ကံပြုသူ၌ ကံအကျိုး တိုက်ရိုက်ရပုံ
ပြခဲ့သော စကားစဉ်အရ သတ္တ၀ါတို့ တစ်ဘ၀မှ တစ်ဘ၀ပြောင်းကြရသော်လည်း ရှေးဘ၀က မိမိ၏ အ၀ိဇ္ဇာ တဏှာ ကံစွမ်းအတွက် နောက်ဘ၀အသစ်၌ ဖြစ်ရသောကြောင့် နောက်ဘ၀ဖြစ်သူသည် သူများမဟုတ် မိမိပင်တည်း။ ပြုခဲ့သမျှသော စေတနာ ကံတရားတို့သည် ချုပ်ပျောက်သွားသော်လည်း ထိုကံ၏ အရှိန် သတ္တိတွေ အကျိုးမပေးရသေးသမျှ မပျောက်မပျက် လိုက်ပါလျက် ရှိသောကြောင့် မိမိပြုသော ကုသိုလ်ကံ၏ သတ္တိသည် မိမိသန္တာန်မှာ (လူသွားရာသို့ လူရိပ် လိုက်ပါသလို) မိမိကို စောင့်ရှောက်ဖို့ရန် အမြဲ လိုက်ပါနေ၏။
မိမိပြုအပ်သော အကုသိုလ်ကံ၏ သတ္တိများလည်း (လှည်း၌ တပ်အပ်သော နွား၏နောက်သို့ လှည်းဘီးပါသကဲ့သို့) မိမိကို နှိပ်စက်ဖို့ရန် အမြဲလိုက်ပါနေ၏။ မိမိပြုအပ်သော အကုသိုလ်ကံ၏ အကျိုးကို မိမိသာ တိုက်ရိုက်ရသောကြောင့် “ဒီဘ၀ ဒီကိုယ်စံ၊ နောက်ဘ၀- နောက်ကိုယ်ခံလိမ့်မည်”ဟု အချို့က ပြောသော်လည်း နောက်ဘ၀ နောက်ကိုယ်မှာ သူများမဟုတ်၊ မိမိပင် ဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်ကြပါကုန်။
ကုသိုလ်ကံ အကျိုးပေး အာနိသင်
လောက၌ ဆရာ တပည့်တစ်စု၊ မိသားတစ်စု၊ ဆွေမျိုးတစ်စု စသည်ဖြင့် အစုအဖွဲ့ ရှိတတ်လေရာ တစ်ယောက်ယောက်၏ ကုသိုလ်ကံ အကျိုးကို အစုအဖွဲ့ ပါဝင်သူများလည်း ထိုက်တန်သလောက် ခံစားရ၏။ သီဟိုဠ်ကျွန်း ဘာတိကမင်း လက်ထက်၌ နွားသားစားသူများကို ဖမ်းဆီး၍ ဒဏ်တပ်လေရာ ဒဏ်ငွေ မဆောင်နိုင်ကြသဖြင့် နန်းတော်တွင်း၌ အမိုက် သုတ်သင်သူများ ပြုထားလေ၏။
ထိုသူတို့အထဲမှာ အဆင်းလှသူကလေး တစ်ယောက်ကို ရှင်ဘုရင်မြင်၍ ထိုသူကို နန်းတွင်းမှာ “သာမာ ဒေ၀ီ”ဟူသော ဘွဲ့အမည်ဖြင့် အကျွမ်းတ၀င် ထားပြီးနောက် သူ့ကို အကြောင်းပြု၍ သူ၏ ဆွေမျိုးများကိုလည်း အပြစ်မှလွှတ်စေပြီးလျှင်ချမ်းသာစွာ အသက်မွေးနိုင်လောက်အောင် ချီးမြှောက် မ,စလေသည်။ ဤကား တစ်ယောက်ကုသိုလ်ကြောင့် ဆွေမျိုးများ၌ အကျိုးရပုံတည်း။ (ဤနေရာဝယ် “ဆွေမျိုးများမှာလည်း ကုသိုလ်ရှိလို့ပေါ့”ဟု ပြောစရာရှိ၏။ သို့သော် ဆွေမျိုးများ၌ရှိသော ကုသိုလ်ကံမှာ သာမာဒေ၀ီမပါလျှင် အကျိုးပေးနိုင်လောက်သော အခြေအနေ မရှိချေ။)
ကုသိုလ်ကံတူအကျိုးပေး
ဇာတ်တော်များ၌ ကံတူအကျိုးပေးပုံတွေ များစွာပါရှိ၏။ ရှေးရှေးက စိတ်တူကိုယ်တူ ပြုခဲ့သော ကံတို့သည် နောင်အခါလည်း အတူ အကျိုးပေးတတ်ကြ၏။ ဒါန အတူပြုခြင်း၊ သီလ အတူဆောက်တည်ခြင်း၊ ထိုကဲ့သို့ အတူတကွ ပြုခွင့်မရသောအခါ၌လည်း တစ်ယောက်ပြုနေသည်ကို တစ်ယောက်က သဘောကျခြင်း (အိမ့်ရှင်က ပစ္စည်းရှာ၍ အိမ်သူက ထိုပစ္စည်းဖြင့် ကုသိုလ်ပြုသည်ကို ၀မ်းမြောက်ခြင်း) ဤသို့ စသော ကုသိုလ်များကို “ကံတူ”ဟု ဆိုလိုသည်။
ထိုကဲ့သို့ ကံတူပြုရာ၌ ပညာရှိ သူတော်ကောင်းချင်းဖြစ်လျှင် တစ်ယောက်စကား တစ်ယောက်နားထောင်ကာ မခွဲမခွာနေလိုသော သမ္မာဆန္ဒဖြင့် တစ်ယောက်နှင့် တစ်ယောက် ငဲ့ညှာသော တဏှာဆန္ဒများလည်း ကုသိုလ်၏ ရှေ့အဖို့ နောက်အဖို့မှာ မကင်းဘဲ ရှိတတ်၏။ ထိုကုသိုလ်ကံ အကျိုးပေးသောအခါ သမ္မာဆန္ဒ တဏှာဆန္ဒ အလိုကျအောင် ထိုသူ ၂-ယောက်တို့ အတူတွေ့ဆုံရတတ်၊ အတူ အကျိုးခံစားရတတ်ပေသည်။ ဤ အရာမျိုးကို “ကံတူအကျိုးပေး”ဟု ခေါ်သည်။
ထိုကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် ငဲ့ညှာမူဆန္ဒ ပြင်းပြလှသော ကုသိုလ်ရှင်တို့သည် သံသရာထဲ၌ ပါရမီဖြည့်ဖက်များအဖြစ် ကျင်လည်ကာ တပျော်တပါး အလောင်းတော်များ ဖြစ်ရပုံကိုလည်း ဘုရားရှင်နှင့် ယသော်ဓရာ မိဖုရား၊ ရှင်မဟာ ကဿပနှင့် မယ်ဘဒ္ဒါ၊ မဟာကပ္ပိနမင်းနှင့် အနော်ဇာတို့အပြင် မကင်းရာ မကင်းကြောင်း ဖြစ်၍ပါလာသော ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်၊ ရှင်အနုရုဒ္ဓါ၊ ရှင်ရာဟုလာ၊ ခေမာထေရီ၊ ဥပ္ပလ၀ဏ်ထေရီ၊ မိထွေးတော် ဂေါတမီ၊ သုဒ္ဓေါဒနမဟာရာဇာ တို့၏ ၀တ္ထုကြောင်းဖြင့် ကောင်းကောင်းကြီး ယုံကြည်သင့်ကြပေသည်။
အကုသိုလ်ကံအကျိုးပေး
အကုသိုလ်အရာမှာလည်း စိတ်တူသဘောတူပြုလျှင် ကံတူအကျိုးပေးပင် ဖြစ်၏။ ရှေးက ဇနီးမောင်နှံ ၂-ဦးသည် လှေပျက်၍ လူမရှိသော ကျွန်းငယ် တစ်ခုသို့ ရောက်သွားသည်။ ထိုနေရာ၌ အစာမရသဖြင့် ငှက်ကလေးများကို သတ်၍ စားကြရ၏။ ထိုမကောင်းမူအတွက် ငရဲကျပြီးနောက် ဘုရားလက်ထက်၌ ဥတေနမင်း၏ သားတော် ဗောဓိမင်းသားနှင့် မိဖုရားဖြစ်လာကြသော် ရှေးက ငှက်ကလေးတွေကို သတ်စားမိခဲ့သော ကံကြောင့် သားသမီး မရဘဲ ရှိလေသည်။
ငှက်ကလေးများကို သတ်စားတုန်းဝယ် မိန်းမက သဘောမတူခဲ့လျှင် မိန်းမအတွက် သားသမီးရထိုက်၏။ ယောက်ျားက သဘောမကျခဲ့လျှင် ယောက်ျားအတွက် သားသမီးရထိုက်၏။ ထိုသူ ၂-ယောက်မှာ စိတ်တူကိုယ်တူ သတ်ခဲ့သောကြောင့် သားသမီး မရဘဲ ရှိလေသည်။ ဤသို့ စသည်ဖြင့် စိတ်တူကိုယ်တူပြုခဲ့သော အကုသိုလ်ကံများ၏ ကံတူအကျိုးပေးတတ်ပုံကို သတိထား၍ တစ်ယောက်က အကုသိုလ် ပြုလိုလျှင် သဘောမတူဘဲ တားမြစ်ဖို့ သတိပြုသင့်ကြပေသည်။
အကုသိုလ်နှင့်၊ ကုသိုလ်နှစ်ပါး၊ ကံတရားကား၊ မယားပြုရာ၊ စိတ်မပါလျှင်၊ လင်မှာမရ၊ လင်ပြုကလည်း၊ မယားအိမ်သူ၊ စိတ်မတူသော်၊ မှတ်ယူမှန်စွာ၊ မရရာဘူး။ (မဃဒေ၀ အလင်္ကာ)
No comments:
Post a Comment