတ္တ၀ါတို့ကို အကျွတ်တရားရစေနိုင်သော)တရားတော်ကား (၀ိနည်းနှင့် အဘိဓမ္မာ မဟုတ်) ဤသုတ္တန်တရားတော်များပင်တည်း၊
[ သုတ္တန်ဒေသနာတော်များကို  ဝေါဟာရဒေသနာဟု ခေါ်၏၊ ၀ိသေသေန-၀ိနည်း အဘိဓမ္မာတို့မှ ထူးသောအားဖြင့်၊ မနံ-သတ္တ၀ါ တို့၏ စိတ်ကို၊ ဟရတိ-ဆောင်ယူနိုင်၏၊ ဣတိ-ထို့ကြောင့်၊ ဝေါဟာရော-ဝေါဟာရ မည်၏၊]
မှန်၏၊…  ဓမ္မစကြာတရားတော်သည် သုတ္တန်ပင်တည်း၊ ထိုဓမ္မစကြာတရားတော်၏ အဆုံး၌ အရှင် ကောဏ္ဍညနှင့်တကွ ကုဋေများစွာ နတ် ဗြဟ္မာတို့ ကျွတ်တမ်းဝင်ကြပါသည်။
သုတ္တန်ကိုသာ ပြမည်
သုတ္တန်တရားတော်သည် သတ္တ၀ါများ၏အကျိုးကို ၀ိနည်း, အဘိဓမ္မာတို့ထက် ပို၍ ဆောင်ယူနိုင်ပါသော်လည်း ဟောပြသော ပုဂ္ဂိုလ်တို့က ဒါနနှင့် ဒါန၏ အကျိုးကို အဟောများသောကြောင့်လည်းကောင်း, ဇာတ် နိပါတ်တော်များကို ဟောပြန်ပါလည်း ထိုဇာတ်တော်တွင် ပါဝင်ကြသော ပုဂ္ဂိုလ်များ၏ ကိုယ်ကျင့်ကောင်းပုံ, ကိုယ်ကျင့်ချို့ယွင်းပုံကို ထင်ရှားအောင် မပြကြတော့ဘဲ လွမ်းခန်း, ဆွေးခန်း စသည်တို့သာ တခမ်းတနား ချဲ့ထွင်၍ သဘင်ဆန်ဆန် (ကွက်စိပ်ဆရာတွေကို  အားကျလျက်) ဟောပြောမှုကြောင့်လည်းကောင်း ယခုအခါ များစွာသော တရားနာပရိသတ်တို့က သုတ္တန်တရားဆိုလျှင် ပျော်ရွှင်ဖွယ်ရာ အပျင်းဖြေတရားဟု ထင်မှားနေကြသည်၊
ဘုန်းကြီးကား သုတ္တန် ဒေသနာတော်များကို လေ့လာခဲ့ရာ၌ ဗုဒ္ဓမဖြစ်သေးမီ အလောင်း တော် ဘ၀၀ယ် ပါရမီဖြည့်ကျင့်ပုံကိုပြသော ဇာတ်တော်များကို ကြည့်ရသောအခါ ထိုအလောင်းတော်တို့ကဲ့သို့ ပါရမီဖြည့်ကျင့်လိုသော စိတ်တွေသာ ဖြစ်ရ၏၊ ဗုဒ္ဓဖြစ်ပြီးမှ ဟောပြတော်မူသော အင်္ဂုတ္တိုရ်, သံယုတ်, ပဏ္ဏာသနှင့် ဓမ္မပဒ စသည်ကို ကြည့်ရှုရသော အခါ စိတ်နေ စိတ်ထားတွေ အလိုလို ပြောင်း၍ ပြောင်း၍သွားကာ သံသရာမှ မြန်စွာ လွတ်မြောက်လိုစိတ် ဖြစ်ရ၏၊ ထို့ကြောင့် ဤအခန်း ကြည့်ရှုသူတို့အား ဓမ္မအရသာကို ထိုက်တန်သမျှ ခံစားကြရလေအောင် သုတ္တန်ဒေသနာတော်မှသာ ဓမ္မအချို့ကို ထုတ်ဖော် ညွှန်ပြပါမည်။
Credit to
အနာဂတ်သာသနာရေး အပိုင်း(၄၀) နာမ်ကလာပ်စည်း ၊ ရုပ်ကလာပ်စည်း
နာမ်ကလာပ်စည်း
စိတ်တစ်ခုတစ်ခု ဖြစ်ရာ၌ စိတ်သက်သက် ဖြစ်သည် မဟုတ်၊ စိတ်နှင့်အတူ ဖြစ်၍ အတူ ပျက်ကြသော စေတသိက်ခေါ် တရားစုလည်း ပါဝင်ကြသေး သည်၊ ထိုတရားများကား အာရုံကို ဓာတ်သဘောအလိုက် ထိခိုက် သော ဖဿ, အာရုံအရသာကို ခံစားသော ဝေဒနာ, အာရုံကို မှတ် သားးသော သညာ, တွဲဖက်တရားများကို ဆိုင်ရာကိစ္စများ၌ ဆောင် ရွက်ဖို့ရာ  လှုံ့ဆော်သော စေတနာ,  အာရုံ၌ (တစ်ခဏမျှဖြစ်စေ) ငြိမ်သက်စွာ တည်တံ့နေသော ဧကဂ္ဂတာ (သမာဓိ), ထိုတရားတို့၏ အသက်ဟု ခေါ်ရသော ဇီဝိတိနြေ္ဒ, ထိုအာရုံကို နှလုံးသွင်းသော “မနသိကာရ”ဟု (အနည်းဆုံးအားဖြင့်) ဤတရား ခုနစ်ပါးသည် လည်း အမြဲပါနေပေသည်၊ ဤသို့ စိတ် စေတသိက်တို့ အစုလိုက် အစုလိုက် ဖြစ်ခြင်းကို ““နာမ်ကလာပ်””ဟု ခေါ်ကြစို့။ [နာမ=နာမ်+ ကလာပ=အစု။]
ရုပ်ကလာပ်စည်း
ဗုဒ္ဓရှင်တော်သည် ရုပ်အကြောင်းကို ဟောပြတော်မူရာ၌လည်း  “ဤ ဓာတ်သည် ခက်မာခြင်းသဘော ရှိ၏၊ ပထ၀ီဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် ဖွဲ့စည်းခြင်းသဘော ယိုစီးခြင်းသဘော ရှိ၏၊ အာပေါဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် အငွေ့သဘော ရှိ၏၊ (အပူရုပ်၌ အပူငွေ့, အအေးရုပ်၌ အအေးငွေ့ ရှိ၏၊) တေဇောဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် ထောက်ကန်ခြင်း, တွန်းဖိခြင်းသဘောရှိ၏၊ ၀ါယော ဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည်  အဆင်းအရောင်သဘော ရှိ၏၊ ၀ဏ္ဏဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် အနံ့သဘောရှိ၏၊ ဂန္ဓဓာတ်”   ဟု ခေါ်၏၊ “ဤဓာတ်သည် အရသာသဘောရှိ၏၊ ရသဓာတ်”ဟု ခေါ်၏၊ “ဤဓာတ်သည် အဆီအနှစ်တည်း၊ သြဇာဓာတ်”ဟု ခေါ်၏၊
 ဤပြခဲ့သော ရုပ်ရှစ်ခုအပေါင်းသည် အနည်းဆုံး ရုပ်ကလာပ်တစ်ခု ဖြစ်၏၊ သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အလွန်ကောင်းသော မှန်ပြောင်းဖြင့်သာ မြင်နိုင်သော အသေးဆုံးဆိုရသော (အဏုမြူ ထက်ပင် သေးငယ်၍ “ပရမာဏုမြူ”ဟု ခေါ်ရသော) ရုပ်မှုန့်ကလေး ၌သော်မှ  ရှစ်ခု ရှစ်ခု ပေါင်းစုနေသော  ရုပ်ကလာပ်ကလေးတွေ အတော်များများ စုဝေးတည်နေပါသည်၊ ရုပ်တုံး ရုပ်ခဲက ကြီးကျယ်လေ ထိုရုပ်ကလာပ်မှုန့်ကလေးတွေ များလေ ဖြစ်၏။
အဘိဓမ္မာအရေးကြီးပုံ
နာမ်အစု ရုပ်အစုကို သူ့ကလာပ်နှင့်သူ ခွဲစိတ်၍ ပြထားသည့်ပြင် တစ်စုနှင့်တစ်စု ရှေ့နောက်ဖြစ်ရာ၌ အချင်းချင်း ကျေးဇူးပြုသွားကြပုံကိုလည်းကောင်း, သူတို့ဖြစ်ခိုက်၌ အချင်းချင်း ကျေးဇူးပြုနေကြပုံကို လည်းကောင်း အဘိဓမ္မာ၌ ဟောပြထားတော်မူ၏၊  လက်တွေ့ စဉ်းစားလေ့ရှိကြသော ယခုခေတ်ဝယ် ထိုအဘိဓမ္မာသဘောအတိုင်း မမှန်နိုင်ဟု ပယ်လှန်မည့်သူကို တွေ့စမ်းချင်ပါသည်၊
ဘုန်းကြီးတို့ အယူအဆ၌ကား ထိုမျှလောက် အသေးစိတ်၍ ခွဲခြားစိတ်ဖြာပြီးလျှင် ဤသဘောသည် ဖဿ, ဤသဘောသည် ဝေဒနာ စသည်ဖြင့် သိနိုင်သူကို မဆိုထားဘိ၊ ဗုဒ္ဓ မပေါ်ထွန်းခဲ့ပါလျှင် “ဖဿ, ဝေဒနာ” စသော နာမည်မျိုးကိုမျှ တပ်ပြနိုင်သူ မရှိဟု ယူဆပါသည်၊
ဘုန်းကြီးတို့သည် ရုပ်ဓာတ်ကို လက်တွေ့ ခွဲကြည့်ဖို့ရာ လက်နက်ကိရိယာ အပြည့်အစုံ မရကြသေး၍ မခွဲနိုင်သော်လည်း လူတစ်ယောက်၏ စိတ်နေစိတ်ထားကိုကား စကားပြောပုံ, ပြုကျင့်နေထိုင်ပုံကို ထောက် ထား၍ “ထိုအချိန်မှာ မည်သည့် နာမ်ကလာပ်ဖြစ်နေသည်”ဟု အဘိဓမ္မာအလေ့အကျင့်အရ အတော်မှန်အောင် မှန်းဆနိုင်ကြပါ၏၊ တရားအားထုတ်၍ တရားပေါက်နေသူ (ပရစိတ္တ၀ိဇာနနဉာဏ်ရနေသူတို့ကား) ထို့ထက်ပင် သေချာအောင် သိနိုင်ကြပါသည်။
မိမိ၏ စိတ်ထားကို စဉ်းစားသောအခါ၌ကား အလွန်သေချာစွာ သိ၍ မကောင်းသော နာမ်ကလာပ်ကို နောက်ထပ်မဖြစ်အောင်လည်း ချုပ်တည်းနိုင်, ကောင်းသောနာမ်ကလာပ်ကို တိုးတက်အောင်လည်း ပြုပြင်နိုင်ကြပါသည်။
          ယခုအချိန်အခါသည် “ဖန်ဆင်းသူ ရှိ၏”ဟူသော ရှေးကျသည့် ၀ါဒကို မသုံးစွဲကြတော့ဘဲ လက်တွေ့ကိုသာ လိုက်စားချိန်ဖြစ်၏ ထို့ကြောင့် အလွန် သေချာကျနသော (မလွဲနိုင်သော) အဘိဓမ္မာ၏ သဘာဝများကို အထက်တန်း လောကီကျောင်းများ၌ သင်ပြသင့်ကြပါသည်၊ ဘုန်းကြီးကျောင်းများ၌လည်း အရကျက်ရုံ မဟုတ်ဘဲ လက်တွေ့သင်၍ ကမ္ဘာကို ပြဖို့ရန် ကြိုးစားသင့်ကြပါပြီ၊ ဤကျမ်း ၌ကား အနာဂတ်သာသနာကို ပြုပြင်ချင်လာအောင် ညွှန်ပြရဦးမည် ဖြစ်၍ ထိုသဘာဝကို အကျယ်ပြနိုင်တော့မည် မဟုတ်ပါ။
Credit to
Gold price estimated