ကံဆိုတာဘာလဲ
“ကမ္မ” ဟူသော ပါဠိစကားကို မြန်မာလို “ကံ”ဟုခေါ်၏။ ထို “ကံ” ဟူသော စကားကို တစ်မျိုးထပ်၍ မြန်မာပြန်လျှင် “အမူ”ဟု ခေါ်ပြန်သည်။ ထိုအမူကား ကိုယ်မူ၊ နူတ်မူ၊ စိတ်မူ အားဖြင့် ၃-မျိုး ကွဲပြား၏။ “ကိုယ်မူ”ဟူသည် လက် ခြေ စသော ကိုယ်အင်္ဂါဖြင့် ပြုရသော လုပ်ငန်းကိစ္စစုတည်း။ ဥပမာ - “သူ့အသက်ကို ကိုယ်တိုင်သတ်ခြင်း၊ အလှူဒါနကို ကိုယ်တိုင်လှူခြင်း ”စသည်တည်း။
“နူတ်မူ”ဟူသည် နူတ်ဖြင့် ပြောဆိုပြုလုပ်ရသော ကိစ္စတည်း။ ဥပမာ - “ဟို အကောင်သတ်လိုက်၊ ဆွမ်းလောင်းလိုက်ပါ” စသည်ဖြင့် စေခိုင်းတိုက်တွန်းမူ၊ လိမ်လည်မူ၊ တရားဟောပြောမူ စသည်တည်း။
“စိတ်မူ”ဟူသည် ကိုယ်လည်းမလုပ်၊ နူတ်လည်း မပါ၊ စိတ်ထဲ၌သာ စဉ်းစားကြံစည် စိတ်ကူးမူတည်း။ ဥပမာ - “ဟိုလူ့ပစ္စည်းတွေဟာ ငါ့ပစ္စည်းတွေဖြစ်လျှင် သိပ်ကောင်းမှာပဲ”စသည်ဖြင့် မကောင်းကြံခြင်း၊ သူတစ်ပါးကို သနားကြင်နာခြင်း၊ ချမ်းသာစေလိုခြင်း။ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းပွားများခြင်း စသည်များတည်း။
အမူသည်ကိုရှာဖွယ်ထို ကိုယ်မူ၊ နူတ်မူ၊ စိတ်မူများသည် စိတ်ကို မလူံ့ဆော်ရဘဲ ဘာသိဘာသာ ဖြစ်နေသည် မဟုတ်။ သူ့အသက်ကို သတ်ရာ၌ လက်က ဓားကိုကိုင်မိအောင်၊ ထိုဓားကို လူတစ်ယောက်အပေါ်သို့ ရောက်အောင် ပြုလုပ်နိုင်သော အမူသည် လက်သည်တရားကား ရှိရသေးသည်။ နူတ်ဖြင့်ပြောရာ၌လည်း စကားသံ တစ်လုံးချင်း ပေါ်လာအောင် ပြုလုပ်နိုင်သော အမူသည် လက်သည်တရားရှိသည်။ အိပ်ပျော်နေတုန်းအါ စိတ်တွေ များစွာဖြစ်နေသော်လည်း မည်သည့် စိတ်အမူမျှ မဖြစ်။ ထို့ကြောင့် ကိုယ်မူ၊ နူတ်မူ၊ စိတ်မူတို့၌ ပကတိစိတ်မှ ထူးခြား၍ သတ္တိထက်သော တရားတစ်မျိုး ရှိပေလိမ့်မည်။ လောက၌ အမူ တစ်စုံတစ်ရာပေါ်လျှင် လက်သည်ရှာရသကဲ့သို့ ထို့အတူ ဤ ကိုယ်မူ၊ နူတ်မူ၊ စိတ်မူများကို ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သော အမူသည် လက်သည်တရားကို ရှာသင့်ပေသည်။
စေတနာသည် အမူသည် စေတနာသည် ကံ
စေတနာသည် အမူသည် စေတနာသည် ကံ
ထို ကိုယ်မူ၊ နူတ်မူ၊ စိတ်မူများ ဖြစ်အောင် လူံ့ဆော်ပေးသော တရားကား အတွင်းသန္တာန်၌ ဖြစ်နေသော စိတ်စေတသိက် အထဲမှာပင် ဗျာပါရ လွန်ကဲသော စေတနာ စေတသိက်တည်း။ ထို့ကြောင့် စေတနာ စေတသိက်သည် ထို ကိုယ်မူ၊ နူတ်မူ၊ စိတ်မူတို့ဖြစ်အောင် လူံ့ဆော်တတ်သော အမူသည် လက်သည် တရားတည်း။ ထိုအမူ “ကံ” များကို အထမြောက်အောင် ဖန်တီးတတ်သောကြောင့် (အကျိုးအမူ၏ ကံဟူသော နာမည်ကို အကြောင်းရင် စေတနာအပေါ်မှာ တင်စား၍) စေတနာ စေတသိက်ကိုပင် “ကံတရား”ဟု ခေါ်ရသည်။
မထင်မရှားဖြစ်သော စိတ်များ
မထင်မရှားဖြစ်သော စိတ်များ
မိမိစိတ်ဖြစ်ပုံကို မိမိကိုယ်တိုင် စဉ်းစား ကြည့်သောအခါ တချို့စိတ်၏ ဖြစ်ပုံသည် ထင်ရှား၏။ တချို့စိတ်၏ ဖြစ်ပုံကား မထင်ရှား။ အိပ်ပျော်နေသောအခါ၌ စိတ်အစဉ်သည် ဖြစ်မြဲဖြစ်နေ၏။ သို့သော် ဖြစ်ပုံကား မထင်ရှားချေ။ နိုးသောအခါမှာလည်း အမှတ်တမဲ့ မြင်ရ၊ ကြားရ၊ နံရ၊ ထိရသောအခါ စိတ်ဖြစ်ပုံ မထင်ရှား။ စိတ်ဖြင့် တွေးမိတွေးရာကို တွေး၍ ငေးမိငေးရာကို ငေးနေသောအခါလည်း စိတ်ဖြစ်ပုံ မထင်ရှား။
ထိုသို့ မထင်ရှားသောအခါ ကုသိုလ်ဇော အကုသိုလ်ဇော စိတ်စေတနာတွေ ဖြစ်ပေါ်နေသော်လည်း ထိုဇောစေတနာများကြောင့် မည်သည့် ကံတစ်ခုမျှ အထမမြောက်ဘဲ အမှတ်တမဲ့ မသိမသာဖြစ်သော ဇောစေတနာများလည်း တစ်နေ့အဖို့မှာ တော်တော်များစွာ ဖြစ်ကြသည်။
No comments:
Post a Comment