အာရုံတစ်ခုခုကို ပြုလိုခြင်း(ရယူလိုခြင်း) သဘောသည် ဆန္ဒတည်း။ “ပြုလိုခြင်း ရယူလိုခြင်း” ဟူရာ၌ လောဘကဲ့သို့ စွဲလမ်းတတ်ခြင်း၊ ကပ်ငြိခြင်းမဟုတ်၊ ပြုလိုရုံမျှ ရလိုရုံမျှသာ ဖြစ်သည်။
ထို့ကြောင့် “သက်သက်အာရုံ၊ ပြုလိုရုံမျှ၊ ဆန္ဒသဘော”ဟု ဆိုခဲ့သည်။ ဤဆန္ဒသဘောလည်း သတ္တ၀ါတို့၌ အလွန်ထင်ရှား၏။ ကလေးငယ်သည် ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်၍ လက်လှမ်း၏။ ဤလိုက်ချင်မူသည် ဆန္ဒတည်း။ ဟိုသွားချင် သည်လာချင်၊ တစ်စုံတစ်ယောက်ကို တွေ့ချင်မြင်ချင်၊ ကြားချင်၊ နာချင်၊ နမ်းချင်၊ စားချင်၊ ကိုင်ချင်၊ ထိချင်၊ တတ်သိနားလည်ချင်မူ အစုစုသည် ဆန္ဒချည်းတည်း။
နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက မဟာသာဝက ဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင်ဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ရဟန်းပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်၍ နေချင်၊ ကုသိုလ်ရချင်စသည်တို့လည်း ဆန္ဒပင်တည်း။ တော်ရုံတန်ရုံ လိုချင်မူ၌ ဆန္ဒအားသေး၏။ မရမကလိုချင်၊ မဖြစ်မနေ ဖြစ်ချင်မူများ၌ကား ဆန္ဒအားကြီး၏။ ဤဆန္ဒကို အရင်းခံ၍ ၀ီရိယသန်သန်ဖြင့် ပါရမီ = ဖြည့်တော်မူခဲ့သောကြောင့် နောက်ဆုံး၌ ဆန္ဒတော်အတိုင်း ဘုရားဖြစ်တော်မူရသည်။
ထိပ်တန်းရောက်ရန် အခြေခံဆန္ဒမျှ မရှိသေးလျှင် ထက်သန်သော ၀ီရိယကို မည်သူမျှ ပြုကြမည်မဟုတ်။ သို့ဖြစ်၍ အကျိုးကျေးဇူး တစ်ခုခုရလိုသော ဆန္ဒကို ပထမဖြစ်စေရမည်။ ဤဆန္ဒမျိုးကို “အာသာ”ဟုလည်း ခေါ်သည်။ (အာသာ = လိုလား တောင့်တခြင်း) ထို့နောက် အာသာဆန္ဒရှိရုံနှင့် (ဆုတောင်းနေရုံမျှနှင့်) မရနိုင်ကြောင်းကို နားလည်ကာ စိတ်ပါလက်ပါ ၀ီရိယစိုက်ရမည်။ ထင်ရှားစေအံ့ - မန္တလေးမှ ရန်ကုန်သို့ သွားလိုခြင်းသည် ဆန္ဒတည်း။ ထိုဆန္ဒရှိရုံမျှဖြင့်ကား ရန်ကုန်မရောက်နိုင်။ ရန်ကုန်သွားနိုင်အောင် ငွေရှာရမည်။ မီးရထားဖြင့်သွားလိုလျှင် မီးရထားစရိတ် လုံလောက်အောင် ရှာရမည်။ လေယာဉ်ပျံဖြင့် သွားလိုလျှင် လေယာဉ်ပျံစရိတ်ကို လုံလောက်အောင် ရှာရမည်။ ထိုသို့ ရှာရခြင်းကား ၀ီရိယသဘောတည်း။ ထို့အတူပင် နိဗ္ဗာန်ရလိုလျှင် ဘုရားအဖြစ် သာဝကအဖြစ် အမျိုးမျိုးနှင့်တန်အောင် ပါရမီ ရှာရမည်။
ယခုကာလ လူ့ဘက်ရှင်ဘက၌ အထက်တန်း ရောက်နေကြသူတို့သည် ဘုန်းနှင့် သမ္ဘာ ထက်ကြပ်ပါ၍ စိတ်သွားတိုင်း ကိုယ်ပါလျက် လိုရာပြီးစီးနိုင်သော မိုးပေါ်ကျ ရွှေကိုယ်တော်များ မဟုတ်ကြချေ။ အာသာဆန္ဒအလိုက် ၀ီရိယ စိုက်ထားသူတွေသာ များပေသည်။ ထို့ကြောင့် အလွန်ရခဲလှသော မနုဿတ္တ ဒုလ္လဘကို ရှေးကံကောင်းထောက်မ၍ ရကြပြီး ဖြစ်ပါလျက် တိုးတက်လိုသော အာသာဆန္ဒ ကင်း၍ အဖျင်း အအ အပျင်းအနတွေ ဖြစ်နေပါလျှင် တိရစ္ဆာန်ဘ၀နှင့် မခြားရတော့ကား မိမိကိုယ်ကို ယခုဘ၀လည်း အထက်တန်းရောက်အောင် နောင်သံသရာလည်း မဂ်လမ်းပေါက်အောင် ထက်သန်သော အာသာဆန္ဒကို ကိုယ်စီကိုယ်င ဖြစ်စေကြပါကုန်။
“ဆန္ဒ၀တော ကိံနာမ နသိဇ္ဈသိ = ဆန္ဒရှိသူမှာ မပြီးနိုင်သောအရာ မရှိ။”
“အာသာ ဖလ၀တီ သုခါ = တောင့်တမူသည် ကြိုးစား၍ အကျိုးရလျှင် ချမ်းသာကို ဖြစ်စေနိုင်၏”
"နိဂုံး"
ဤမျှလောက်သော စကားအစဉ်ဖြင့် ဆားကဲ့သို့ ကောင်းဆိုး နှစ်တန် ခပ်တိုင်းငန်သော စေတသိက်များ ပြီးဆုံးပေပြီ။ ဤစေတသိက်များကို ထင်ရှားအောင် ရေးသားရကြောင်း ကောင်းမူ ပဋိပတ် အကျင့်မြတ်ကြောင့် ဤကျမ်းကို ကြည့်ရူသူတို့ ကုသိုလ်ကိစ္စ၀ယ် ထက်သန်သော ဆန္ဒ ၀ီရိယနှင့် ထက်သန်သော စေတနာထားနိုင်ကြပါစေ။ ဖြစ်လေသမျှ ဘ၀တိုင်းမှာ ငါ့တွက်တာမူ သမ္မာဆန္ဒ ၀ီရိယတို့ဖြင့် ပုညကောင်းမူ အစုစုတို့ကို ပြုကာပြုကာ အချိန်ကို ကုန်လွန်စေလိုပါသည်။ ငါ၏ အဆက်အသွယ် ကြီးကြီးငယ်တို့လည်း ပါရမီကိစ္စအ၀၀၌ ထက်မြက်သော စေတနာနှင့် သမ္မာဆန္ဒ ၀ီရယရှင်တို့ချည်းသာ ဖြစ်ကြပါစေ။
ပင်ကိုသဘော၊ ကောင်းဆိုးရောလျက်၊ စိတ်ဇောခြယ်လှယ်၊ ဆယ်သုံးသွယ်ကို၊ အကျယ်ရေးဖွင့်၊ ဤအကျင့်ကြောင့်၊ အသင့်စိတ်ထား၊ ဗိုလ်လူများတို့၊ တက်ကြွဝေဆာ၊ စေတနာနှင့်၊ သမ္မာဆန္ဒ၊ ၀ီရိယမျိုး၊ ကိုယ်စီနိုး၍၊ အကျိုးရစေ၊ ငါ့အနေမူ၊ ဘဝေဘ၀၊ ဖြစ်သမျှ၌၊ ဆန္ဒလည်းတင့်၊ လုံ့လရင့်လျက်၊ ဆင့်ဆင့်ဝေဆာ၊ စေတနာဖြင့်၊ ကောင်းရာထိုထို၊ ပြုစွမ်းလို၏။ နဂိုအရင်း၊ ငါ့အသင်းလည်း၊ မယွင်းငါ့တူ၊ စိတ်ကောင်းယူသည်၊ နိဗ္ဗူထုတ်ချောက် ရောက်ရန်သောဝ်။
No comments:
Post a Comment