လောက၌ အလွန်ဖြူစင်သော သူတော်ကောင်း တစ်မျိုး၊ သူယုတ်မာ တစ်မျိုးဟု ၂-မျိုးခွဲရာ၏။ ထိုသူ ၂-မျိုးသည် သာမန် အကုသိုလ်ကံ တစ်ခုကို ကိုယ်စီကိုယ်င ပြုမိကြသော်လည်း သူတော်ကောင်း၌ ထိုကံ အကျိုးပေးခွင့်မရ၊ များစွာသော ကောင်းမူတို့က ထိုကံကို ဖုံးလွှမ်းလိုက်ကြ၏။ ယုတ်မာသောသူ၌ကား ထိုသို့ ကာကွယ်ဖို့ရန် အားကိုးလောက်သော ကုသိုလ်ကံ မရှိရကား ထိုအနည်းငယ်သော အကုသိုလ်ကံသည်ပင် အထင်အရှား အကျိုးပေးနိုင်လေတော့သည်။
ဥပမာ - တစ်ညဉ့်သ၌ သူဌေးသားသည် အိမ်တစ်အိမ်မှ ကြက်ကိုခိုး၏။ ဘိန်းစားလည်း ကြက်တစ်ကောင်ခိုး၏။ ကြက်ရှင်က သိ၍လိုက်ရှာသောအခါ ကြက်တစ်ကောင်ကို သူဌေးသားအထံ၌တွေ့၏။ သူဌေးသားကို သူခိုးဟု မစွပ်စွဲဝံ့သည့်အပြင် ချော့ချော့မော့မော့နှင့် တောင်းယူရ၏။ ဘိန်းစားကိုကား ဂါတ်တိုင်၍ ထောင်ချသကဲ့သို့တည်း။
ဤသို့လျှင် ကာမာဝစရ ကုသိုလ်ကံ အကုသိုလ်ကံသည် “မျက်နှာကြီးရာ တချို့ဟင်းဖတ်ပါ” တတ်ရကား များစွာသော ကုသိုလ်တွေကို အနည်းငယ်သော အကုသိုလ်က မနှောင့်ယှက်နိုင်ပါသော်လည်း အနည်းငယ်သော ကုသိုလ်ကို အနည်းငယ်သော အကုသိုလ်ကပင် နှောင့်ယှက်နိုင်သောကြောင့် သူတော်ကောင်းဘက်တွင် ပါဝင်လက်စရှိသူတို့သည် ကုသိုလ် အလွန်များအောင် ထူထောင်နိုင်ကြပါစေသား။
No comments:
Post a Comment