Video

Tuesday, 16 December 2014

နိဗ္ဗာန် ၂-မျိုးမှ တစ်မျိုး နိဗ္ဗာန် (ကိုယ်ကျင့်အဘိဓမ္မာ - ၁၁၃)



နိဗ္ဗာန် ၂-မျိုးမှ တစ်မျိုး နိဗ္ဗာန် 
ရဟန္တာအားလုံး၌ ရနိုင်သော ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန် ၂-မျိုးသည် “သိဝံ ပတ္ထေထ ဘိက္ခဝေ၊ သိဝံ ပတ္ထေတွာ ဒါနံ ဒါတဗ္ဗံ = ဘိက္ခုတို့၊ ဘေးခပ်သိမ်းတို့၏ အေးငြိမ်းရာ နိဗ္ဗာန်ကို တောင့်တကြလော့၊ နိဗ္ဗာန်ကို တောင့်တ၍ ဒါနကို ပြုကြလော့၊ သီလကို ဆောက်တည်ကြလော့၊ ဘာဝနာကို ပွားစေကြလော့” ဤသို့ ဗုဒ္ဓမြတ်စွာ တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏”ဟု လူအများ တောင့်တအပ် ဆုတောင်းအပ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “ငါဘုရားသည် ယနေ့ညဉ့်၏ နောက်ဆုံးအချိန်၌ ရှေးရှေးဘုရားတို့ ၀င်အပ်သော အမြိုက် နိဗ္ဗာန်သို့ ၀င်ရတော့မည်” ဟု ဆင်ခြင်တော်မူသောအခါ “စိတ်တော်သည် အလွန်ကြည်၏”ဟု မိန့်တော်မူအပ်သော နိဗ္ဗာန်မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည် “အနေဇော သန္တိမာရဗ္ဘ၊ ယံ ကာလ မကရီမုနိ = ငါးဖြာအာရုံ ကာမဂုဏ်၌ တုန်လူပ်တတ်စွာ တဏှာ ကင်းပြီးသော အကြင် မုနိထွတ်တင် ဘုရားရှင်သည် ဒုက္ခ ခပ်သိမ်း အေးငြိမ်းရာနိဗ္ဗာန်ကိုရည်ရွယ်တော်မူ၍ ကွယ်လွန်ချိန်ကို ပြုတော်မူပြီ”ဟု အရှင်အနုရုဒ္ဓါ မိန့်တော်မူအပ်သော စကားတော်အရ ဘုရားရှင် ရည်ရွယ်တော်မူအပ်သော သန္တိသုခအမတ - မဟာနိဗ္ဗာနန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည်“နိဗ္ဗာနံ ပန လောကုတ္တရာ သင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ၊ မဂ္ဂဖလာန မာရမ္မဏဘူတံ ၀ါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္ထာ နိဗ္ဗာနန္တိ ပ၀ုစ္စတိ”ဟု အဘိဓမ္မတ္ထ သင်္ဂဟကျမ်း၌ “မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်”ဟုလည်းကောင်း၊ “နိဗ္ဗာနံ ပရမံ သုခံ”ဟု ဓမ္မပဒအဋ္ဌကထာ၊ သုခ၀ဂ်၊ ဧကဥပါသက၀တ္ထု၌ “နိဗ္ဗာန်သည် အမြတ်ဆုံးသုခ”ဟုလည်းကောင်း၊ “အသင်္ခတာ စ ဓာတု”ဟု ဓမ္မ သင်္ဂဏီ၊ ရူပကဏ္ဍ၊ ဥဒ္ဒေသ၌ “အသင်္ခတဓာတ်”ဟုလည်းကောင်း ဟောတော်မူအပ်သော နိဗ္ဗာန်မဟုတ်သေးပါ။
ပြအပ်ခဲ့သောနိဗ္ဗာန် ၂-မျိုးသည် သစ္စာ ၄-ပါးတွင် နိရောဓသစ္စာ အဖြစ်ဖြင့်ပါဝင်သော၊ သောတာပတ္တိမဂ်ကိုရလျှင်ပင် ၀ိသာခါကဲ့သို့ ၇-နှစ်သမီးအရွယ် သူငယ်မတို့ ထိုက်တန်သမျှ မြင်အပ်သော၊ တစ်ခါမြင်ပြီးလျှင် ဒိဋ္ဌိ ၀ိစိကိစ္ဆာတို့ ကင်းကွာရကြောင်းဖြစ်သော၊ တစ်ခါမြင်ဖို့ရန်လည်း ငါးပါးသီလ လုံခြုံမူအခြေခံရသော နိဗ္ဗာန်မဟုတ်သေးပါ။
ထို့ကြောင့် ယခုအခါ အကြောင်းတရားတို့ကို မပြုအပ်သောကြောင့် “အသင်္ခတဓာတ်” အမည်တော်ရသော ဘုရားရှင်သာမက ရဟန္တာ ဟူသမျှတို့သည် ပရိနိဗ္ဗာန်မ၀င်စံခင်ကာလ၌ မကြာမကြာ အာရုံပြု၍နေအပ်သော ပရိနိဗ္ဗာန်စံတော်မူပြီးနောက်လည်း မပျောက်မပျက် ဆက်လက်တည်ရှိရစ်သော၊ လူအများတို့ ဆုတောင်းအပ်သော၊ ဘုရားရှင်လည်း ဆုတောင်းဖို့ရန် တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန်တရားတော်မြတ်ကို ရိုသေလေးမြတ်စွာရေးသား ပူဇော်ပါမည်။
လူအများတို့ဆုတောင်းနေသော နိဗ္ဗာန်၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်
ရှေးပညာရှိများဖွင့်ပြပုံ
စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူသော ပရမတ္ထ တရားတို့သည် ရူပါရုံမှတစ်ပါး မျက်စေ့ဖြင့် မြင်ကောင်းသော တရား မဟုတ်ကြပါ။ ထိုသို့မမြင်ကောင်းသော်လည်း ရှေးပညာရှိ အဋ္ဌကထာဆရာတို့သည် မျက်စေဖြင့် မြင်ရသကဲ့သို့ ဉာဏ်ထဲ၌ ထင်မြင်လာအောင် လက္ခဏာအားဖြင့်လည်းကောင်း၊ ကိစ္စရသ၊ သမ္ပတ္တိရသ တစ်မျိုးမျိုးအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်ရူစားသော ယောဂီပုဂ္ဂိုလ်၊ ပညာရှိပုဂ္ဂိုလ်တို့၏ ဉာဏ်အားထင်လာသော အခြင်းအရာအားဖြင့်လည်းကောင်း၊ အနီးဆုံးအကြောင်းဟူသော ပဒဋ္ဌာန်အားဖြင့်လည်းကောင်း ဖွင့်ပြကြပါသည်။
နိဗ္ဗာန်ကိုလည်းဉာဏ်၌ ထင်မြင်လာအောင်လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်အားဖြင့် ဖွင့်ပြရမည်ဖြစ်၍ ထိုသို့ မဖွင့်ပြမီ သန္တိလက္ခဏာရှိသော နိဗ္ဗာန်နှင့်တစ်ဖက်တစ်လမ်း (ဟိုဘက်ကမ်း ဤဘက်ကမ်းကဲ့သို့)ကွာလှမ်းသော ရုပ်နာမ်၏ မငြိမ်မသက် ဖြစ်ရပုံကို ရှေးဦးစွာ ပြသပါမည်။
သင်္ခတဓာတ်
ရုပ်နာမ်တို့ကို ရှေ့၌ ပြခဲ့ပြီ။ ရုပ်နာမ်တို့သည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံစသော အကြောင်းတို့က ပြုအပ်သော သင်္ခတဓာတ် (ပြုပြင်အပ်သော ဓာတ်) ဖြစ်၏။ ပြု၍ ဖြစ်သောအခါ ချက်ချင်းပျက်၏။ ပျက်ပြီးလျှင်လည်း ထပ်၍ဖြစ်၏။ ဖြစ်ပြီးလည်း ပျက်ပြန်၏။ ဤသို့ ဖြစ်ပျက်ဖြစ်ပျက် ဆက်၍နေသော အစဉ်သည် လက်ဖျောက် တစ်ချက်တီးခန့် ကာလ၌ ကုဋေသိန်းပေါင်းများစွာပင်တည်း။ (စိတ်စေတသိက်တို့ တစ်ဆယ့်ခုနှစ်ကြိမ် ပျက်ပြီးမှ ရုပ်ကတစ်ကြိမ်သာပျက်၏။) ဤအချိန်ကလေး၌ ဤမျှလောက်များအောင် ဖြစ်ပျက်နေရသော ရုပ်နာမ်သည် အဘယ်မှာ ငြိမ်သက် အေးမြ၍ သုခ ဖြစ်နိုင်တော့အံ့နည်း။ အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် အမြဲပင် ဒုက္ခဖြစ်၏။ ဥဒယဗ္ဗယပဋိပီဠနဋ္ဌေနဒုက္ခာ = အဖြစ်အပျက်ဒဏ်ကို အမြဲခံနေရသောကြောင့် ရုပ်နာမ်ဟူသမျှ ဒုက္ခချည်းသာ။
သန္တိလက္ခဏာ
“လက္ခဏ”ဟူသည် မှတ်သားကြောင်း အမှတ်အသား၊ မှတ်သားအပ်သော သဘောတည်း။ လူတစ်ယောက်၌ အများနှင့်မတူသော ထူးခြားသော အမှတ်အသား ရှိသကဲ့သို့ ပရမတ္ထတရား ၄-ပါး၌လည်း တစ်ပါးနှင့်တစ်ပါး မတူအောင် ထူးခြားသော အမှတ်အသား၊ ထူးခြားသော သဘောရှိ၏။ နိဗ္ဗာန်အတွက် ထူးခြားသော လက္ခဏာ(အမှတ်အသား)ကား သန္တိလက္ခဏာတည်း။
သန္တိဖြစ်ပုံ
ရုပ်၊ စိတ်၊ စေတသိက်၊ နာမ်တို့သည် ပြအပ်ခဲ့သည့်အတိုင်း အမြဲဖြစ်ပျက်နေရကား ငြိမ်ငြိမ်သက်သက် မရှိကြ။ အမြဲပူလောင်နေသကဲ့သို့ ငြိမ်းငြိမ်းအေးအေးလည်း မရှိကြ။ အသေင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်ကား အဖြစ်မရှိသောကြောင့် အလွန်ငြိမ်သက်၏။ အဖြစ်အပျက် အပူအလောင် မရှိသောကြောင့် အလွန်အေးငြိမ်း၏။ ထိုအေးငြိမ်းခြင်းသည် နိဗ္ဗာန်၏ “သန္တိ”ဟု ခေါ်ရသော ထူးခြားသော လက္ခဏာ ဖြစ်သည်။
အစ္စုတရသ
ရုပ် နာမ် ခန္ဓာတို့သည် ရှေးဦးစွာ ဖြစ်ရ၏။ ဖြစ်ပြီးသောအခါ ပျက်ရခြင်းအားဖြင့် ပင်ကို သဘောမှ ရွေ့လျောရ၏။ နိဗ္ဗာန်၏ သန္တိသဘောကား ဘယ်အခါမှ မပျောက်မပျက်သောကြောင့် ပင်ကို သဘောမှမရွေ့လျားခြင်း ဟူသော ထူးသော အရသာရှိ၏။
အနိမိတ္တမစ္စုပဋ္ဌာန်
ကမ္မဋ္ဌာန်းအားထုတ်သော ယောဂီ ပုဂ္ဂိုလ်ဖြစ်စေ၊ တရားသဘောကို စဉ်းစားသော ပညာရှိဖြစ်စေ ဉာဏ်ဖြင့် ရူမြင်သောအခါ အမှန်အတိုင်း ထင်လာ၏။ ထိုသို့ ထင်လာသည်ကို “ပစ္စုပဋ္ဌာန်”ဟုခေါ်၏။ နိဗ္ဗာန်၏ သဘောကို ဉာဏ်ဖြင့် ရူမြင်သောအခါ (စိတ် စေတသိက် ရုပ်တို့မှာ သဘောအထည်ကိုယ် ရှိသကဲ့သို့) “အထည်ကိုယ် မရှိသော တရား”ဟု ဉာဏ်အားဖြင့် ထင်လာသည်။ နိမိတ္တ ဓမ္မာ သင်္ခါရာ၊ တေဟိ သနိမိတ္တာ သ၀ိဂ္ဂဟာ ၀ိယ ဥပဋ္ဌဟန္တိ။ အဋ္ဌသာလိနီ၊ လောကုတ္တရာ ကုသိုလ် အဖွင့်။ -အနုဋီကာ (နှာ ၁၂၁)။
ပဒဋ္ဌာန်
နီးကပ်သောအကြောင်းကို ပဒဋ္ဌာန (ပဒဋ္ဌာန်)ဟု ခေါ်၏။ (စိတ်သည် ယှဉ်ဖက်စေတသိက်၊ မှီရာရုပ်ဟူသော နီးကပ်သော အကြောင်းရှိသကဲ့သို့)နိဗ္ဗာန်မှာ နီးကပ်သောအကြောင်းမရှိ။ အရိယာတို့ သန္တာန်၌ နိဗ္ဗာန်တရား ပေါ်လာဖို့ရန် ဒါန၊ သီလ၊ ဘာဝနာ စသော ဝေးသော အကြောင်းကား များစွာရှိရပါသည်။
သန္တိလက္ခဏံ အစ္စုတ - ရသံ နိဗ္ဗာနအမတံ။
အနိမိတ္တဥပဋ္ဌာနံ၊ ပဒဋ္ဌာနံ န လဗ္ဘတိ။
နိဗ္ဗာနအမတံ၊ အမြိုက်နိဗ္ဗာန်သည်။ သန္တိလက္ခဏံ၊ ငြိမ်သက် အေးငြိမ်းခြင်း လက္ခဏာ ရှိ၏။ အစ္စုတရသံ၊ ပင်ကို သဘောမှ မရွေ့လျောခြင်း သမ္ပတ္တိရသ ရှိ၏။ အနိမိတ္တဥပဋ္ဌာနံ၊ အထည်ကိုယ်ဟန် ပုံသဏ္ဌာန်မရှိသော တရားဟု ဉာဏ်အားထင်လာ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းကို။ န လဗ္ဘတိ၊ မရအပ်။

No comments:

Post a Comment

Gold price estimated