"သမ္မာဝစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ"
ဤ၀ိရတိ စေတသိက် ၃-ပါးကို လေ့လာရာ၌ ရှေးဦးစွာ ဒုစရိုက် ၁၀-ပါးကို နားလည်ပြီး ဖြစ်ရမည်။ (ဤကျမ်း၌ကား ဒုစရိုက်ကို မပြေတော့။) ထိုဒုစရိုက်များကို အသက်မွေးဝမ်းကျောင်းနှင့် ဆိုင်, မဆိုင် ၂-မျိုးခွဲရာ၏။
ထိုတွင် သူ့အသက်ကို သတ်ရာ၌ သေသူ၏ ဥစ္စာကို လိုချင်၍ဖြစ်စေ၊ သူတစ်ပါးက ငွေဖြင့် ခိုင်း၍ဖြစ်စေ၊ မုဆိုးတံငါအလုပ်ဖြင့် အသက်မွေးနေ၍ဖြစ်စေ သတ်ဖြတ်ခြင်းသည် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော ကာယဒုစရိုက်တည်း။
တစ်စုံတစ်ခု ပစ္စည်းကို မမျှော်လင့်ဘဲ သက်သက်မုန်း၍ သတ်ခြင်းသည် အသက်မွေးဝမ်းကျောင်းနှင့် မဆိုင်သော ကာယဒုစရိုက်တည်း။ အခြားဒုစရိုက်တို့၌လည်း ရထိုက်သလို ခွဲခြားရာ၏။
ပစ္စည်းရမူအတွက် မုသားသက်သေလိုက်ခြင်း၊ မတရားရှေ့နေလိုက်ခြင်း၊ ကွက်စိပ်ဆရာလုပ်၍ မမှန်သော ဒဏ္ဍာရီ ဇာတ်ဝတ္ထု ပြောဆိုခြင်းသည် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော ၀စီဒုစရိုက်တည်း။
ပစ္စည်းတစ်စုံတစ်ရာကို မမျှော်လင့်ဘဲ သက်သက်မုသားပြောခြင်း၊ ရန်တိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပြောခြင်း၊ မမှန်သော ဒဏ္ဍာရီ ဇာတ်ဝတ္ထုပြောခြင်းများသည် အသက်မွေးဝမ်းကျောင်းနှင့် မဆိုင်သော ၀စီဒိုစရိုက်တည်း။
"၀ိရတိ"
ထိုကာယဒုစရိုက်၊ ၀စီဒုစရိုက် အမူတို့မှ ရှောင်ကြဉ်ခြင်း သဘောသည် ၀ိရတိ မည်၏။ မုသားစကားပြောခွင့် (၀စီဒုစရိုက်ဖြစ်ခွင့်) ကြုံလာသောအခါ “မပြောပါဘူး”ဟု ရှောင်ကြဉ်ရာ၌ ထိုအခွင့်ကြုံလာသော မုသားစကားသည် အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်လျှင် သမ္မာဝါစာဝိရတိ ဖြစ်၍ အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်လျှင် သမ္မာအာဇီ၀၀ိရတိ ဖြစ်၏။
သူ၏ အသက်ကိုသတ်ခွင့် (ကာယဒုစရိုက်ပြုခွင့်) ကြုံလာသောအခါ “မသတ်ပါဘူးလေ”ဟု ရှောင်ကြဉ်၍ ထိုအခွင့်ကြုံလာသော ပါဏာတိပါတမူက အသက်မွေးဝမ်းကျောင်းနှင့် ဆိုင်လျှင် သမ္မာအာဇီ၀၀ိရတိ ဖြစ်၏။
"၀ိရတိမဟုတ်သောအရာ"
ရှောင်ကြဉ်မူမပါ ရှောင်ကြဉ်စရာမရှိဘဲ ကောင်းသော စကားကိုပြောဆိုရာအခါနှင့် “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” စသည်ဖြင့် သီလဆောက်တည်ရာ အခါတို့၌ သမ္မာဝါစာ (ကောာင်းသောစကား)ဟု ဆိုနိုင်ပါ၏။ ကုသိုလ်စေတနာတွေ ဖြစ်၏။
ရှောင်ကြဉ်စရာမပါဘဲ အပြစ်မရှိသော အလုပ်အကိုင်ပြုနေရာအခါ၊ ဒါနပြုနေရာအခါ၊ ဘုရားဖူး တရားနာ စသောအခါတို့၌ သမ္မာကမ္မန္တ(ကောင်းသောအလုပ်) ဟု ဆိုနိုင်ပါ၏။ ကုသိုလ်စေတနာတွေဖြစ်၏။
ရှောင်ကြဉ်စရာ မပါဘဲ မိရိုးဖလာ ကောင်းရောင်း ကောင်းဝယ် ကုန်သွယ်လယ်ယာ လုပ်ခြင်းစသော အမူများဖြင့် အသက်မွေးရာ၌ သမ္မာအာဇီဝ (ကောင်းသော အသက်မွေးမူ) ဟု ဆိုနိုင်၏။
သို့သော် ရှောင်ကြဉ်မူ သဘောမပါသောကြောင့် ထိုသမ္မာဝါစာ စသည်တို့ကို ၀ိရတိစေတသိက်ဟု မမှတ်ရပါ၊ ရိုးရိုးကုသိုလ် စေတနာများသာ ဖြစ်သည်ဟု မှတ်ပါ။
သမာဒါန၊ သမ္ပတ္တနှင့်၊ သမုစ္ဆေဒ တစ်လီ၊ သုံးမျိုးစီ၊ နာမည်ထပ်၍ဖြာ။
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဟု ၃-မျိုးပြားသော ထိုဝိရတိသည် တစ်မျိုးတစ်မျိုးလျှင် သမာဒါန၀ိရတိ၊ သမ္ပတ္တ၀ိရတိ၊ သမုစ္ဆေဒ၀ိရတိဟု ၃-မျိုးစီပြား၏။ ထို ၃-မျိုးတွင် သီလဆောက်တည်သောအားဖြင့် ဒုစရိုက်အမူမှ ရှောင်ကြဉ်ခြင်းသည် သမာဒါန၀ိရတိတည်း။ သတ်ဖို့ နွားတစ်ကောင်ရောက်နေရာ မသတ်တော့ပါဘူးဟု ကြံပြီးလျှင် “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”ဟု ဆောက်တည်လျှင် ဆောက်တည်နေတုန်းမှာလည်း သမာဒါန၀ိရတိ ဖြစ်နိုင်သည်။
ရှေးတုန်းက ဥပသကာတစ်ယောက်သည် မထေရ်တစ်ပါးအထံ သီလခံယူပြီးနောက် ပျောက်သောနွားကို ရှာနေစဉ် တောင်ပေါ်သို့ အရောက်တွင် စပါးကြီးမြွေက ခြေကို ပတ်သောကြောင့် ဓားနှင့် ခုတ်မည်ကြံပြီးမှ သီလကိုသတိရ၍ မသတ်ဘဲ ရှောင်လေသည်။ သီလတန်ခိုးကြောင့် မြွေကြီးကလည်း လွှတ်သွားလေသည်။ ဤ၀တ္ထု၌ သီလဆောက်တည်ထားသဖြင့် မသတ်ဘဲ ရှောင်ကြဉ်သောကြောင့် သမာဒါန၀ိရတိ ဖြစ်၏။
ဤသို့လျှင် သီလဆောက်တည်နေတုန်းမှာ ဖြစ်စေ၊ ဆောက်တည်ပြီးနောက်ဖြစ်စေ ရှောင်ဖွယ် ဒုစရိုက်မှ ရှောင်ကြဉ်လျှင် သမာဒါန၀ိရတိ ဖြစ်သည်။ (သမာဒါန = သီလဆောက်တည်ထားခြင်း + ၀ိရတိ = မကောင်းမူမှ ရှောင်ခြင်း။)
သီလ ဆောက်တည်မထားဘဲ ရုတ်တရက် တွေ့ကြုံလာသောအခါ ရှောင်ကြဉ်မူသည် သမ္ပတ္တ၀ိရတိ မည်၏။
သီဟိုဠ်ကျွန်း၌ “စက္ကန” ဥပါသကာသည် ငယ်ရွယ်စဉ်အခါက မကျန်းမာသောမိခင်မှာ လတ်ဆတ်သော ယုန်သားဓာတ်စာကျသောကြောင့် တောထဲသို့ ယုန်ရှာထွက်လေသော် ကောက်နုကလေးတွေ စားမည်လာသော ယုန်ငယ်ကိုဖမ်းမိ၍ သတ်တော့မည်ကြံပြီးမှ သနားသဖြင့် မသတ်ဘဲ ရှောင်ကြဉ်၍ ယုန်ငယ်ကို လွှတ်လိုက်လေသည်။
အိမ်ပြန်ရောက်သောအခါ မိခင်အားဖြစ်ပျက်ပုံ အကြောင်းစုံကို ပြောပြ၍ “ကျွန်ုပ်သည် နားလည်သောအရွယ်မှစ၍ သူ၏အသက်ကို သေစေလိုသော စေတနာဖြင့် မသတ်ခဲ့ဖူးပါ”ဟု သစ္စာစကားကို ပြောလေရာသူ၏ အစွမ်းကြောင့် မိခင်၏ ရောဂါလည်း ပျောက်ကင်းလေသည်။
ဤ၀တ္ထု၌ သီလမဆောက်တည်ဘဲ ရုတ်တရက်တွေ့၍ ရှောင်ကြဉ်သောကြောင့် သမ္ပတ္တ၀ိရတိ ဖြစ်သည်။ (သမ္ပတ္တ = တိုက်ဆိုင်လာသော (ရုတ်တရက် တွေ့ကြုံလာသော) မကောင်းမူ ဒုစရိုက်မှ + ၀ိရတိ = ရှောင်ကြဉ်ခြင်း။)
မဂ်ကိုရသောအခါ ကိလေသာ ဓာတ်လုံးဝ ကင်းပြတ်ရအောင် ရှောင်ကြဉ်သောကြောင့် မဂ်စိတ်၌ပါသော ၀ိရတိသည် သမုစ္ဆေဒ၀ိရတိမည်၏။ (သမုစ္ဆေဒ = ကိလေသာ အနုသယဓာတ် တို့ကို အကြွင်းမရှိအောင်ဖြတ်လျက် + ၀ိရတိ = ရှောင်ကြဉ်မူ) ဤသို့လျှင် သမ္မာဝါစာစသော မူလ၀ိရတိစေတသိက် ၃-မျိုး၌ တစ်မျိုး တစ်မျိုးလျှင် သမာဒါန၀ိရတိ စသည်ဖြင့် ၃-မျိုး ကွဲပြားနိုင်ကြပေသည်။
ဤမျှလောက်သော စကားအစဉ်ဖြင့် ကိုယ်ကျင့်အတွက် လူများသိဖွယ်ရာ စိတ်ကို ကောင်းအောင် ခြယ်လှယ်သော စေတသိက်များ ပြီးဆုံးပါပြီ။ ယခုအခါ မိမိ၏စိတ်ကို ကောင်းအောင် ခြယ်လှယ်တတ်သော စေတသိက်များနှင့် (ဒုတိယခန်း၌ပြခဲ့သော) မကောင်းအောင် ခြယ်လှယ်တတ်သော စေတသိက်များကို နားလည်ကြပါပြီ။ ထိုသို့ နားလည်ပြီးနောက် “အကောင်းမကောင်း ၂ဖက်တွင် မည်သည့်ဘက်က အဖြစ်များမည်နည်း”ဟု စဉ်းစား သင့်၏။
အကောင်းစေတသိက်များကို ပြုရာဝယ် “ အကောင်း အစစ် မဟုတ်ဘဲ သဒ္ဓါအတု၊ သတိအတု ဟီရိ သြတ္တပ္ပအတု” စသည်ဖြင့် အတုတွေ ပါဝင်နေသည်။ မကောင်းစေတသိက်များကို ပြရာ၌ကား မကောင်းသက်သက် အကောင်းမရောယှက်ခဲ့ချေ။ ဤမျှလောက် ခွဲခြားရုံမျှဖြင့် “အကောင်းသက်သက်အဖြစ်နည်း၍ အကောင်းမကောင်းသောင်းပြောင်းနှင့် မကောင်းသက်သက်တွေကသာ ငါတို့ သန္တာန်၌ အဖြစ်များနေပါတကား”ဟု စဉ်းစားမိလာက်ပေပြီ။
ထိုသို့ မကောင်းတရားတွေ ဗရပွေ ဖြစ်နေသောကြောင့်သာ သံသရာမှာ ကြာခဲ့ကြရသည်။ ယခုလောက် တတ်သိနားလည်သော ဘ၀မှာပင် မကောင်းတရားတွေ အဖြစ်များစေဦးမည်ဆိုက နိဗ္ဗာန်ရလိုကြောင်း အာပေါက်အောင် ဆုတောင်းနေကြသော်လည်း အကောင်းဆုံး နိဗ္ဗာန်နှင့် ဧကန်ဝေးကြဦးမည်သာ။
သို့ဖြစ်၍ သူတော်ကောင်းစာရင်း၌ ပါဝင်လို၊ နိဗ္ဗာန်ကို အမြန်ရလိုသူတိုင်း သူတစ်ပါး အထင်ကြီးရုံ ကောင်းသော သူတော်ကောင်းမျိုးထက် မိမိကိုယ်ကို မိမိ အထင်ကြီးသော သူတော်ကောင်းအဖြစ်မျိုးကို နှစ်နှစ်ကာကာ အလိုရှိပါကုန်။ ငါ့၏အတွက်ကား ပရိယာယ်သဘော မာယာ သာဌေယျ မနှောသော စင်းလုံးချော စိတ်ကောင်းစိတ်ထက်သာ ဘ၀တိုင်း ဖြစ်ရပါလို၏။ ငါ၏ အဆက်အသွယ် ကြီးကြီးငယ်ငယ်များလည်း တကယ်စင်စစ် သူတော်ကောင်းဖြစ်အောင် ထူထောင်နိုင်ကြပါစေသောဝ်။
စိတ်ကောင်းဖြစ်မူ၊ ခြယ်လှယ်ပြုသည့်၊ ယခုညွှန်ကြား၊ စေတသိက်များကို၊ ခွဲခြားစုပေါင်း၊ စိတ်စက်ကောင်းဖြင့်၊ နှစ်ထောင်းအားရ၊ ရှေးပုညကြောင့်၊ ရူကြသူပေါင်း၊ စိတ်ယုတ်ပြောင်း၍၊ စိတ်ကောင်းရစေ၊ ငါ့အနေမူ၊ မ သွေဖြောင့်တန်း၊ နိဗ္ဗာန်လှမ်းဖို့ စိတ်စွမ်းထက်မြက်၊ ဆင့်ဆင့်တက်သား၊ အဆက်အသွယ်၊ ကြီးကြီးငယ်လည်း၊ ငါ့နှယ်နည်းတူ၊ စိတ်ကောင်းယူသည်၊ နိဗ္ဗူထုတ်ချောက်ရောက်ရန်သောဝ်။
(စိတ်ကိုကောင်းအောင်ခြယ်လှယ်သော စေတသိက်များပြီးပြီ။)

"နိဂုံး"

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment