ဥက္ကဋ္ဌ သြမကအခွဲ
(ဥက္ကဋ္ဌ = အမြတ်။ သြမက = အညံ့။) ပြခဲ့ပြီးသော ဒွိဟတ်၊ တိဟိတ် ကုသိုလ်စိတ်တို့၌ ရှေ့ပုဗ္ဗစေတနာအခိုက်တုန်းကဖြစ်စေ၊ လှူပြီးနောက် အပရစေတနာအခိုက်မှာဖြစ်စေ ကုသိုလ်စေတနာခြံရံနေလျှင် (အကုသိုလ်မဖြစ်ဘဲ ကုသိုလ်စိတ်တွေ ရှေ့နောက်ပါနေလျှင်) မြင့်မြတ်သော ဥက္ကဋ္ဌ ကုသိုလ်ဖြစ်၏။ မလှူမီရှေ့အဖို့နှင့် လှူပြီးနောက်အဖို့ အကုသိုလ်များ ခြံရံနေလျှင် ညံ့ဖျင်းသော သြမကကုသိုလ်ဖြစ်၏။
ရှေ့နောက် ကုသိုလ် အကုသိုလ် “ခြံရံ”ဟူရာ၌ ထိုကုသိုလ်နှင့် စပ်၍ ပုဗ္ဗစေတနာ အပရစေတနာတို့အခိုက်မှာ ကုသိုလ်စိတ်ဖြစ်မှု၊ အကုသိုလ်စိတ်ဖြစ်မှုကို “ခြံရံသည်”ဟု ဆိုလိုသည်။ ထိုကုသိုလ်နှင့် မစပ်ဘဲ အလွတ်သက်သက်ဖြစ်သော ကုသိုလ် အကုသိုလ်တို့ကို “ခြံရံ”ဟု မဆိုရ။
ဥပမာ - အလှူပေးခါနီး ရှေ့အဖို့၌ ကြွေးတောင်းမရ၍ မြီစားကို တရားစွဲကာ ဒေါသအကုသိုလ် ဖြစ်၏။ သို့သော် အလှူပေးဖို့ ကိစ္စ၌ကား စိတ်မပျက်။ အလှူပေးပြီးနောက် အလှူကို ၀မ်းမြောက်၏။ အပရစေတနာ ထက်သန်၏။ သို့သော် ထိုအလှူနှင့် မဆိုင်သော ကိစ္စ၌ကား လောဘ၊ ဒေါသ ဖြစ်ရ၏။ ဤသို့ အလှူနှင့် မဆိုင်သော အရာဝယ် ဖြစ်သမျှ အကုသိုလ်ကား အလှူကုသိုလ် ယုတ်ညံ့အောင် မနှောက်ယှက်ပါ။
ဤစကားအရ အချုပ်ကား - ပုဗ္ဗစေတနာ အပရစေတနာ ထက်သန်သော တိဟိတ် ကုသိုလ်သည် “ တိဟိတ် ဥက္ကဋ္ဌ ကုသိုလ်” ဖြစ်၏။ ပုဗ္ဗစေတနာ ဖြစ်စေ၊ အပရစေတနာ ဖြစ်စေ တစ်ခုခုချို့တဲ့လျှင် “တိဟိတ်သြမက ကုသိုလ်” ဖြစ်၏။ နှစ်ခုစလုံး ချို့တဲ့လျှင်သာ၍ “တိဟိတ်သြမက” ဖြစ်၏။ ဒွိဟိတ် ဥက္ကဋ္ဌ ဒွိဟိတ်သြမက ဖြစ်ပုံလည်း ဤနည်းအတိုင်း မှတ်ပါ။ (ပုဗ္ဗ-မုဉ္စ-အပ္ပရ စေတနာ ၃-မျိုး၊ တိဟိတ်ဒွိဟိတ် ကုသိုလ် ၂-မျိုး၊ ဥက္ကဋ္ဌ သြမက ကုသိုလ် ၂-မျိုး အခွဲကို သီလစသော ကုသိုလ်များ၌လည်း ရနိုင်၏။)
ဆောင် -
၁။ ကုသိုလ် ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဉာဏ်ယှဉ်ဘိ၊ တိဟိတ် ကုသိုလ်ခေါ်။
၂။ ကုသိုလ် ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဉာဏ်မရှိ၊ ဒွိဟိတ် ကုသိုလ်ခေါ်။
၃။ ရှေ့နောက် နှစ်ရပ်၊ ကုသိုလ်ညှပ်၊ ဥက္ကဋ္ဌ အမြတ်ခေါ်။
၎။ ရှေ့နောက် နှစ်တန်၊ အကုခြံ၊ ညံ့ဟန် သြမကခေါ်။
အယုတ် အလတ် အမြတ် ခွဲနည်းတစ်မျိုး
ဟီနဒါန၊ မဇ္ဈိမဒါန၊ မဏီတဒါနဟု ဒါန ၃-မျိုးရှိ၏။ မိမိသုံးသော ပစ္စည်းလောက် မကောင်းသော အ၀တ်အစားများကို လှူလျှင် ဟီန (ယုတ်ညံ့သော) ဒါနဖြစ်၏။ မိမိသုံးစားသော ပစ္စည်းနှင့် တန်းတူပစ္စည်းကို လှူလျှင် မဇ္ဈိမ (အလတ်စား) ဒါနဖြစ်၏။ မိမိသုံးသော ပစ္စည်းထက် သာလွန်ကောင်းမြတ်သော ပစ္စည်းကို လှူလျှင် ပဏီတ (မွန်မြတ်သော) ဒါန ဖြစ်၏။
တစ်နည်း - ဒါသဒါန၊ သဟာယဒါန၊ သာမီဒါန ဟု ၃-မျိုးရှိ၏။ ထိုတွင် ပြခဲ့သော ဟီနဒါနကို “ဒါသဒါန”ဟုခေါ်သည်။ “ကျွန်အနေမျိုးဖြစ်သော အောက်တန်းစားအလှူ”ဟုဆိုလိုသည်။ ပြခဲ့သော မဇ္ဈိမဒါနကို “သဟာယဒါန”ဟုခေါ်သည်။ “မိတ်ဆွေ သူငယ်ချင်း အနေမျိုးဖြစ်သော အလယ်အလတ်စား အလှူ”ဟု ဆိုလိုသည်။ ပြခဲ့သော ပဏီတဒါနကို “သာမီဒါန” ဟုခေါ်သည်။ “အရှင်သခင်မျိုးဖြစ်သော အထက်တန်းစားအလှူ”ဟု ဆိုလိုသည်။
တစ်နည်း - ဒါန ပြုနေတုန်း၌ စိတ်ဆန္ဒ လုံ့လ၀ီရိယ သဒ္ဓါတရားတို့ညံ့လျှင် “ဟီနဒါန”ဖြစ်၏။ စိတ်ဆန္ဒ လုံ့လ၀ီရိယ သဒ္ဓါတရားတို့ မှန်မှန်ရှိလျှင် “မဇ္ဈိမဒါန” ဖြစ်၏။ စိတ်ဆန္ဒ လုံ့လ၀ီရိယတို့ ထက်သန်လျှင် “ပဏီတဒါန” ဖြစ်၏။
တစ်နည်း - ကျောင်းဒကာ၊ ဘုရားဒကာ၊ အလှူဒကာစသောဂုဏ်၊ “အင်မတန် သူတော်ကောင်းတာပဲ” စသော ချီးမွမ်းမူကို လိုလား၍ ပြုသောဒါနသည် “ဟီနဒါန” တည်း။ “နောင်ဘ၀သံသရာ၌ တစ်စုံတစ်ခု ကောင်းကျိုးရလိမ့်မည်”ဟု အကျိုးကိုမျှော်၍ ပြုသော ဒါနသည် “မဇ္ဈိမဒါန” တည်း။ နောင်သံသရာ အကျိုးရမရကို ဂရုမစိုက်ဘဲ (အကျိုး မရချင်နေပေစေ) “ပညာရှိ သူတော်ကောင်း”ဆိုတာ သူတစ်ပါးကို ပေးကမ်းချီးမြှောက်ရိုး ထုံးစံတည်းဟု သဘောထား၍ သူတစ်ပါးကို စားစေ ၀တ်စေလိုသော စေတနာ သက်သက်ဖြင့် ပေးလှူစွန့်ကြဲခြင်းသည် “ပဏီတဒါန”တည်း။
မှတ်ချက်။ ။ဤနည်း၌ အကျိုးကို လိုလား၍ ပြုသော ဒါနထက် အကျိုးကိုမမြော်ဘဲ ပြုသောဒါနကမြတ်ပုံကို သတိပြုသင့်၏။ မိမိအကျိုးကို မလိုလားဘဲ “သူတစ်ပါး ချမ်းသာလျှင်ပြီးရော” ဆိုသော စေတနာတို့မှာ အလွန်မြင့်မြတ်သော စိတ်ဓာတ်ရှိသော အလောင်းတော်ကြီးများ၏ စိတ်ထားမျိုးပင် ဖြစ်ပါသည်။
တစ်နည်း - ဘ၀စည်းစိမ်ကို ခံစားလို၍ ပြုသော ဒါနသည် “ဟီနဒါန”တည်း။ မိမိ၏ သံသရာမှ လွတ်မြောက်ရေးကို လိုလား၍ (ဤဒါနသည် မဂ်ဖိုလ်၏ အခြေခံ ဖြစ်ပါစေဟု ဆုတောင်း၍) ပြုသော ဒါနသည် “မဇ္ဈိမဒါန”တည်း။ သတ္တ၀ါများ၏ သံသရာမှ လွတ်မြောက်ရေးကို မြော်တွေးလျက် ဘုရားလောင်းတို့ ဖြည့်ကျင့်အပ်သော ဒါနပါရမီသာလျှင် အမြတ်ဆုံး “ပဏီတဒါန” ဖြစ်သည်။ ဤကား တစ်မျိုးထက်တစ်မျိုး (စိတ်ထားတတ်၍) မြတ်ပုံတည်း။ (သီလ စသည်များ၌လည်း ဤကဲ့သို့ စိတ်ထားလိုက်၍ အယုတ် အလတ် အမြတ် ကွဲပြားနိုင်ကြသည်။)
No comments:
Post a Comment