Video

Tuesday 16 December 2014

တာပနငရဲနှင့် မဟာတာပနငရဲ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၉ )



တာပနငရဲ
“တာပန” ဟူသောပါဠိသည် “ပူလောင်စေတတ်” ဟူသော အနက်ကိုပြ၏။ ထိုငရဲသို့ ကျရောက်လာသော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်း၌ မလူပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုထန်းလုံးလောက်ရှိသော တံကျင်မှ ထွက်သော မီးအလျှံတို့က အမြဲပူလောင်စေသည်။


ဇလိတေ အယသူလမှိ၊ နိစ္စလံ နိသီဒါပိတေ။
တာပေတိ ပါပကေ ပါဏေ၊ တာပနောတိ ပ၀ုစ္စတေ။
ယောနိရယော- ကံကြမ္မာရင်း ဖန်လာညှင်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီးသည်၊
ဇလိတေ- ရဲရဲညိလောင် ပြောင်တလက်လက် အရောင်ထွက်၍နေသော၊
အယသူလမှိ- ထန်းလုံးပင်စည် ပမာထင်သည့် သံလျှင်အတိပြီး တံကျင်ကြီး၌၊
နိစ္စလံ နိသီဒါပိတေ- မယိမ်းမယိုင် ထိုင်စေအပ်ကုန်လျက်၊
ပါပကေ ပါဏေ- အယုတ်တမာ သတ္တ၀ါအများ ငရဲသားတို့ကို၊
တာပေတိ- ကိုယ်လုံးရဲရဲ မီးလျှံစွဲ၍ အမြဲပုံသေ ပူလောင်စေ၏၊
သော နိရယော- သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်လောင်ရိုး ထိုငရဲအိုးကို၊
တာပနောတိ၊ တာပနငရဲဟူ၍၊
ပ၀ုစ္စတေ- ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သည်။
မဟာတာပနငရဲ
တာပနငရဲထက်ပင် သာလွန်၍ ပူလောင်စေတတ်သော ငရဲကို “မဟာတာပန”ဟု လည်းကောင်း၊ “ပတာပန”ဟုလည်းကောင်း ခေါ်၏။ ထိုငရဲ၌ မီးလျှံထနေသော သံတောင်ကြီးရှိ၏။ ထိုသံတောင်၏ အောက်ခြေ၌ သံတံကျင်တွေ စိုက်ထူထား၏။ ထိုငရဲသို့ ကျရောက်လာသော သတ္တ၀ါများကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍တင်ကြကုန်၏။ သံတောင်ပေါ်သို့ ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်သို့ ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ကြရရှာလေတော့သည်။


အယောသေလံ အာရောပေတွာ၊ ဟေဋ္ဌာသူလံ ပတာပိယ။
ပါပကေ ယော ပတာပေတိ၊ ပတာပနောတိ ၀ုစ္စတေ။
ယောနိရယော- ကံကြမ္မာရင်း ဖန်လာညှင်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီးသည်၊
အယောသေလံ- ရဲရဲညိလောင် အလျှံပြောင်လက် သံတောင်တက်သို့၊
အာရောပေတွာ- ရိုက်နှက်သောအား တင်ထားပြီး၍၊
ဟေဋ္ဌာသူလံ- တောင်ခြေစိုက်ထား တံကျင်ဖျားသို့၊
ပတာပိယ- ကံကြမ္မာမွှေ မုန်တိုင်းလေကြောင့် အနေမမှန် ကျွမ်းပြန်ခေါက်ချိုး ဇောက်ထိုးကျလျက်၊ ပါပကေ- မယုတ်တမာ သတ္တ၀ါအများ ငရဲသားတို့ကို၊
ပတာပေတိ- တာပနထက် နှစ်ဆတက်အောင် နှိပ်စက်ဆန်းပွေ လောင်ကျွမ်းစေ၏၊
သောနိရယော- သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်လောင်ရိုး ထိုငရဲအိုးကို၊
ပတာပနောတိ- ပတာပနငရဲဟူ၍၊
ပ၀ုစ္စတေ- ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။

No comments:

Post a Comment

Gold price estimated