အားထုတ်ခြင်းသဘောကို “၀ီရိယ”ဟု အများနားလည်ကြပြီ။ ထိုအားထုတ်ခြင်းသဘောကို စဉ်းစားလျှင် ဆိုင်ရာ ကိစ္စကို ပြုလုပ်ဆောင်ရွက်ဖို့ရာ မကြောက်မရွံ့ ရဲဝံ့ခြင်း သဘောတည်း။ ထို့ကြောင့် “ရဲစွမ်းရောက်က၊ ၀ီရိယ”ဟု ဆိုခဲ့ပေသည်။
ထိုစကားမှန်၏။ ၀ီရိယ လုံ့လကင်းမဲ့သူကို “အပျင်းထူသူ”ဟု ခေါ်ကြသည်။ ထိုငပျင်းကား အလုပ်တစ်ခုရှိလျှင် “စောပါသေးတယ်၊ မိုးချုပ်လှပြီ၊ ချမ်းလှသေးတယ်၊ နေပူလွန်းပါသေးတယ်။ ယနေ့ထမင်းစားလို့ မကောင်းဘူး၊ ယနေ့ ထမင်းအများကြီးစားမိလို့ နည်းနည်း နေမကောင်းဘူး။ နေကောင်းပြီးစမို့ ခရီးသွားစရာ ရှိသေးလို့၊ ခုမှ ခရီးပြန်ရောက်စမို့” စသည်ဖြင့် ဆင်ခြေပေးလျက် အလုပ်လုပ်ရမည့် အရေးကို တွေး၍ ကြောက်နေတတ်၏။ ထိုသို့ ပျင်းနေသောစိတ်သည် ကုသိုလ်စိတ်မဟုတ်။ ထိန မိဒ္ဓ လွန်ကဲသော အကုသိုလ် စိတ်ပင်ဖြစ်သည်။
ဝီရိယ လုံ့လရှိသူကား အအေး အပူစသည်လောက်ကို မဆိုထားဘိ၊ တကယ့် ကိစ္စကြုံလာလျှင် အသက်ကိုပင် ထီမထင်ဘဲ ရင်ဆိုင်တွေ့နေသော ကိစ္စကိုပင် အားပါးတရ ပြုလုပ်ရဲလေသည်။ မဟာဇနကဇာတ်၌ ရွက်သင်္ဘောကြီး ပျက်ခါနီးမှာ ကုန်သည် ၇၀၀-တို့သည် ၀ီရိယကို လျှော့၍ မိရိုးဖလာနတ်များကို တိုင်ကြ၊ ပသကြသော်လည်း ကယ်ဆယ်သူပေါ်မလာ၊ ငါးလိပ်တို့၏ အစာသာ ဖြစ်ကြရသည်။ အလောင်းတော်ကား မည်သည့်နတ်ကိုမျှ အားကိုးမနေဘဲ ရဲစိတ် ရဲသွေး ၀ီရိယဓာတ်ကို အထပ်ထပ်မွေးပြီးလျှင် ပင်လယ်ရေပြင်ကို လက်ပစ်ကူးကာ ဥပုသ်ကိုပင် စောင့်သုံးတော်မူခဲ့ပေသေးသည်။ ဤသို့လျှင် ၀ီရိယဟူသည် တွေ့ကြုံလာသော ကိစ္စ၌ မကြောက်မရွံ့ ရဲဝံ့သော သဘောတည်း။
ကျန်းမာရေး
ဝီရိယအကျိုးသည် လောကတွင် များစွာ ထင်ရှား၏။ ကျန်းမာရေး လိုက်စားရာ၌ လမ်းမှန်မှန် လျှောက်ခြင်း၊ (အဝေး မလျှောက်သာလျှင် မိမိနေအိမ်၏ အနီးအပါးမှာပင် လျှောက်ခြင်း)၊ အစာကို အချိန်မှန်မှန် စားသောက်ခြင်း၊ အလေးအပေါ့ကို ပျင်းသည့်အတွက် (ဆောင်းအခါ အိပ်ရာမှာ ဖြစ်စေ) ချုပ်တည်း မထားခြင်း၊ သင့်တော်သောအချိန်ဝယ် ရေချိုးခြင်း၊ သင့်တော်သော ဆေးဓာတ်စာများကို အချိန်မှန်မှန်စားခြင်း စသည်တို့ကို ပြုကြရသည်။ ထိုအားလုံးကို ၀ီရိယကင်း၍ အပျင်းထူနေက မဖြစ်နိုင်။ ထို့ကြောင့် ၀ီရိယရှိသူမှ ကျန်းမာရေး လိုက်စားနိုင်သည်။
စီးပွားရေးစီးပွားရှာရာတွင်လည်း အပူအအေး စသည်တို့ကို ကြောက်ရွံ့နေလျှင် ၀ီရိယရှိသူများက ထိုသူ့အရင် ရောင်းဝယ်နှင့်ကြသဖြင့် ၀ီရိယကင်းသူမှာ အရာရာပင် နောက်ကျ၍ နောက်ချေးနှင့် သလဲသာရတော့လတ္တံ့။ မြန်မာအမျိုးသားတို့ ၀ီရိယနည်းပါးပုံမျာ စံနမူနာ တင်လောက်ပါပေသည်။ လူမျိုးခြားတို့က နံနက်စောစောထပြီးလျှင် ကျက်သရေရှိအောင် ရောင်းရေးဝယ်မူကို ပြင်ဆင်သူကပြင်၊ နေရာထိုင်ခင်း လှည့်ကျင်းသူက လှည်းနှင့် ရေမိုးချိုးကာ အ၀တ်အစားလဲ၍ လက်ဖက်ရည် ကလေးများသောက်ပြီးမှ အလုပ်ခွင်၌ ၀င်နေချိန်ဝယ်များစွာသော မြန်မာလူမျိုးတို့က အိပ်ရာမှ မထကြသေး။
အိပ်ရာမှ ထခါနီးလည်း လွန့်ကာ လိမ့်ကာ သန်းကာ ဝေကာနှင့် မိမိ၏ အပျင်းတွေကို အတော်ကြာကြာ မူတ်ထုတ်ပြီးမှ အနိုင်နိုင်ထပြီး နောက် အတော်ကြာကြာပင် ကျက်သရေမရှိသော ပုပ်သိုးသိုး မျက်နှာဖြင့် မိုင်နေလိုက်ကြသေး၏။ ထိုမျှလောက် အပျင်းထူနေသူတွေ အဘယ်မှာ စီးပွားရေးဘက်က တန်းတက်နိုင်တော့အံ့နည်း။
အမျိုးသမီးများ ကျေးဇူးမြန်မာအမျိုးသမီးတို့ကား ကူးသန်းရောင်းဝယ်ရေး၌ ကိုယ်တိုင်ပါဝင်နေကြရှာ၏။ များစွာသော ဈေးသည်တို့မှာ အမျိုးသမီးများသာ ဖြစ်သည်။ ထိုဈေးသည် အမျိုးသမီးများ အရွယ်လောက်ရှိသော အမျိုးသားတို့ကား ကျောင်းနေသူနေ၊ အလုပ်လက်မဲ့ဖြစ်သူက ဖြစ်နှင့် မိမိတို့ မိဘနှင့် အစ်မ နှမများကို မှီခိုအားကိုး၍ နေကြရ၏။
မြန်မာအမျိုးသမီးတွေသာ အိမ်တွင်းပုန်း လုပ်နေကြပါမူ ဤမြန်မာနိုင်ငံသည် ယခုထက်ပင် အောက်ကျနောက်ကျ ဖြစ်ဖွယ်ရှိ၏။ အမျိုးသမီးများ ကျေးဇူးကြောင့် ယခုလောက် အခြေအနေမှာ တည်နေနိုင်ကြသည်။
နှစ်ဖက်စလုံး ကြိုးစားလျှင်စီးပွားရေး၌ အမျိုးသမီးများ ကြိုးစားကြသလို အမျိုးသားအားလုံး ကြိုးစားကြမည် ဆိုပါလျှင် ( မြို့များ၌ အမျိုးသားတို့က တစ်ဖက်တစ်လမ်း စီးပွားရှာနိုင်ကြလျှင်) ဤမြန်မာနိုင်ငံသည် ထွန်းသစ်စ လ၀န်းကဲ့သို့ လန်းဆန်းရွှန်းဝေ ကျက်သရေ အမျိုးမျိုးထွက်၍ တိုးတက်သော နိုင်ငံကလေး ဖြစ်လောက်ပေသည်။
ပညာရေးအမျိုးသားတို့သည် စီးပွားရေးဘက်တွင်သာ အချက်မကျသည် မဟုတ်သေး။ ပညာရေးဘက်မှာလည်း ဂေဇက်ကိုကြည့်လျှင် ဂုဏ်ထူးဆောင်နှင့် အောင်မြင်သူ နည်းပါးလှသည့်အပြင် အထက်တန်း ပညာရပ်များ၌လည်း အခြားလူမျိုးများထက် ရာခိုင်နူန်းနည်းပါးသည်ဟု ကြားရ၏။
ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အမေက အမွေးညံ့၍ချည်း မဟုတ်တန်ရာ။ ကျောင်းတော်ကြီးများဝယ် ငွေကုန်ကြေးကျများစွာခံပြီး နေကြပါလျက် ငွေထောက်ပံ့ကြရသော မိဘ အစ်ကို အစ်မတို့ကို မငဲ့ညာဘဲ လုံ့လ၀ီရိယကင်း၍ အပျင်းပေါပြီး ကမြင်းကြောထနေမူတို့ကြောင့်သာ အများအပြား ဖြစ်တန်ရာ၏။
ကျောင်းတော်သို့ ရောက်ကြသည့်အချိန်မှာ အသက် ၂၀-နီးပါးရှိကြပေလိမ့်မည်။ ထိုမျှလောက် အသက်မကြီးကြသော တပင်ရွှေထီး၊ ဘုရင့်နောင်၊ မင်းရဲကျော်စွာ စသော လူမျိုး၏ ကျက်သရေဆောင် လူငယ်တွေ ထွန်းကားခဲ့သော အမျိုးသားဖြစ်ပါလျက် ငါတို့လက်ထက်မှ အဘယ်ကြောင့် အပျင်းဘ၀၌ အဖျင်းအအ လုပ်နေကြသနည်း။ ရဲမာန် ရဲသွေး ရဲစိတ်မွေးကာ ရဲဇာနည်စိတ်ထားဖြင့် ရဲရဲတောက်တောက် ကလေးများ ဖြစ်သင့်ကြသည် မဟုတ်လော။
လူတို့ဘက်၌သာ ပညာစံချိန် ညံ့သည် မဟုတ်သေး။ သာသနာ ပညာလည်း အခါအလျောက် အောက်ကျလျက်ပင်။ မှန်၏။ ရှေးက ဘုန်းတော်ကြီးများသည် ရပ်သူနယ်သား လူအများ၏ ဆရာဖြစ်ရုံသာမက မြို့ပြတို့၌လည်း မင်းညီမင်းသား မှူးမတ်သားတို့၏ ဆရာတော်များ ဖြစ်ကြသည်။ မိမိတို့နှင့် အခါနှင့်လိုက်အောင် ပညာရေးကို ပြုပြင်နိုင်ကြခဲ့လျှင် ယခုအချိန်မှာလည်း တိုင်းသူပြည်သားတို့၏ ဆရာအဖြစ်၌ တည်နိုင်ဖွယ်ရှိ၏။
ယခုသော်ကား ထိုကဲ့သို့ မပြုမပြင်နိုင်ကြမူကြောင့် ဆရာအဖြစ်မှပင် လျှောကျရုံသာမက တချို့ ကျေးရွာကျောင်းရွာကျောင်းများ၌ ဆွမ်းခံပေးမည့် ကလေးပင် မရှိတော့ချေ။ ဤအချက်ကား မြန်မာနိုင်ငံအတွင် သာသနာရေး အသက်ငင်နေခြင်းပင် ဖြစ်တော့သည်။
ဤသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းကို ရှင်းရလျှင် ကိုယ့်အထုပ် ကိုယ်ဖြေပြရာ ရောက်မည်ဖြစ်၍ မရှင်းလင်းလိုတော့ပါ။ ဤသို့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသည်တို့ဖြင့် အဘက်ဘက်က အောက်ကျ နောက်ကျ ဖြစ်ကြရခြင်းမှာ လုံ့လ၀ီရိယကင်း၍ အပျင်းများမူကြောင့် ဖြစ်သည်။
ဝီရိယကြောင့် ဘုရားဖြစ်ငါတို့ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာဘုရားည် ကိုယ်တော်တိုင် ၀ီရိယပါရမီကို ကြိုးစား၍ ဘုရားဖြစ်တော်မူသည်။ ဘုရားဖြစ်တော်မူပြီးလည်း မနားမနေ တရားဟောတော်မူခဲ့ပေ၏။ ထို ဟောတော်မူသမျှ တရားတိုင်းမှာ သိဖို့က ပထမ၊ သိသည့်အတိုင်း ကြိုးစားဖို့က ဒုတိယထား၍...
“၀ါယမေထေ၀ ပုရိသော၊ နိဗ္ဗိန္ဒေယျ ပဏ္ဍိတော”
“ယောက်ျားမှန်က ကြိုးစားသင့်စွာ၊ ပညာရှိ မပျင်းမရိရာ”ဟု ဟောတော်မူသည်။
ဗုဒ္ဓကို အားကိုးသူ၊ ဗုဒ္ဓတရားကို လိုက်နာသူ ဗုဒ္ဓဘာသာဝင်ဟူ၍ အခေါ်ခံနေကြသော မွန်မြန်မာတို့မှာ ဗုဒ္ဓ၏ တရားတော်ကို သင့်တော်ရာ ချိတ်ထားလိုက်ကြသဖြင့် ဘာသာခြားတို့က ဗုဒ္ဓ၏ တရားတော်နှင့်အညီ လောကီရေးရာဝယ် လိုက်စားလျက် ဧရာမ ဓနရှင် ပညာရှင်ကြီးများ ဖြစ်နေကြလေပြီ။
ဗုဒ္ဓဘာသာဝင်တို့ကား ရှင်ပြုတုန်းက ရွှေထီးဆောင်းရသည်ကိုပင် ဂုဏ်ယူကာ ၀တိံသာမြင့်အောင် စိတ်ထားသော်လည်း လူအနေမှာမူ ချုံကြားက မထွက်နိုင်ကြသေးချ။ ထို့ကြောင့် “တို့သားအဖတစ်စု ပြင်ထိုင်ကြဦးစို့”ဟူသကဲ့သို့ ငါတို့ တစ်စုလည်း အပျင်းကို ပယ်ရှား၍ ၀ီိရိယသမားဖြစ်အောင် ပြင်ကြဦးစို့။
“၀ီရိယ၀တော ကိံနာမ န သိဇ္ဈတိ = လုံ့လ၀ီရိယ ရှိသူမှာ မပြီးနိုင်သာ အရာမရှိ”(၀ီရိယကောင်းဖို့ရန် တိုက်တွန်းသော်လည်း ဆင်ကန်းတောတိုး သဘောမျိုးဖြင့် အကျိုးမများသော ၀ီရိယကို မဆိုလို။ စဉ်းစားဉာဏ်ပါသော ၀ီရိယကိုသာ ဖြစ်စေလိုသည်။)
မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာမှ
မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။
No comments:
Post a Comment