တည်ငြိမ်ခြင်း ငြိမ်သက်ခြင်း သဘောသည် ဧကဂ္ဂတာတည်း။ ထို့ကြောင့် “ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား”ဟု ဆိုခဲ့သည်။ ဤ ဧကဂ္ဂတာကို “သမာဓိ” ဟုလည်း ခေါ်ကြသည်။ 
ဧကဂ္ဂတာခေါ်သော သမာဓိ၏ အစွမ်းကြောင့် စိတ်သည် အာရုံကို  ယူသောအခါ အာရုံတစ်ခု၌ အတော်ကြာအောင် ထပ်ကာထပ်ကာ ယူနိုင်၏။ ထို့ကြောင့်  ဤသမာဓိကို လေငြိမ်ရာ၌ ထွန်းထားသော မီးတောက်၏ ငြိမ်သက်နေပုံကဲ့သို့  အာရုံတစ်ခု၌ တည်တံ့သော (တည်ကြည်သော) ငြိမ်သက်သော တရားဟု ဆိုရပေသည်။
 
ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုကို ယူနေရာ၌ ထိုအာရုံတစ်ခုအပေါ်မှာ ကြာရှည်စွာ ထပ်၍ထပ်၍ အာရုံပြုနိုင်လျှင် “သမာဓိရပြီး၊ သမာဓိဓာတ်ခံအားကောင်းလာပြီ”ဟု  ပြောစမှတ်ပြုကြ၏။ 
ထိုသမာဓိ ဓာတ်ခံအားကောင်းသူသည် အနေအထိုင် တည်ကြည်၏။  အပြောအဆိုလည်း တည်ကြည်၏။ သွားလာရာ၌လည်း ဣနြေ္ဒရ၏။ ပေါင်းသင်းဆက်ဆံရာ၌လည်း  တည့်မတ်၏။ သို့ရာတွင် စွဲမိစွဲရာ အာရုံကိုကား စွဲလမ်းတတ်လေသည်။
ဇီဝိတိနြေ္ဒအကြောင်း 
စိတ် စေတသိက်  ၂-ပါးကို နာမ်တရားဟု ခေါ်၏။ ထိုနာမ်တရားတို့၏ အသက်သည် ဇီဝိတိနြေ္ဒတည်း။  ဖြစ်သမျှ စိတ်စေတသိက်များသည် အသေမဟုတ်၊ အရှင်များတည်း။ ထိုသို့  အရှင်ဖြစ်သောကြောင့် အာရုံကို သိနိုင်၏။ အကယ်၍ အသက်မပါဘဲ စိတ်စေတသိက်တွေ  အသေချည်း ဖြစ်နေပါမူ မည်သည့်ကိစ္စကိုမျှ ရွက်ဆောင်နိုင်ကြလိမ့်မည်မဟုတ်။
 
အချုပ်မှာ ဤဇီဝိတိနြေ္ဒဟု ခေါ်သော အသက်ပါနေသောကြောင့်သာ စိတ်စေတသိက်တို့ တစ်ခုပြီးတစ်ခု ဆက်၍ မပျက်စီးဘဲ (ကံ အရှိန်ရှိနေသမျှ) တည်နေကြရလေသည်။ ထို့ကြောင့် “မကွာနာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက်မပြုန်း”ဟု  ဆိုခဲ့ပေသည်။ နာမ်တရားတို့၌ နာမ်သက်ပါသကဲ့သို့ ရုပ်တရားတို့၌လည်း  ရုပ်သက်ပါ၏။ 
ဤနာမ်သက်နှင့် ရုပ်သက်ဖြစ်သော ဇီဝိတ ၂-ပါးကိုပင် သတ္တ၀ါတို့၏  အသက်ဟု ခေါ်ရပေသည်။ ထိုရုပ်ဇီဝိတ နာမ် ဇီဝိတ ၂-မျိုးအပြင် သတ္တ၀ါတို့  ကိုယ်အတွင်း၌ အသက်ကောင်၊ ၀ိညာဉ်ကောင်း၊ လိပ်ပြာကောင်၊ အတ္တကောင်းဟူ၍  မရှိတော့ပြီ။
 မနသိကာရအကြောင်း
နှလုံးသွင်ခြင်းသဘောသည် မနသိကာရ မည်၏။ ထို့ကြောင့် “နှလုံးသွင်းကို၊ မနသိဆို၏”ဟု ဆိုခဲ့သည်။ “နှလုံးသွင်း”ဟူရာ၌ စိတ်ကို “နှလုံး”ဟုခေါ်၏။ ဤစိတ်နှလုံးအတွင်းသို့ အာရုံတစ်ခုခု ပေါ်ထင်အောင် (သွင်းပေးသကဲ့သို့) ပြုပေးခြင်းကို “နှလုံးသွင်းဟု ခေါ်သည်။ 
အမှန်အားဖြင့် မနသိကာရသည်  စိတ်ထဲတွင် အာရုံဝင်=လာအောင် ဆွဲဆောင်သွင်းနိုင်သည်မဟုတ်။ သို့ရာတွင်  မနသိကာရ၏ အစွမ်းကြောင့် အာရုံတစ်ခုခု အမြဲရလျက်ရှိရကား ဤ မနသိကာရသည်ပင်  အာရုံကိုရအောင် ဆောင်ယူ သွင်းပေးသကဲ့သို့ တင်စား၍ ပြောဆိုရပေသည်။
 
စေတသိက် ၇-ပါး စိတ်ဖြစ်တိုင်းပါပုံ
စေတသိက် ၇-ပါး စိတ်ဖြစ်တိုင်းပါပုံ
စိတ်တစ်ခုဖြစ်ရာ၌ အာရုံကို ထိမူ “ဖဿ”နှင့် “မနသိကာရ” တိုင်အောင် စေတသိက် ၇-ပါးတို့ အမြဲပါကြရသည်။ လောဘ၊ ဒေါသ၊ သဒ္ဓါ၊ သတိ  စသည်တို့ကား သူတို့ဆိုင်ရာ အာရုံကိုယူသော အခါ၌သာ အပိုပါဝင်လာကြသည်။ ထို  ၇-ပါးတွင် တစ်စုံတစ်ခုကို ခံစားနေသောအခါ ဝေဒနာသည် သတ္တိထင်ရှား၍  တစ်စုံတစ်ခုကို မှတ်နေသောအခါ သညာသည် သတ္တိထင်ရှား၏။ 
ကံတစ်ခုခုကို  ပြုနေသောအခါ စေတနာသည် သတ္တိထင်ရှား၍ အာရုံတစ်ခုခုကို စူးစိုက်သောအခါ  ဧကဂ္ဂတာခေါ်သော သမာဓိက သတ္တိထင်ရှား၏။ ကြွင်းသော ဖဿ၊ ဇီဝိတနြေ္ဒ၊ မနသိကာရ  ၃-ပါးတို့ကား ဘယ်အခါမျှ သူတို့သတ္တိ မထင်ရှားလှချေ။
  မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ
♣စေတနာအကြောင်းကိုဒီမှာ ♣  နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
မေတ္တာရိပ်မှ  စာစီဓမ္မဒါနပြုပါသည်။


 
No comments:
Post a Comment