Video

Monday, 15 December 2014

ပယောဂ သမ္ပတ္တိ ဝိပတ္တိ (ကိုယ်ကျင့်အဘိဓမ္မာ - ၇၃)

ပယောဂသမ္ပတ္တိ
သတိ၊ ၀ီရိယ၊ ဉာဏ်ကို “ပယောဂ”ဟု ခေါ်၏။ ဉာဏ်ဆိုသော်လည်း အပြစ်ကင်းသော အရာ၌ပါသော ပညာချည်းမက၊ အကုသိုလ်ဆိုင်ရာတွင် ပါသော ဝဉ္စနာ ပညာနှင့် အကြံကောင်း ၀ိတက်များကိုလည်း ဉာဏ်ဟုပင် ဆိုလိုသည်။
ထို့ကြောင့် အရာရာတို့၌ သတိရှိခြင်း၊ လုံ့လ၀ီရိယကောင်း၍ သွက်သွက်လက်လက် ထထကြွကြွရှိခြင်း၊ လိမ္မာခြင်း၊ ပါးနပ်ခြင်း၊ သိတတ်ခြင်း၊ မမေ့မလျော့ခြင်းများသည် ပယောဂသမ္ပတ္တိချည်းပင်တည်း။
နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ ပယောဂသမ္ပတ္တိအတွက် မထင်ရှားသော်လည်း ဤလူ့ပြည်မှာ ပယောဂသမ္ပတ္တိ အကျိုးထင်ရှား၏။ ယခု လူတို့၌ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် ကြီးကျယ်သော အကုသိုလ်ကံပါသူ နည်းပါးလှ၏။ အတော်အတန် ထက်သန်သော ကံများကား ပယောဂသမ္ပတ္တိ ရှိမရှိလိုက်၍ အကျိုးပေး၏။ အတော်အတန်တက်သန်သော ကံများကား ပယောဂသမ္ပတ္တိ ရှိနေပြန်လျှင်လည်း ထိုပယောဂသမ္ပတ္တိ၏ ထက်, မထက်လိုက်၍ အကျိုးပေးကြရသည်။
အချုပ်ကား ယခုလူတို့ ကောင်းကျိုးရဖို့ အရေး၌ ရှေးကံတစ်ခုကိုသာ အားမကိုးသင့်။ ယခုဘဝ ပြုအပ်သောပယောဂကိုလည်း အားကိုးရမည်။ ပယောဂသမ္ပတ္တိသည် ရှေးကကုသိုလ်ကံကို အခွင့်သာအောင် ရေလာမြောင်းပေး ပြုလုပ်ခြင်းနှင့် တူ၏။
ထို့ကြောင့် (ရုတ်တရက် ထီပေါက်ခြင်း၊ ရွှေအိုးတွေ့ခြင်းမျိုးမှတစ်ပါး) ကူးသန်းရောင်းဝယ်ခြင်းစသည်တို့ကြောင့် ကောင်းကျိုးခံစားရရာ၌ တစ်ကျပ်သားလျှင် ရှေးက၏ သတ္တိမှာ တစ်မတ်သားလောက်ပါဝင်၍ ယခုဘဝ သတိ, ဝီရိယ, ဉာဏ်ဟူသော ပယောဂသမ္ပတ္တိက သုံးမတ်သားလောက် ပါရှိနိုင်ကြောင်းကို ကောင်းကောင်းကြီး နားလည်ကြပါကုန်။


ပယောဂသမ္ပတ္တိဖြင့် အကုသိုလ်ကံများကို တားဆီးထားပုံ
အကုသိုလ်ကံများကို အလွန်ကြီးမားသောကံ၊ သိပ်မကြီးမားသောကံဟု ၂-မျိုးခွဲခြားပါ။ အကျိုးမပေှးရလျှင် မနေနိုင်လောက်အောင် ကြီးမားသောကံကို ပယောဂသမ္ပတ္တိဖြင့် တားဆီးပါသော်လည်း လွတ်ခွင့်ရမည်မဟုတ်။
သို့သော် သက်သာအောင် တတ်နိုင်ပါ၏။ အဇာတသက်မင်းသည် ခမည်းတော်ကို သတ်ခြင်းဟူသော အလွန်ကြီးမားလှသည့် ပါဏာတိပါတ ကံကို ပြုမိ၏။ ထိုကံကြောင့် မုချ အ၀ီစိငရဲသို့ ကျတော့မည်သာ။ ပယောဂသမ္ပတ္တိက ဘယ်လောက်ပင် ကောင်းသော်လည်း လုံးဝလွတ်လပ်ခွင့် မရနိုင်။ သို့သော် ခမည်းတော် မရှိသောအခါကျမှ နောင်တရ၍ ဘုရားရှင်ကို အလွန်ကြည်ညိုသော ပယောဂသမ္ပတ္တိကြောင့် အ၀ီစိငရဲ၌ မကျဘဲ အ၀ီစိငရဲ၏ အခြံအရံဖြစ်သော ဥဿဒငရဲ၌ ကျသဖြင့် သက်သာခွင့်ရလေသည်။ ဤစကားဖြင့် အလွန်ကြီးမားသော အကုသိုလ်ကံများကိုပင် ပယောဂသမ္ပတ္တိက သက်သာအောင် တတ်နိုင်သေးသည်ဟု မှတ်ပါ။
ထိုမျှလောက် မကြီးမားသော အကုသိုလ်ကံများကိုကား လုံးဝအကျိုးမပေးအောင် တားဆီးနိုင်သည်။ မိဘကို ဆဲရေးခြင်း၊ ဆရာသမားကို အပြစ်ပြောခြင်း၊ လူကြီးများကို ဆဲရေးခြင်း၊ ဂုဏ်ရှိသူ သီလသမာဓိကြီးမားသူတို့ကို ကဲ့ရဲ့ခြင်း ပြစ်မှားခြင်းတို့သည် အတော်အတန် ကြီးမားသော အကုသိုလ်ကံများပင် ဖြစ်လေသည်။ သို့သော် အပြစ်ကိုကြောက်၍ (သတိရ၍) ပြစ်မှားခံရသူရှိသေးလျှင် ထိုသူ့အထံသွား၍ ဖြစ်စေ၊ ထိုသူမရှိလျှင် မာန်မာနကို လျှော့၍ တကယ်စေတနာဖြင့် အဝေးမှဖြစ်စေ တောင်းပန်ဝန်ချလျှင် (ထိုဝန်ချမူ ပယောဂသမ္ပတ္တိကြောင့်) ထိုအကုသိုလ်ကံများ အကျိုးမပေးနိုင်တော့ချေ။
ထို့အတူပင် အခြားသော အကုသိုလ်ကံ ကလေးများစွာလည်း ကုသိုလ်ကံအားကြီးလျှင် ပပျောက်ကြရသည်။ (ကံချင်းတူပါလျက် ပုဂ္ဂိုလ်မျက်နှာ လိုက်ပုံအခန်း၌ ပြခဲ့သော ကြက်ခိုး ဥပမာ၊ ဆား ဥပမာများကို သတိပြုပါလေ။) ဘုရားရှင် အမိန့်တော်အတိုင်း ကုစားလျှင် အချို့အာပတ်၏ မကောင်းကျိုးများ ပြေပျောက်၏။ ဤသို့စသည်ဖြင့် အတော်အတန် ကြီးမားသော အကုသိုလ်များပင် ပယောဂသမ္ပတ္တိဖြင့် တားဆီးက အကျိုးမပေးတော့ဘဲ ပြေပျောက်ကြရလေသည်။


ပယောဂသမ္ပတ္တိကြောင့် စီးပွားရေး တန်းမြင့်ပုံ
“မိစ္ဆာဒိဋ္ဌိ လူမျိုးတွေ”ဟုခေါ်ရသော နိုင်ငံခြားသားတို့ သန္တာန်၌ ရှေးရှေးက ပြုခဲ့သော ကုသိုလ်ကံများ ဧကန်ပါရှိ၏။ သူတို့၏ သတိ၊ ၀ီရိယ၊ အလိမ္မာဉာဏ် ထက်သန်ပုံမှာလည်း ချီးမွမ်းစရာပင်တည်း။ တစ်ယောက်၏ ကျန်းမာရေးကလေးကို မဆိုထားဘိ၊ တစ်ပြည်နှင့်တစ်ပြည် လာမည့်ဘေးတွေးကာ စစ်မက်အင်္ဂါတွေကို ဉာဏ်အမျိုးမျိုးဖြင့် စိတ်ကူးကြ၊ ၀ီရိယသန်သန်ဖြင့် မှန်မှန်ကြီး လုပ်ကိုင်နေကြ၏။ ထိုအလုပ်များကို (ဗုဒ္ဓဘာသာဝင် ဆိုသူတို့က အကုသိုလ်ဖြစ်သည်ဟု နှာခေါင်းရူံ့ကြသော်လည်း) လောကီ၌ ကြီးပွားကြောင်း၊ ကျက်သရေမင်္ဂလာတိုးကြောင်း လမ်းကောင်းမဟုတ်ဟုကား မည်သည့် ဗုဒ္ဓဘာသာဝင်မျှ မငြင်းပယ်နိုင်ကြပေ။
ဤ မြန်မာနိုင်ငံ လာ၍ စီးပွားရှာကြသော လူမျိုးခြားတို့လည်း အလွန်သတိကောင်းကြ၏။ လုံ့လ၀ီရိယမှာ ပြောစရာမရှိ။ လိမ္မာပါးနပ်မူကား မတုနိုင်အောင်ပင်။ စီးပွားရှာ၍ ကောင်းမည့် အရပ်ဒေသကို (ပဋိရူပဒေသကို) ရွေးချယ်တတ်ခြင်းမှာလည်း ထိုသူတို့ အသိဉာဏ်ပင်တည်း။ ထိုမျှလောက် ပယောဂသတ္တိရှိနေရကား သူတို့သန္တာန်၌ ရှေးရှေးဘ၀က ပါလာသော ကုသိုလ်ကံတွေသည် အကျိုးပေးဖို့ ဧကန် အခွင့်ကြုံသောကြောင့် ကောင်းကျိုး ချမ်းသာ မင်္ဂလာနှင့် ပြည့်စုံကြပေသည်။ ဗုဒ္ဓဘာသာဝင်ဆိုသူ မွန် မြန်မာ တို့တွင်လည်း သတိ၊ ၀ီရိယနှင့် အသိအလိမ္မာ၊ ပညာအဆင်အခြင်နှင့် အမြော်အမြင် ဟူသော ပယောဂသမ္ပတ္တိ ရှိသူတို့မှာ ကြီးပွားကြသည်သာ။


ပယောဂသမ္ပတ္တိကြောင့် ကျန်းမာပုံ
ယခုလူတို့၌ ကျန်းမာဖို့ရာ ကုသိုလ်ကံနှင့် မကျန်းမာဖို့ရာ အကုသိုလ်ကံများလည်း ထိုက်တန်သလို ပါရှိနေကြ၏။ အသွား အလာ၊ အစားအသောက်၊ အနေအထိုင်မှစ၍ အရာရာဝယ် မသင့်မတော်သည်ကို သတိထား၍ ရှောင်ရှားခြင်း၊ မှန်မှန်အိပ်၊ မှန်မှန်စား၊ မှန်မှန်ရေချိုး၊ မှန်မှန်လမ်းလျှောက် စသည်ဖြင့် အချိန်မှန်မှန်ပြုဖို့ရန် မပျင်းမရိ လုံ့လရှိခြင်း၊ ဘယ်ဥတုမှာ ဘယ်အစာစာသင့်၏။ ဘယ်အချိန် ရေချိုးသင့်၏။ ဘယ်ဆေးကို စားသင့်၏။ တစ်နေ့ တစ်နေ့လျှင် အနည်းဆုံး ၆-နာရီအိပ်သင့်၏။ ကျန်းမာရေးကို မည်သို့ လေ့လာသင့်၏။ ဤသို့ စသည်ဖြင့် တတ်သိ နားလည်မူသည် ကျန်းမာဖို့ရန် လမ်းမှန်သော ပယောဂသမ္ပတ္တိများတည်း။ ဤ ပေယာဂသမ္ပတ္တိ ရှိသူတို့၌ ကျန်းမာဖို့ရန် ပါလာသောကံလည်း အခွင့်သာလေသည်။
ဤသို့ စသည်ဖြင့် ပယောဂသမ္ပတ္တိသည် ကုသိုလ်ကံ အကျိုးပေးဖို့ရန် အချုပ်အခြာ ဖြစ်ပေရကား ပယောဂသမ္ပတ္တိ ရှိသူသည် ပညာလည်း တတ်နိုင်၏။ အိပ်ထောင်ဖက်ကောင်းလည်း ရနိုင်၏။ မိတ်ကောင်းဆွေကောင်းလည်း ရနိုင်၏။ ဆရာကောင်းလည်း တွေ့နိုင်၏။ နောက်နောင်ဘ၀တို့၌ နိဗ္ဗာန်ရသည့်တိုင်အောင် တန်းမြင့်ဖို့ရန် ယခုဘ၀ကပင် အခြေခံပါရမီများကိုလည်း ရနိုင်၏။ ထိုပယောဂသမ္ပတ္တိတွင် အရာရာ၌ တတ်သိနားလည်မူဉာဏ်သည် ပထမအရေးကြီး၏။ ထို့နောက် အရာရာ၌ သတိထားဖို့ အရေးကြီး၏။ ထို့နောက် ပေါ်ပေါက်လာသော ကိစ္စ၌ မပျင်းမရိ လုံ့လရှိဖို့ အရေးကြီးသည်။
ပယောဂဝိပတ္တိ
ဉာဏ်ပညာကင်း၍ ဖျင်းအ ထိုင်းမိုင်းမူ၊ သတိကင်းပေါ့ မေ့လျော့မူ၊ ၀ီရိယကင်း၍ ပျင်းရိမူများသည် “ပယောဂ၀ိပတ္တိ” ချည်းတည်း။ ထို့ပြင် တစ်ယောက်အပေါ် တစ်ယောက် ဣဿာမစ္ဆရိယအားကြီးမူ အရာရာ၌ စိတ်တိုလျက် ဒေါသကြီးမူ၊ မာန်မာနကြီးမူများလည်း ကြီးပွားရေး စီးပွားရေးကို နှောက်ယှက်တတ်သဖြင့် ပယောဂ၀ိပတ္တိများပင် ဖြစ်သည်။ ယခု လူတို့ သန္တာန်၌ အကျိုးပေးခွင့် မရလျှင် မနေနိုင်လောက်အောင် ကြီးမားသော အကုသိုလ်ကံများသည် အကျိုးပေးခဲ့ပြီး ဖြစ်သည်။ ထိုအကုသိုလ်ကံကြီးများ လူတိုင်း ရှိတော့မည်မဟုတ်။ သို့သော် ပယောဂ၀ိပတ္တိ ဖြစ်နေလျှင် မကောင်းကျိုးပေးမည့် အကုသိုလ်ကလေးများကား ကိုယ်စီကိုယ်င ပါရှိကြသည်။
ဥပမာ - အမျိုးကောင်း သားသမီးများပီပီ ပညာတတ်အောင်သင်ခြင်း၊ ဥစ္စာကို တရားနည်းလမ်းအတိုင်း ရအောင် ရှာဖွေခြင်း၊ ကံ ၅-ပါးကို မကျူးလွန်ခြင်း စသည်ဖြင့် အပြစ်ကင်းအောင် နေသူတို့၌ အကုသိုလ်ကံ ပါရှိသော်လည်း ထို အကုသိုလ်ကံက အကျိုးပေးခွင့် မရတော့ချေ။ ငယ်ရွယ်စဉ်က ပညာကိုလည်း မသင်၊ ဥစ္စာရှာချိန်၌လည်း မတရားရှာဖွေ၏။ သို့မဟုတ် လုံးလုံးမရှာဘဲ နေ၏။ ကံ ၅-ပါးကိုလည်း အခါအခွင့် သင့်သလို ကျူးလွန်၏ ထိုသူ၌ ပယောဂ၀ိပတ္တိ ဆိုက်နေရကား တစ်နေ့နေ့မှာ အကုသိုလ်ကံများ ဧကန်မုချ အကျိုးပေးခွင့် ရကြပေတော့မည်။
အချုပ်ကား - အလွန်ကြီးကျယ်သော ကုသိုလ်-အကုသိုလ်ကံများမှတစ်ပါး များစွာသော ကုသိုလ် - အကုသိုလ်ကံတို့၏ အကျိုးပေးခွင့် ရမူ - မရမူမှာ ပယောဂအပေါ်၌ အခြေစိုက်လျက် ရှိရကား ပယောဂသမ္ပတ္တိ အမြဲရှိသူများ၌ (ကံဇာတာ နိမ့်ခိုက်ပင် ဖြစ်စေကာမူ) အကုသိုလ်ကံ အခွင့်မရ၍ ကုသိုလ်ကံတွေသာ အခွင့်ရကြပေသည်။ ပယောဂ၀ိပတ္တိရှိနေသူ၌ကား (ကံဇာတာ မြင့်နေတုန်း၌ “ခွေးရူးကောင်းစား တစ်မွန်းတည့်” ဆိုသလို ကောင်းစားနေစေကာမူ)တစ်နေ့မှာ အကုသိုလ်အခွင့်သာ၍ ချူနာပါတေးဘ၀သို့ နိမ့်ကျရမည်သာတည်း။ ဤအရာဝယ် ပယောဂ၀ိပတ္တိ ဖြစ်သည့်အတွက် အကုသိုလ်ကံ အခွင့်ရ၍ ပျက်စီးသူတွေကို မိမိတို့ရပ်ရွာ အနီးအပါးမှာပင် ပုံပြင်ဝတ္ထုပမာ တွေ့နိုင်ပါသည်။
ပြုပြင်၍ ရ မရ
ပြခဲ့သောဝိပတ္တိများ ဆိုက်ရောက်နေသူတို့မှာ ပြုပြင်၍ ရနိုင်သော အချက်လည်း ရှိ၊ မရနိုင်သော အချက်လည်းရှိသည်။ ရပြီးသော ဂတိဘ၀ကို ပြုပြင်၍ မရတော့ပြီ။ သို့သော် မိမိဖွားမြင်ရာ ဒေသက အောက်ကျနောက်ကျဖြစ်၍ ညံ့ဖျင်းလှသဖြင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကောင်းသဖြင့် ပဋိရူပခေါ်သော ဒေသကောင်းသို့ ရွှေ့ပြောင်းသောအားဖြင့် ပြုပြင်နိုင်သေး၏။
 နိုင်ငံခြားသားတို့ မြန်မာပြည်လာ၍ စီးပွားရှာပုံ၊ ရှေးခေတ် အထက် အညာသားများအောက်ပြည်သို့ဆင်း၍ စီးပွားရှာပုံ၊ ပညာကောင်းသော ကျောင်းသို့ သွား၍ ပညာသင်ပုံမျိုးတည်း။ ထိုသို့ ပြောင်းရွှေ့သင့်သော်လည်း မိမိမှာ လူစွမ်းလူစ အရည်အချင်း ရှိမှသာ သင့်လျော်၏။ အရည်အချင်း ရှိသူများအတွက် “တစ်ရွာမပြောင်း သူကောင်းမဖြစ်”ဟု လည်းကောင်း၊ “ထိုင်နေလျှင် အကောင်းသား ထ,သွားမှ ကျိုးမှန်းသိ”ဟု လည်းကောင်း ဆိုကြသည်။
ရုပ်အဆင်း ဥပဓိလည်း များများကြီး ပြုပြင်၍ မရတော့ပြီ။ သို့သော် “လူ့အ၀တ်၊ တောင်းအကွပ်”ဟု ပြောစမှတ် ပြုသည့်အတိုင်း ၀တ်စားဆင်ယင် ပြုပြင်တတ်လျှင်ကား နဂိုဥပဓိညံ့သော်လည်း ကြည့်သာပါသေး၏။ တောသူတောသားနှင့် မြို့သူမြို့သားတို့ ကွာခြားပုံကို သတိပြုပါ။ ထို့ပြင် ဖွားမြင်ခါစ လသားအရွယ် သူငယ်များ၏ လက်ခြေအင်္ဂါတို့ အချိုးကျအောင် ဥပဓိကို ပြင်နိုင်သေး၏။ 
ယခုခေတ်ကာလ၌ မိခင်တို့က ပြုပြင်၍ မပေးကြသောကြောင့် တစ်ဖက်သတ် အိပ်လေ့ရှိသော ကလေးတို့၌ ဦးခေါင်း မတည့်ဘဲ စောင်းရွှဲ့နေတတ်ကြ၏။ မွေးဖွားပြီး ကလေးခါးကုန်းလျှင် ကျောအောက်၌ ပျဉ်ပြားခံပေးကာ ပြုပြင်နိုင်ပါလျက်နှင့် ပြုပြင်မပေးကြ။ အထက်ပိုင်းလေး၍ ခြေသလုံး ပေါင်ရိုးတို့ မတောင့်တင်းသေးမီ “ရပ်နိုင်ပေ့၊ ရပ်နိုင်ပေ့”ဟု အရပ်သင်ပေးကြသဖြင့် ကလေးများ ခြေခွင်နေတတ်ကြသည်။
လက် ၂-ဖက်ဖြင့် ချိုင်းအောက်ကို ပွေ့ယူ မြှောက်ချီကြသောကြောင့် ရင်ဘတ်သေးလျက် ပခုံး ၂-ဖက်လည်း သေးနေတတ်၏။ ပက်လက်ယူ၍ ချီသောအခါ တင်ပါးအထက်ခါးပေါ်မှ ကိုင်ယူ၍ ချီယူကြသောကြောင့် တင်ပါးကော့၍ နေတတ်၏။ နုနယ်သော လက်ခြေ အင်္ဂါ နှာခေါင်းများကို နဂိုက မလှသော်လည်း ပြုပြင်ပေးလျှင် အထိုက်အလျောက် ဖြောင့်စင်းလှပနိုင်လျက် ပြုပြင်၍ မပေးကြ။ သင့်မြတ်သော အစာနို့ရည်များကို တိုက်ကျွေးဖို့ရန် မနားမလည်၍ ရောဂါထူပြောလျက် ကလေးများ ရုပ်အဆင်း ပျက်ကြရ၏။ ဤအချက်များသည် မိဘဆွေမျိုးတို့၏ ပယောဂသမ္ပတ္တိ မရှိမူကြောင့် ကလေး၌ ကုသိုလ်ကံ အကျိုးပေးခွင့်သာခြင်း ဖြစ်ရကား ထိုကဲ့သို့ မဖြစ်ရအောင် မိဘလုပ်သူများက (နားလည်မူဉာဏ်၊ မပျင်းမရိမူ)ပယောဂသမ္ပတ္တိဖြင့် ပြုပြင်၍ ပေးထိုက်လှပေသည်။
ကာလသမ္ပတ္တိဖြစ်အောင်ကား “ခေါင်းဆောင်၊ မင်း”စသူတို့ ပြုပြင်မှ ဖြစ်နိုင်သောကြောင့် မိမိတစ်ယောက်တည်း ပြုပြင်လို့ မရနိုင်။ သို့သော် အင်မတန်ဆိုးရွား၍ တစ်ကမ္ဘာလုံး ပျက်ပြားနေသောအခါမဟုတ်လျှင် မင်းကောင်း၊ ခေါင်းဆောင်ကောင်းတို့ရှိရာ အရပ်ကို ရွှေ့ပြောင်းနိုင်၏။ ရပ်ရွာလူကြီး၊ ဆရာသမား၊ ဘုန်းတော်ကြီးတို့ကမူ မိမိတို့ ရပ်ရွာနယ်ပယ်၌ အထိုက်အလျောက် ကာလသမ္ပတ္တိဖြစ်အောင် ပြုပြင်နိုင်ကြပါသည်။ ဤစကားစဉ်အရ ဂတိ၊ ဥပဓိ၊ ကာလတို့ကို အကုန်မပြင်နိုင်သော်လည်း တတ်သိနားလည်လျှင် အထိုက်အလျောက် ပြုပြင်နိုင်သည်ဟု သိသာပြီ။
ပယောဂကိုကား ပြုပြင်လို့ ရလွယ်၏။ သတိ မေ့တတ်လျှင် ကြိုးစား၍ သတိထားက သတိကောင်းသူ ဖြစ်နိုင်ပါသည်။ နဂိုက ၀ီရိယ ညံ့ဖျင်းလျှင် “ငါမပျင်းဘူး”ဟု ပြုပြင်က ၀ီရိယကောင်းသူ ဖြစ်နိုင်၏။ ဒေါသကြီးလျှင် ဒေါသမဖြစ်အောင် စိတ်ပါလက်ပါ စောင့်စည်းသွားပါက အလွန်အေးမြသူ ဖြစ်နိုင်၏။ မာနကြီးလျှင်မာနကို ပြုပြင်နိုင်၏။ 
အသိအလိမ္မာ ဉာဏ်ပညာ မရှိလျှင် တတ်သိနားလည်သူတို့၏ စကားကို နားထောင်၍ ယခု ပြုပြင်လျှင် ယခုအလိမ္မာတွေ တိုးလာ၏။ (စာကျက်၍ မရသဖြင့် သတိမကောင်းသူဟု ဆိုကြသော်လည်း၊ ယခုကာလ ဉာဏ်မကောင်းသူဟု ဆိုကြသော်လည်း) အလိမ္မာနည်းမှာ အရမကျက်ဘဲ ဖြစ်နိုင်ပါသည်။ ဤ အလိမ္မာကို ပြုပြင်လေ့ရှိသူသည် အလိမ္မာဓာတ် လိုက်ပါလျက် တစ်သံသရာလုံး အလိမ္မာတုံး ဖြစ်နိုင်ပေသည်။

No comments:

Post a Comment

Gold price estimated