မိမိရသော ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား အမျှပေးဝေခြင်းကို “ပတ္တိဒါန”ဟုခေါ်၏။ (ပတ္တိ = မိမိ၌ရအပ်သော အဖို့ကို + ဒါန = သူတစ်ပါးအား ပေးဝေခြင်း) ဒါနပြုရာ၌ ထိုဒါနအတွက် အလှူ့ရှင်မှာ ရသင့်ရထိုက်သော ကုသိုလ်များကို ရလေသည်။ ထိုမိမိရရှိသော ကုသိုလ်အဖို့ကို မိမိရသလို ညီတူ ညီမျှ သူတစ်ပါးလည်း ရစေလိုသောဆန္ဒသည် အလွန်ဖြူစင်မြင့်မြတ်သော စိတ်ထားပေတည်း။
ထိုဆန္ဒမျိုးဖြင့် “အကျွန်ုပ်ပြုသော ကုသိုလ်အဖို့ကို ကြားကြားသမျှ သတ္တ၀ါအပေါင်းအား အမျှပေးဝေပါ၏။ အကျွန်ုပ်နှင့်အတူ ကုသိုလ်အဖို့ကို ရကြပါစေ”ဟု အမျှပေးပေခြင်း (အညီအမျှရအောင် ဝေခြင်း) ကိုသာ “ပတ္တိဒါနကုသိုလ်”ဟု မှတ်ပါ။
သတိပြုရန်
ထိုကဲ့သို့ သူတစ်ပါးတို့အား မိမိကဲ့သို့ ကုသိုလ်ရစေလိုသော စိတ်မရှိသော “သူများယောင်လို့ယောင်၊ အမယ်တောင်မှန်း မြောက်မှန်းမသိ” ဟူသကဲ့သို့ သူများ အမျှဝေရိုး ရှိ၍သာ မိမိနူတ်က “အမျှယူတော်မူကြပါ”ဟု ဆိုသော်လည်း ပတ္တိဒါန ကုသိုလ်စစ်ဖြစ်ဖို့ရန် ခဲယဉ်းလေသည်။
ရှေးတုန်းက နာမည်ကြီးသော အလှူ့ဒကာတစ်ယောက်မှာ ကြွေးယူ၍ အလှူအကြီးအကျယ်ပေး၏။ သူထင် သလောက် ငွေကူမလာသောကြောင့် ညနေ ရေစက်ချရင်း (ဘုန်းကြီးက ရေစက်ချပေးနေစဉ်) မိမိ၏ စိတ်ကူးနှင့် အကြွေးစာရင်း ရှင်းနေ၏။ ထိုအခါ အကြွေးများစွာ ကျန်ရှိတော့မည့် အကြောင်းကို သိရ၍ ရေစက်ချလည်းဆုံး စိတ်ကလည်း မကြည်မသာရှိနေတုန်းမှာ အနီးအပါးမှ လူကြီးများက “အမျှဝေလိုက် အမျှဝေလိုက်”ဟု တိုက်တွန်းမှ ဗြုန်းခနဲသတိရသဖြင့် “အမျှဗျို့”ဟု ဆိုရမည့် အစား “သောက်ကျိုးနည်းပါပြီဗျို့”ဟု ဆိုမှားလေသတဲ့။
အမျှဝေသော်လည်း အကျိုးမနည်း
မိမိရသော ကုသိုလ်အဖို့ကို သူတစ်ပါးအား အမျှဝေသောအခါ “မိမိမှာ ကုသိုလ်အရ နည်းမသွားပေဘူးလား”ဟု စဉ်းစားဖွယ်ရှိ၏။ ကုသိုလ်ဆိုသည်မှာ စိတ်စေတနာသာ လိုရင်းဖြစ်၏။ မိမိပထမပြုသော ဒါန ကုသိုလ်အတွက် စိတ်စေတနာကောင်း ဖြစ်ပြီးလေပြီ။ မိမိမှာ ဒါနကုသိုလ် ဖြစ်သလို သူတစ်ပါးအားလည်း ဖြစ်စေလိုသောအခါ “ရွှေပေါ်မြတင်”သကဲ့သို့ မူလဒါန ကုသိုလ်အပေါ်တွင် ပတ္တိဒါန ကုသိုလ်ထပ်၍ တင်ရာရောက်သွားလေ၏။
ထို့ကြောင့် အမျှဝေသည့်အတွက် ကုသိုလ်အရနည်းမသွားသည့်အပြင် ပို၍ပင် ကုသိုလ်ရပါသေးသည်။ မီးခြစ်အကုန်ခံ၍ ပထမ ဆီမီးထွန်းပြီးနောက် ထိုဆီမီးမှ အဆင့်ဆင့်မီးကူးပေးရာ၌ မူလမီးမှာ အရောင်မမှိန်သည့်အပြင် နောက်မီးတွေ၏ အကူအညီကြောင့် သာ၍ အားရှိသကဲ့သို့တည်း။ (သီလကုသိုလ်၊ ဘာဝနာကုသိုလ် စသည်များလည်း အမျှဝေလျှင် ပတ္တိဒါန ကုသိုလ်ဖြစ်ကြသည်သာ)။
No comments:
Post a Comment