Video

Friday, 5 December 2014

စေတနာ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ - ၃၅)




"စေတနာ အကြောင်း"

မိမိနှင့်အတူဖြစ်ကြသော စိတ်စေတသိက်များကို စေ့ဆော်ခြင်းသည် စေတနာတည်း။ ထို့ကြောင့် “စေတနာတွက်၊ စေ့ဆော်ချက်နှင့်”ဟု ဆိုခဲ့သည်။

ထင်ရှားစေဦးအံ့ - အာရုံတစ်ခုကို စိတ်က ယူရာ၌ ဖဿက ထိုအာရုံကို ထိ၏။ ဝေဒနာက ခံစား၏။ သညာက မှတ်၏။ ဤသို့ စသည်ဖြင့် နောက်၌ပြမည့် ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရတို့လည်း ဆိုင်ရာ တာဝန်ကို ရွက်ဆောင်လျက် စိတ်နှင့် တစ်ပြိုင်နက်ဖြစ်ကြသည်။ လောဘ၊ ဒေါသ စသော မကောင်းတရား၊ သဒ္ဓါ၊ သတိစသော ကောင်းသော တရားများလည်း စိတ်ကအာရုံယူရာတွင် ပါဝင်ကြသည်။

ထိုသို့ ဆိုင်ရာယှဉ်ဖက် စေတသိက်များနှင့်အတူ စိတ် အာရုံကိုယူရာ၌ မည်သည့် စေတသိက်မျှ နောက်ချန်၍ မနေရစ်ရ၊ မည်သည့် စေတသိက်မျှလည်း မိမိ တာဝန်ကို မလစ်လပ်စေရ။ အားလုံးစေတသိက်မျှလည်း မိမိ တာဝန်ကို မလစ်လပ်စေရ။

အားလုံးစေတသိက်များသည် စိတ်နှင့်အတူ အာရုံကို စေ့စေ့စပ်စပ် ကပ်နေသလိုဖြစ်အောင် ယူကြရ၏။ ထိုသို့ အာရုံနှင့် စိတ်စေတသိက်တို့ စေ့စပ်မိအောင် နိုးဆော်သော တရားကား အခြားမဟုတ်၊ ဤစေတနာပင်တည်း။ ထို့ကြောင့် “ စေတနာတွက်၊ စေ့ဆော်ချက်နှင့်”ဟု ဆိုခဲ့သည်။


ထပ်မံ၍ ပြဦးမည် - ဆိုင်ရာ စေတသိက်များနှင့်အတူ စိတ်ကအာရုံယူရာ၌ မည်သည့်တရားမျှ နောက်ချန်၍ မဖြစ်ရကား အတူဖြစ်ရသော စေတသိက်များနှင့် စိတ်ကို အပေါင်းအဖော်တစ်စု (အသင်းတစ်စု)ဟု သဘောထားပါ။

ထိုအသင်း၌ စိတ်သည် ခေါင်းဆောင် ဥက္ကဋ္ဌ၊ စေတနာကား အကျိုးဆောင်တည်း။ ရိုးရိုးအသင်းသားများ၌ အကျိုးဆောင်သည်၊ အလွန်ဗျာပါရများ၏။ အသင်းသားများကိုလည်း ဆိုင်ရာကိစ္စ၌ မလစ်လပ်ရအောင် ဆော်သြရ၊ မိမိကိုယ်တိုင်လည်း အသင်းကိစ္စကို ကြိုးစား၍ လုပ်ရလေသည်။

ထို့ကြောင့် အကျိုးဆောင်မှာ အခြားသော အသင်းသားတို့ထက် ၂-ဆလောက် တာဝန်ကြီး၏။ ထို့အတူစေတနာလည်း အခြားစိတ်စေတသိက်များကို ဆိုင်ရာကိစ္စ၌ မလစ်လပ်စေဘဲ အာရုံနှင့် စေ့စပ်ကပ်နေသကဲ့သို့ ဖြစ်အောင်လည်း ဗျာပါရများရ၏။ မိမိကိုယ်တိုင်လည်း မိမိကိစ္စကို ဆောင်ရွက်ရသည်။

စစ်တိုက်ရာတွင် စစ်ဗိုလ်လုပ်သူတို့ ဗျာပါရများရပုံကိုလည်း ဥပမာပြုပါ။ ထို့ကြောင့် ကိစ္စတစ်ခု ပြုလုပ်ရာ၌ စေတနာက ညံ့နေလျှင် စိတ်လည်းမပါ့တပါ ဖြစ်၏။ အခြားစေတသိက်များလည်း ညံ့ကြသည်။ စေတနာထက်သန် နေလျှင် စိတ်စေတသိက်များလည်း ထက်သန်လာကြ၏။ စိတ်ရော စေတသိက်ပါ ထက်သန်ကြသဖြင့် ခန္ဓာကိုယ်လည်း ထိုကိစ္စအတွက် သွက်လက်လာလေသည်။ ဤသို့လျှင် မည်သည့်အာရုံမဆို အာရုံကို ယူရာတိုင်း၌ စေတနာသာ အချုပ်အခြာ အခရာဖြစ်ပေသည်။


"စေတနာကို ကံဟုခေါ်ရပုံ"

လူတစ်ယောက်ကို အများက ၀ိုင်း၍ သတ်ကြရာ၌ အခြားသူတို့က အတ်ာအတန် ရိုက်နှက်ထိုးနှက်ကြသော်လည်း အရာမျှ မထင်။ လူတစ်ယောက်ကား သူများထက် ၂ဆလောက်နာအောင် ရိုက်နှက်လိုက်ရာ သေရှာလေ၏။

ထိုလူသတ်မူ၌ သေအောင် ရိုက်နှက်သူသာလျှင် တရားခံ အစစ် အမူသည်ဖြစ်ရသကဲ့သို့ ထို့အတူ ဒါန သီလ စသော ကုသိုလ်ကံ၊ ပါဏာတိပါတ-စသော အကုသိုလ်ကံတို့ကို စိတ်စေတသိက် အများပူးပေါင်း၍ ပြုကြရာ၌ စေတနာသည် သတ္တိအထက်ဆုံး၊ ဗျာပါရအလွန်ကဲဆုံး ဖြစ်ရကား စေတနာ၏ သတ္တိသာလျှင် ကံပြုသန္တာန်၌ အဖတ်တင်ရစ်လေ၏။

ထို့ကြောင့် ကံပြုသူဖြစ်သောအမူသည် (လက်သည်) ကိုရှာလျှင် စေတနာအပေါ်မှာသာ သတ္တုကျ၏။ သို့ဖြစ်၍ စေတနာကို “ကံတရား = အမူသည် = လက်သည်”ဟု အမည်တပ်ကာ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ”ဟု ဘုရားရှင်ဟောတော်မူသည်။ (ဘိက္ခုတို့… စေတနာကို ကံ-ဟု ငါဘုရားဟောတော်မူ၏) ဤစကားအရ “စေတနာထက်လျှင် ကံကြီး၏။ စေတနာညံ့လျှင် ကံညံ့၏”ဟု မှတ်ပါ။


မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ

♣သညာအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။

No comments:

Post a Comment

Gold price estimated