Video

Wednesday, 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၇၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၇

Dr နန္ဒမာလာဘိဝံသ

ဝိပ္ပယုတ္တပစ္စယော

“၀ိပ္ပယုတ္တပစ္စယော” ဆိုတာ သမ္ပယုတ္တပစ္စယောနဲ့ ဆန့်ကျင့်ဘက် အဓိပ္ပာယ် မှတ်ယူရမှာ ဖြစ်တယ်။ ပဋ္ဌာန်းပစ္စည်းတွေထဲမှာ ယုဂဠပစ္စယ အစုံအစုံပစ္စည်းတွေ ရှိတယ်၊ အစုံအစုံပစ္စည်းတွေက ဘာတွေလဲ ဆိုလို့ရှိရင် “ကမ္မပစ္စယော, ၀ိပါက ပစ္စယော” ဒါကလည်း အစုံတစ်ခုပဲ၊ “ပုရေဇာတပစ္စယော, ပစ္ဆာဇာတ ပစ္စယော” ဆိုတာ ဒါကလည်း အစုံတစ်ခုပဲ၊ ထို့အတူပဲ “သမ္ပယုတ္တပစ္စယော, ၀ိပ္ပယုတ္တပစ္စယော” အစုံပဲ၊ “အတ္ထိပစ္စယော, နတ္ထိပစ္စယော” ဒါလည်း အစုံပဲ၊ “၀ိဂတပစ္စယော အ၀ိဂတပစ္စယော” ဒါလည်း အစုံပဲ၊ ဆန့်ကျင်ဖက်တွေဖော်ပြပြီး အကြောင်းတရားတွေကို မြတ်စွာဘုရားက ရှင်းထားတယ်။

မနေ့က သမ္ပယုတ္တပစ္စယော ဟောခဲ့တယ်၊ အတူတကွ ပေါင်းစပ်ထားလိုက်တာ၊ ပေါင်းစပ်ထားမှန်း မသိရအောင်, တစ်ခုတည်းကဲ့သို့ ထင်ရအောင် အချက် ၄ ချက်ကို အခြေပြုပြီး ပေါင်းစပ်ထားတယ်၊ ***သမ္ပယုတ္တပစ္စယော - မှီရာဝတ္ထုချင်းတူတယ်၊ ပြုရာအာရုံချင်းတူတယ်၊ ဖြစ်တဲ့အချိန်ချင်းတူတယ်၊ ပျက်သွားတဲ့ အချိန်ချင်း တူတယ်ဆိုတော့ အများကိုပေါင်းစပ်ထားပေမယ့်လို့ တစ်ခုတည်းလို့ ထင်ရအောင် တည်ရှိနေတဲ့ ဒီသဘာဝတရားတွေဟာ အပြန်အလှန် အထောက်အကူပြုပြီး နေကြတယ်ဆိုတာကို ရှင်းလင်းဟောကြားခဲ့တာ ဖြစ်ပါတယ်။


***သမ္ပယုတ္တ နဲ့ ၀ိပ္ပယုတ္တ၊ ‘၀ိ’ ဆိုတဲ့အဓိပ္ပာယ်က ဒီနေရာမှာ ဆန့်ကျင်ဘက်ကို ဖေါ်ပြတယ်၊ ၀ိပ္ပယုတ္တဆိုတာ တစ်ခုတည်းလို ပေါင်းစပ်ထားတဲ့အရာ မဟုတ်ဘူး၊ ဒီနှစ်ခုဟာ အတူတကွ တည်ရှိပြီးတော့ နေကြတယ်၊ သို့သော် ပေါင်းစပ်ထားတဲ့အရာတော့ မဟုတ်ဘူး၊ တစ်ခုတည်းလို့ ထင်ရအောင် ပေါင်းစပ်ထားတာ မဟုတ်ဘူး။

သဘာဝတရားတွေဟာ တစ်ခုတည်းလို ပေါင်းစပ်သွားတာမျိုးဆို သမ္ပယုတ္တ လို့ ခေါ်တယ် (ဥပမာ - နွားနို့နဲ့ရေ) ၊ နွားနို့နဲ့ရေ ရေထားသလိုပဲ ကွဲပြားခြားနားမှု မရှိဘူးလို့ ဒီလိုပြောတာ၊ ဒီတော့ သမ္ပယုတ္တဆိုတဲ့ အဓိပ္ပာယ်က အဲဒီလို ရောစပ်သွားတဲ့ အနေထိအောင် ပေါင်းထားတာကို ပြောတာ။

***၀ိပ္ပယုတ္တက အဲဒီလို မဟုတ်ဘူး၊ ရောစပ်လို့ မရဘူး၊ အတူတကွ တည်ရှိနေပေမယ့်လို့ ရောစပ်လို့မရတဲ့ သဘာဝတရားတွေဟာလည်း တစ်ခုနဲ့တစ်ခု အထောက်အကူပြုပြီး အကြောင်းအကျိုးအဖြစ် ဆက်စပ်တည်ရှိနေကြတာပဲတဲ့၊ ပေါင်းစပ်လို့ရတဲ့ သဘာဝတရားတွေ တည်ရှိနေကြသလို ပေါင်းစပ်လို့မရတဲ့ သဘာဝတရားတွေလည်းပဲ အတူတကွတည်ရှိပြီးတော့ အပြန်အလှန် အကျိုးပြုနေကြတယ်။

ကဲ - သဘာဝချင်းမတူတဲ့တရားဆိုတာ ဘာတွေလဲ၊ ရုပ်နဲ့နာမ်ဟာ သဘာဝချင်း မတူဘူး၊ ဘယ်လိုကွဲပြားခြားနားသလဲဆို
လို့ရှိရင် ရုပ်က အာရုံပြုနိုင်စွမ်း မရှိဘူး၊ အာရုံကို သိနိုင်စွမ်းမရှိဘူး၊ နာမ်ကအာရုံကိုသိတယ်၊ အာရုံသိတာနဲ့မသိတာ၊ ရုပ်က အာရုံကို မသိတဲ့သဘော၊ နာမ်က အာရုံကို သိတဲ့သဘော၊ သို့သော် ရုပ်နဲ့နာမ် အတူမဖြစ်ဘူးလားဆိုရင် ဖြစ်တယ်၊ အခြေခံ သဘာဝချင်းကျတော့ မတူဘူး၊ နောက် ရုပ်ကဖြစ်ပြီး ရပ်တည်နေတာ အင်မတန်နှေးတယ်၊ အပျက်နှေးတယ်၊ အပြောင်းအလွဲနှေးတယ်၊ နာမ်တရားက အပြောင်းအလွဲ အင်မတန်မြန်တယ်၊ ဒီရှုထောင့်က ကြည့်ရင်လည်း ရုပ်နဲ့နာမ် မတူပြန်ဘူးး၊ ရုပ်တရားက ဖြစ်လာပြီးတဲ့နောက်မှာ အချိန်တော်တော်ကြာအောင် တည်ရှိတယ်၊ နာမ်တရားက ခုဖြစ် ခုပျက် သွားတယ်။
*** ဒါကြောင့်မို့ “ရူပံ ဒန္ဓပရိဝတ္တံ” ရုပ်တရားဆိုတာ အင်မတန်နှေးကွေးတဲ့ အပြောင်းအလဲ ရှိတယ်တဲ့၊ နာမ်တရားကျတော့ “နာမံ လဟုပရိဝတ္တံ” နာမ်တရားဆိုတာ လျင်လျင်မြန်မြန် ပြောင်းသွားတာ။

ဒီတော့ ရုပ်နဲ့နာမ်ဟာ သဘာဝချင်း မတူပေဘူး၊ အဲဒီ သဘာဝနှစ်ခုကို မတူတာ အတူထားလိုက်လို့ရှိရင်တော့ တစ်ခုနဲ့တစ်ခု အထောက်အကူပြုပါ့မလားဆိုရင် ပြုတာပေါ့၊ မတူတာတွေကလည်း အတူတကွဖြစ်နေလို့ရှိရင် အထောက်အကူပြုတာပဲ၊ တူမှ အထောက်အကူပြုတာ မဟုတ်ဘူး၊ မတူတဲ့ အရာကလည်း မတူတဲ့အရာတွေကို အထောက်အကူပြုတာပဲ။

မြတ်စွာဘုရားက လောကကြီးဟာ အကြောင်းအကျိုး ဆက်စပ်ပြီး တည်ရှိနေတယ်ဆိုတာကို ထောင့်စေ့အောင်၊ အကြွင်းအကျန်မရှိအောင် ဟောထားတာ၊ အကြောင်းတရားနဲ့အကျိုးတရား ဒီနှစ်ခုဟာ ဆက်စပ်ပြီး ဖြစ်ပေါ်နေတယ်ဆိုတာကို အကြွင်းအကျန်မရှိအောင် သတ္တိ ၂၄ မျိုးကို ခေါင်းစဉ်တပ်ပြီး ဟောသွားတာ၊ ရုပ်တရား နာမ်တရားတွေရဲ့ စွမ်းရည်သတ္တိက အမျိုးမျိုးရှိတယ်၊ အဲဒီစွမ်းရည်သတ္တိတွေကိုပဲ ၂၄ ပစ္စည်းလို့ ခေါ်တာနော်။

ကမ္ဘာလောကကြီးတစ်ခုလုံးဟာ အကြောင်းတရားနဲ့ကင်းပြီးတော့ ဖြစ်တယ်ဆိုတာ တစ်ခုမှမရှိဘူး၊ ဒါကြောင့် မြတ်စွာဘုရားက ကမ္ဘာလောကကြီးကို သင်္ခါရလောကတဲ့၊ နောက်ပြီး သင်္ခတ ဆိုတဲ့ စကားလုံးလေး တစ်လုံးတည်းနဲ့ပြောထားတာ၊ သင်္ခတ မှာ သံ ဆိုတာ အကြောင်းတရားတွေ ပေါင်းစုပြီးတော့ ပြုလုပ်ဖန်တီး အထောက်အကူပြုထားတဲ့အရာလို့ ဒီလိုပြောတာ။

*** အဲဒီလို အကြောင်းတရားတွေက ပေါင်းစပ်ပြီး အထောက်အကူပြုခံထားရတဲ့အရာတွေ မှန်သမျှဟာ သင်္ခတပဲ၊ သင်္ခတမှန်သမျှဟာ အနိစ္စပဲ၊ ဘာဖြစ်လို့တုန်း၊ အကြောင်းကို မှီတည်နေရလို့ပဲ။

အဲဒီအကြောင်းတရားတွေကရော ဘယ်မှာ ရှာရတုန်း၊ ဒီအကြောင်းတရားတွေက အပြန်အလှန်တွေပဲ၊ သူတို့ကိုယ်တိုင်ကပဲ အကြောင်းတရား ဖြစ်နေတာ၊ ဘာဖြစ်လို့တုန်းဆိုတော့ လူ့ဘ၀ ဘာကြောင့်ရလာတုန်းဆို ကံကြောင့် ရလာတယ်လို့ ပြောကြတယ်။

ဒါဖြင့် ကံက ဘယ်မှာ ရှာရမှာတုန်းဆိုတော့ လူ့သန္တာန်မှာပဲ ရှိတာလေ၊ အပြင်ကလာတာ မဟုတ်ဘူး၊ ကံကြောင့် လူဖြစ်တယ်၊ ကံဆိုတာ ဘယ်က ဖြစ်တာတုန်း၊ ထို့အတူပဲ အကြောင်းနဲ့အကျိုးဆိုသည်မှာ တခြားရှာစရာ မဟုတ်ဘူးတဲ့၊ ဆိုင်ရာဆိုင်ရာ သဘာဝတရားတွေဟာ အကြောင်းအကျိုးဖြစ်ပြီးနေကြတယ်၊ သင်္ခတ အကြောင်းတရားတွေက ပေါင်းစုပြီး ထုတ်လုပ်ထားတယ်။

သို့မဟုတ် အကြောင်းတရားတွေက ပေါင်းစုပြီး ဖန်တီးထားတယ်တဲ့။ လောကကြီးမှာ ရှိသမျှအရာအားလုံးဟာ, အစစ်အမှန်သဘာဝအားလုံးဟာ သင်္ခတ တရားတွေချည်းပဲ၊ ထို အစစ်အမှန်တရားတွေအပေါ်မှာ အတွေးအထင်တွေကသာ ပညတ်၊ အတွေးအထင် မဟုတ်ဘဲနဲ့ တကယ့်အစစ်အမှန် သဘာဝတရား မှန်သမျှဟာ သင်္ခတ၊ အကြောင်းတရားတွေက ပေါင်းစပ်ပြီး ထုတ်လုပ်ထားတာတွေချည်းပဲ။

ဒါဖြင့် ***သင်္ခတ ရှိရင် ထိုသင်္ခတရဲ့ဆန့်ကျင်ဖက် အသင်္ခတဆိုတာ မရှိဘူးလားဆိုတော့ ရှိတယ်၊ အဲဒီ အသင်္ခတကို နိဗ္ဗာန်လို့ ပြောတာပေါ့၊ နိဗ္ဗာန်ဆိုတာ အကြောင်းကင်းတယ်၊ အကြောင်းတရားတွေက ပေါင်းစပ်ပြီးတော့ ထုတ်လုပ်ထားတာ မဟုတ်ဘူး၊ ထုတ်လုပ်ထားတာ မဟုတ်သည့်အတွက် နိဗ္ဗာန်ကို ထာဝရမြဲတယ်လို့ ပြောတာ၊ အကြောင်းတရားတွေက ပေါင်းစပ်ထုတ်လုပ်တာမှန်သမျှ ဘယ်တော့မှ မမြဲဘူး၊ ဘာဖြစ်လို့တုန်း၊ အကြောင်းပေါ်မှာ မှီတည်နေလို့၊ အကြောင်းက မမြဲလို့ ဖြစ်ပေါ်လာသည့်အရာသည် ဘယ်တော့မှ မမြဲဘူး၊ နိဗ္ဗာန်ဆိုတာ အကြောင်းကင်းတယ်၊ ထုတ်လုပ်ထားတဲ့အကြောင်း မရှိလို့ နိဗ္ဗာန်က မြဲတယ်ပေါ့၊ သူ့သဘာဝက အမြဲရှိတယ်။

ဒါဖြင့်ရင် အကြောင်းတရားတွေ ပေါင်းစပ်ထားတဲ့ သင်္ခတဟာ မမြဲဘူးးဆိုတာ ဘာကြောင့် သိနိုင်လဲ၊ ရှင်းရှင်းလေးရယ် မြတ်စွာဘုရားက ဟောထားတာ၊ “အနိစ္စသမ္ဘူတံ ကုတော နိစ္စံ ဘ၀ိဿတိ”၊ သံယုတ်ပါဠိတော်မှာ မြတ်စွာဘုရားဟောတဲ့ စကားလုံးတစ်ခု -
*** အနိစ္စသမ္ဘူတံ - မမြဲတဲ့ အကြောင်းတရားက ဖန်တီးလိုက်တဲ့ အရာတစ်ခုဟာတဲ့၊ ကုတော့ နိစ္စံ ဘ၀ိဿတိ - ဘယ်မြဲပါ့မလဲတဲ့၊ ဒါပြောတာ၊ မြန်မာလိုရှင်းရှင်းလေး။

အကြောင်းတရားကမှမမြဲတာ၊ ဘယ်လိုလုပ်အကျိုးတရားကမြဲမှာတုန်း၊ ဥပမာနဲ့ပြောမယ်ဆိုရင် “သေတတ်တဲ့ အမေအဖေက မွေးထားလို့ရှိရင် ဒီလူဟာ မသေဘဲ ရှိပါ့မလား” မရှိဘူး။ အဲဒီလို သေတတ်တဲ့ အမေအဖေက မွေးထားမှတော့ သေမှာပဲပေါ့၊ အကြောင်းတရားကမှ မမြဲဘူးဆိုရင် အကြောင်းတရားက ထုတ်လုပ်တဲ့ အကျိုးတရားကော မြဲနိုင်ပါ့မလား၊ သံယုတ်ပါဠိတော်မှာ အဲဒီ အတွေးအခေါ်ကို မြတ်စွာဘုရားက ပေးထားတာ။

ထို့အတူပဲ မမြဲဘူးဆိုလို့ရှိရင် စိတ်ထဲမှာ ကျေနပ်စရာမကောင်းဘူး၊ အားရစရာ မရှိဘူး၊ အားကိုးစရာ မရှိဘူးး၊ ဖြစ်မှုပျက်မှုတွေက အမြဲတမ်း ဒုက္ခပေးနေတဲ့ အရာကို ဒုက္ခလို့ ခေါ်တာပဲ၊ အနှောက်အယှက်ပေးနေတဲ့အရာကို ဒုက္ခလို့ ခေါ်တာပဲ၊ အဲဒီ ဒုက္ခကို တားဆီးလို့ရမလား၊ ကိုယ်ဖြစ်ချင်တိုင်းဖြစ်လို့ရမလား၊ မရဘူး။ မရတာကို အနတ္တလို့ပြောတာ၊ ဒါကြောင့်မို့ “ယဒနိစ္စံ တံ ဒုက္ခံ” –

*** အနိစ္စသည်ပင် ဒုက္ခ၊ “ယံ ဒုက္ခံ တဒနတ္ထာ” - ဒုက္ခသည်ပင် အနတ္တပဲလို့ မြတ်စွာဘုရားက ဟောတာ၊ အနိစ္စ ဒုက္ခ အနတ္တဆိုတာ တစ်ခုမြင်ရင် ကျန်တာတွေ မြင်သွားတယ်လို့ ပြောတာနော်။

ဒါကြောင့်မို့ မြတ်စွာဘုရားက အနိစ္စကို တွေးသလိုပဲ ဒုက္ခကိုလည်းပဲ ဆင်ခြင်စဉ်းစားဖို့ “ဒုက္ခသမ္ဘူတံ ကုတော သုခံ ဘ၀ိဿတိ”၊ အကြောင်းတရားက ဒုက္ခဆိုရင် ဒုက္ခကြောင့် ဖြစ်လာတဲ့ အကျိုးတရားဟာ ဘယ်လိုလုပ် သုခဖြစ်နိုင်မှတုန်း၊ ထုတ်လုပ်တဲ့တရားက ဒုက္ခဆိုရင် ဖြစ်ပေါ်လာတဲ့ အကျိုးတရားဟာ ဘယ်လိုလုပ် သုခ ဖြစ်နိုင်မှာတုန်း၊ ထုတ်လုပ်တဲ့တရားက ဒုက္ခဆိုရင် ဖြစ်ပေါ်လာတာ ဒုက္ခပဲဖြစ်မှာပဲတဲ့။

တစ်ဆက်တည်း စဉ်းစားကြည့်၊ “အနတ္တသမ္ဘူတံ ကုတော အတ္ထာ ဘ၀ိဿတိ” - အနတ္တတရားက ထုတ်လုပ်လိုက်တဲ့အရာသည် ဘယ်တော့မှ အတ္တဖြစ်နိုင်မလဲ၊ မဖြစ်နိုင်ဘူး၊ ဒါ ၀ိပဿနာဉာဏ်နဲ့ ဆင်ခြင်စဉ်းစားကြည့်ဖို့ ပြောတာနော်။

သင်္ခတဆိုတဲ့ သဘာဝတရားတွေဟာ အကြောင်းအကျိုးတွေနဲ့ ဆက်စပ်ပြီး နေတတ်ကြတယ်၊ ဒီနေရာမှာ ၀ိပ္ပယုတ္တပစ္စယော ဆိုတာကို ပစ္စယနိဒ္ဒေသပါဠိတော်မှာ -
“ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ၀ိပ္ပယုတ္တပစ္စယေန ပစ္စယော”။

*** ရူပိနော ဓမ္မာ - ရုပ်တရားတွေဟာတဲ့၊ အရူပီနံ ဓမ္မာနံ - နာမ်တရားတွေကို၊ ၀ိပ္ပယုတ္တပစ္စယေန - ၀ိပ္ပယုတ္တပစ္စည်းဖြင့်၊ ပစ္စယော - ကျေးဇူးပြုပါတယ်တဲ့။

ဆိုလိုတာက ဘုန်းကြီးတို့တတွေမှာရှိတဲ့ -

***ရုပ်နဲ့နာမ်တွေဟာ အပြန်အလှန် ကျေးဇူးးပြုနေကြတယ်လို့ ပြောတာ၊ ရုပ်တရားသည် အပြန်အလှန် ကျေးဇူးးပြုနေတယ်၊ ဆက်စပ်ပြီး ဖြစ်ပေါ်ကြတာ၊ ဒီတော့ အပြန်အလှန် ကျေးဇူးပြုပေမယ့်လို့ ရောစပ်ထားတဲ့အရာတော့ မဟုတ်ဘူးတဲ့၊ အတူတကွ ဖြစ်ချင်ဖြစ်မယ်၊ ရောစပ်ပြီးတော့ မနေဘဲနဲ့၊ တစ်ခုနဲ့တစ်ခုသည် ပေါင်းစပ်လို့မရဘဲ ရုပ်တရားက နာမ်တရားကို ကျေးဇူးပြုတယ်တဲ့၊ ၀ိပ္ပယုတ္တပစ္စယော။

= = = = = = = = = (စာဖြတ်ထားသောနေရာ) = = = = = = =

ကောင်းပြီ - အခုပြောချင်တာက ကြည့် -

{*** ဟဒယ၀တ္ထုရုပ်က သန္ဓေစိတ်နဲ့အတူတကွဖြစ်ပြီးေ
တာ့ ထိုသန္ဓေစိတ်ကို ၀ိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ပေါင်းစပ်လို့မရတဲ့ အနေအထားအနေနဲ့ အတူတူဖြစ်ကြတာ၊ အတူတူဖြစ်ပြီး ကျေးဇူးပြုကြတယ်၊ ဒါဖြင့် အဲဒီ ဟဒယ၀တ္ထုက ပထမဘ၀င်ကို ကျေးဇူးပြုတဲ့အခါကျတော့ အတူတူဖြစ်ကြတာ ဟုတ်ရဲ့လား၊ မဟုတ်ဘူးနော်။}
{အဲဒီပထမဘ၀င်ကို ကျေးဇူးပြုတဲ့ ဟဒယ၀တ္ထုသည် သန္ဓေစိတ်နဲ့ အတူတကွပေါ်လာတဲ့ ဟဒယ၀တ္ထုဖြစ်တယ်ဆိုတော့ ပထမဘ၀င် မပေါ်ခင်က ခဏ ၂ခု စောပြီးတော့ မပေါ်ဘူးလား၊ ပေါ်တယ်နော်။}

{*** ခဏ ၂ခု စောပြီးတော့ သူက ပေါ်သည့်အတွက်ကြောင့် သူက born earlier လို့ ခေါ်တယ်၊ ကြိုတင်ပြီးတော့ မွေးလာတာ၊ ဘ၀င်စိတ် မပေါ်ခင်က သူက ကြိုတင်ပြီးတော့ မွေးလိုက်တာမို့ သန္ဓေစိတ်နဲ့ အတူတကွဖြစ်တဲ့ ဟဒယ၀တ္ထုသည် ပထမဘ၀င်စိတ်ကို အထောက်အကူပြုတဲ့ မှီရာအနေနဲ့ ဆောင်ရွက်ပေးတဲ့ အခါကျတော့ ပေါင်းစပ်လို့မရတဲ့ အနေအထား ဖြစ်သည့်အတွက်ကြောင့် အဲဒါကျတော့ ပုရေဇာတ၀ိပ္ပယုတ်လို့ ပြောတာ။}

{ဒီတွန့်ကွင်းလေးထဲက စာသားလေးကို သေချာစဉ်းစားပြီးမှဖတ်စေချင်ပါတယ်ခင်ဗျာ။ ကျွန်တော်စာဖြတ်တာတွေ များသွားတဲ့အတွက်ကြောင့် ဆက်စပ်မှုတော်တော်များ အားနည်းသွားရတဲ့အတွက် နားရှုပ်သွားမှာစိုးလို့ပါ။ ဆရာတော်က ပဋိသန္ဓေစိတ်ကနေ စုတိစိတ် ထိ ပြန်လည်ရှင်းလင်းချက်ကို ရှေ့ကပို့စ်တွေမှာ ရေးပြီးဖြစ်လို့ ပို့စ်တင်ဖို့အနေနဲ့ သိပ်ရှည်နေမှာစိုးလို့ ဖြတ်ချလိုက်တာက စာမျက်နှာ ၆ မျက်နှာစာရှိပါတယ်။ ရေးထားပေမယ့် ထည့် မပေးလိုက်တာပါခင်ဗျာ။ ဆက်စပ်မိအောင် ဖတ်ချင်တယ်ဆိုယင်တော့ ကျွန်တော် comment မှာ ကူးတင်ပေးပါမယ်။ ကျေးဇူးပါခင်ဗျာ။ TNO}

*** ပုရေဇာတ၀ိပ္ပယုတ်ဆိုတာ ကြိုတင်ဖြစ်နှင့်ပြီးတော့ ပေါင်းစပ်လို့မရတဲ့ ရုပ်တရားက နာမ်တရားကို အထောက်အကူပြုတယ်ပေါ့၊ ဒါ ပြောတာနော်၊ “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ” ဆိုတဲ့စကားလုံးမှာ အရကောက်ကျမ်းက ခွဲခြားပြီးတော့ ဒီလိုကောက်တယ်၊ အဲဒါ ရှင်းသွားပြီနော်၊ သန္ဓေစိတ်ကို ဟဒယ၀တ္ထုက အထောက်အကူပြုတဲ့အခါမှာ born together သဟဇာတ၀ိပ္ပယုတ်၊
*** အဲဒီ ဟဒယ၀တ္ထုက ပထမဘ၀င်စိတ်ကို အထောက်အကူပြုတဲ့အခါကျတော့ ကြိုတင်ပြီးတော့ မွေးဖွားတာဖြစ်လို့ born earlier ပုရေဇာတ၀ိပ္ပယုတ်လို့ ခေါ်တယ်၊ ဒီသဘောကိုပြောတာ၊ ဒါက “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ၀ိပ္ပယုတ္တပစ္စယေန ပစ္စယော” လို့ ဒါက ပစ္စယနိဒ္ဒေသအရ ပြောပြတာ။

ပဉှာဝါရကျတော့ ထပ်ပြီး ခွဲတယ်၊ ဓမ္မကို ထပ်ပြီး အသေးစိတ်လိုက်တဲ့အခါ သဘာဝချင်းမတူတဲ့ ဓမ္မတွေက ကုသိုလ်လား၊ အကုသိုလ်လား၊ အဗျာကတလားထပ်ခွဲတယ်ပေါ့။

*** ဒီတော့ လူတွေဟာ ပဋိသန္ဓေစလာတဲ့အခါမှာ ကုသိုလ်နဲ့လည်း မစဘူး၊ အကုသိုလ်နဲ့လည်း မစဘူး၊ ဘာနဲ့စတုန်း ? အဗျာကတနဲ့စတယ်။
*** သန္ဓေစိတ်ဆိုတာ အဗျာကတ၊ အဲဒီလို သဘောပေါက်ထားလို့ရှိရင် အင်မတန်မှ လွယ်တယ်ပေါ့။

*** ဒီတော့ ကုသိုလ်စိတ်ကို အထောက်အကူပြုမယ့် ရုပ်ဆိုတာ အခုအချိန်မပေါ်ဘူး၊ အကုသိုလ်စိတ်ကို အထောက်အကူပြုမယ့် ရုပ်ကလည်း အခုချိန် မပေါ်သေးဘူး၊ အဗျာကတကို အထောက်အကူပြုတယ်လို့ပဲ ဒီလိုပြောရမယ် ဒီအချိန်မှာ။

ကဲ ကောင်းပြီ - ပဉှာဝါရကျတော့ အဲဒီလို ထပ်ပြီးတော့ ခွဲလိုက်သေးတယ်၊ အဗျာကတက ကုသိုလ်ကို၊ အဗျာကတက အကုသိုလ်ကို၊ အဗျာကတက အဗျာကတကိုလို့ ထပ်ပြီးတော့ ခွဲလိုက်တယ်၊ ကုသိုလ်ကို အဓိကထားပြောတာက တစ်ခု၊ အကုသိုလ်ကို အဓိကထားပြောတာက တစ်ခု၊ အဗျာကတကို အဓိကထားပြီးပြောတာကတစ်ခု၊ ၃ခု ဒီလိုရှိတယ်၊ ဒါက ပဉှာဝါရမှာ ဟောတဲ့တရား။

ပဉှာဝါရနဲ့ ပစ္စယနိဒ္ဒေသက အင်မတန်မှ နီးစပ်တယ်၊ ဟောပုံချင်းလည်းတူတယ်၊ ဘယ်လိုကွာလဲ ?
ပစ္စယနိဒ္ဒေသက အကျဉ်း၊ ပဉှာဝါကျတော့ အကျယ် ထပ်ပြောတယ်၊ အဲဒါပဲ ကွာတယ်၊ ဟောပုံဟောနည်းလည်း အတူတူပဲ၊ စကားလုံး သုံးတာလည်း တူတယ်။

- - - - - - - - -- - - - - -- - - - -- - - -

ကဲ နောက်တစ်ခု ဘာလာပြန်တုန်းဆိုရင် အပြန်အလှန်
“အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ ၀ိပ္ပယုတ္တပစ္စယေန ပစ္စယော”၊ နာမ်တရားကလည်းပဲ ရုပ်တရားကို ၀ိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့။

ဘယ်အခါ ကျေးဇူးပြုတယ်ဆိုတာတော့ ထပ်ရှင်းရမယ်၊ ဒါကျတော့ ဘာနဲ့သက်ဆိုင်တာတုန်း၊ မွေးဖွားတဲ့အချိန်နဲ့ မသက်ဆိုင်ဘူး၊ လူ့ဘ၀ မွေးဖွားပြီးတဲ့နောက် ၊ မွေးဖွားပြီးတယ်ဆိုတာ သန္ဓေတည်ပြီးတဲ့ နောက်ပိုင်းနဲ့ သက်ဆိုင်တယ်။
*** သန္ဓေတည်ပြီးတဲ့နောက် မသေခင်စပ်ကြားမှာ နာမ်တရားတွေက ရုပ်တရားတွေကို ၀ိပ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုပါတယ်။

ဒီနေရာမှာ နာမ်တရားလို့ ဆိုလိုက်တဲ့အခါ ရုပ်ကိုထုတ်လုပ်တဲ့ နာမ်တရားပေါင်း ၇၅ ခု ရှိတယ်၊ အဲဒီရုပ်ကို ထုတ်လုပ်တဲ့ နာမ်တရားတွေဟာ အဲဒီနာမ်ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် သူက ရုပ်ကိုထုတ်ပြီးသားပဲ၊ စိတ္တဇရုပ်ဆိုတာကို သူကထုတ်တယ်၊ စိတ်က သူ့ဟာသူတင်ဖြစ်လာတာ မဟုတ်ဘူး။

*** ဖြစ်လာလိုက်တာနဲ့တစ်ပြိုင်နက် ရုပ်တစ်ခုကို မွေးဖွားပေးလိုက်တယ်၊ ရုပ်တစ်ခုကို မွေးပေးလိုက်တယ်ဆိုတော့ စိတ်နဲ့ရုပ်က ရောနေတာလား၊ ရောစပ်ထားလားလို့မေးရင် မရောစပ်ဘူးတဲ့။

ပေါင်းစပ်ထားတဲ့အရာ မဟုတ်ဘူးတဲ့။ စိတ်ကနေပြီးတော့ စိတ္တဇရုပ်ကို ထုတ်လုပ်တဲ့အခါ စိတ်ပေါ်ပေါ်ချင်း စိတ္တဇရုပ်ကိုထုတ်တာ ဖြစ်သောကြောင့်၊ ထိုစိတ်နဲ့စိတ္တဇရုပ်သည် အတူတကွ ဖြစ်လာကြတာ၊ ရုပ်ကိုထုတ်လုပ်နိုင်တဲ့စိတ်တွေဟာ သူတို့ ဖြစ်တိုင်းဖြစ်တိုင်း ရုပ်ကို အသစ်ဖြစ်စေတာ။

ဆိုပါစို့ -

ခုနက ပထမဘ၀င်စိတ်ဟာ ပေါ်လာချင်းပင် ရုပ်ကို ဖြစ်စေတာ၊ ပဋိသန္ဓေစိတ်ကတော့ ရုပ်ကို မထုတ်နိုင်ဘူး၊ ဘာဖြစ်လို့ မထုတ်နိုင်တုန်း၊ အခုမှ ဘ၀သစ်မှာ သူကစရတာဖြစ်တော့ သူ့မှာ mature မဖြစ်သေးဘူးး၊ တခြားအလုပ် မလုပ်နိုင်ဘူး၊ ဒါတော့ ဟုတ်တာပဲ၊ သဘာဝကျပါတယ်၊ ကလေးပေါက်စလေးက အလုပ်တစ်ခုကို အကုန်လုပ်နိုင်ပါ့မလား၊ ဘယ်လုပ်နိုင်ပါ့မလဲ၊ အခုမှ ရောက်လာတဲ့လူက လူသစ်ပဲ၊ သူက ဘာလုပ်နိုင်ဦးမှာတုန်း။

ဟော ဘ၀င်စိတ်ရောက်တဲ့အခါကျတော့ -

*** ပထမဘ၀င်စိတ်တင်ပဲ စိတ္တဇရုပ်ကို ဖြစ်စေတယ်၊ စိတ်က ဘွားကနဲပေါ်လိုက်သလို သူထုတ်လိုက်တဲ့ ရုပ်ကလည်း ဘွားကနဲ့ ပေါ်လာတယ်၊ ဒီနှစ်ခုသည် တစ်ပြိုင်နက်ပေါ်တာ ဖြစ်တယ်။

အဲဒီ တစ်ပြိုင်နက်ပေါ်တဲ့ရုပ်နဲ့စိတ်ဟာ ပြိုင်တူတော့ ဖြစ်တယ်၊ သို့သော် ရောစပ်ထားတဲ့အရာ မဟုတ်သည့်အတွက်ကြောင့် *** သဟဇာတ၀ိပ္ပယုတ်၊ (ပြိုင်တူဖြစ်လို့ သဟဇာတ၊ ပေါင်းစပ်ထားတာ မဟုတ်သည့်အတွက်ကြောင့် ၀ိပ္ပယုတ္တ) ဒီလိုပြောတာနော်၊ “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ”၊ ဒါက တစ်ခု။

နောက်တစ်ခုက ဘာပြောရဦးမလဲဆိုတော့ ခုနတုန်းကဟာကို နောက်တစ်ခု ထပ်ပြောတာ၊ ဒါက “အရူပိနော ဓမ္မာ ရူပီနံ ဓမ္မာနံ”၊ နာမ်တရားကနေ ရုပ်တရား၊ ကဲ ဘာပြောရဦးမတုန်းဆိုရင် ရုပ်နဲ့ နာမ်ရဲ့ ဆက်စပ်နေမှုကို ပြောမယ်ဆိုလို့ရှိရင် - ဆိုပါစို့ -

ခုန၀တ္ထုရုပ်တွေဆို *** အရင်ကြိုတင်ပြီးတော့ ဖြစ်နေတာတွေက နောက်မှဖြစ်တဲ့ နာမ်တရားကို ကျေးဇူးပြုတယ်။

*** ထို့အတူပဲ နောက်မှဖြစ်လာတဲ့စိတ်တွေကလည်း ရှေ့ကကြိုတင်ဖြစ်နေတဲ့ ရုပ်တွေကို အပြန်အလှန် အထောက်အကူပြုပါတယ်တဲ့၊ ထုတ်လုပ်တာတော့ မဟုတ်ဘူး၊ အထောက်အကူပြုတာနော်။

[အကျိုးတရားက အရင်ဖြစ်နေပြီး အကြောင်းတရားက နောက်မှလို့ - ဒီလိုတွေးလို့ရှိရင် နားလည်ဖို့ အလွန်ခက်တယ်၊ ဘ၀တစ်ခုမှာ ဆက်စပ်နေသည့်အတွက်ကြောင့် နောင်ဖြစ်မယ့်ဟာကလည်း ရှေ့ကိုကြိုတင်ပြီး အကျိုးပြုနေတာ၊ ဆက်စပ်နေတဲ့သဘော၊ ကြိုတင်ဖြစ်နေတဲ့ ရုပ်တွေကို နောက်မှဖြစ်လာတဲ့စိတ်က အထောက်အကူပြုတယ်တဲ့၊ အဲဒါကို ပစ္ဆာဇာတ၀ိပ္ပယုတ် လို့ ပြောတာ။]

နောက်မှဖြစ်တဲ့စိတ်တွေက ကြိုတင်ပြီးဖြစ်နှင့်နေတဲ့ ဟဒယ၀တ္ထုစတဲ့ ရုပ်တွေကကို အထောက်အကူပြုနေတယ်။

ကဲ - သက်ရှိထင်ရှားရှိနေတဲ့အချိန်မှာ (ခုနက ပြောဖို့ကျန်နေတဲ့ထဲမှာ) “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ” ရုပ်တရားက နာမ်တရားကို အထောက်အကူပြုနေတယ်ဆိုတဲ့ နေရာမှာ ခုနက သာမန် သန္ဓေပိုင်းတစ်ခုပဲ ပြောရသေးတယ်။


ပ၀တ္တိပိုင်း ပြောရအောင်။

လူ့ဘ၀ရလာပြီးတဲ့အခါ မျက်စိဆိုတာ ပေါ်မလာဘူးလား၊ ပေါ်လာတယ်၊ နားဆိုတာ ပေါ်တယ်၊ နှာခေါင်းဆိုတာ ပေါ်တယ်၊ လျှာဆိုတာလည်း ပေါ်လာတယ်၊ ကိုယ်ဆိုတာလည်း ပေါ်တယ်၊ ခုနက ဟဒယ၀တ္ထုတစ်ခုပဲ ပြောရသေးတယ်၊ (၀တ္ထုရုပ်က ၆ခု ရှိတယ်၊ စက္ခုဝတ္ထု သောတ၀တ္ထု ဃာန၀တ္ထု ဇိဝှါဝတ္ထု ကာယ၀တ္ထု ဟဒယ၀တ္ထု၊
ခုနကပြောတာ ဟဒယ၀တ္ထုတစ်ခုပဲ ပြောခဲ့သေးတယ်၊ ဟဒယ၀တ္ထုတစ်တည်းကိုပဲ born together, born earlier နှစ်ခုရတယ် ဟုတ်ရဲ့လား) အခုပြောမှာက စက္ခုဝတ္ထု၊ သောတ၀တ္ထု၊ ဃာန၀တ္ထု၊ ဇိဝှါဝတ္ထု၊ ကာယ၀တ္ထု၊ အဲဒီထဲမှာ စက္ခုဝတ္ထုဆိုတဲ့ မျက်စိအကြည်ရုပ်ဟာ မြင်သိစိတ်ရဲ့ ပေါက်ဖွားရာနေရာ ဖြစ်တယ်ပေါ့။

[အဲဒီပေါ်နေတဲ့ *** စက္ခုဝတ္ထုသည် ပဉ္စဒွါရ၀ဇ္ဇန်းနောက်မှာ ပေါ်လာမယ့် မြင်သိစိတ်ကို အထောက်အကူပြုပါတယ်တဲ့၊ အဲဒီမြင်သိစိတ်နဲ့ စက္ခုဝတ္ထုဟာ ပေါင်းစပ်လို့ ရလားဆိုတော့ မရဘူး၊ ရောစပ်ထားတာ မဟုတ်ဘူး၊ သဘာဝချင်း မတူဘူး၊ သို့သော် ကြိုတင်ပြီးတော့ မွေးဖွားထားတာဖြစ်လို့ ပုရေဇာတ၊ ပေါင်းစပ်လို့ မရသည့်အတွက်ကြောင့် ၀ိပ္ပယုတ္တ၊ ဒါကြောင့် ပုရေဇာတ၀ိပ္ပယုတ္တ။]
[ထို့အတူပဲ အသံနဲ့ ပတ်သက်လာမယ်၊ အနံနဲ့ပတ်သက်လာမယ်၊ အရသာနဲ့ပတ်သက်လာမယ်၊ အထိအတွေ့နဲ့ပတ်သက်လာမယ်ဆိုရင်လည်း *** ဘ၀င်စိတ်နဲ့ပြိုင်တူဝင်လာတဲ့ ၀တ္ထုရုပ်ကို ၀ိပ္ပယုတ်လို့ ပြောတာ။]

ကဲ အခု ၀ိပ္ပယုတ်နဲ့ပတ်သက်ပြီး ပြောတဲ့ရုပ်တွေဟာ ၀တ္ထုရုပ်တွေကို ပြောတယ်၊ ထိုဝတ္ထုရုပ်ကို မှီတဲ့စိတ်တွေအကြောင်းကို ပြောတယ်၊ နောက်ပြီးတော့ စိတ်က ထုတ်လုပ်တဲ့ရုပ် စိတ္တဇရုပ်တွေကို ပြောတယ်၊ ဒီနေရာမှာ မပြောဘဲထားတာ ဘာတွေ မပြောဘဲထားတုန်းဆိုလို့ရှိရင် ဥတုဇရုပ်တွေ အာဟာရရုပ်တွေတော့ မပြောဘူး၊ အဓိက ထင်ရှားတာကိုပြောတာ။

ပစ္ဆာဇာတ၀ိပ္ပယုတ်ကျတော့ ဥတုဇရုပ်တို့ အာဟာရရုပ်တို့ ဧကဇကာယ ဒွိဇကာယ တိဇကာယ စတုဇကာယဆိုပြီး ပြောတယ်၊ ကျန်တာတော့ မပြောဘူးတဲ့၊ ကြည့် - ခုနတုန်းကပြောတဲ့ သန္ဓေစိတ်နဲ့ အတူတကွဖြစ်လာတာ ကမ္မဇရုပ်တဲ့၊ ဘ၀င်စိတ်နဲ့ ပြောတဲ့အခါကျတော့ စိတ္တဇရုပ်ကို ပြောတာ။

*** မြတ်စွာဘုရားက ဒီနေရာမှာ ၀တ္ထုရုပ်နဲ့ဝတ္ထုရုပ်ကိုမှီဖြစ်တဲ့စိတ်ရယ်၊ အဲဒီနှစ်ခုဟာ ပေါင်းစပ်ထားတာ မဟုတ်ဘူး၊ ရောစပ်လို့ မရတဲ့အရာတွေဖြစ်လို့ *၀ိပ္ပယုတ္တပစ္စည်း ဆိုပြီး ဟောတယ်။

အဲဒီနေရာမှာ စဉ်းစားစရာတစ်ခုပေါ်လာတယ်၊ ရုပ်ဟာ ကုန်သွားပြီလားဆို မကုန်သေးဘူးနော်၊ အခုပြောတာက ၀တ္ထုရုပ်ပဲ ပြောနေတာ။


စိတ်နဲ့အာရုံ ၀ိပ္ပယုတ်ဖြစ်သော်လည်း မဟော

အဲဒီစိတ်ဟာ အာရုံနဲ့ကော မဆက်သွယ်ဘူးလား၊ ရူပါရုံက ရုပ်မဟုတ်ဘူးလား၊ ဟုတ်တယ်၊ သဒ္ဒါရုံကရော၊ အသံကလည်း ရုပ်ပဲ၊ အနံ့ကလည်းရုပ်ပဲ၊ ဖောဋ္ဌဗ္ဗာရုံကလည်း ရုပ်ပဲ၊ *** အဲဒါတွေနဲ့ စိတ်နဲ့ကျတော့ ဘာဖြစ်လို့ *၀ိပ္ပယုတ္တပစ္စယောလို့ မဟောတာလဲ၊ *ရုပ်အာရုံတွေနဲ့ စိတ်နဲ့ကလည်း ပေါင်းစပ်လို့ရရဲ့လား?
စိတ်ရဲ့မှီရာဖြစ်တဲ့ဝတ္ထုရုပ
်နဲ့ စိတ်ကိုသာလျှင် ၀ိပ္ပယုတ္တလို့ ဟောတာ၊ ထိုစိတ်က အာရုံပြုတဲ့ ရုပ်အာရုံတွေကျတော့ ဘာဖြစ်လို့ ၀ိပ္ပယုတ္တပစ္စယောလို့ မဟောတာလဲ ?
မေးခွန်းကလေးတစ်ခုတက်လာတယ်၊ ဟုတ်တယ် မဟုတ်ဘား။

*** [သူက ရုပ်နဲ့နာမ်ပဲလေ၊ အာရုံက ရုပ်၊ အာရုံပြုနေတဲ့စိတ်က နာမ်၊ အာရုံရုပ်နဲ့ အာရုံပြုတဲ့နာမ် တရားနှစ်ခုကရော ပေါင်းစပ်လို့ ရမလားဆိုတော့ မရဘူး။]
မရတာကို ဘာဖြစ်လို့ မြတ်စွာဘုရားက ၀ိပ္ပယုတ္တပစ္စယောလို့ ထည့်မဟောတာတုန်းလို့မေးရင် အဖြေရှိတယ်၊ အာရုံဆိုတာ အတွင်းက လာတာလား၊ အပြင်က လာတာလား၊ အပြင်ကလာတာနော်။

မျက်စိမှာထင်ဟပ်တဲ့အာရုံသည် အပြင်က လာတာလား၊ အတွင်းက လာတာလား၊ အသံကရော ? အပြင်ကလာတာ၊ အနံ့ကရော ? အပြင်က လာတာတွေ၊ ဒီတော့ အပြင်ကလာတဲ့ရုပ်နဲ့ အတွင်းက စိတ်နဲ့ရောသလား၊ မရောသလား၊ ပေါင်းစပ်နေသလား၊ မပေါင်းစပ်ဘူးလားလို့ သံသယ ဖြစ်စရာရှိပါ့မလား ? မရှိပါဘူး၊ မရှိလို့ မြတ်စွာဘုရားက မဟောတာတဲ့၊ ထင်ရှားတာကို မပြောတော့ဘူး၊ ကိုယ်ဟာကိုယ် သိနိုင်တယ်၊ သိနိုင်တဲ့အရာ မပြောဘူးပေါ့။

ဒါဖြင့် ၀တ္ထရုပ်နဲ့စိတ် ၊ အဲဒါကျတော့ ဘာလို့ ဟောတာတုန်းဆိုတော့ လူတွေက ထင်ကောင်း ထင်လိမ့်မယ်တဲ့၊ မြင်သိစိတ်ဟာ မျက်လုံးထဲက ထွက်လာတော့ မြင်သိစိတ်နဲ့ မျက်လုံးဟာ ပေါင်းစပ်ထားတာလို့ ထင်ချင်ထင်နေမယ်၊ သမ္ပယုတ္တအနေနဲ့ ရောစပ်ထားတယ်လို့ ထင်ကောင်းထင်လိမ့်မယ်။

ကြားသိစိတ်ဟာ နားက ထွက်လာတာဆိုပြီးတော့ နားနဲ့ကြားသိစိတ်၊ သောတပသာဒရုပ်နဲ့ကြားသိစိတ်ဟာ ရောစပ်နေတယ်လို့ ထင်မှာစိုးလို့၊ နံသိစိတ်ဟာလည်းပဲ ဃာနပသာဒမှာ မှီပြီးဖြစ်လို့ ဃာနပသာဒထဲမှာ ဒီနံသိစိတ်တွေ ရောစပ်ပေါင်းစပ်နေတယ်လို့ ဒီလို ထင်မှာ စိုးတယ်၊ လျက်သိစိတ်ကလည်း လျှာကို မှီပြီး ဖြစ်လာတာ ဖြစ်သောကြောင့် လျှာနဲ့ဇိဝှာပသာဒရုပ်နဲ့ပေါင်းစပ်ရောစပ်ထားတယ်လို့ ထင်မှာစိုးလို့၊ ထိသိစိတ်ကလည်းပဲ ကာယ၀တ္ထုပေါ်မှာ မှီပြီးတော့ ဖြစ်လာတာ ဖြစ်သောကြောင့် ကာယပသာဒနဲ့များ ပေါင်းစပ်နေသလားလို့ သံသယဖြစ်စရာရှိလို့၊ ရင်ထဲနှလုံးထဲက ပေါက်ဖွားလာတဲ့စိတ်တွေကလည်းပဲ နှလုံးသားနဲ့ ပေါင်းစပ်နေတာလားလို့ ရောစပ်ထားတာလားလို့ သမ္ပယုတ္တလား ယှဉ်တွဲနေတာလားလို့ ယုံမှားသံသယ ရှိမှာစိုးလို့တဲ့၊ အဲဒါပဲ ဟောတယ်။

*** [ဒီတော့ ၀ိပ္ပယုတ္တပစ္စယောဆိုတာ သမ္ပယုတ္တလို စပ်နေတာတော့ မဟုတ်ဘူး၊ ရောထားတာ မဟုတ်ဘူး၊ *သို့သော် သဘာဝချင်းခြားနားတဲ့အရာတွေကလည်းပဲ *တစ်ခုနဲ့တစ်ခု အထောက်အကူပြုနေတယ်၊ *အပြန်အလှန် အကျိုးပြုနေတယ်ဆိုတာကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က *၀ိပ္ပယုတ္တပစ္စယောလို့ ဟောထားခြင်း ဖြစ်ပါတယ်။]

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့ -
သမ္ပယုတ္တပစ္စယောဟာ စိတ်နဲ့ စေတသိက်တွေဟာ အချင်းချင်း ပေါင်းစပ်ထားတယ်လို့ သဘောပေါက်သလို စိတ်နဲ့ရုပ် (သို့မဟုတ်) နာမ်နဲ့ရုပ်၊ ရုပ်နဲ့နာမ် ဒီသဘာဝနှစ်ခုဟာလည်းပဲ အတူတကွ တည်ရှိနေကြသော်လည်းပဲ ပေါင်းစပ်ထားတဲ့အရာတွေ မဟုတ်ဘူးဆိုတာကို သိရှိနားလည်ပြီးတော့ ရုပ်နာမ်သဘောတွေကို ဆင်ခြင် စဉ်းစားခြင်းဖြင့် ၀ိပဿနာဉာဏ်အမြင်မျိုးကိုရရှိအောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ်အပေါင်းတို့သည် ၀ိပဿနာဉာဏ်အမြင် ရရှိနိုင်အောင် ရုပ်နာမ်တို့ရဲ့သဘောကို အလေးအနက် ဆင်ခြင်စဉ်းစားနိုင်ကြပါစေကုန်သတည်း။
ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု။
ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။
…_/|\_…_/|\_…_/|\_…

Credit to Ko Thein Naing Ohn

No comments:

Post a Comment

Gold price estimated