ကုသိုလ်ရှင်တို့က အမျှဝေသောအခါ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်မူကို “ပတ္တာနုမောဒန” ကုသိုလ်ဟုခေါ်၏။ (ပတ္တ = အမျှဝေသဖြင့် မိမိသို့ ရောက်လာသော ကုသိုလ်ကို + အနုမောဒန = ၀မ်းမြောက်ခြင်း၊ သာဓုခေါ်ခြင်း။) သူတစ်ပါးတို့ ကုသိုလ်ပြုနိုင်ကြသည်ကို မိမိက ၀မ်းမြောက်ဝမ်းသာဖြစ်၍ နေခြင်းသည် အတော်မြင့်မြတ်သော (မုဒိတာ သဘောရှိသော) စိတ်ထားပေတည်း။
ထို့ကြောင့် ဤ၀မ်းမြောက်မူကို ကုသိုလ်တစ်မျိုးဟု သတ်မှတ်ရပေသည်။ ၀မ်းမြောက်ဝမ်းသာမူ မဟုတ်ဘဲ ခေါ်ရိုးခေါ်စဉ် (တွေးချင်ရာတွေး၍) သာဓုခေါ်ရာ၌ “ပတ္တာနုမောဒန” ကုသိုလ် အစစ်ဖြစ်ဖို့ ခဲယဉ်းလှပေသည်။ အချို့ကား သူတစ်ပါးတို့ လှူဒါန်းနိုင်သည်ကို ၀မ်းမြောက်ဝမ်းသာ မရှိသည့်အပြင် ဣဿာပင် ဖြစ်တတ်သေးသည်။
ပတ္တာနုမောဒန ကုသိုလ်၏ ဒိဋ္ဌဓမ္မအကျိုး
ပတ္တာနုမောဒန ကုသိုလ်၏ ဒိဋ္ဌဓမ္မအကျိုး
သေလွန်လေသော မိဘဆွေမျိုးကို ရည်စူး၍ ကျန်ရစ်သော ဆွေမျိုးများက ဆွမ်းကျွေးတရားနာပြီးနောက် အမျှဝေသည်ကို သေသူဆွေမျိုးက သာဓုခေါ်ကာ ၀မ်းမြောက်ရာ၌ သေလွန်သူဆွေမျိုးမှာ လက်ငင်းအကျိုးရ၏။ ဆွမ်းကျွေး၍ အမျှဝေသည်ကို သာဓုခေါ်လျှင် ငတ်မွတ်နေသူမှာ အစာကောင်းရ၏။ အ၀တ်လှူ၍ အမျှဝေလျှင် အ၀တ်မရှိသူမှာ အ၀တ်ကောင်းများ ရရှိ၏-ဟု ကျမ်းစာတို့၌ တွေ့ရလေသည်။
ထိုကဲ့သို့ သေသူကိုရည်မှန်း၍ ကျန်ရစ်သူဆွေမျိုးက လှူဒါန်းရာ၌လည်း အလှူခံ ပုဂ္ဂိုလ်က သီလရှိသူဖြစ်ဖို့လည်း အရေးကြီးလှပေသည်။ ရှေးတုန်းက ဒုဿီလ ရဟန်း (သီလမရှိသောရဟန်း) တစ်ပါးအား လှူဒါန်းရာ၌ အမျှဝေရာ ၃-ကြိမ်တိုင်အောင်ပင် လှူဒါန်းအမျှဝေပါသော်လည်း အဖို့မရသဖြင့် “ငါ့အဖို့ ဥစ္စာကို ဒုဿီလကြီးက လုယူနေပါတယ်”ဟု ပြိတ္တာဆွေမျိုးက ဟစ်အော်ရှာသည်။ ထို့နောက် သီလရှိသော ရဟန်းတစ်ပါးကို ပင့်ဖိတ်လှူဒါန်း၍ အမျှဝေမှ ကုသိုလ်အဖို့ကို ရသည်။ (ဥပရိပဏ္ဏာသ ဒက္ခိဏ ၀ိဘင်္ဂသုတ်၊ အဋ္ဌကထာ။)
ဤစကားအရ သေလွန်သူကို ရည်စူး၍ အမျှဝေရာ၌ ရှေးဦးစွာ မိမိစိတ်၌ စိုးရိမ်ပူဆွေးငိုကြွေးမူ အကုသိုလ်များကို ကင်းစေလျက် ကုသိုလ် စင်စင်ကြယ်ကြယ်ဖြင့် ဆွမ်း၊ သင်္ကန်း၊ ဖိနပ်၊ ထီး၊ ကျောင်း၊ ဒါနမျိုးကို ပြုကြရပေလိမ့်မည်။ (ကျောင်းသည် သွားလေသူမှာ နေစရာအတွက်ဖြစ်၏။) ထိုဒါနကိုလည်း သီလ အစင်ကြယ်ဆုံး ပုဂ္ဂိုလ်ကို ရွေးချယ်၍ (သို့မဟုတ် သံဃိကဒါနဖြစ်စေ၍) ပြုရမည်။ ထို ကုသိုလ်ပြုခါနီး၌ သွားလေသူကို ခေါ်ယူဖိတ်ထားလျှင် သာ၍ကောင်း၏။ (လာနိုင်လျှင် လာလိမ့်မည်။) ထို့နောက် သွားလေသူ၏ နာမည်ကိုခေါ်၍ ကြားလောက်အောင် အသံကျယ်စွာဖြင့် အမျှဝေရမည်။
ယခုကာလဖြစ်ပုံ
ယခုကာလဖြစ်ပုံ
ယခုကာလ၌ကား ပုဂ္ဂိုလ်ကောင်းဆိုးကိုလည်း မရွေးချယ်အား၊ မိမိ၏စိတ်ကို စင်ကြယ်အောင်(ကုသိုလ်ဖြစ်အောင်လည်း) သတိမထားနိုင်တော့ဘဲ သူတစ်ပါး အကဲ့ရဲ့လွတ်ရုံ ချီးမွမ်းခံရရုံ သဘောထား၍ ငိုငိုရီရီနှင့် သုသာန်မှာ လှူဖွယ်ဝတ္ထုကို (တချို့မှာ ငွေတွေကို) လှူဒါန်းလျက် အမျှဝေကြသည်။
ထိုဒါနများအတွက် သွားလေသူ အကျိုးရနိုင်မည် မရနိုင်မည်ကိုကား မစဉ်းစားတော့ချေ။ ထိုကဲ့သို့ သောကပရိဒဝေဖြင့် သုသာန်မှာ လှူဒါန်းမည့်အစား သောကပရိဒေ၀ကင်း၍ စိတ်ကြည်လက်ကြည်နှင့် မိမိတို့အိမ်မှာ ကျကျနန ကုသိုလ်ပြုခြင်း၊ အမျှဝေခြင်းသာ စည်းကမ်းကျဖွယ်ရှိ၏။ သောကကင်း၍ စိတ်ရှင်းရှင်း လှူနိုင်ပါမူ သုသာန်မှာလှူလည်း အကျိုးမယုတ်ပါ။
အမျှရနိုင်သူ
အမျှရနိုင်သူ
ဤသို့ အမျှဝေရာဝယ် သေလွန်သူက အိမ်၏ အနီးအပါးစသည်၌ ပြိတ္တာဖြစ်နေမှသာ သာဓုခေါ်နိုင်၍ အမျှရသည်။ လူနတ် တိရစ္ဆာန် တောကြီးတောင်ကြီးတို့၌ ပြိတ္တာ ဖြစ်နေလျှင်ကား အမျှဝေသော်လည်း သာဓုမခေါ်နိုင်၊ အမျှမရ။ သို့သော် ရှေးရှေးက ဆွေမျိုးဟောင်း ပြိတ္တာများ ရှိနေလျှင် သူတို့မှာ အမျှရနိုင်ကြသေးသဖြင့် တစ်စုံတစ်ယောက် သေဆုံးရာ၌ ကုသိုလ်ပြု အမျှဝေခြင်း ထုံးစံမှာ ကောင်းသော ထုံစံပင် ဖြစ်ပါသည်။
No comments:
Post a Comment