"ဝဋ္ဋနိဿိတ ဝိဝဋ္ဋနိဿိတ"
ကုသိုလ်ပြုစဉ် လူချမ်းသာ နတ်ချမ်းသာကို ခံစားလို၍ ပြုသော ကုသိုလ်သည် “၀ဋ္ဋနိဿိတ ကုသိုလ်” မည်၏။ (၀ဋ္ဋ = သံသရာဝဋ်ကို + နိဿိတ = မှီသော ကုသိုလ်) သံသရာဝဋ်မှ ကျွတ်ဖို့မမျှော်၊ သံသရာဝဋ်အတွင်း၌ ခံစားဖို့သာ မျှော်သော ကုသိုလ်ဟု ဆိုလိုသည်။
နိဗ္ဗာန်ကို ရည်မှန်းလျက် ပြုအပ်သော ကုသိုလ်သည် “၀ိဝဋ္ဋနိဿိတ ကုသိုလ်” မည်၏။ (၀ိဝဋ္ဋ = ၀ဋ်ကင်းရာနိဗ္ဗာန် + နိဿိတ = မှီသော ကုသိုလ်) ဤကုသိုလ် ၂-မျိုးတွင် (ဒါနဖြစ်စေ၊ သီလဖြစ်စေ) ၀ဋ္ဋနိဿိတ မှန်လျှင် သံသရာ၌ ကြာရှည်စေ၏။ ၀ိဝဋ္ဋနိဿိတ မှန်က သံသရာမှ အမြန်လွတ်အောင်ပင် ရည်ရွယ်ရင်းဆုကို ပြည့်လွယ်စေ၏။
ဒါနကြောင့် ပါရမီများ ပြည့်လွယ်ပုံ
ဒါနရှိသူသည် ဖြစ်လေရာ ဘ၀တို့၌ ဥစ္စာပြည့်စုံကြ၏။ ဥစ္စာပြည့်စုံလျှင် (ပင်ကို စိတ်ရင်းကောင်းသူ၊ ၀ိဝဋ္ဋနိဿိတဒါန ပြုခဲ့သူအတွက်) သီလလုံခြုံ၏။ ဥပုသ်ရက်ရှည် စောင့်ခွင့်ရ၏။ ဥစ္စာမရှိလျှင် ၀မ်းရေး ပူပန်ရသဖြင့် အူမ မတောင့်၍ သီလမစောင့်နိုင်ရုံသာမက ငါးပါးသီလ လုံဖို့ရန် ခဲယဉ်း၏။ ဒါနရှိမှ သီလ လွယ်ကူသည်။ ပညာရှာဖွေရာ၌လည်း ဒါနရှင်တို့သာလျှင် လွယ်ကူစွာ ရှာနိုင်၏။
ယခု လောကီကျောင်း၌ ပညာရှာရပုံကို ကြည့်ပါ။ အခမဲ့သင်ရသော ဘုန်းကြီးကျောင်းတချို့မှာပင် ပစ္စည်းရှင် သားသမီးများသာ ပို၍ အသင်အပြခံရ၏။ ဤသို့လျှင် ဒါနရှိက ပညာရှားမှီးရာ၌ လွယ်ကူပြန်သည်။
ဒါနရှင်တို့သည် သူတကာက စော်ကားလျှင် အဖက် မထင်၍ ဖြစ်စေ၊ စိတ်သဘောထားကြီး၍ ဖြစ်စေ သည်းခံလွယ်၏။ ပစ္စည်းဥစ္စာ မရှိက “ငါ့ကို ပစ္စည်းမရှိလို့ စော်ကားတာပဲ”ဟု အထင်ရှိ၍ သည်းမခံလိုကြပါ။ ဒါနရှင်တို့သည် နေရာတိုင်းတွင် သူတစ်ပါးတို့၏ လေစားခြင်းကို ခံရသဖြင့် မိမိအား အရိုအသေပေးသူတို့ အပေါ်မှာ မေတ္တာကရုဏာ ဖြစ်လွယ်၏။
ဥစ္စာမရှိလျှင် ထိုသို့ ရိုသေသူလည်း နည်းပါးကြသဖြင့် ကိုယ့်ကို ဂရုမစိုက်သူကို ပြန်၍ အမျက်ထွက်ကာ မေတ္တာ ကရုဏာဖြစ်ရမည့်အစား ဒေါသ မာနတွေသာ တိုးပွားတတ်လေသည်။ ဤနည်းအားဖြင့် ဒါနကြောင့် ခန္တီ မေတ္တာ ပါရမီများလည်း ဖြစ်လွယ်ပုံကို ချဲ့ထွင်းကြည့်ပါ။
“ဥစ္စာမရှိ ကတိမတည်” နိုင်သော လောကကြီးဝယ် သစ္စာပါရမီဖြစ်ဖို့ အရေးမှာလည်း ဒါနသည် အကူအညီပေး၏။ ဤသို့ စသည်ဖြင့် ဒါနမပါလျှင် ပါရမီအားလုံး ပြည့်ဖို့အရေး၌ အနှောင့်အယှက် ပေးတတ်ရကား ဘုရားလောင်း ဟူသမျှတို့ ဒါနကိုသာ ပထမဆုံး မြင်တော်မူကြပေသည်။ ငါတို့ ဘုရားရှင်မှာ စ, တည်တော်မူစဉ်ကလည်း သုမေဓာဘ၀၌ ဒါနကို စ, တည်ခဲ့၍ ဝေဿန္တရာ ဘ၀၌ ကမ္ပတ်ဖုံးလျက် ပါရမီအားလုံးကို နိဂုံချုပ်တော်မူခဲ့ပေသည်။
"ဒါနပြုဖွယ်မလိုသူ"
ဒါနပြုဖွယ်မလိုသော ပုဂ္ဂိုလ်တစ်မျိုးပင် ရှိသေး၏။ ထိုပုဂ္ဂိုလ်မျိုးကား ယခုဘ၀၌ပင် ခန္ဓာဝန်လက်စသိမ်း၍ အေးငြိမ်းအောင် တရားအားထုတ်နေသော ယောဂီ ပုဂ္ဂိုလ်ကြီးတည်း။ ထို ပုဂ္ဂိုလ်မှာ ဒါနပြုနေလျှင် ထို ဒါနပြုနေသည့် အတော်အတွင်း၌ ကမ္မဋ္ဌာန်းအားထုတ်မူ လစ်ဟင်း၏။ ထို့ကြောင့် ယနေ့ မနက်ဖြန်ဆိုသလို တရားထူးရအောင် အားထုတ်နေသော ပုဂ္ဂိုလ်အတွက် ဒါနပြုဖွယ် မလိုပါ။
ငါတို့ ဥပဇ္ဈာယ်ဆရာ မဟာဂန္ဓာရုံ ဆရာတော် ဘုရားအထံ၌ မန္တလေးမှ ဒါန၀ါသနာပါသော ဆရာတော်ကြီးတစ်ပါး ကမ္မဋ္ဌာန်းအားထုတ်နေစဉ် နံနက်စောစော၌ ဘုရားလှူရန် ပန်းကောက်နေသည်ကို ဆရာတော်မြင်၍ “ပန်းကို နောက်မှ လှူပါ၊ တရားအားထုတ်သည့်အခါ တရားကိုသာ ကြိုးစားတော်မူပါ”ဟု တောင်းပန်ဖူးလေသည်။
မဟာဂန္ဓာရုံ ဆရာတော်ကိုယ်တိုင်ကား ခန္ဓာဝန် လက်စသိမ်း၊ မသိမ်းမသိရသော်လည်း အားထုတ်တော်မူစဉ်ကပင် အမှန်ပင် လက်စသိမ်းအောင် အားထုတ်ခြင်းဖြစ်သည်။ ထိုမျှ အားထုတ်သော ဆရာတော်သည်ပင် ဂူအောင်း၍ ထွက်တော်မူပြီးနောက် ရရှိသမျှ လာဘ်လာဘတို့ကို ဝေဖန်ခွဲခြား၍ ဒါနပြုတော်မူပါသေးသည်။
ထို့ကြောင့် တရားထူးပေါက်အောင် အားထုတ်နေခိုက်၌ ဒါနပြုဖွယ်မလို။ အခြားအခါနှင့် အခြားသူများမှာ နေ့ရှိသမျှ ဒါနပြုသင့်ကြပေသည်။
No comments:
Post a Comment