“ဘာဝနာ”ဟူရာ၌ မြန်မာလို “တိုးပွားစေခြင်း၊ ထုံမွမ်းခြင်း”ဟု အဓိပ္ပာယ်ရ၏။ မိမိ၏ စိတ်ကို မြင့်မြတ်ဖြူစင်အောင် အားထုတ်ရသော စိတ်အလုပ် (မနောကံ) တစ်မျိုးတည်း။ ထို့ကြောင့် တွေ့ရာမြင်ရာ သတ္တ၀ါတို့အပေါ်၌ ကောင်းကျိုးချမ်းသာ မည်၏။ “မေတ္တာစိတ်ကို မိမိသန္တာန်၌ တိုးပွား၍ များလာစေခြင်း၊ မေတ္တာစိတ်တို့ မိမိသန္တာန်၌ ထုံမွမ်ခြင်း”ဟု ဆိုလိုသည်။ ထိုမေတ္တာ ဘာဝနာကို အလေ့အလာပြုသူ၌ ထိုမေတ္တာဓာတ်တွေ အလွန်များလေသည်။ တစ်ကိုယ်လုံးကို မေတ္တာဖြင့် ထုံမွမ်ထားသကဲ့သို့ ဖြစ်နေလေသည်။
ထိုသို့ မေတ္တာဓာတ်ခံ ရှိနေသူသည် ဆင်းရဲသူကို မြင်ရပြန်လျှင် ထိုသူကို ဆင်းရဲဒုက္ခမှ ကယ်တင်လိုသော ကရုဏာ ဘာဝနာလည်း အဆင်သင့် ဖြစ်လာတော့၏။ သတ္တ၀ါများ၏ ကောင်းကျိုးချမ်းသာတို့ကို လိုလားသော မေတ္တာဓာတ်ခံရှိနေသောကြောင့် ကြွယ်ဝချမ်းသာသူကိုမြင်လျှင် ၀မ်းမြောက်သော မုဒိတာ ဘာဝနာလည်း အဆင်သင့် ဖြစ်ပေးလာနိုင်ပေသည်။ ဤပြခဲ့သော ဘာဝနာ ၃-မျိုးကား စိတ်နေစိတ်ထား မြင့်မြတ်သူမှန်လျှင် တွေ့ရာ ကြုံရာ သွားလာနေထိုင်ရင်းမှာပင် ဖြစ်နိုင်ပေသည်။
ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်းတို့တွင် ဘုရားဂုဏ်တော်များကို အာရုံပြုသော ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီဖြန်းရာ၌ ဘုရားရှင်၏ ရှေးအကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ သတ္တ၀ါတို့အား အကျိုးများပုံ ဤ ၃-ချက်ကို လေးလေးနက်နက် စဉ်းစား၍ အာရုံပြုရမည်။
အကြောင်းကောင်းပုံ
အကြောင်းဆိုသည်မှာ ဘုရားဖြစ်ဖို့ အကြောင်း ဖြစ်သောပါရမီများတည်း။ ထို ကောင်းမူပါရမီတော်များကို ဖြည့်ကျင့်ခဲ့ရာဝယ် အများ သတ္တ၀ါတွေလို ပေါ့ပေါ့ဆဆ မဟုတ်။ အလွန်ထက်သန်တော် မူပေသည်။ ထိုသို့ ထက်သန်စွာ ဖြည့်ကျင့်တော်မူရာ၌လည်း ဘ၀သံသရာဝယ် ကိုယ်တော့် ချမ်းသာရေးကို မျှော်တွေး၍ ဖြည့်ကျင့်သည် မဟုတ်။ သတ္တ၀ါအများ၏ စီးပွားချမ်းသာ ရွက်ဆောင်ဖို့ အရေးကိုသာ မြော်တွေး၍ ဖြည့်ကျင့်တော်မူသည်။ ဤအချက်များ ထင်ရှားအောင် ဝေဿန္တရာမင်းဘ၀၌ ဒါနပါရမီကို စဉ်းစားပါလော့။
များစွာသော လူတို့ ဒါနပြုကြရာ၌ မိမိကိုယ်ကို “အလှူ့ရှင်”ဟု အများသိစေလို၏။ အလှူခံပုဂ္ဂိုလ်တို့က ပြန်၍ ကျေးဇူးတင်စေလို၏။ တတ်နိုင်လျှင် ပြန်၍ပင် ကျေးဇူးဆပ်စေလိုသေး၏။ ဤဒါနကြောင့် နောက်နောင်ဘ၀တို့၌ စည်းစိမ်ချမ်းသာကို ခံစားလိုကြ၏။ အားလုံးပြီးစီးမှ နိဗ္ဗာန်ကို မလိုလဲလိုလဲ ဆုတောင်းကြ၏။ အလောင်းတောင် ဝေဿန္တရာမင်းကား ထိုကဲ့သို့ မဟုတ်ပါ။ ဖွားမြင်ပြီး၍ မကြာခင် မယ်တော့်အထံ လက်ကလေးဖြန့်၍ လှူစရာကို တောင်းတော်မူ၏။ ဤအချိန်မှာ ဂုဏ်ပကာသန စသည်များကို မကွက်တတ်သေးပါ။ ၀ါသနာတော်အတိုင်း သူတစ်ပါးအား ပေးကမ်းလိုသောဆန္ဒက ပြင်းပြတော်မူခြင်းသာ ဖြစ်ပါသည်။
ဤကဲ့သို့ ပြင်းပြသော ဆန္ဒတော်ဖြင့် လက်ဝတ်လက်စားများကို ချွတ်ကာ ချွတ်ကာ မကြာမကြာ ပေးကမ်း၍ ထီးနန်းရသောအခါ နေ့စဉ်နှင့်အမျှ သိန်းပေါင်းများစွာ ကုန်အောင် အလှူတင်းကုပ်ဆောက်လုပ် လှူဒါန်းပါသည်။ အလှူမဏ္ဍပ်ဝယ် စားကြသောက်ကြ ၀တ်ဆင်ကြသူတွေကို ရူစားတော်မူစဉ် စားသောက်ဝတ်ဆင်ကြရသူတို့ ပျော်ရွှင်ကြပုံကို မြင်ရ၍ ကိုယ်တိုင်လည်း အလွန်ရွှင်ပျတော်မူ၏။ ဤနေရာ၌လည်း ကိုယ်တော်၏ နောင်သံသရာ ချမ်းသာရေးနှင့် ဂုဏ်ပကာသနအရေးတို့ကို မတွေးအားပါ။ ထို မရှိဆင်းရဲ စားရမဲ့ သောက်ရမဲ့ ဒုက္ခသည်တို့ကို ကယ်တင်နေရခြင်းကိုပင် “ဓနရှင် သူတော်ကောင်းတို့၏ မွန်မြတ်သော တာဝန်”ဟု အယူရှိ၍ ထိုဒုက္ခသည်တို့ကို ကယ်ဆယ်လိုသော ဆန္ဒ၏ ပြင်ပြတော်မူခြင်းသာ ဖြစ်ပါသည်။
တစ်မြို့လုံး ပွက်ပွက်ဆူအောင် ပစ္စယဆင်ဖြူတော်ကို လှူသောအခါမှာလည်း ဂုဏ်ပကာသနနှင့် ဘ၀စည်းစိမ်ကို တွေးတော်မမူဘဲ “ဤကောင်းမူကြောင့် သဗ္ဗညုတဉာဏ်တော်ကို ရလိုပါ၏”ဟု ဆုတောင်းတော်မူသည်။ ဤနေရာဝယ် သဗ္ဗညုတဉာဏ်ရခြင်းကို ကိုယ်တော်၏ အကျိုးဟု မှတ်ထင်ကြပေလိမ့်မည်။ ထိုထင်သလို မဟုတ်ပါ။ သဗ္ဗညုတဉာဏ်ရခြင်းကြောင့် ကိုယ်တော်မှာ သာ၍ ပင်ပန်းစရာရှိပါသည်။ ထိုအသိဉာဏ်ရသည့်အတွက် မနားမနေ ဟောပြ ဆုံးမတော်မူခြင်း၊ ဒေသစာရီကြွချီတော်မူရခြင်းတို့ဖြင့် အားလပ်ခွင့် ရတော်မမူပုံကို မှန်းဆ၍ ကြည့်ကြပါကုန်။ ထို့ကြောင့် သဗ္ဗညုတဉာဏ်ကို တောင့်တတော်မူခြင်းသည် ကိုယ်တော့်အတွက် မဟုတ်။ အများချမ်းသာဖို့အတွက်သာ ဖြစ်ပါသည်။
နောက်ဆုံး၌ ချစ်လှစွာသော သားတော်သမီးတော် ၂-ပါးနှင့် မဒ္ဒီမိဖုရားကို လှူရက်ပုံမှာ “ကိုယ်တွက်တာမဟုတ်၊ သတ္တ၀ါတို့ အကျိုးသာ ဖြစ်ကြောင်း” ကောင်းကောင်းကြီး ထင်ရှားနေပါသည်။ ချဲ့ဦးအံ့ - လူ့စည်းစိမ်ဖြစ်စေ၊ နတ်စည်းစိမ်ဖြစ်စေ လိမ္မာလှပ မိမိအလိုကျ နေထိုင်ဖော်ရသော ဇနီးနှင့် အဖိုးတန် သားသမီးများ၌သာ အချုပ်အခြာဖြစ်၏။ ထိုအရာများမရှိလျှင် စကြာမင်းပင် ဖြစ်သော်လည်း မပျော်မွေ့နိုင်ပါ။ ဝေဿန္တရာမင်း ဘ၀၌ကား မဒ္ဒီမိဖုရားနှင့် သားတော်သမီးတော် ၂-ပါးသည် တစ်ကမ္ဘာလုံး၏ မျက်နှာဖုံးဟု ဆိုရလောက်အောင် အထက်တန်းရောက်ကြ၏။
ထို့ကြောင့် လောက စည်းစိမ်ဝယ် အမြိန်ဆုံး သားတော်သမီးတော်နှင့် မိဖုရား ရတနာကို လှူရက်တော်မူသည်မှာ မည်သည့်နည်းနှင့်မျှ ဂုဏ်ပကာသနနှင့် ဘ၀စည်းစိမ်အတွက် မဟုတ်နိုင်ပါ။ သဗ္ဗညုတဉာဏ်တော်ကို ရ၍ ဒုက္ခိတ သတ္တ၀ါတွေကို ချမ်းသာစေရန် အကျိုးငှာသာ ဖြစ်ပါသည်။
ဤသို့သော ဆန္ဒတော်ဖြင့် အလောင်းဘုရားသည် ကမ္ဘာပေါင်း များစွာဝယ် အသက်ကိုစွန့်၍ သီလစောင့်ခြင်း၊ အသက်ကိုစွန့်၍ သည်းခံခြင်း၊ မိမိအသက်စွန့်၍ သူတစ်ပါးအသက်ကို ကယ်ဆယ်ခြင်း၊ မဟော်သဓာဘ၀ကဲ့သို့ သူ့အသက်ကို ကယ်ဆယ်ခြင်းအားဖြင့် ပါရမီဖြည့်တော်မူလာခဲ့သောကြောင့် ဘုရားရှင်ကို အကြောင်းရင်း ပါရမီတော်အားဖြင့် ကြည်ညိုသောအခါ လွန်စွာကောင်းသော အကြောင်းများကို တွေ့ရပေသည်။ ဤကား ဘုရားရှင်၏ အကြောင်းကောင်းပုံပေတည်း။
အကျိုးကောင်းပုံ
အကျိုးကောင်းပုံ
ပြခဲ့သော ပါရမီကောင်းမူ အကြောင်းကြောင့် ဘုရားဖြစ်မည့်ဘ၀၌ ရရှိသောအကျိုးများ၏ အထက်တန်းကျခြင်းကို “အကျိုးကောင်းခြင်း”ဟု ဆိုလိုပါသည်။ ထိုအကျိုးများကား ရုပ်အဆင်းတော်၏ သပ္ပာယ်ခြင်း၊ ဉာဏ်တော် ကြီးမားခြင်း၊ တန်ခိုးအာနုဘော်ကြီးမားခြင်းများတည်း။ ထို အကျိုးများကို မိမိတို့ ကြားဖူးသည့် အတိုင်း ချဲ့ထွင်း၍ အာရုံပြုကြပါ။
သတ္တ၀ါတို့အကျိုးများပုံ
ထိုပြခဲ့သော အကြောင်းကြောင့် တင့်တယ်ကြီးမား ခမ်းနားသော အကျိုးကို ရရှိတော်မူပြီးသောအခါ အေးအေးသက်သာ သီတင်းသုံးတော်မမူပါဘဲ သတ္တ၀ါတို့၏ အကျိုးစီးပွားများကြဖို့ရာ တရားဟောတော်မူလျက် ၄၅-၀ါ အချိန်အခါကို ကုန်လွန်စေတ်ာမူပါသည်။ ထို့နောက် ပရိနိဗ္ဗာန်စံတော်မူခါနီး ဆဲဆဲမှာပင်-
“ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။”
“ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ ဝေါ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။”
ဟု ဆုံးမသြ၀ါဒ ပေးတော်မူရှာပါသေးသည်။ ထိုသို့ မနားမနေ ဟောပြတော်မူပေသောကြောင့် ကုဋေများစွာ သတ္တ၀ါတို့ သံသရာဝဋ် ဇာတ်သိမ်း၍ အေးငြိမ်းကြရပါသည်။
ဤသို့ အကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ လုံ့လ၀ီရိယ ကြီးမား၍ သတ္တ၀ါတို့ အကျိုးများပုံကို ယုံယုံကြည်ကြည်နှင့် အာရုံပြုသောအခါ “ဗုဒ္ဓေါ မေ သရဏံ အညံနတ္ထိ = ဘုရားရှင်သည် တပည့်တော်တို့၏ ကိုးကွယ်ရာ ဖြစ်ပါပေသည်။ ဘုရားမှတစ်ပါး တခြား ကိုးကွယ်ရာ မရှိတော့ပါ”ဟု ဘုရားကိုးကွယ်မူ သရဏဂုံသည် အသိဉာဏ်နှင့်တကွ ထက်သန်သော သဒ္ဓါတရားပါ မိမိသန္တာန်၌ တည်တော့၏။ ဤကား ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံ အချုပ်တည်း။
ဤသို့ စသည်ဖြင့် မေတ္တာကို ဖြစ်စေ၊ ဗုဒ္ဓါနုဿတိ စသော တစ်မျိုးမျိုးကို ဖြစ်စေ၊ မိမိသန္တာန်၌ ဖြစ်စေခြင်း၊ ထုံမွမ်းထားခြင်းကို “ဘာဝနာ”ဟု ခေါ်ရပေသည်။ ဤကား သွားရင်းလာရင်း ဘုရားရှိခိုးရင်း ဖြစ်နိုင်သော ဘာဝနာ တချို့တည်း။ အများပွားနေကျ ဘာဝနာကို “ဘာဝနာ” ကျမ်းဂန်တို့၌ လေ့လာဖတ်ရူကြပါ။
No comments:
Post a Comment