သူတစ်ပါး၏ ကုသိုလ်ကောင်းမူ ကိစ္စကို ကူညီ၍ ပြုလုပ်ခြင်းသည် “ဝေယျာဝစ္စ” မည်၏။
ထို့ကြောင့် သူတစ်ပါး အလှူဒါနပြုသောအခါ မိမိကလည်း စိတ်ပါလက်ပါနှင့် အလှူရှင်၏ စိတ်ကြည်လင်အောင်၊ သက်သာအောင်၊ အလှူမှာ တင့်တင့်တယ်တယ်ဖြစ်အောင် သဘောထား၍ ကူညီရမည်။
မကျန်းမမာသူ အိုမင်းသူ၊ ကျန်းမာသော်လည်း အနိုင်မနင်းဖြင့် ထမ်းပိုးနေရသူ၊ ကျန်းမာ၍ နိုင်နင်းသော်လည်း မိဘ၊ မိမိထက် ကြီးသော ဆွေမျိုး မိတ်ဆွေစသူ၏ (အကုသိုလ်နှင့် မသက်ဆိုင်သော) ကိစ္စကြီးငယ်ကို ကူညီ၍ ရွက်ဆောင်ခြင်းလည်း ဝေယျာဝစ္စ ကုသိုလ်ပင်တည်း။
ဤဝေယျာဝစ္စ ကုသိုလ်သည် စိတ်ထားတတ်သူတို့မှာ တချို့အလှူရှင်ထက်ပင် အကျိုးများပါသေး၏။ အရှင်ကုမာရကဿပ၏ တရားတော်ကြောင့် မိစ္ဆာဒိဋ္ဌိ အဖြစ်မှ ကျွတ်လွတ်သော “ပါယာသိ”မည်သော ဘုရင်ခံသည် အမြဲမပြတ်လှူဒါန်းနေသော်လည်း ကိုယ်တိုင်မပြုဘဲ “ဥတ္တရ” မည်သော လုလင်တစ်ယောက်ကို မိမိကိုယ်စား လှူဖို့ရန် လွှဲအပ်ထားသည်။ ဥတ္တရ လုလင်ကား သူများပစ္စည်းဖြင့် လှူဒါန်းရသော်လည်း အလွန်စိတ်ပါလက်ပါ ကောင်းမွန်စွာ စီစဉ်၍ လှူဒါန်းသည်။
ထိုအလှူရှင်နှင့် ဝေယျာဝစ္စပြုသော လုလင်တို့ စုတေသောအခါ အလှူ့ရှင်မှာ အောက်စတုမဟာရာဇ်ဘုံသာ ဖြစ်၍ ဥတ္တရ လုလင်ကား ထိုဝေယျာဝစ္စကြောင့် အထက်တန်းကျသော တာဝတိံသာ၌ ဖြစ်ရသည်။
No comments:
Post a Comment