Video

Wednesday, 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၀)၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၀)
Dr နန္ဒမာလာဘိဝံသ

ကမ္မပစ္စယော
ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ အများအားဖြင့် ကံအကြောင်းကို ပြောလေ့ရှိကြတယ်။ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း၊ ကံ ကံ၏ အကျိုးကို သိမြင်ခြင်းဆိုတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဟာ ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေခံ ခံယူချက် ဖြစ်ပါတယ်။ ကံ ကံ၏အကျိုးကို လက်မခံဘူး၊ ကံ ကံ၏အကျိုးကို ငြင်းပယ်တယ်ဆိုရင် မိစ္ဆာဒိဋ္ဌိအမြင်ပဲ၊ အကုသိုလ်မနောကံ ၃ မျိုးမှာပါတဲ့ မိစ္ဆာဒိဋ္ဌိက ဘာကိုပြောတာတုန်းဆိုရင် ကံ ကံ၏အကျိုးကို ငြင်းပယ်တာ၊ သို့မဟုတ် ကံ၏ အကျိုးကို ငြင်းပယ်တာကို ပြောတာ၊ နတ္ထိကဒိဋ္ဌိလို့ ဆိုတယ်၊ အခြား မိစ္ဆာဒိဋ္ဌိတွေနဲ့ သွားမရောစေနဲ့။

မနောကံထဲမှာပါတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာ ပါဠိတော်အဖွင့်တွေထဲမှာ “ကတမာ စ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ” လို့ ဆိုပြီး ရှင်းပြတယ်၊ “နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ” ၊ ဒိန္နံ - ပေးလှူကြောင်း ဒါနစေတနာရဲ့အကျိုးတရားသည်၊ နတ္ထိ - မရှိတဲ့၊ စကားလုံးအနေနဲ့ကတော့ ဒိန္နံ - ပေးလှူခြင်းသည် နတ္ထိ - မရှိတဲ့၊ ပေးလှူခြင်းကို ငြင်းပယ်တာ မဟုတ်ဘူး၊ ပေးလှူခြင်းဒါနစေတနာရဲ့ အကျိုးတရားကို ငြင်းပယ်တာ၊ ဒါနကိုပဲ ဒီနေရာမှာ ၃ မျိုး ခွဲပြီး ပြောတယ်၊ ယိဋ္ဌ ဆိုတာ ပူဇော်တာ၊ ဟုတ ဆိုတာ လက်ဆောင်ပဏ္ဏာပေးတာမျိုး၊ အကုန်လုံး ပေးကမ်းတာချည်းပဲ၊ ဒါနကုသိုလ် ဒါနစေတနာရဲ့ အကျိုးတရားကို ငြင်းပယ်တယ်၊ လက်မခံဘူးဆိုရင် ကံရဲ့အကျိုးတရားကို ငြင်းပယ်တာပဲ။


ပိုပြီး ထင်ရှားတာကတော့ “နတ္ထိ သုကဋ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ၀ိပါကော” ၊ သုကဋ ဒုက္ကဋာနံ - ကောင်းစွာပြုအပ်၊ မကောင်းသဖြင့်ပြုအပ်ကုန်သော၊ ကမ္မာနံ - ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့၊ ဖလံ ၀ိပါကော - အကျိုးရင်း အကျိုးဆက်ဆိုတာ၊ နတ္ထိ - မရှိဘူး၊ လုံးဝငြင်းပယ်လိုက်တာ၊ ကုသိုလ်ကံရဲ့ကောင်းကျိုးချမ်းသာ ဆိုတာ မရှိဘူး၊ အကုသိုလ်ကံရဲ့ မကောင်းကျိုး ဆင်းရဲဆိုတာ မရှိဘူးတဲ့၊ ကံ ကံ၏ အကျိုးကို ငြင်းပယ်တာ။

နောက်ပြီးတော့ ဆက်လက်ငြင်းပယ်တာတွေ ရှိသေးတယ်၊ “နတ္ထိ မာတာ၊ နတ္ထိ ပိတာ” စကားလုံးအတိုင်း ပြောမယ်ဆိုရင် မာတာ - အမိသည်၊ နတ္ထိ - မရှိ၊ ပိတာ - အဖသည်၊ နတ္ထိ - မရှိတဲ့၊ ဒီလိုပြောရမယ်၊ အမေအဖေ မရှိဘူး ပြောရင် အမေအဖေကို ငြင်းပယ်တယ်၊ အသိအမှတ် မပြုဘူး၊ ဆိုလိုတဲ့အဓိပ္ပာယ်က မာတာ ဆိုတဲ့ စကားလုံးက အမိကို ရည်ညွှန်းတာ ဖြစ်သော်လည်းပဲ အဓိပ္ပာယ်ယူတဲ့အခါ မာတာ - အမိအပေါ်မှာ ကျေးဇူးပြုခြင်း စော်ကားခြင်းဆိုတဲ့ အမိနဲ့စပ်ပြီး ဖြစ်ပေါ်လာတဲ့ ကုသိုလ် အကုသိုလ်ရဲ့အကျိုးကို ငြင်းပယ်တယ်၊ ဒီလို အဓိပ္ပာယ်ရတယ်ပေါ့၊ ဒါက ဘာတုန်းဆိုရင် materialism ပေါ့၊ နတ္ထိ ပိတာ ဆိုတာလည်း ထို့အတူပဲ၊ အဖေကို ပြုစုလို့ လုပ်ကျွေးလို့လည်း ကုသိုလ်မရဘူး၊ အဖေကို စော်ကားလို့လည်း အကုသိုလ် မဖြစ်ဘူးလို့ ဆိုလိုတယ်၊ အကျိုးတရားကို ငြင်းပယ်တယ်လို့ ဒီလိုဆိုတယ်။

“နတ္ထိ အယံ လောကော” တဲ့၊ တခြားဘ၀က ပုဂ္ဂိုလ်တွေအတွက် ဤလောကဆိုတာ မရှိဘူး၊ “နတ္ထိ ပရော လောကော” ဒီလောကမှာ ရှိနေတဲ့ပုဂ္ဂိုလ်တွေအတွက် နောင်လောကဆိုတာ မရှိဘူး၊ ဆိုလိုတာက ကိုယ့်နေရာ ကိုယ့်ဘ၀မှာပဲ ပြတ်ကြတယ်လို့ ဒီလိုပြောတာ၊ ဟိုဂြိုဟ်သားက ဒီဂြိုဟ်ရောက်လာမှာ မဟုတ်ဘူးနော်၊ ဟိုဂြိုဟ်သားကလည်း သေပြီးပျောက်၊ ဒီဂြိုဟ်သားကလည်း ဒီမှာ သေပြီးပျောက်ဆိုတဲ့ ပုံစံမျိုး၊ ဒီက လောကသားတွေကလည်း ဒီမှာပဲသေပြီး ပျောက်မှာ၊ ဟိုဘက် လောကသားတွေကလည်း ဟိုဘက်မှာသေပြီး ပျောက်သွားမယ်၊ ဥစ္ဆေဒဒိဋ္ဌိလို့ ဆိုတယ်၊ materialism ဆိုတာ ဥစ္ဆေဒဒိဋ္ဌိပေါ့၊ အဲဒါတွေကို ငြင်းပယ်တာ။
ဘုန်းကြီးတို့ “နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ” ဆိုတဲ့အထဲမယ် ဟောထားတဲ့ အဇိတကေသကမ္ဖလရဲ့ အယူဝါဒ၊ “နတ္ထိ သတ္တာ သြပပါတိကာ” - သေပြီးတော့ ပြန်ဖြစ်တဲ့ သတ္တ၀ါဆိုတာ မရှိဘူးလို့ ကံ ကံ၏အကျိုးတွေကို ငြင်းပယ်တယ်၊ သတ္တ၀ါတွေဟာ ဘ၀တစ်ခုကနေ ဘ၀တစ်ခုသွားနေတယ်ဆိုတာ ကံရဲ့စွမ်းအားနဲ့ သွားနေတာ၊ ကံကို ငြင်းပယ်နေမှတော့ ဘယ်လိုလုပ်ပြီးတော့ ဒီသတ္တ၀ါ ဟိုသွား ဒီသွား ဖြစ်နေဦးမတုန်း၊ ဒါကြောင့်မို့ ကံ၏အကျိုးကို ငြင်းပယ်လိုက်တယ်။

ပြီးတော့ ဘာပြောတုန်းဆို “နတ္ထိ သမဏဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာ ပဋိပန္နာ” - အဆင့်အတန်းမြင့်ပြီး ကောင်းတဲ့အကျင့်ကို ကျင့်ပြီးတော့ ဒီလောကကြီးရဲ့အကြောင်းကို ကိုယ်တွေ့သိမြင်ပြီးတော့ ဟောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာ မရှိဘူး၊ ဒါက ဘုရားးကိုလည်း ငြင်းပယ်တယ်ပေါ့၊ အဲဒီတော့ ဒီ နတ္ထိက၀ါဒကိုပဲ မနောကံအရာမှာ မိစ္ဆာဒိဋ္ဌိလို့ ပြောတာ။
“သက္ကာယဒိဋ္ဌိ” ဆိုတဲ့ မိစ္ဆာဒိဋ္ဌိတွေနဲ့ သွားမရောနဲ့ပေါ့၊ အခြေခံကျတာက ကံ ကံ၏အကျိုးကို ငြင်းပယ်မှု ဒီမိစ္ဆာဒိဋ္ဌိက ပိုပြီးတော့ အရင်းခံကျတယ်၊ ဗုဒ္ဓဘာသာဝင် ဖြစ်နေလင့်ကစား သက္ကာယဒိဋ္ဌိဆိုတာ မကင်းနိုင်သေးဘူးပေါ့၊ ပရိယုဋ္ဌာနလို့ ခေါ်တဲ့ လွှမ်းမိုးဖြစ်ပေါ်နေမှု မရှိပေမယ့်လို့ သက္ကာယဒိဋ္ဌိ ရှိနေတာပဲ၊ ဒီအယူဟာ အနုသယ အနေနဲ့ ဒိဋ္ဌာနုသယဆိုတာ ဘ၀သံသရာက ပါလာတာ၊ သောတာပတ္တိမဂ်နဲ့မှ ပယ်ရှားနိုင်မယ်။

ဒီတော့ ကံ ကံ၏အကျိုးကို ငြင်းပယ်ခြင်းဆိုတဲ့ မနောကံအရာမှာ မိစ္ဆာဒိဋ္ဌိ၊ အဲဒီမိစ္ဆာဒိဋ္ဌိဟာ သဂ္ဂါဝရဏ - နတ်ပြည်ကိုလည်း တားတယ်၊ ဆိုလိုတာက နတ်ပြည်ရောက်ဖို့ မဖြစ်နိုင်ဘူး၊ အဲဒီအယူဝါဒရှိတဲ့ပုဂ္ဂိုလ်က ကောင်းရာသုဂတိ မရောက်ဘူးလို့ ပြောတာ၊ ဘယ်ရောက်မလဲ ကံကို ငြင်းပယ်ထားတာဆိုတော့ မဟုတ်တာလုပ်တော့မှာပေါ့၊ သူက ကောင်းးတာလုပ်လို့ ကောင်းကျိုးချမ်းသာဆိုတာ မရှိဘူးး။

မကောင်းလုပ်လို့ မကောင်းကျိုးရဲ့ ဆင်းရဲဒုက္ခဆိုတာ မရှိဘူးလို့ ငြင်းပယ်ထားမှတော့ သူက ကောင်း၊ မကောင်း ကိုယ်ကြိုက်တာလုပ်မယ့် သဘောပဲပေါ့၊ ကိုယ်ကြိုက်တာဆိုတာ အများအားဖြင့် ဘာကြိုက်တာတုန်းဆိုတော့ မကောင်းတာကြိုက်တာပေါ့၊ ဒါကြောင့်မို့ ဒီမနောကံအရာမှာရှိတဲ့ မိစ္ဆာဒိဋ္ဌိဆိုတာ နတ္ထိကဒိဋ္ဌိကို ရည်ညွှန်းတာလို့ ဒီလိုမှတ်ရမယ်။
တချို့က ရောပြီးတော့ ရေးတတ်တယ်၊ မိစ္ဆာဒိဋ္ဌိဆိုရင် သက္ကာယဒိဋ္ဌိတွေရော ဘာတွေရော မနောကံမှာ သွားထည့်တယ်၊ မိစ္ဆာဒိဋ္ဌိ ၆၂ ပါးဆိုတာ ရှိသေးတယ်လေ၊ အတ္တအယူအဆတွေနဲ့ ပတ်သက်တာ၊ ဒါတွေကလည်း Philosophy သဘောမျိုးပေါ့၊ စဉ်းစားတွေးခေါ်တဲ့အခါမှာ သူ့ရဲ့အမြင်တွေဟာ မှားသွားတယ်၊ မစဉ်းစား မတွေးခေါ်ရင် ဖြစ်ချင်မှ ဖြစ်မယ်၊ ဒီဟာကတော့ အခြေခံအကျဆုံးမို့ ကံ ကံ၏အကျိုးကို ငြင်းပယ်တဲ့ ဒီမိစ္ဆာဒိဋ္ဌိကိုသာ ဒုစရိုက်ထဲမှာ ထည့်ထားတယ်၊ သက္ကာယဒိဋ္ဌိတို့က ဒုစရိုက်ထဲမှာ ထည့်တာမဟုတ်ဘူး၊ ဒါကြောင့် မိစ္ဆာဒိဋ္ဌိလို့ဆိုတိုင်း အတူတူလို့ မအောက်မေ့နဲ့ပေါ့။

ဒါကြောင့်မို့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ - ကံ ကံ၏အကျိုးကို လက်ခံပြီဆိုရင် ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ အခြေခံကောင်းရှိတယ်လို့ ပြောရမယ်၊ ကံ ကံ၏အကျိုးကို လက်မခံဘူးဆိုရင် အခြေခံကောင်း မရှိဘူး၊ အဲဒီမိစ္ဆာဒိဋ္ဌိ ရှိနေလို့ရှိရင် မိစ္ဆာဒိဋ္ဌိသည် ဒုစရိုက်အရာဖြစ်ခြင်းကြောင့် ဒီပုဂ္ဂိုလ်အပါယ်ငရဲကျရတယ်၊ သက္ကာယဒိဋ္ဌိရှိလို့ အပါယ်ငရဲကျတာတော့ မဟုတ်ဘူး၊ ဒါကြောင့်မို့ ကျမ်းဂန်စာပေတွေမှာ သက္ကာယဒိဋ္ဌိကို မဂ္ဂါဝရဏ - မဂ်ကိုတားတယ်လို့ပြောတာ၊ သဂ္ဂါဝရဏ - နတ်ပြည်ကို မတားဘူးတဲ့၊ သံယုတ်ပါဠိတော်ထဲမှာ မက္ခလိဂေါသာလတပည့်တွေ နတ်ပြည်ရောက်နေတာ ရှိတယ်၊ ဗကဗြဟ္မာကြီးဆိုတာ ကြားဖူးတယ် မဟုတ်လား၊ အေး သူက မိစ္ဆာဒိဋ္ဌိပဲ၊ သူက ဗြဟ္မာကြီး ဖြစ်နေတာပဲ၊ အဲဒီမိစ္ဆာဒိဋ္ဌိက ဘာတုန်းဆိုရင် သက္ကာယဒိဋ္ဌိကို မိစ္ဆာဒိဋ္ဌိလို့ ပြောတာနော်၊ ကံ ကံ၏အကျိုးကိုတော့ သူ လက်ခံတယ်၊ ဒါကြောင့် ဗြဟ္မာကြီး ဖြစ်နေတာပေါ့၊ အဲဒါ အခု ဘာလို့ပြောရတာတုန်းဆိုရင် ရောနေတတ်လို့ ပြောရတာနော်။

သက္ကာယဒိဋ္ဌိတို့ အတ္တဒိဋ္ဌိတို့ စတဲ့ မိစ္ဆာဒိဋ္ဌိတွေက မိစ္ဆာဒိဋ္ဌိ ၆၂ ပါးထဲပါတော့ ပါတာပေါ့၊ အကျုံးဝင်တယ်၊ ဒါပေမယ့် ဒုစရိုက်အရာမှာပါတဲ့ မိစ္ဆာဒိဋ္ဌိသည် အဲဒီထဲကဟာကို ရည်ညွှန်းတာ မဟုတ်ဘူး၊ ဘာကို ရည်ညွှန်းတာတုန်းဆိုရင် နတ္ထိကဒိဋ္ဌိကို ရည်ညွှန်းတာ၊ ဒါကို အဓိကထားတယ်ပေါ့၊ အဲဒီတော့ ကံ၏အကျိုးကို ငြင်းပယ်လိုက်တယ်ဆိုလို့ရှိရင် ကံကိုလည်း ငြင်းပယ်ရာ ရောက်တယ်၊ အကျိုးကို ငြင်းပယ်မှတော့ အကြောင်းလည်း ငြင်းပယ်ပြီးသား ဖြစ်သွားတယ်။
အဲဒါကြောင့် မိစ္ဆာဒိဋ္ဌိအ၇ာမှာ ကျမ်းဂန်စာပေမှာ နတ္ထိကဒိဋ္ဌိကို အဓိကထားပြီးတော့ ပြောသော်လည်းပဲ နားလည်ရမှာက အကိရိယဒိဋ္ဌိ၊ ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ လုပ်လို့ မရဘူး၊ ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ မရှိဘူးဆိုတဲ့ ငြင်းပယ်ချက် အကိရိယဒိဋ္ဌိ၊ ထိုကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးတရားဆိုတာ မရှိဘူးလို့ ငြင်းပယ်တာက နတ္ထိကဒိဋ္ဌိ၊ လောကကြီးမှာ သတ္တ၀ါတွေ ဆင်းရဲဒုက္ခရောက်နေတာပဲဖြစ်စေ ချမ်းသာသုခ ရနေကြတာပဲဖြစ်စေ သတ္တ၀ါတွေ စင်ကြယ်တာပဲဖြစ်စေ ညစ်နွမ်းတာပဲဖြစ်စေ ဘာအကြောင်းးမှ မရှိဘူးလို့ အကြောင်းကို ငြင်းပယ်တာက အဟေတုကဒိဋ္ဌိ။ အဲဒီဒိဋ္ဌိ ၃ခု ဟာ အင်မတန်မှ အပြစ်ကြီးတယ်၊ နတ်ပြည်ရောက်ဖို့ရာတောင် မဖြစ်နိုင်ဘူးတဲ့၊ ကောင်းရာဘုံဘ၀ကိုတောင် မရောက်စေနိုင်တဲ့ တားတဲ့ မိစ္ဆာဒိဋ္ဌိတွေတဲ့၊ ဒုစရိုက်အရာမှာပါတဲ့ မိစ္ဆာဒိဋ္ဌိ။
သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိ ဆိုတဲ့ ဒိဋ္ဌိတွေကျတော့ မဂ်မရအောင် တားတာ၊ မဂ်ဖိုလ် နိဗ္ဗာန် တရားထူး မရနိုင်ဘူးလို့ ပြောတာ၊ အဲဒီ သက္ကာယဒိဋ္ဌိ ရှိရင်၊ အဲဒါလည်းပဲ စာပေမှာ မိစ္ဆာဒိဋ္ဌိဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး ရောထွေးသွားတတ်လို့ ဒါကို မှတ်ထားဖို့ပေါ့။
အဲဒါ ရောထွေးသွားတတ်သလို နောက်တစ်ခု သုစရိုက်နဲ့ ပတ်သက်ပြီးတော့ ဘာရှိတုန်းလို့ဆိုတော့ သမ္မာဒိဋ္ဌိ၊ သုစရိုက်နဲ့ ပတ်သက်တဲ့ သမ္မာဒိဋ္ဌိ၊ အဲဒီ သမ္မာဒိဋ္ဌိဆိုတဲ့ နေရာမှာလည်းပဲ အတ္ထိက၀ါဒကို ပြောတာ၊ အတ္ထိက ဆိုတာ အတ္ထိ ဒိန္နံ၊ အတ္ထိ ယိဋ္ဌံ၊ အတ္ထိ ဟုတံ၊ ဒါနကောင်းမှုတွေရဲ့အကျိုး ရှိတယ်၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးတရားဆိုတာ ရှိတယ်လို့ ဒီလို ကံ ကံ၏အကျိုးကို လက်ခံတာ၊ အဲဒါ သုစရိုက်အရာမှာဖြစ်တဲ့ သမ္မာဒိဋ္ဌိကို ပြောတာ၊ အဲဒီသမ္မာဒိဋ္ဌိက ခုနက သက္ကာယဒိဋ္ဌိကို ဖယ်ရှားတဲ့ သမ္မာဒိဋ္ဌိမျိုး မဟုတ်သေးဘူး၊ အဲဒါ သုစရိုက်အခြေခံ သမ္မာဒိဋ္ဌိလို့ မှတ်ရမယ်။

ဒါကြောင့်မို့ ကံတရားဆိုတာ ရှိတယ်လို့ ဗုဒ္ဓမြတ်စွာ အတိအလင်း ဟောကြားထားလို့ ဗုဒ္ဓမြတ်စွာရဲ့ဒေသနာတော်အရ မြတ်စွာဘုရားဟာ ကမ္မ၀ါဒ - ကံကိုဟောပြောတယ်၊ ကမ္မ၀ါဒီ၊ ကိရိယ၀ါဒီ၊ ကမ္မ၀ါဒီ ဆိုတာ ကံကို လက်ခံကျင့်သုံးပြီး ကံအကြောင်းကို ဟောပြောလေ့ရှိတယ်၊ ကိရိယ၀ါဒီဆိုတာ ကုသိုလ်ကံ အကုသိုလ်ကံ ရှိသည့်အတွက်ကြောင့် ထို ကုသိုလ်ကံ အကုသိုလ်ကံကို လုပ်လို့ရတယ်လို့ ဟောပြောတာ၊ ဒီတော့ ဗုဒ္ဓမြတ်စွာရဲ့ဝါဒဟာ ကမ္မ၀ါဒနဲ့ကိရိယ၀ါဒ၊ ကံရှိတယ်လို့ လက်ခံယုံကြည်လို့ ၂၄ ပစ္စည်းမှာလည်း မြတ်စွာဘုရားက ကမ္မပစ္စယောလို့ ကံဟာ ကြီးမားတဲ့ အထောက်အကူတစ်ခု ဖြစ်ကြောင်းကို ဟောထားတယ်။

ကမ္မပစ္စယောမှာ ကမ္မဆိုတာ ပြုလုပ်ခြင်း စွမ်းဆောင်နိုင်ခြင်း၊ စွမ်းဆောင်မှု ပြုလုပ်မှုကို ဖြစ်ပေါ်စေတတ်တဲ့ စေတနာမျိုး၊ သုတ္တန်ပါဠိတော်တွေထဲမှာ ကမ္မဆိုတာကို “စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ” “ချစ်သားရဟန်းတို့ - ကမ္မဆိုတာ တခြားကို ပြောတာ မဟုတ်ဘူး၊ စိတ်စွမ်းအားထဲမှာ လှုံ့ဆော်မှုကို ပေးနိုင်တဲ့ စေတနာစွမ်းအားကို ငါဘုရား ကံလို့ ဟောပါတယ်” လို့ ဒီလိုဟောထားတယ်။
(နိဗ္ဗေဓိကသုတ်၊ အဂုင်္တ္တရပါဠိ)

စေတနာ ၂ မျိုး

အဲဒီဟောထားတဲ့ ဒေသနာအတိုင်းပဲ အဘိဓမ္မာပါဠိတော်မှာလည်းပဲ ကမ္မဆိုတာ စေတနာပဲ၊ အခု ပဋ္ဌာန်းဒေသနာတော်ကြီးမှာလည်းပဲ ကမ္မပစ္စယောဆိုတာ စေတနာကိုပဲ ပြောတာ၊ အဲဒီစေတနာကိုမှ ၂ မျီုး ခွဲတယ်တဲ့၊ နာနာက္ခဏိကစေတနာဆိုတာက တစ်မျိုး၊ နာနာက္ခဏိကမှာ နာနာဆိုတာ မတူညီဘူး ကွဲပြားနေတယ်၊ ခဏဆိုတာ အချိန်ပိုင်း၊ မတူညီတဲ့အချိန်ပိုင်း၊ ဘာတွေ မတူညီတာတုန်းဆိုတော့ စေတနာလို့ဆိုတဲ့ကံတရား ဖြစ်ပေါ်လာတဲ့ အချိန်ပိုင်းနဲ့ ထိုကံတရားက အကျိုးကို ထုတ်လုပ်တဲ့ အချိန်ပိုင်း၊ ဒီနှစ်ခုဟာ မတူဘူးလို့ ပြောတာ၊ ဒါ နာနာက္ခဏိက လို့ ခေါ်တာ၊ နာနာက္ခဏိက - မတူညီသော အခိုက်အတန့်မှာဖြစ်တဲ့ အကျိုးကို ထုတ်လုပ်တတ်တဲ့ စေတနာမျိုး ကံမျိုးတစ်မျိုး ရှိတယ်တဲ့။
နောက် သဟဇာတစေတနာ၊ သဟဇာတဆိုတာ အတူတကွဖြစ်ပြီးတော့ အကျိုးပြုတဲ့ စေတနာမျိုး၊ အတူတကွဖြစ်ပြီးတော့ ကျန်တဲ့ ယှဉ်ဘက်တရားတွေကို စွမ်းအားပေးတယ်၊ လုံ့လဗျာပါရတွေကို ထောက်ပံ့ကူညီပေးတယ်ဆိုတဲ့ စွမ်းရည်သတ္တိရှိတဲ့ စေတနာမျိုးဟာ သဟဇာတစေတနာလို့ ပဋ္ဌာန်းမှာ ဒီလို နှစ်မျိုးခွဲလိုက်တယ်။

ပဋ္ဌာန်းမှာ နာနာက္ခဏိကစေတနာကို ကံလို့ ခေါ်သလို သုတ္တန်ပါဠိတော်တွေမှာလည်းပဲ ဒါကိုပဲ ခေါ်တာ၊ ထိုထိုသုတ္တန်တွေမှာ ကံအကြောင်း ဟောတာတွေ မှန်သမျှ နာနာက္ခဏိက လို့ဆိုတဲ့ ကံဖြစ်တဲ့အချိန်နဲ့ အကျိုးထုတ်လုပ်တဲ့အချိန် မတူညီတာဘဲ ပြောနေတာ၊ အရပ်ထဲမှာ လူတွေ ပြောနေကြတယ် - “ကံကောင်းတယ်၊  ကံမကောင်းဘူး၊ ကံတရားအတိုင်းပဲ” နဲ့ ပြောနေကြတာတွေကလည်းပဲ ဟောဒီ နာနာက္ခဏိကကမ္မကိုပဲ ရည်ညွှန်းပြီးတော့ ပြောနေကြတာ။
သဟဇာတကမ္မဆိုတဲ့ ဒုတိယ အမျိုးအစားကိုတော့ အဘိဓမ္မာမှာသာ ပြောတယ်လို့ ဒီလိုနားလည်ရမယ်၊ အဘိဓမ္မာပဋ္ဌာန်းပါဠိတော်မှာသာ သဟဇာတ - ကမ္မ အကြောင်းပြောတယ်၊ တခြားသုတ္တန်တွေမှာ ကံအကြောင်းပြောပြီဆိုရင် နာနာက္ခဏိကကမ္မ ပဲ။

ကံအကြောင်း ပြောတယ်ဆိုတော့ ဘယ်လိုပြောသလဲ၊ သုတ္တန်ပါဠိတော်တွေမှာ “ကမ္မဿကာ သတ္တာ” ၊ သတ္တာ - သတ္တ၀ါတွေဟာ၊ ကမ္မဿကာ - ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတယ်လို့ ဒီစကားကိုဟောတယ်၊ အဲဒီကံဟာ ဘယ်ကံကို ရည်ညွှန်းတာတုန်းဆိုရင် ခုပြောတဲ့ နာနာက္ခဏိကကံကို ရည်ညွှန်းတယ်၊ သဟဇာတကို ရည်ညွှန်းတာမဟုတ်ဘူး၊ “ကမ္မဒါယာဒါ” - ကံသာလျှင် အမွေခံဥစ္စာ ရှိကြတယ်၊ “ကမ္မယောနိ” - ကံတည်းဟူသော အကြောင်းးရှိကြတယ်၊ “ကမ္မဗန္ဓု” - ကံတည်းဟူသော ဆွေမျိုးရှိကြတယ်၊ “ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ၀ါ ပါပကံ ၀ါ တဿ ကမ္မဿ ဒါယာဒါ ဘ၀ိဿန္တိ” တဲ့၊ ကောင်းတဲ့ကံဖြစ်စေ၊ မကောင်းတဲ့ ကံပဲဖြစ်စေ မိမိပြုလုပ်တဲ့ကံရဲ့အကျိုးကို သတ္တ၀ါတွေဟာ အမွေခံကြရတယ်လို့ ဒီလိုပြောတာ၊ ဒါဟာ နာနာက္ခဏိကကမ္မကို ရည်ညွှန်းပြီးပြောတာ၊ သဟဇာတကမ္မကို ရည်ညွှန်းတာ မဟုတ်ဘူး။

ပဋ္ဌာန်းမှာကျတော့ နာနာက္ခဏိကကမ္မက တစ်ခု၊ သဟဇာတကမ္မက တစ်ခု ဆိုပြီးတော့ ကမ္မနှစ်ခု ခွဲခြားပြီးတော့ ဟောတယ်၊ သုတ္တန်ပါဠိတော်တွေအရဆိုရင် ကံဆိုသည်မှာ ကုသိုလ်စိတ်မှာ ယှဉ်တဲ့စေတနာ၊ အကုသိုလ်စိတ်မှာယှဉ်တဲ့ စေတနာ၊ အဲဒီစေတနာသဘာဝတရားကို ကံလို့ ခေါ်တယ်လို့ မှတ်ရမယ်၊ အဘိဓမ္မာပဋ္ဌာန်း ဒေသနာတော်အရ စေတနာမှန်သမျှ ကံပဲ၊ ၀ိပါက်မှာပဲယှဉ်ယှဉ် ကုသိုလ်မှာပဲယှဉ်ယှဉ် အကုသိုလ်မှာပဲယှဉ်ယှဉ်၊ ကုသိုလ် အကုသိုလ် ၀ိပါက် ကြိယာ ယှဉ်ချင်တဲ့ နေရာမှာယှဉ်၊ စေတနာမှန်သမျှဟာ ကံပဲလို့ဟောတယ်၊ ဒါ မတူညီတဲ့ အချက်ပဲ၊ ကွဲပြားခြားနားစွာသိဖို့ လိုတယ်ပေါ့။

သဟဇာတကမ္မ

သဟဖာတကမ္မဆိုတာ တစ်စုံတစ်ခုကို ထုတ်လုပ်ပြီးတော့ အကျိုးပေးတဲ့ ကံမျိုး မဟုတ်ဘူး၊ ဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ -
“သဟဇာတာ စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” တဲ့။
သဟဇာတာ စေတနာ - အတူတကွဖြစ်တဲ့ စေတနာတရားသည်၊ သမ္ပယုတ္တကာနံ ဓမ္မာနံ - ယှဉ်ဘက်ဖြစ်တဲ့ သဘာဝတရားတို့အားလည်းကောင်း၊ တံ သမုဋ္ဌာနာနံ - ထိုယှဉ်ဘက်ဖြစ်တဲ့ သဘာဝတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အားလည်းကောင်း၊ ကမ္မပစ္စယေန - သဟဇာတ ကမ္မပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်တယ်တဲ့၊ ဒီလို ဟောတာ။

ဒီတော့ ဒီ သဟဇာတကမ္မဆိုတာ အရပ်ထဲမှာ ပြောနေတဲ့ ကံအတိုင်းပဲ ဆိုတာနဲ့ မဆိုင်ဘူး၊ ကံကောင်းတယ်၊ ကံမကောင်းဘူးဆိုတာနဲ့ မဆိုင်ဘူး၊ စေတနာ သဘာဝတရားသည် ယှဉ်ဘက်တရားတွေအပေါ်မှာ လုံ့လဗျာပါရလို့ဆိုတဲ့ အစွမ်းသတ္တိတွေကို ပေးနေတယ်၊ စေတနာရဲ့ သဘောတရားက သူကိုယ်တိုင်လည်း အားထုတ်တယ်၊ ကျန်တဲ့သဘာဝတရားတွေကိုလည်း စည်းရုံးပြီးတော့ အားထုတ်စေတယ်၊ ဒါ စေတနာရဲ့သဘောတရား။
စေတနာမှာ အလုပ်နှစ်ခုလုပ်တယ်လို့ ပြောရတယ်၊ ပထမအလုပ်က ကိုယ်တိုင်အားထုတ်ခြင်း ဆိုတဲ့အလုပ်၊ ဒုတိယ အလုပ်က ယှဉ်ဖော်ယှဉ်ဖက် တရား ဓမ္မတွေကို အားထုတ်စေတယ် ဆိုတဲ့အလုပ်၊ ကိုယ်တိုင်က အားထုတ်ခြင်း၊ ယှဉ်ဘက်တရားတွေကို အားထုတ်စေခြင်းဆိုတဲ့ စွမ်းဆောင်မှုကို ရည်ညွှန်းပြီးတော့ သဟဇာတကမ္မကို ကမ္မပစ္စယောလို့ မြတ်စွာဘုရားက ဟောတာပါ။
ဒီ သဟဇာတာစေတနာကို ကမ္မပစ္စည်းလို့ ဟောထားတာက ပဋ္ဌာန်းကျမ်းရဲ့ ထူးခြားတဲ့ ဟောပြောချက်တစ်ခုလို့ မှတ်ရမယ်၊ ဒါကတော့ များများပြောစရာ မရှိဘူး၊ စိတ်မှန်ရင် စေတနာရှိတာချည်းပဲ၊ စိတ်အားလုံးမှာ စေတနာယှဉ်တယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ စေတနာဆိုတာ စိတ်အားလုံးမှာယှဉ်တဲ့ စေတသိက်တရားမျိုး၊ ဘယ်စိတ်ပဲဖြစ်ဖြစ် စေတနာဆိုတာပါတယ်၊ စေတနာမပါတဲ့ စိတ်ရယ်လို့ လုံးဝမရှိဘူး၊ အဲဒီ စေတနာဆိုတာလည်းပဲ ဒီနေရာမှာ ကံလို့ပြောလိုက်တာ၊ ဒါက သဟဇာတကမ္မ။


နာနာက္ခဏိကကမ္မ

နာနာက္ခဏိကကမ္မကျတော့ ဒါမျိုး မဟုတ်တော့ဘူး၊ ဒါကြောင့်မို့ ပဋ္ဌာန်း ပါဠိတော်မှာ -
“ကုသလာကုသလံ ကမ္ပံ ၀ိပါကနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” လို့ ဟောတယ်။
ကုသလာကုသလံ ကမ္ပံ - ကုသိုလ်အကုသိုလ်ကံသည် (၀ါ) ကုသိုလ် အကုသိုလ်စေတနာသည်၊ ၀ိပါကာနံ ခန္ဓာနံ - ကံတရားက ထုတ်လုပ်တဲ့ ၀ိပါက်နာမက္ခန္ဓာတို့အားလည်းကောင်း၊ ကဋတ္တာ စ ရူပါနံ - ကဋတ္တာရုပ်လို့ဆိုတဲ့ ကမ္မဇရုပ်တို့အားလည်းကောင်း၊ ကမ္မပစ္စယေန - ကမ္မပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။
ဒါက အများပြောနေတဲ့ ကံပဲ၊ ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးရတယ်လို့ အများပြောနေကြတဲ့ ကံပဲ၊ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဆိုတာလည်း ဒါကို ပြောတာ။
ကုသိုလ်ကံနဲ့ အကုသိုလ်ကံသည် ဘယ်သူ့ကို ဖြစ်စေတုန်းဆိုတော့ ၀ိပါက်နာမက္ခန္ဓာဆိုတဲ့ အကျိုးတွေကို ဖြစ်စေတယ်၊ နောက် ကဋတ္တာရုပ် ဆိုတဲ့ ကမ္မဇရုပ်တွေကိုလည်း ဟောဒီကံက ဖြစ်စေတယ်နော်၊ ဘ၀တစ်ခုမှာ အစပြုတဲ့အချိန်မှာ ကံကနေ ထုတ်လုပ်လိုက်တာ ၀ိပါက်နဲ့ ကမ္မဇရုပ်ပဲလေ။

ပဋိစ္စသမုပ္ပါဒ်မှာ ကြည့်မယ်ဆိုလို့ရှိရင် “သင်္ခါရပစ္စယာ ၀ိညာဏံ” ဆိုတဲ့ အပိုင်းကို ကြည့်ရမယ်၊ သင်္ခါရဆိုတာ နာနာက္ခဏိကကမ္မ - ကုသိုလ်ကံနဲ့ အကုသိုလ်ကံ၊ ထိုကုသိုလ်ကံနဲ့ အကုသိုလ်ကံဆိုတဲ့ စေတနာက “သင်္ခါရပစ္စယာ ၀ိညာဏံ” လို့ဆိုတဲ့ အဓိကပဋိသန္ဓေ၀ိညာဏ်စိတ်ကို ဖြစ်စေတယ်၊ အဲဒီပဋိသန္ဓေ၀ိညာဏ်စိတ်ကို ပဋိသန္ဓေအခါမှာ ဖြစ်စေပြီးတော့ ပ၀တ္တိအခါမှာလည်းပဲ အဲဒီဝိပါက်တွေဟာ ကံတရားရဲ့အကျိုးအနေနဲ့ ဖြစ်ကြတယ်။
ဒီ ၀ိပါကဆိုတဲ့ စကားလုံးက “၀ိ” ဆိုတာ ဘာကို ပြောတာလဲ၊ “ပါက” ဆိုတာ ဘာကို ပြောတာလဲဆိုတာ မှတ်ဖို့ လိုတယ်၊ “၀ိ” ဆိုတာ မတူညီတဲ့ သဘာဝတရား၊ ဘာကို ရည်ညွှန်းတာတုန်းဆိုတော့ ကုသိုလ်နဲ့ အကုသိုလ်သည် မတူညီသောသဘာဝ ရှိတယ်၊ ကုသိုလ်နဲ့ အကုသိုလ်သည် ကွဲပြားခြားနားကြတဲ့ သဘာဝတရားတွေ ဖြစ်တယ်၊ အဲဒီကုသိုလ်နဲ့ အကုသိုလ်ကို ရည်ညွှန်းပြီး “၀ိ” လို့ ပြောတာ၊ “ပါက” ဆိုတာ အကျိုးတရားတဲ့၊ ကုသိုလ်အကုသိုလ်တွေက ထုတ်လုပ်လိုက်တဲ့ အကျိုးတရား နာမ်တရားကို “၀ိပါက” လို့ ခေါ်တယ်၊ မြန်မာစကားထဲမှာလည်းပဲ “၀ိပါက်၊ ၀ိပါက်” နဲ့ ပြောကြတယ်လေ။
ဒီနေရာမှာ ၀ိပါကဆိုတဲ့ စကားလုံးက အကျိုးမှန်သမျှကို ရည်ညွှန်းတာ မဟုတ်ဘူး၊ ၀ိပါက်နာမက္ခန္ဓာလို့ ဆိုတဲ့အတိုင်း စေတနာရဲ့အကျိုးဖြစ်တဲ့ ၀ိပါက်စိတ် စေတသိက်တွေကိုသာ ရည်ညွှန်းတယ်၊ ကျန်တာကို မရည်ညွှန်းဘူး၊ ၀ိပါက်စိတ်က ၃၆ မျိုး ရှိတယ်။

အဲဒီတော့ “သင်္ခါရပစ္စယာ ၀ိညာဏံ” လို့ ဆိုတဲ့နေရာမှာ ပဋိသန္ဓေအခါမှာဆိုရင် ဘယ်နှစ်ခု ကောက်ရတုန်းဆို - ပဋိသန္ဓေစိတ်က ၁၉ ခု ရှိတယ်၊ ၀ိညာဏအရ စိတ် ၁၉ ခု ပဲ ကောက်တယ်၊ ကမ္မပစ္စည်းက ထုတ်လုပ်လိုက်တဲ့ စိတ် ၁၉ ခု ဆိုတာ ဘာတွေလဲဆိုတော့ အကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်က တစ်ခု၊ ကုသိုလ်စိတ်ရဲ့အကျိုးဖြစ်တဲ့ ဥပေက္ခာသန္တီရဏစိတ်က တစ်ခု၊ မဟာဝိပါက်စိတ်က ၈ခု၊ ရူပါဝစရ၀ိပါက်စိတ်က ၅ခု၊ အရူပါဝစရ၀ိပါက်စိတ်က ၄ခု၊ ပေါင်းလိုက်တော့ အဲဒီ ၁၉ ခုကို ပဋိသန္ဓေစိတ် ၁၉ ခုလို့ ခေါ်တာ၊ အဲဒီပဋိသန္ဓေစိတ် ၁၉ ခုဟာ ကုသိုလ်အကုသိုလ်စေတနာက ထုတ်လုပ်လိုက်တဲ့ အကျိုးတရားပဲ၊ ၀ိပါကာနံခန္ဓာနံ ဆိုတာ ဒါပြောတာ။
နောက် ကျန်တဲ့ဝိပါက်စိတ်တွေရောဆိုတော့ ပ၀တ္တိအခါမှာ ထုတ်လုပ်တယ်၊ ပဋိသန္ဓေအခါ ပ၀တ္တိအခါလို့ အခါ ၂ မျိုး မှတ်ထားရမယ်၊ ဘ၀တစ်ခုအစပြုတဲ့ အချိန်ကလေးကို ပဋိသန္ဓေ၊ ဆက်လက်ရှင်သန်ပြီးတော့ သေသည်ထိအောင်က ပ၀တ္တိ၊ အဲဒီနှစ်ခုလုံးးမှာရှိတဲ့ အကျိုးဝိပါက်တွေ မှန်သမျှဟာ ကံက ထုတ်လုပ်တယ်တဲ့၊ ဒါက ကမ္မပစ္စယောနဲ့ဆိုင်တဲ့ အရာတွေ။
ရုပ်တရားနဲ့ ပတ်သက်ပြီး ကမ္မဇရုပ်ဆိုတာ ရှိတယ်၊ အဲဒီ ကမ္မဇရုပ်ဆိုတာ ရှိတယ်၊ အဲဒီ ကမ္မဇရုပ်တွေကလည်းပဲ ဟောဒီကံရဲ့ အကျိုးပဲ၊ ကံကနေ ထုတ်လုပ်လိုက်တာ၊ အဓိကကျတဲ့ ကမ္မဇရုပ် (သို့မဟုတ်) ကံတစ်ခုတည်းကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်က ၉ ခု ရှိတယ်၊ မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည် ဆိုတဲ့ ပသာဒရုပ် ၅ ခု၊ ဣတ္တိဘာဝ ပုမ္ဘာဝလို့ ဆိုတဲ့ ဖိုမရုပ်က ၂ခု၊ ဟဒယလို့ဆိုတဲ့ အချို့သောစိတ်တို့ရဲ့ မှီရာ တည်ရာဖြစ်တဲ့ရုပ်က ၁ ခု၊ နောက် ဇီဝိတရုပ်၊ ပေါင်းလိုက်တဲ့ အခါကျတော့ ၉ ခု၊ အဲဒီ ၉ ခုသော ရုပ်တွေဟာ ကံသက်သက်ကြောင့်ပဲ ဖြစ်တယ်၊ ဒါ ကံကနေ ထုတ်တာ။

ဓာတ်ကြီးလေးပါးတို့ ဓာတ်ကြီးလေးပါးနဲ့ အမြဲတမ်းမှီတွဲပြီးနေတဲ့ ဥပါဒါရုပ်တို့ ၊ အဋ္ဌကလာပ် ရုပ် ၈ခုပေါ့၊ အဋ္ဌကလာပ်ရုပ် ၈ ခု က ကံက ထုတ်တာ ရှိတယ်၊ စိတ်ကထုတ်တာ ရှိတယ်၊ ဥတုကထုတ်တာ ရှိတယ်၊ အာဟာရကထုတ်တာရှိတယ်၊ မတူညီဘူးပေါ့၊ အဲဒီတော့ ကံသက်သက်က ထုတ်တာတော့ ခုနက ၉ ခုပေါ့၊ အခုပြောခဲ့တဲ့ အဲဒီ ၉ခုနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကျန်တဲ့ရုပ်ပေါ့၊ အဲဒါတွေကို ကဋတ္တာရုပ်လို့ ခေါ်တယ်၊ ကမ္မဇရုပ်ကို ပဋ္ဌာန်းပါဠိတော်က ကဋတ္တာရုပ်လို့ သုံးတယ်။
ဒါကြောင့်မို့ ပဋ္ဌာန်းပါဠိတော်မှာ -
“ကုသလာကုသလံ ကမ္မံ ၀ိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” တဲ့။
ကုသလာကုသလံ ကမ္မံ - ကုသိုလ်အကုသိုလ်စေတနာသည်၊ ၀ိပါကာနံ ခန္ဓာနံ - ၀ိပါက်နာမက္ခန္ဓာတို့အားလည်းကောင်း၊ ကဋတ္တာ စ ရူပါနံ - ကဋတ္တာရုပ်လို့ဆိုတဲ့ ကမ္မဇရုပ်တို့အားလည်းကောင်း၊ ကမ္မပစ္စယေန - နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့်၊ ပစ္စယောဥပကာရကော - ကျေးဇူးပြုတတ်သည်၊ ဟောတိ - ဖြစ်၏လို့ ကမ္မပစ္စယောမှာ ကံအကြောင်းကို ဒီလိုဟောတယ်၊ ကံအကြောင်းက ပြောရမယ်ဆိုလို့ရှိရင် အင်မတန်မှ ကျယ်ပြန့်တယ်ပေါ့။

အကုသလကမ္မ
နာနာက္ခဏိကကမ္မ ဖြစ်တဲ့ အကုသိုလ်စေတနာကိုကြည့်၊ အကုသိုလ်စေတနာနဲ့ ပတ်သက်ပြီးပြောမယ်၊ အကုသိုလ်စိတ် ၁၂ ခုလုံးဟာ စေတနာနဲ့ ယှဉ်တာချည်းပဲ၊ အကုသိုလ်စိတ် ၁၂ ခုလုံးမှာ ရှိတဲ့စေတနာသည် အကုသိုလ်ကံနော်၊ အကုသိုလ်ကံ ဘယ်နှစ်ခုရှိလဲလို့ ပြောရင် အကုသိုလ်စိတ် ၁၂ခု ရှိသည့်အတွက်ကြောင့် စေတနာ ၁၂ခု ရှိတယ်၊ စိတ်နဲ့ပြောမယ်ဆိုရင် လောဘမူစိတ် ၈ ခုမှာ စေတနာ ၈ခု၊ ဒေါသမူစိတ် ၂ခုမှာ စေတနာ ၂ခု၊ မောဟမူစိတ် ၂ခုမှာ စေတနာ ၂ခု၊ ပေါင်းလိုက်ရင် ၁၂ခု၊ အဲဒီ ၁၂ခုထဲက မောဟမူစိတ်ထဲမှာ ဥပေက္ခာသဟဂုတ်ဥဒ္ဓစ္စသမ္ပယုတ်လို့ ဆိုတဲ့ နောက်ဆုံးအကုသိုလ်စိတ်မှာ ဥဒ္ဓစ္စနဲ့ ယှဉ်လာတဲ့ စေတနာက ပဋိသန္ဓေအကျိုးကို မထုတ်လုပ်ဘူးတဲ့၊ ဘ၀တစ်ခုကို အကျိုးမပေးနိုင်ဘူးပေါ့။
ဒါကြောင့် ဥဒ္ဓစ္စစေတနာ မပါတဲ့ အကုသိုလ်စေတနာ ၁၁ ခုသည် အကုသလ ၀ိပါက် ဥပေက္ခာသန္တီရဏစိတ်ဆိုတဲ့ ပဋိသန္ဓေအကျိုးကို ထုတ်လုပ်ပါတယ်တဲ့၊ ကမ္မပစ္စယသတ္တိနဲ့ ထုတ်လုပ်တယ်။ ဥဒ္ဓစ္စစေတနာကတော့ ပဋိသန္ဓေအကျိုးကို မပေးဘူးတဲ့။ ကျန်တဲ့စေတနာတွေအကုန်လုံး ပဋိသန္ဓေအကျိုးကို ပေးနိုင်တယ်၊ သူတို့ပေးတဲ့ ပဋိသန္ဓေအကျိုးဆိုတာ ဘယ်ဝိပါက်စိတ်လဲလို့ ပြောလို့ရှိရင် အကုသလ ၀ိပါက် ဥပေက္ခာသန္တီရဏစိတ်။
ပဋ္ဌာန်းနားလည်ဖို့ အဘိဓမ္မာအခြေခံ သင်ထားဖို့ လိုတယ်ပေါ့၊ နားလည်အောင်ပြောဖို့ အရပ်သုံးနဲ့ ပြောမယ်ဆိုလို့ရှိရင် ဟောဒီစေတနာ ၁၁ ခုကြောင့် သတ္တ၀ါတွေဟာ ဘယ်မှာဖြစ်ရတုန်းဆိုရင် ငရဲဖြစ်တာရှိတယ်၊ အဲဒီ ငရဲ တိရစ္ဆာန် ပြိတ္တာဖြစ်တာ ရှိတယ်၊ အသူရကာယ်ဘုံမှာဖြစ်တာ ရှိတယ်၊ အဲဒီ ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ်မှာဖြစ်တဲ့ ပုဂ္ဂိုလ်တွေရရှိတဲ့ သန္ဓေစိတ်သည် အခုပြောတဲ့ အကုသလ၀ိပါက် ဥပေက္ခာသန္တီရဏစိတ်ပဲ၊ ဒါကြောင့်မို့ အပါယ် ၄ ဘုံသားတို့ရဲ့ သန္ဓေစိတ်ဟာ တူတူပဲ။
ဒါဖြင့် စဉ်းစားစရာ ရှိတယ်၊ အကုသိုလ်က ထုတ်လုပ်လိုက်လို့ သူတို့ဘ၀ဟာ ဥပေက္ခာသန္တီရဏဆိုတဲ့ ပဋိသန္ဓေစိတ်နဲ့ စကြရတယ်၊ ပဋိသန္ဓေစိတ်ချင်း တူပါလျက်သားနဲ့ ခံရတဲ့ ဒုက္ခချင်းကျတော့ တူရဲ့လား၊ မတူဘူး၊ ဘာဖြစ်လို့ ကွဲပြားခြားနားရသလဲ? စဉ်းစားစရာတစ်ခု၊ အကုသိုလ်က အကျိုးပေးလိုက်တဲ့ သန္ဓေ စိတ်ချင်း တူလျက်သားနဲ့ ငရဲဘုံမှာဖြစ်တဲ့ အကုသလ၀ိပါက် ဥပေက္ခာသန္တီရဏနဲ့ သန္ဓေနေတဲ့ ငရဲသားတွေကျတော့ နိရယဆိုတာ ချမ်းသာသုခ တစ်စက်မရှိတဲ့ ဘုံဘ၀၊ အင်မတန်မှ ဆင်းရဲတယ်၊ ဒါ အဆိုးဆုံးကို ပြောမယ်ဆိုရင်နော်၊ သူ့ထက် နည်းနည်း သက်သာတာက တိရစ္ဆာန်၊ အသူရကာယ်တို့ ပြိတ္တာတို့က အပါယ်ဘုံထဲမှာ သက်သာတယ်လို့ ပြောရမယ်၊ အဲဒီထက် ဆိုးတာက တိရစ္ဆာန်၊ တိရစ္ဆာန်ထက် ဆိုးတာက ငရဲ၊ ဒီလို သွားတယ်နော်။
မြတ်စွာဘုရားက မဟာသီဟနာဒသုတ်မှာ ဟောထားတာ ရှိတယ်၊ ငရဲဘုံကို မီးကျီးတွင်းနဲ့ ဥပမာပေးထားတယ်၊ မီးကျီးတွင်းကြီးထဲ ကျသွားတဲ့ပုဂ္ဂိုလ်ရဲ့ ဒုက္ခကို စဉ်းစားသာ ကြည့်တော့၊ မီးကျီးတွေရဲရဲနီနေတဲ့ မီးကျီးတွင်းကြီးထဲကျသွားတဲ့ ပုဂ္ဂိုလ်ရဲ့ ဒုက္ခ၊ အဲဒါ ငရဲဘုံရောက်တယ်ဆိုတာ မီးကျီးတွင်းကြီးထဲ ကျတာမျိုးပဲတဲ့၊ တိရစ္ဆာန်ဘုံရောက်တဲ့ပုဂ္ဂိုလ်တွေကျတော့ မစင်တွင်းကျတာနဲ့ တူတယ်၊ ဒါ တိရစ္ဆာန်တွေကျတော့ ခုနက မီးကျီးတွင်းနဲ့စာရင် မစင်တွင်းက သက်သာတယ်လို့ ပြောရမှာပေါ့။
ပြိတ္တာနဲ့ အသူရကာယ်ကိုတော့ ပေါင်းပြီး ဟောလေ့ရှိတယ်၊ အမြဲတမ်းနော်၊ အပါယ် ၄ ဘုံ လို့ ပြောပေမယ့်လို့ သုတ္တန်တွေမှာတော့ အပါယ် ၃ ဘုံပဲ ပြောတယ်၊ ပြိတ္တာဘုံကျတော့ အင်မတန်မှ ပူပြင်းတဲ့နေရာမှာ အောက်ခံမြေက ကျောက်ဆူးငုတ်တွေ ထွက်ပြီးတော့ အင်မတန်မှ ကြမ်းတမ်းတဲ့မြေပေါ်မှာ ပေါက်တဲ့ အရိပ်ကျတဲ့သစ်ပင်၊ အဲဒီသစ်ပင်ရိပ်မှာနေရတဲ့ ဒုက္ခမျိုးနဲ့ တူတယ်လို့ ပြိတ္တာကို အဲဒီလိုဟောတယ်၊ ဥပမာပေးထားတာလေးတွေနော်။
အဲဒီတော့ သန္ဓေစိတ်ချင်းက တူလျက်သားနဲ့ ငရဲဘုံက သတ္တ၀ါတွေ ဘာလို့ ပိုဒုက္ခရောက်တုန်းဆိုရင် အကုသိုလ်လုပ်တဲ့စွမ်းအားချင်း မတူဘူးလို့ ဒီလို ပြောရမယ်၊ ဘယ်အရာပဲဖြစ်ဖြစ် level တို့ degree တို့ဆိုတာ ရှိတယ်နော်၊ ကုသိုလ်လုပ်လည်းပဲ ကုသိုလ်စိတ်စွမ်းအားချင်း တူရဲ့လား၊ မတူဘူး၊ ဒါနလုပ်လုပ်၊ သီလဆောက်တည် ဆောက်တည်၊ ဘာဝနာကမ္မဋ္ဌာန်း ပွားများအားထုတ် အားထုတ်၊ ဖြစ်ပေါ်တဲ့ စိတ်စွမ်းအားချင်းက တစ်ယောက်နဲ့တစ်ယောက် မတူဘူး၊ အရှိန်ချင်းလည်း မတူဘူး၊ အဟုန်ချင်းလည်း မတူဘူး၊ သို့သော် လှူတာဆို ဒါနပဲ၊ ဆောက်တည်တာတွေက ကျင့်သုံးတာက သီလပဲ၊ ပွားများအားထုတ်တာက ဘာဝနာပဲ၊ ဒါချင်းကျတော့ တူတယ်နော်၊ level တို့ degree ဆိုတာ မတူဘူး၊ ဆိုလိုတာက quality မတူဘူး၊ ကံတရားရဲ့ quality မတူဘူး၊ quality မတူပေမယ့်လို့ ပစ္စည်းဟာ ဒီပစ္စည်းပဲ မဟုတ်လားနော်၊ ခုခေတ်သုံးနေတဲ့ပစ္စည်းတွေ ကြည့်လေ၊ quality မတူဘူးဘဲ ပြောကြတာပဲ၊ သို့သော် နာမည်တို့ ပစ္စည်းတို့မတူဘူးလား၊ ဒါပဲ၊ သုံးရတာလည်း ဒါပဲ။
ဥပမာ Radio လေးတစ်လုံးဆိုပါတော့၊ ဘယ်နိုင်ငံကလုပ်တယ်၊ လုပ်တဲ့ နိုင်ငံတွေကိုကြည့်ပြီး ဒါက quality ကောင်းတယ်၊ ဒါက quality မကောင်းဘူး ပြောကြတယ်၊ အဲဒီ quality ကောင်းတာနဲ့ မကောင်းတာမှာ quality မကောင်းလို့ သူ့ကို Radio မခေါ်ရဘူး၊ ဒီလိုမဟုတ်ဘူး၊ သူလည်း Radio ပဲ၊ quality ကောင်းတာလည်း Radio ပဲနော်။
အဲဒီလိုပဲ ကံတရားရဲ့ quality အရ ထုတ်လုပ်လိုက်တဲ့ အကျိုးတရားတွေဟာ quality ချင်း ကွာသွားတယ်တဲ့၊ ငရဲကျတဲ့အခါကျတော့ quality အမြင့်ဆုံးပေါ့၊ အဲဒါကြောင့်မို့လို့ အခံရဆုံးလို့ ပြောရမှာပေါ့၊ သူ့ထက်နည်းနည်း quality လျော့ရင် တိရစ္ဆာန်ပေါ့၊ ဒီထက်လျော့သွားလို့ရှိရင် ပြိတ္တာပေါ့၊ သန္ဓေစိတ်ချင်း တူပေမယ့်လို့ သူတို့ခံစားရတာချင်း မတူဘူး။
ထို့အတူပဲ ကြည့် - လူစဉ်မမီတဲ့လူတွေရဲ့ သန္ဓေစိတ်ကျတော့ ကုသလ ၀ိပါက် ဥပေက္ခာသန္တီရဏ လို့ ခေါ်တယ်၊ သာမန်လူသားတွေ လူစဉ်မီတဲ့လူသားတွေရဲ့ ပဋိသန္ဓေစိတ်ဟာ မဟာဝိပါက်စိတ်ပဲ၊ သို့သော် ချမ်းသာသုခရတာချင်း တူကြရဲ့လား၊ မတူဘူး၊ ဒါလည်း စဉ်းစားကြည့်ပေါ့၊ ဒါဖြင့် မတူတာ ဘာဖြစ်လို့ မတူတာတုန်းလို့ အဖြေရှာရင် quality မတူဘူးလို့ ပြောရမယ်။
ဒါကြောင့်မို့လို့ သုတ္တန်ပါဠိတော်တွေမှာ ဒါနကောင်းမှုကို နည်းနည်း၊ သီလကောင်းမှုကို နည်းနည်း၊ ဘာဝနာ လုံးဝမပါဘူးဆိုရင် လူ့ပြည် ဖြစ်တယ်၊ ဒါန ကောင်းမှု လွန်လွန်ကဲကဲ၊ သီလကောင်းးမှု လွန်လွန်ကဲကဲ၊ ဘာဝနာကောင်းမှု မပါဘူးဆိုရင် နတ်ပြည် ဖြစ်တယ် ဆိုတာ ကြည့် - နည်းနည်းနဲ့ လွန်လွန်ကဲကဲ ဆိုတာ quality ကို ပြောတာ၊ လူ့ဘုံဘ၀ကို အကျိုးပေးတဲ့ဒါနနဲ့ နတ်ပြည်နတ်ဘ၀ ရောက်သွားတဲ့ဒါန quality ချင်း မတူဘူးလို့ ပြောရမယ်၊ ဒီလို ဆိုလိုတာပေါ့၊ အင်္ဂုတ္တိုရ် ပုညကြိယာဝတ္ထုသုတ်မှာ ဒီအတိုင်း ရှိတယ်၊ ဒါလေးက သတိထားမိဖို့ လိုတယ်ပေါ့၊ လူချမ်းသာနဲ့ နတ်ချမ်းသာ မတူတာဟာ quality မတူလို့၊ သန္ဓေ စိတ်ချင်းကျတော့ တူတူပဲ၊ ကားတောင်မှ ကားလို့ခေါ်ရပေမယ့်လို့ အမျိုးအစား မတူရင် တန်ဖိုးချင်းတူရဲ့လား၊ မတူဘူး၊ အဲဒီလိုပဲ တန်ဖိုးမတူတာကို ပြောတာနော်၊ ကွဲပြားခြားနားမှုဆိုတာ သဘာဝမှာလည်း ဒီအတိုင်းပဲရှိတယ်။
လူ့ဘုံလူ့ဘ၀ကို မြတ်စွာဘုရားက ဘာနဲ့ ဥပမာပေးထားတုန်းလို့ဆိုတော့ အရိပ်ကောင်းကောင်းသစ်ပင်နဲ့ ဥပမာပေးထားတယ်၊ အင်မတန်အရိပ်ကောင်းတဲ့ သစ်ပင်ကြီးအောက်မှာ ထိုင်နေရပြီးတော့ “သြော် အေးလိုက်တာ” ဆိုတဲ့ အနေအထားမျိုး၊ သို့သော် အရိပ်ကောင်းတဲ့ သစ်ပင်ကြီးလို့ ဆိုပေမယ့် ထိုင်နေရတဲ့နေရာက မြေကြီးပေါ်မှာ ဆိုလို့ရှိရင် သို့မဟုတ် နေစောင်းလာလို့ရှိရင်လည်း နေပူက ၀င်လာနိုင်သေးတယ်၊ မိုးရွာလို့ရှိရင်လည်း လွတ်ပါ့မလား၊ မလ�

Credit to Ko Thein Naing Ohn
 

No comments:

Post a Comment

Gold price estimated