Video

Monday, 15 December 2014

ဘုံအကြောင်း ငရဲခန်း ( ကိုယ်ကျင့်အဘိဓမ္မာ - ၉၂)



ဘုံအကြောင်း

သတ္တ၀ါတို့၏ တည်နေရာအရပ်ကို ပါဠိလို “ဘူမိ”၊ မြန်မာလို “ဘုံ”ဟုခေါ်သည်။ ထိုဘုံသည် အပါယ် ၄-ဘုံ၊ ကာမသုဂတိ ၇-ဘုံ၊ ဗြဟ္မာ့ဘုံ ၂၀အားဖြင့် ၃၁-ဘုံရှိ၏။ ထိုတွင် အပါယ် ၄-ဘုံဟူသည် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံများတည်း။ ကာမသုဂတိ ၇-ဘုံဟူသည် လူ့ဘုံနှင့် နတ်ပြည် ၆-ထပ်တည်း။ နတ်ပြည် ၆-ထပ်ကား စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရိနိမ္မိတ၀သ၀တ္တိတည်း။ ဗြဟ္မာ ၂၀-တွင် ရူပ ဗြဟ္မာ့ဘုံ ၁၆၊ အရူပဗြဟ္မာ့ ၄-ဘုံတည်း။

ငရဲခန်း
ယခု လူ့ပြည်၌ ပြစ်မူကျူးလွန်သူတို့၏ ကျရောက်ခံစားဖို့ရာ အကျဉ်းထောင်များ တည်ရှိသကဲ့သို့ သတ္တ၀ါတို့၏ တည်နေရာ ဤကမ္ဘာမြေအတွင်း၌လည်း မကောင်းမူဒုစရိုက် ကျူးလွန်သူတို့၏ ကျရောက်ခံနေဖို့ရာ ငရဲထောင်များ တည်ရှိကြသည်။ ထို ငရဲထောင်ကား သတ္တ၀ါတို့ကံလျှင် အရင်းခံ၍ ဥတုကြောင့်ဖြစ်နေသော ကမ္မပစ္စယ ဥတုဇရုပ်တရားတည်း။
ထိုငရဲသည် သတ္တ၀ါတို့ ကံအားလျော်စွာ အမျိုးမျိုးတည်ရှိနေရုံမျှသာမက လူ့ဘုံနှင့် နီးကပ်သော မြေတွင်းမှာပင် လောဟကုမ္ဘီ သံရည်ငရဲရှိကြောင်းကို ကျမ်းဂန်တို့၌ တွေ့ရ၏။ ဤကျမ်း၌ အများပြောရိုးဖြစ်သော ငရဲကြီး ရှစ်ထပ်ကိုသာ အကျယ်ထုတ်ပြမည်။
ထိုငရဲရှစ်ထပ်သည်ကား (၁) သိဉ္စိုးငရဲ၊ (၂) ကာဠသုတ်ငရဲ၊ (၃) သံဃာတငရဲ၊ (၄) ရောရုဝငရဲ၊ (၅) မဟာရောရုဝငရဲ၊ (၆) တာပနငရဲ၊ (၇) မဟာတာပနငရဲ၊ (၈) အ၀ီစိငရဲတည်။ ငရဲတစ်ထပ်တစ်ထပ်၌ (၁) ဘင်ပုပ်ငရဲ၊ (၂) ပြာပူငရဲ၊ (၃) လက်ပံတောငရဲ၊ (၄) သန်လျက်ရွက်တောငရဲ၊ (၅) ဝေတ္တရဏီခေါ် “သံရည်မြစ်ငရဲ”ဟု ငရဲငယ် ၅-ထပ် တံတိုင်းခတ်သကဲ့သို့ ရံပတ်၍နေသတဲ့။ ထိုငရဲ ၅-ထပ်ကို ဥဿဒငရဲဟုခေါ်သည်။
ယမမင်း
စတုမဟာရာဇ်နတ်တို့တွင် အပါအ၀င်ဖြစ်သော ဝေမာနိက ပြိတ္တာမင်ကိုပင် “ယမမင်း”ဟုခေါ်၏။ တစ်ခါတစ်ရံ နတ်စည်းစိမ်ကိုခံစား၍ တစ်ခါတစ်ရံမှာမူ မကောင်းမူကံ အကျိုးကို (ရိုးရိုးပြိတ္တာများကဲ့သို့)ခံစားရရှာသေး၏။ ထိုယမမင်းကား တစ်ယောက်သာမက အများပင်ရှိလေသည်။ လူ့ဘုံ၌ အစိုးရများ ရုံးထိုင်သလို ယမမင်းများလည်း ငရဲဘုံ၏ တံခါးလေးဖက်၌ ရုံးစိုက်ကြပြီးလျှင် ငရဲရောက်လာသူများကို စစ်ဆေးမေးမြန်းကြသည်။
သို့သော် ငရဲသို့ ရောက်လာသူတိုင်း အစစ်အဆေးခံရသည်မဟုတ်။ အကုသိုလ်ကြီး၍ ထင်ရှားသူတို့မှာ တစ်ခါတည်းငရဲသို့ ကျရလေသည်။ အကုသိုလ်နည်းပါးသူများအတွက် လွတ်လိုလွတ်ငြား အနေအားဖြင့် ယမမင်းထံ အစစ်ဆေးခံခွင့်ရလေသည်။ ထို့ကြောင့် ယမမင်း၏ စစ်ဆေးမူမှာ အပြစ်ရှာလို၍မဟုတ်။ လွတ်သင့်က လွတ်ခွင့်ရစေလိုသောကြောင့် ဖြစ်သည်။ ယခုအခါ အယူခံရုံးမင်းများနှင့် အလားတူပင်တည်း။ သို့အတွက် “ယမမင်းဟူသည်မှာ တရားစောင့်သော မင်းကောင်းမင်းမြတ်ပင်တည်း” ဟုမှတ်ပါ။ (ဥပရပဏ္ဏသ၊ ဒေ၀ဒူတသုတ်)
ငရဲထိန်း
ဤငရဲထိန်းများလည်း စတုမဟာရာဇ်နတ်မျိုး အပါအ၀င် နတ်ဘီလူး နတ်ရက္ခိုသ်များတည်း။ ထိုငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက်လာသူများကို ယမမင်းထံပို့ခြင်း၊ ငရဲသို့ ရောက်ပြီးသူများကို လက်မရွံ့အာဏာသားများကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ သတ်ပုတ် ရိုက်နှက်ခြင်းပင်တည်း။ (ငရဲမီးစသော အန္တရာယ်တို့လည်း ကံကြောင့်ဖြစ်ရသော ကမ္မပစ္စယ ဥတုဇရုပ်များဖြစ်ရကား ငရဲခံမည့်သူ၌သာ ပူလောင်၍ ထိုငရဲထိန်းတို့မှာ မပူလောင်ချေ။)

No comments:

Post a Comment

Gold price estimated