အကုသိုလ်ကံ အကျိုးပေး အဖျားခတ်ပုံ
အကုသိုလ်ကံ အကျိုးများလည်း ကုသိုလ်ကဲ့သို့ အဖျားခတ်တတ်သေး၏။ ကဿပဘုရားရှင် လက်ထက်တော်ဝယ် သူကြွယ် တစ်ယောက်၏ ကျောင်းဘုန်းကြီးဖြစ်သော ရဟန်းတစ်ပါးသည် သီလရှိသော သူတော်ကောင်းပေတည်း။ သို့သော် အာဂန္တု ရဟန္တာကို ကျောင်းဒကာ သူကြွယ်က ကြည်ညိုသည်ကို သည်းမခံနိုင်သော ကုလမစ္ဆရိယကြောင့် နံနက်စောစော သူကြွယ်အိမ်သို့ ဆွမ်းစားသွားခါနီး၌ အာဂန္တုကိုယ်တော် မနိုးအောင် ခေါင်းလောင်းကို လက်ဖျားဖြင့် တောက်၍ သွားလေသည်။ အိမ်ရောက်၍ သူကြွယ်က အာဂန္တု ကိုယ်တော်ကို မေးလေသော် “ဒကာရဲ့ ကိုယ်တော်ဟာ အင်မတန် အအိပ်ကြီးတယ်၊ ခေါင်းလောင်းထိုးတာတောင် မနိုးလို့ ထားခဲ့တယ်”ဟု ပြောလေသည်။ (ထိုစကားသည် မစ္ဆရိယ အသံပါသော စကားတည်း။)
ပါးနပ်သော ကျောင်းဒကာက သူ့ဘုန်းကြီး၏ စိတ်ထားကို ရိပ်မိ၏။ ထို့ကြောင့် ကျောင်းဘုန်းကြီးအား ဆွမ်းကပ်ပြီးနောက် “အာဂန္တုကိုယ်တော်အား လှူပါလေ”ဟုမှာ၍ သပိတ်၌ ဆွမ်းထည့်ပေးလိုက်လေသည်။ ကျောင်းဘုန်းကြီးသည် သဘောမကျ။ “သည်လို ဆွမ်းကောင်းစားရလျှင် ငါ့ကျောင်းက ဆွဲချသော်လည်း သွားတော့မှာ မဟုတ်ဘူး”ဟု ကျောင်း၌ ဆက်နေမည်စိုးသော အာဝါသမစ္ဆရိယ၊ မိမိထက်သာသည်ကို မနာလိုသော ဣသာတို့ကြောင့် ထည့်ပေးလိုက်သော ဆွမ်းကို လမ်းမှာ သွန်ပစ်လေသည်။ (ဤနေရာ၌ ဆွမ်းသွန်ပစ်ခဲ့ပုံကို အပြစ်ကြီးကိုပါ သတိပြုပါ။)
အာဂန္တုက အရှင်မြတ်လည်း ကျောင်းဘုန်းကြီး၏ စိတ်ဓာတ်ကို သိတော်မူ၍ စောစောကပင် ကောင်းကင်ခရီးဖြင့် လိုရာအရပ်သို့ ကြွနှင့်ပြီ ဖြစ်သောကြောင့် ကျောင်းသို့ရောက်၍ ရှာဖွေသောအခါ အာဂန္တုကိုယ်တော်ကို မတွေ့မှ နောင်တတစ်ဖန် ပူပန်မူ ကုက္ကုစ္စဖြင့် စိတ်ထဲ၌ ပူလောင်နေရကား စိတ်ရော ကိုယ်ပါ သွေ့ခြောက်လျက် မကြာမီ စုတေပြီးနောက် ငရဲသို့ ရောက်ရလေသည်။
ထိုငရဲမှ တက်ပြီးနောက် ဘီလူးဘ၀ ၅၀၀၊ ခွေးဘ၀ ၅၀၀တို့၌ အစာဝအောင် မရသည်သာ များလေသည်။ ထိုကဲ့သို့ ဆင်းဆင်းရဲရဲဖြင့် ကျင်လည်ခဲ့ရာ ငါတို့ဘုရားရှင် လက်ထက်တော်၌ အိမ်ခြေ တစ်ထောင်ရှိသော တံငါသည်ရွာဝယ် တံငါသည်မ ၀မ်း၌ ပဋိသန္ဓေရလေသည်။ ထိုသူ ပဋိသန္ဓေနေသည်က စ၍ တံငါများ ငါးအရနည်းရုံသာမက တစ်ရွာလုံး မင်းဒဏ် ၇-ကြိမ်ခံရ၊ ၇-ကြိမ်မီးလောင်ခံရလေသည်။
ထို့နောက် စဉ်းစားတတ်သူ လူကြီးများက “ငါတို့ရွာ၌ ကံဆိုးသူရှိလိမ့်မည်၊ ရွာကို တစ်ဝက်စီ ခွဲကြစို့ရဲ့”ဟု ပြော၍ တစ်ဝက်စီခွဲကြရာ ထိုကိုယ်ဝန်ပါသောဘက်၌ ရှေးနည်းတူ ဆင်းရဲပြန်သဖြင့် ထပ်၍ထပ်၍ ခွဲကြရာ နောက်ဆုံး ထို ကိုယ်ဝန်ရှိသော မိဘတို့ တစ်အိမ်သာ သီးခြားဖြစ်နေလေသည်။
ထိုသို့ သီးခြားဖြစ်ရပြီးနောက် မိခင်မှာ ဆင်းရဲစွာ မွေးဖွားပြီးလျှင် သွားလာနိုင်သောအခါ ခွက်ကလေးကို ကလေးလက်အပ်၍ မိခင် ထွက်ပြေးလေသည်။ ကလေးငယ်လည်း ထိုခွက်ကလေးဖြင့် တောင်းရမ်းစားသောက်၍ ၇-နှစ်အရွယ်သို့ ရောက်သောအခါ အရှင်သာရိပုတ္တရာနှင့် တွေ့သဖြင့် ရှင်ပြုပေးပြးနောက်“လောသကတိဿ”မည်သော ရဟန်းဖြစ်၍ တရားကို အားထုတ်စေရာ (ရှေးရဟန်း ဘ၀တုန်းက သီလရှိသော ပုဂ္ဂိုလ်ဖြစ်သည့်အတွက်) ရဟန္တာဖြစ်လေသတည်း။
ထိုသို့ ရဟန္တာဖြစ်သော်လည်း တစ်နေ့မျှ ဆွမ်းဝအောင် မဘုဉ်းပေးရရှာ။ ပရိနိဗ္ဗာန် စံမည့်နေ့၌ အရှင်သာရိပုတ္တရာ ခေါ်၍ ဆွမ်းခံအတူသွားရာ အရှင်သာရိပုတ္တရာပင် ဆွမ်းမရတော့ချေ။ ထို့နောက် ထိုရဟန်းကို ပြန်လွှတ်၍ တစ်ပါးတည်း ဆွမ်းခံမှ ဆွမ်းရလေသတဲ့။
အရှင်သာရိပုတ္တရာလည်း အိမ်တစ်အိမ်၌ ဆွမ်းဘုဉ်းပေးပြီးလျှင် ထိုရဟန်းအတွက် အိမ်ကလူများကို ထို ရဟန်းအထံသို့ ဆွမ်းပို့လွှတ်လိုက်ရာ လွှတ်လိုက်သူများက သတိမေ့ပြီး လမ်းမှာ ချစားကြလေသည်။ ထို ရဟန်းထံသို့ ဆွမ်းမရောက်ကြောင်း အရှင်သာရိပုတ္တရာ ပြန်လာမှသိရလေလျှင် ကောသလမင်းထံ စတုမဓူကို အလှူခံ၍ (သပိတ်ကိုလွှတ်ပေးလျှင် သပိတ်ပါကွယ်မည် စိုးသောကြောင့်) သပိတ်ကို အရှင်သာရိပုတ္တရာ ကိုယ်တိုင်ကိုင်၍ ကျွေးမှ ထို စတုမဓူကို အ၀ဘုဉ်းပေး၍ ပရိနိဗ္ဗာန်စံလေသည်။
မှတ်ချက်။ ။ ဤ၀တ္ထု၌ ကဿပဘုရားရှင် သာသနာတော်က ပြုခဲ့သော မကောင်းမူကြောင့် သူတစ်ယောက်တွင်သာမက တစ်ရွာလုံး မကောင်းကျိုး ခံစားရပုံ၊ အရှင်သာရိပုတ္တရာသည်ပင် သူနှင့်တွဲ၍ ဆွမ်းခံဝင်ရာ ဆွမ်းမရပုံတို့မှာ တစ်ယောက်၏ မကောင်းမူက အခြား သက်ဆိုင်သူများကိုလည်း ကံ အရှိန်ခတ်တတ်ကြောင်း ညွှန်ပြသည့် သက်သေ သာဓကတို့ပေတည်း။
ထို့ကြောင့် မိမိ၏ သံသရာစခန်း၌ ဖြောင့်တန်းဖို့ အရေးကို မြော်တွေးမိသူဟူသမျှသည် ယခုဘ၀၌ တွေ့ရှိသူ လူယုတ်မာများကို ဆွေမျိုးဉာတိပင် ဖြစ်နေသော်လည်း မကင်းကောင်း၍ မပစ်ပယ်နိုင်စေကာမူ ထိုကဲ့သို့ လူမျိုးကို စိတ်အားဖြင့် ဝေးနိုင်သမျှ ဝေးအောင် ရှောင်မှသာ ဘ၀အဆက်ဆက်၌ ထိုသူနှင့် ကင်းပြတ်၍ လွတ်လပ်သော သူတော်စင်များ ဖြစ်နိုင်ကြပေလိမ့်မည်။
ဒဏ်ခံရတတ်ပုံ
အချို့ အကုသိုလ်ကံများသည် ကံပြုသူက အစောင့်အရှောက် အနေအထိုင်ကောင်းလျှင် ထိုသူကို တိုက်ရိုက်ထိခိုက်အောင် မတတ်နိုင်လျှင် ထိုသူနှင့် ဆက်သွယ်သော မိဘ၊ ဆရာ၊ သား၊ သမီး၊ ကျေးကျွန်နှင့် တပည့်၊ ဒကာ၊ ဒကာမများကို ထိခိုက်စေတတ်၏။ ထိုကဲ့သို့ တစ်စုံတစ်ယောက်ကို ထိုခိုက်သွားလျှင် “ဒဏ်ခံသွားရှာသည်”ဟု ပြောစမှတ်ပြုကြ၏။
ထိုသို့ သက်ဆိုင်သူက ဒဏ်ခံသွားသောအခါ အကုသိုလ်ကံရှင်မှာလည်း စိတ်ဒုက္ခ ရောက်ရသောကြောင့် တစ်နည်းအားဖြင့် ကံပြုသူကိုလည်း ညှဉ်းဆဲပြီးပင် ဖြစ်လေသည်။ (လင်္ကာ၌ “ဇနမ”ဟူသည် ဖြစ်ပုံတည်း။ ပါပ + ဂြဟ = မကောင်းသောဂြိုလ်၊ “ဂြိုလ်စီးမကောင်း”ဟုဆို။)
“အခံပုည၊ ရှိကြသူမှာ၊ ဇာတာမူလ၊ ဇနမ၌၊ ပါပဂြဟ၊ စီးနင်းကျလည်း၊ ကိုယ်မှတစ်ပါး၊ ခြွေရံများနှင့်၊ ကျွဲနွားမျှသာ၊ ပျက်စီးရာ၏၊ ကိုယ်မှာချမ်းမြေ့၊ ဘေးမတွေ့ဘူး” (မဃဒေ၀လင်္ကာ)
No comments:
Post a Comment