ပုဗ္ဗစေတနာ
အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟု ၃-မျိုးရနိုင်၏။ ထိုတွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်းနေသောအခါမှစ၍ မလှူမီ ရှေ့အဖို့၌ ဖြစ်သမျှ ကုသိုလ် စေတနာတွေသည် “ပုဗ္ဗစေတနာ”မည်၏။ ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍ အလှူ့ဒကာ အလှူ့ဒကာမ၊ ကျောင်းဒကာ၊ ကျောင်းအမ စသည်ဖြင့် ထင်ရှားကျော်ကြားစေလိုသောစိတ်၊ ကျော်စောလိုသောစိတ်၊ မိမိလှူနိုင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရ။ လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင့်စပ်၍ မကျေနပ် ဒေါသ မာန စသော အကုသိုလ်များ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန့်ဆုတ်သော မလှူလိုသော စိတ်များ မဖြစ်စေရ။ ထိုသို့ မဖြစ်စေဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို့ကို စီမံနိုင်လျှင် “ပုဗ္ဗစေတနာတွေ အလွန်စင်ကြယ်စွာ ဖြစ်နေပြီ”ဟု မှတ်ပါ။
မုဉ္စစေတနာ
မုဉ္စ-သဒ္ဒါသည် “စွန့်လွှတ်ခြင်း”ဟူသော အနက်ကို ဟော၏။ ထို့ကြောင့် စွန့်လွှတ် လှူဒါန်းနေတုန်းအခိုက်၌ ဖြစ်သော စေတနာသည် (ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သော စေတနာနှင့် ကိုယ်ထိလက်ရောက် မကပ်ဘဲ နူတ်ဖြင့် လျှောက်ထား၍ လှူရာ၌ “လှူပါ၏”ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) “မုဉ္စစေတနာ” မည်၏။ ဤမုဉ္စစေတနာ အခိုက်လည်း ပြခဲ့သော အကုသုလ် စိတ်များ မဖြစ်စေဘဲ၊ အလှူခံမည့် ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိမ်တွယ်တာသော တဏှာလောဘစိတ်မဖြစ်စေဘဲ ယခု လှူဒါန်းလိုက်သည့်အတွက်ကြောင့် ငါ၏ ကိစ္စကို ကူညီဆောင်ရွက်လိမ့်မည်ဟု တစ်စုံတစ်ခုသော လောကီအကျိုးကို မမျှော်လင့်ဘဲ ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် “မုဉ္စစေတနာတွ စင်ကြယ်စွာ ဖြစ်ပြီ”ဟု မှတ်ပါ။
အပရစေတနာ
အလှူအထမြောက်ပြီးနောက် ထိုကုသိုလ်နှင့် စပ်၍ ဖြစ်သမျှ စေတနာကို “အပရစေတနာ”ဟု ခါ်၏။ ထို့ကြောင့် ဒါနပြုပြီးနာက် ထိုဒါနကို သတိရတိုင်း “အလှူအထမြောက်ပေပြီ။ ၀မ်းမြောက်ဖွယ် ကောင်းပေသည်။ နောက်ထပ် လှူချင်သေးသည်”ဟု ၀မ်းမြောက် ၀မ်းသာဖြစ်နေလျှင် အပရ စေတနာနယ်၌လည်း ကုသိုလ် စေတနာတွေထပ်မံတိုးပွားပြန်၏။ အလှူပေးပြီးနောက် ပစ္စည်း ပျက်ပြား၍ဖြစ်စေ၊ ကျောင်းဆောက် ကိုးကွယ်ပြီးနောက် ကျောင်းထိုင်ဘုန်းကြီးအပေါ် မကျေနပ်၍ဖြစ်စေ “ငါလှူမိတာ မှားလေစွ“ဟု အပရစေတနာပျက်လျှင် အလှူနှင့်စပ်၍ မကျေနပ်ခြင်းဟူသော ဒေါသ အကုသိုလ်ပင် ဖြစ်ပါသေးသည်။
သတိထားဖွယ်
ဒါနပြုရာ၌ ကျောင်းဆောက်မူ၊ ဘုရားတည်မူ၊ အလှူကြီးပေးမူ၊ စသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်း ရှိ၏။ ဆွမ်း၊ သင်္ကန်း၊ ဆေး အစရှိသည်တို့ဖြင့်လည်းကောင်း အနည်းအပါး ဒါနလည်းရှိ၏။ ထိုတွင် ကြီးကျယ်သော ဒါနတို့၌ အလှူခံပုဂ္ဂိုလ်အတွက်ဖြစ်စေ၊ သူတစ်ပါးတို့လာရောက် နှောက်ယှက်သောကြောင့်ဖြစ်စေ စေတနာပျက်ဖွယ်တွေ (စိတ်ထားမတတ်သူ၊ ဉာဏ်မရှိသူမှာ) များလှ၏။ ထို့ကြောင့် ထိုသို့ ဒါန အကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင် စွမ်းနိုင်သမျှ စဉ်းစားရုံသာမကဘဲ မိတ်ဆွေကောင်း ဆရာကောင်းတို့နှင့် တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍ ပြုလုပ်ထိုက်ကြပေသည်။ အနည်းငယ်ပြုကြသော ဒါနတို့ကား ခွေး တိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီဖြစ်သောကြောင့် အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ၊ အချို့အရာ၌ သံဃိကဒါနမြောက်အောင် စိတ်ထား၍ အချို့အရာဝယ် လှူဖွယ်ဝတ္ထုများ၌ မတွယ်တာဘဲ မုတ္တစာဂိဖြစ်အောင် စွန့်လွှတ် ပေးကမ်း လှူဒါန်းကြရမည်။ (မုတ္တ = မတွယ်တာဘဲ လွတ်လွတ်ကျွတ်ကျွတ် + စာဂီ = စွန့်ကြဲပေးကမ်းလေ့ရှိသူ။) “အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ၊ လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ၊ နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တဘဲ နိဗ္ဗာန်ကို ရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူ”ဟု ဆိုလိုသည်။
No comments:
Post a Comment