ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၄)
Dr နန္ဒမာလာဘိဝံသ
ဈာနပစ္စယော
ဗုဒ္ဓမြတ်စွာက အကြောင်းတရားတွေကို ၂၄ ပစ္စည်းနဲ့ ရှင်းပြတော်မူခဲ့တယ်၊ ဒီကနေ့ ဈာနပစ္စယော ဟောမယ်၊ ဈာနပစ္စယောဆိုတာ “ဈာန်အင်္ဂါတို့၊ တူစွာဖြစ်ငြား၊ ရုပ်နာမ်များကို၊ ရှုစားစေမှု၊ သတ္တိစုဖြင့်၊ ကျေးဇူးပြုငြား၊ ဈာနပစ္စည်းတရားလည်းကောင်း” ဆိုတဲ့အတိုင်း အာရုံကိုကပ်ပြီးရှုခြင်းဆိုတဲ့ အဓိပ္ပာယ်နဲ့ မြတ်စွာဘုရား ဟောတော်မူခဲ့တယ်။
ဈာနဆိုတဲ့စကားလုံးကို မြန်မာလိုပြန်တဲ့အခါ အဓိပ္ပာယ်မပြန်ဘူး၊ ဈာနကို ဈာန်လို့ ဒီလိုပဲပြန်ကြတယ်၊ ဈာန်ဆိုတဲ့စကားလုံးကို အကြောင်းပြုပြီး မြန်မာစကားတွေထဲမှာ ဈာန်ဝင်စားတယ်၊ ဈာန်ပျံတယ်ဆိုတဲ့ ဝေါဟာရတွေ ပေါ်လာခဲ့တယ်၊ အာရုံတစ်ခုတည်းပေါ်မှာ ကျရောက်တည်နေတယ်ဆိုတဲ့ ဧကဂ္ဂဆတာ သမာဓိတဲ့၊ အဲဒီသဘာဝတရားငါးခုတို့ရဲ့အပေါင်းကို ဈာနလို့ ခေါ်တယ်၊ တစ်ခုစီကို ဈာနလို့ မခေါ်ဘူး၊ ၀ိတက် ၀ိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာ သို့မဟုတ် သုခဥပေက္ခာ။
ဆိုပါစို့ - အောက်ဈာန်တွေ ပြောမယ်ဆိုရင် သုခဝေဒနာ၊ နောက်ဆုံးဈာန်ကျတော့ ဥပေက္ခာဝေဒနာတဲ့၊ ၀ိတက် ၀ိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာဆိုတဲ့ ဒီသဘာဝတရားငါးခုဟာ အချိုးကျကျနဲ့ အင်အားညီတူညီမျှ ဆိုင်ရာအလုပ်ကိစ္စတွေကို တစ်ညီတည်း ဆောင်ရွက်ကြပြီဆိုရင် ဒီသဘာဝတရားငါးခုတို့ရဲ့ အပေါင်းကိုမှ ဈာနလို့ ခေါ်တယ်တဲ့၊ တစ်ခုတည်းကို ဈာန မခေါ်ဘူး၊ ၀ိတက်တစ်ခုတည်းကိုလည်း မခေါ်ဘူး၊ ၀ိစာရတစ်ခုတည်းကိုလည်း ဈာန မခေါ်ဘူး၊ ပီတိတစ်ခုတည်းကိုလည်း မခေါ်ဘူး၊ ဝေဒနာတစ်ခုတည်းကိုလည်း မခေါ်ဘူး၊ ဧကဂ္ဂတာဆိုတဲ့ သမာဓိတစ်ခုတည်းကိုလည်း ဈာနလို့ မခေါ်ဘူးတဲ့၊ ပေါင်းစပ်လိုက်မှ ခေါ်တာ။
ဒီသဘာဝငါးခု တစ်ခုစီ နေလို့ရှိရင် ဈာန မဟုတ်ဘူး၊ အားလုံးပေါင်းလိုက်တဲ့အခါကျမှ သူတို့ကို ဈာနလို့ ခေါ်တာ၊ ဒီတော့ ဈာနဆိုတာ အပေါင်းအစုနဲ့နာမည်လို့ ဒီလိုမှတ်ထားပါ၊ ဒီသဘာဝတရားငါးခုကို ဈာနင်္ဂ၊ ဈာနအင်္ဂ၊ အပေါင်းရဲ့ အစိတ်အပိုင်းတွေ၊ ဈာနကို ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေလို့ ဆိုတယ်။
ဈာနထဲမှာပါဝင်တဲ့ အစိတ်အပိုင်းတွေရဲ့ သဘာဝတရားတွေကို ကြည့်ရအောင်၊ ပထမဆုံး စပြောမယ်ဆိုရင် ဒီသဘာဝတရားတွေရဲ့အစဉ်ဟာ အထက်ဈာန်တွေ တက်တဲ့အခါမှာ ဒီသဘာဝတရားတွေ ကျော်လွှားရတာမို့ အစဉ်အတိုင်း ပြောထားတာ။
ဝိတက္က
ဝိတက္ကတဲ့၊ ၀ိတက်ဆိုတာ ဘာတုန်းလို့မေးရင် မြန်မာစကားထဲမှာလည်း “ညက ၀ိတက်တွေ များတယ်”၊ မြန်မာလိုပြောမယ်ဆိုရင် အတွေးတွေ ကြံစည်တာတွေ စိတ်ကူးတာတွေ၊ စိတ်ကူးတယ်ဆိုတာ စိတ်က အာရုံပေါ်မှာ ကူးကူးသွားတာ၊ ကူးရောက်နေတာ၊ ၀ိတက်ဆိုတာ ကြံစည်တယ်၊ တွေးတော့တယ်၊ စိတ်ကူးတယ်၊ စိတ်ထဲမှာဖြစ်တဲ့ သဘာဝတရားတစ်ခုပဲ၊ အဲဒီ သဘာဝတရားရဲ့ အမှတ်လက္ခဏာက ၀ိတက်သည် စိတ်ကို အာရုံသို့ တင်ပေးခြင်း အမှတ်လက္ခဏာရှိတယ်၊ စိတ်နဲ့အာရုံ တွေ့ရတာ ၀ိတက်က တင်ပေးနေတာ၊ ဒါကိုပဲ စိတ်ကူးတည်၊ စိတ်က ဘယ်ကူးသွားတာတုန်းဆိုရင် အာရုံပေါ်ကူးသွားတာ၊ အာရုံဘက်ကိုရောက်သွားအောင် ကူးသွားတာ၊ ၀ိတက်ရဲ့စွမ်းအားကြောင့် စိတ်ဟာ အာရုံနဲ့သွားပြီးဆုံရတာ၊ စိတ်ကိုအာရုံပေါ်တင်ပေးတယ်၊ “အဘိနိရောပန လက္ခဏာ” - စိတ်ကို အာရုံပေါ် တင်ပေးခြင်းဟာ ၀ိတက်ရဲ့ သဘာဝလက္ခဏာပဲ။
မြန်မာလို ရိုးရိုးပြောရင်တော့ ကြံစည်တယ် တွေးတောတယ် စိတ်ကူးတယ်။ ကြံစည်တယ် တွေးတောတယ်ဆိုတာ ဘာလုပ်တာတုန်းလို့မေးရင် စိတ်ကို အာရုံပေါ်တင်ပေးတာ၊ စိတ်ကို အာရုံပေါ်တင်ပေးနေတာ ၀ိတက်။
အဲဒီဝိတက်ဟာ အချို့သောစိတ်တွေမှာဖြစ်ပြီး အချို့သောစိတ်တွေမှာ မရှိဘူးတဲ့၊ ၀ိတက်ဆိုတဲ့သဘာဝတရားဟာ ကောင်းတာနဲ့တွေ့ရင် အကောင်းဖြစ်သွားပြီး မကောင်းတာနဲ့တွေ့လို့ရှိရင် မကောင်းတဲ့ဘက် ရောက်သွားရော၊ အာရုံပေါ် စိတ်ကို တင်ပေးတယ်ဆိုတဲ့နေရာမှာ သူ့လုပ်ငန်းကတော့ အာရုံပေါ်တင်ပေးတာပဲ ရှိတယ်၊ ဒါ သူ့တာဝန် သူ့လုပ်ငန်းပဲ၊ သူ့ရဲ့ function က အာရုံပေါ် တင်ပေးတာပဲ ရှိတယ်၊ ကောင်းတဲ့အာရုံကိုလည်း တင်ပေးတာပဲ၊ မကောင်းတဲ့အာရုံကိုလည်း တင်ပေးတာပဲ။
စိတ်ဆိုတဲ့နေရာမှာ ကုသိုလ်စိတ်ကိုလည်း အာရုံပေါ် တင်ပေးတာပဲ၊ အကုသိုလ်စိတ်ကိုလည်း အာရုံပေါ်တင်ပေးတာပဲ၊ ဘယ်စိတ်မျိုးဖြစ်ဖြစ် သူက အာရုံပေါ်တင်ပေးတဲ့သဘောပဲ၊ ဒါကြောင့်မို့ ၀ိတက်ဟာ အကောင်းအဆိုးနှစ်မျိုး ရှိတယ်၊ ကောင်းတဲ့စိတ်နဲ့တွေ့တဲ့ ၀ိတက်ကျတော့ အကောင်း၊ မကောင်းတဲ့စိတ်နဲ့တွေ့တဲ့ ၀ိတက်ကျတော့ မကောင်းဘူးလို့ ဒီလိုပြောတာ။
ဝိတက်ရဲ့သဘာဝကို ကြည့်ဦး၊ ဘုန်းကြီးတို့ “စိတ်ရဲ့အတွေးများ” လို့ဆိုပြီး ဟောထားတဲ့ တရားတစ်ပုဒ် ရှိတယ်၊ စိတ်မှန်ရင်တွေးမှာပဲလို့ တချို့က ပြောကောင်းပြောလိမ့်မယ်၊ စိတ်တိုင်းဟာ အတွေးဝိတက်မရှိဘူး၊ အတွေးဝိတက်မပါတဲ့ စိတ်လည်း ရှိတယ်၊ သို့သော် အာရုံကိုသိတာက တွေးတာကိုပြောတာမဟုတ်ဘူး၊ စိတ်ဆိုရင်တော့ အာရုံကို သိတာပဲ၊ သို့သော် တွေးတဲ့ဝိတက် ပါချင်မှပါတယ်။
ဝိတက်ဆိုတဲ့သဘာဝတရားမှာ အကောင်းသုံးမျိုး၊ အဆိုးသုံးမျိုး ရှိတယ်၊ အကုသိုလ်နဲ့တွဲဖက်လာလို့ရှိရင် အဆိုးဘက်ရောက်သွားရော၊ ဘာတွေတုန်းဆို - ဘုန်းကြီးတို့တတွေ နေ့စဉ် တွေးနေတာတွေကိုပဲ ပြန်စစ်ကြည့် - နံပါတ် (၁) က ကာမ၀ိတက္က၊ ကာမဆိုတာ လိုချင်စရာအာရုံ၊ လိုချင်စရာအာရုံဆိုတာ ဘာတုန်း? နှစ်သက်စရာကောင်းတဲ့ မျက်စိနဲ့ ကြည့်လို့ရတဲ့ အာရုံ၊ နားနဲ့ နားထောက်လို့ရတဲ့ အာရုံ၊ နှာခေါင်းနဲ့ နမ်းရှူလို့ရတဲ့ အာရုံ၊ လျှာနဲ့လျက်လိုရတဲ့ အာရုံ၊ ခန္ဓာကိုယ်နဲ့ထိတွေ့လို့ရတဲ့ အာရုံ၊ နှစ်သက်စရာကောင်းတဲ့ ဒီအာရုံတွေကို ဒီနေရာမှာ ကာမ လို့ပြောတယ်။
အဲဒီအာရုံတွေနဲ့ တစ်ခါဆုံမိထားပြီဆိုရင် လူများဟာ ပြန်ပြီးတော့ တွေးတတ်တယ်တဲ့၊ အဲဒီအာရုံကို ပြန်ပြီး စိတ်ကူးကြည့်နေတယ်၊ နှစ်သက်စရာအာရုံမှာ လောဘနဲ့ တွေးတဲ့အတွေးတွေ၊ လိုချင်တဲ့အတွေး၊ တပ်မက်တဲ့အတွေးနဲ့ တွေးနေတာ၊ ခံစားချက်အတွေးနဲ့ တွေးနေတာ၊ မျက်စိကမြင်တဲ့အာရုံ၊ နားက ကြားရတဲ့ အာရုံ၊ နှာခေါင်းက နမ်းရှူရတဲ့အာရုံ၊ လျှာကလျက်ရတဲ့ အာရုံ၊ ခန္ဓာကိုယ်က ထိရတဲ့ အာရုံတွေက နှစ်သက်စရာအာရုံဆိုလို့ရှိရင် လူတွေက ကြံတွေးစိတ်ကူးပြီးတော့ ကျေနပ်နေတာ ရှိတယ်တဲ့၊ လောဘနဲ့တွေးတဲ့ အတွေးတွေကို ကာမ၀ိတက်လို့ ခေါ်တယ်၊ အဲဒီအာရုံတွေကို လိုချင်တပ်မက်နေလို့ရှိရင် ကာမစ္ဆန္ဒလို့ ခေါ်တယ်၊ ၀ိတက်က စိတ်ကို ဒီအာရုံတွေပေါ် တင်ပေးထားလို့ စိတ်က ဒီအာရုံတွေဆီညွတ်ပြီး ပေါင်းစပ်ပြီးနေတယ်၊ ဒါ ၀ိတက်ရဲ့စွမ်းဆောင်ချက်ပဲ။
နောက်တစ်ခါ အပြစ်မကင်းတဲ့အတွေးတစ်ခုက ဘာတုန်းဆိုရင် တစ်စုံတစ်ခုကြောင့် စိတ်ထဲမှာ အလိုမကျဖြစ်တယ်၊ မုန်းတီးတယ်၊ ဒေါသဖြစ်တယ်ဆိုတဲ့ အခါမှာ အလိုမကျမှု မုန်းတီးမှု ဒေါသဖြစ်မှုကို အခြေခံပြီး လူတွေဟာ တွေးတတ်ကြတယ်၊ တွေးတဲ့အခါမှာ အလိုမကျမှုဒေါသကို အခြေခံပြီးတော့တွေးရင် ဒေါသတွေဟာ ကြီးသည်ထက် ကြီးလာတယ်၊ မုန်းတီးမှု အလိုမကျမှု၊ ဒါတွေကို တွေးလိုက်တာ၊ ဗျာပါဒ၀ိတက္ကလို့ ခေါ်တယ်၊ ဒေါသနဲ့အတွေးတဲ့။
ဒေါသနဲ့အတွေးဟာ ဘယ်တော့မှမကောင်းဘူး၊ ဘယ်သူ့ကို ဆဲလိုက်မယ်၊ ဘယ်သူ့ကို ရိုက်လိုက်မယ်၊ ဘယ်သူ့နှက်လိုက်မယ်၊ သတ်လိုက်မယ်၊ ဖြတ်လိုက်မယ်ဆိုတဲ့အတွေးပဲ တွေးမှာပဲ၊ ဒီဝိတက် ဒေါသနဲ့တွေးလိုက်တဲ့ အတွေးတွေ၊ ကမ္ဘာလောကကြီးမှာ ပြဿနာတက်နေတာ ဒီအတွေးတွေကြောင့်ပဲ၊ ဒေါသနဲ့တွေးတဲ့ အတွေးတွေက ဦးဆောင်သွားတယ်။
နောက်တစ်ခုကျတော့ ၀ိဟိံသာဝိတက္က၊ မုန်းတီးတဲ့အတွေး တွေးရုံတင်မကဘူး၊ တစ်ဖက်သားကို ညှင်းဆဲသတ်ဖြတ်လိုတဲ့ အတွေးတွေ တွေးလာတယ်၊ အမုန်းနဲ့တွေးတာ ဒေါသနဲ့တွေးတာက ဗျာပါဒ၀ိတက္က၊ ညှင်းဆဲသတ်ဖြတ်လိုတဲ့ အတွေးကျတော့ ၀ိဟိံသာဝိတက္ကတဲ့၊ ဟော အကုသိုလ်တွေနဲ့ ပတ်သက်လာလို့ရှိရင် အတွေးသုံးမျိုး ရှိတယ်တဲ့၊ မကောင်းတဲ့အတွေးတွေ။
အကျဉ်းချုပ်ပြောမယ်ဆိုရင် ဒီအတွေးသုံးခုဟာ လောဘနဲ့တွေးတဲ့အတွေး၊ ဒေါသနဲ့တွေးတဲ့အတွေး၊ ဒီနှစ်ခုပါပဲ၊ လောဘနဲ့တွေးတယ်၊ ဒေါသနဲ့တွေးတယ်၊ လောဘနဲ့တွေးရင် ကာမ၀ိတက်၊ ဒေါသနဲ့တွေးရင် ဗျာပါဒ၀ိတက်နဲ့ ၀ိဟိံသာဝိတက်၊ မှားယွင်းတဲ့အတွေးသုံးမျိုးတဲ့။
အခု ဈာန်မှာပါတဲ့ ၀ိတက်ကျတော့ မှားယွင်းတဲ့အတွေး မဟုတ်တော့ဘူး၊ ကောင်းတဲ့ကုသိုလ်နဲ့ယှဉ်တွဲလာတဲ့ အတွေးမျိုးတဲ့၊ ပြောင်းပြန်ပြန်ပြီးတော့ကြည့် - ကာမဂုဏ်အာရုံတွေပေါ်မှာ တွေးနေတဲ့အတွေးကို ကာမ၀ိတက် ခေါ်တယ်၊ ပြောင်းပြန်ပြန်လိုက်လို့ရှိရင် ကာမဂုဏ်အာရုံတွေကို စွန့်ပယ်လိုတဲ့ အတွေးဆိုတာလည်း ရှိတယ်နော်၊ ဒီအတွေးတွေက အပျော်အပါးတွေ မလိုက်စားဘဲနဲ့ တရားရိပ်သာသွားပြီး တရားထိုင်ဦးမယ်ဆိုတဲ့ အတွေးကအစ၊ ဒုလ္လဘရဟန်း ခံလိုက်ဦးမယ်၊ ဘယ်နှစ်ရက် တရားထိုင်ဦးမယ် ဆိုတဲ့အတွေးရှိတယ်၊ ဒါ ကောင်းတဲ့ဘက် တွေးတဲ့အတွေး၊ အဲဒါကျတော့ ဘာခေါ်တုန်းဆိုတော့ နေက္ခမ္မ၀ိတက်၊ နေက္ခမ္မဆိုတာ ခုနက လိုချင်စရာ အာရုံတွေကို တွေးနေတဲ့အတွေး၊ အဲဒီအတွေးကို ဖျောက်လိုက်တာ၊ လိုချင်စရာအာရုံတွေကို စွန့်လွှတ်တယ်ဆိုတဲ့အတွေးမျု
ိး တွေးလာတယ်၊ ဒါ နေက္ခမ္မ၀ိတက်၊ အလောဘနဲ့တွေးတယ်။
နောက်တစ်ခု အဗျာပါဒ၀ိတက်၊ မုန်းတဲ့အတွေး ဒေါသနဲ့တွေးတဲ့ အတွေး မတွေးဘဲနဲ့ သည်းခံခြင်း ခွင့်လွှတ်ခြင်းဆိုတဲ့ အတွေးတွေရှိတယ်။
နောက် အ၀ိဟိံသာဝိတက္က၊ လူတစ်ဖက်သားကို ညှင်းဆဲလိုတဲ့စိတ်တွေ မရှိဘူး၊ သနားတယ် ကြင်နာတယ်ဆိုတဲ့ ကရုဏာနဲ့ တွေးတဲ့ အတွေးတွေ၊ “သြော် သနားစရာပဲ၊ ဒုက္ခရောက်နေရှာတယ်” ဆိုတဲ့အတွေးတွေ တွေးတယ်၊ အ၀ိဟိံသာဝိတက္က။
အဲဒီလို ကောင်းတဲ့ဘက်က သုံးမျိုးရှိတယ်၊ မကောင်းတဲ့ဘက်က သုံးမျိုးရှိတယ်၊ အားလုံး ၆ မျိုး။
ဒီနေရာမှာ ကောင်းတဲ့ဘက်ကိုတွေးတဲ့ ၀ိတက်မျိုးဟာ ဈာန်ရဲ့အာရုံတစ်ခုခုပေါ်မှာ ရှုမှတ်ပြီး ကျန်တာတွေနဲ့ ပေါင်းမိသွားပြီဆိုရင် ဈာန်အင်္ဂါဖြစ်သွားတယ်၊ သာမန်အနေနဲ့တော့ ဈာန်အင်္ဂါလို့ ပြောလို့မရဘူး၊ သာမန် တစ်ခုတည်းနေရင် ၀ိတက်ကို ဈာန်အင်္ဂါလို့ ပြောလို့မရဘူး၊ ဈာန်အာရုံကို တွေးလာပြီဆိုရင်တော့ ဈာန်အင်္ဂါဘက် ရောက်လာပြီ။
ဈာန်ဆိုတာ ကောင်းတာကိုလည်း စူးစိုက်ပြီးတော့ ရှုတာပဲ၊ ကောင်းတဲ့စိတ်နဲ့လည်း အာရုံကို စူးးစိုက်ရှုတာပဲ၊ မကောင်းတဲ့စိတ်နဲ့လည်း အာရုံကို စူးးစိုက်ရှုတာပဲ၊ စူးစိုက်ရှုရတာကသာ အဓိကပဲ၊ ဈာန်လို့ဆိုတဲ့အတိုင်း အကုန်လုံးအကောင်းချည်းလို့တော့ မအောက်မေ့လေနဲ့၊ ဒါကြောင့်မို့ ဈာန်အင်္ဂါ ၇ မျိုးပြောတဲ့ထဲမှာ ဒီသမထကျင့်စဉ်ကို ကျင့်လို့ရတဲ့ ဈာန်အင်္ဂါက ၅ မျိုး၊ အာရုံကို စူးစိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောတဲ့ ဈာန်အင်္ဂါကျတော့ ၇ ခု ရှိတယ်၊ သတ္တဈာနင်္ဂါနိ၊ ဈာန်အင်္ဂါ ၇ ခုက ဘာတွေတုန်းဆိုတော့ ၀ိတက် ၀ိစာရ ပီတိ ဧကဂ္ဂတာ သောမနဿ ဒေါမနဿ ဥပေက္ခာတဲ့၊ ဒီထဲမှာ အကုသိုလ်တွေ ပါတယ်၊ ဒေါမနဿဆိုတာ အကုသိုလ်ပဲ၊ ကျန်တာကတော့ ရောနေတယ်။
ဒေါမနဿက အကုသိုလ်စစ်စစ်ပဲ၊ အကုသိုလ်ဈာန်ပဲ၊ ဒေါမနဿဆိုတာလည်း ကြည့်လေ၊ စိတ်ဆိုးပြီး ၀မ်းနည်းပူပန်မှု ဖြစ်နေပြီဆိုလို့ရှိရင် အာရုံပေါ်တွေးနေတာပဲ၊ အာရုံကိုကပ်၍ ရှုနေတာပဲ၊ အာရုံနဲ့ မပြတ်ဖြစ်နေလို့ ၀မ်းနည်းတာ၊ ဒီအာရုံကိုမေ့ပစ်လိုက်ရင် ၀မ်းမနည်းတော့ဘူး၊ ၀မ်းနည်းတယ်ဆိုတာ ၀မ်းနည်းစရာ အာရုံပေါ်မှာ ရှုနေလို့ ၀မ်းနည်းတာ ဖြစ်တာ၊ ဒါကြောင့် လူတွေက ၀မ်းနည်းစရာအာရုံကို မတွေးဘဲနဲ့ မေ့ပစ်တာလည်း ရှိတယ်၊ မူးယစ်ဆေးဝါးအသုံးပြုပြီးတော့ မေ့ပစ်လိုက်တာလည်း ရှိတယ်၊ အိပ်ပစ်လိုက်တာလည်း ရှိတယ်၊ ဟော အိပ်ပျော်သွားမယ်၊ သို့မဟုတ် မူးပြီး တစ်ခုခုဖြစ်သွားမယ်ဆိုရင်လည်း မတွေးတော့ဘူးး၊ ဒါကြောင့်မို့ လူတွေက နည်းအမျိုးမျိုးနဲ့ ဖြေဖျောက်နေကြတယ်။
ဈာန်ဆိုသည်မှာ အာရုံကိုကပ်၍ ရှုခြင်း လို့ဆိုတဲ့အဓိပ္ပါယ် ရသည့်အတွက်ကြောင့် အခု ဈာနပစ္စယောမှာ ကုသိုလ်နဲ့လည်း ဆိုင်တယ်၊ အကုသိုလ်နဲ့လည်း ဆိုင်တယ်လို့ ဒီလိုမှတ်ရမယ်။
ကဲ ကုသိုလ်နဲ့ ပတ်သက်တာကို အဓိကထားပြီး ပြောမယ်၊ ခုနက နေက္ခမ္မ၀ိတက္က၊ အဗျာပါဒ၀ိတက္က၊ အ၀ိဟိံသာဝိတက္က၊ ဒီသဘာဝတရားဟာ ဈာန်အင်္ဂါထဲ မပါဝင်ခင် စိတ်ကို အာရုံပေါ်မှာ တင်ပေးတဲ့သဘာဝ ရှိတယ်တဲ့၊ ဘာစိတ်ပဲ ဖြစ်ဖြစ် အာရုံပေါ်မှာ တင်ပေးတဲ့သဘာဝ ရှိတယ်တဲ့၊ ဘာစိတ်ပဲဖြစ်ဖြစ် အာရုံပေါ်တင်ပေးတယ်၊ သို့သော် အာရုံတစ်ခုပေါ်မှာ စနစ်တကျလေ့ကျင့်ထားပြီဆိုရင
်တော့ သူက ဈာနဖြစ်သွားတယ်။
ဝိစာရ
နောက်တစ်ခုက ၀ိစာရ၊ ၀ိတက်က စိတ်ကို အာရုံပေါ်တင်ပေးလိုက်တာ၊ သူ့တာဝန်က အာရုံပေါ် ထိုးတင်ပေးလိုက်တယ်ဆိုရင် သူ့တာဝန် ပြီးသွားပြီ၊ နောက်ထပ် ဒီတာဝန်ကို ဆက်လက်ယူရတဲ့သဘာဝတရားက ၀ိစာရ၊ ဒါကြောင့်မို့ ၀ိ ဆိုတာ အဖန်ဖန်အထပ်ထပ်၊ စာရ က လှည့်လည်နေတာ၊ အာရုံပေါ်မှာ စိတ်က ရစ်ဝဲနေတာ၊ ဘယ်သူ့စွမ်းအားနဲ့ ရစ်ဝဲနေတာတုန်းဆိုရင် ၀ိစာရစွမ်းအားနဲ့၊ ဒါကြောင့်မို့ ၀ိစာရကို သုံးသပ်တယ်လို့ ဆိုတာ၊ အသိဉာဏ်နဲ့ ပုံသဏ္ဍာန်တော့ သွားတူတယ်၊ ဒါပေမယ့် အသိဉာဏ်နဲ့ ဆင်ခြင်သုံးသပ်တာမျိုး မဟုတ်ဘူး၊ ကောင်းတဲ့အာရုံ မကောင်းတဲ့အာရုံ ဆုံးဖြတ်တာမဟုတ်ဘူး၊ အာရုံပေါ် ရစ်ဝဲနေတာ။
သဘာဝတရားရဲ့ ဆောင်ရွက်ချက်တွေကို ကြည့် - ၀ိတက်က စိတ်ကို အာရုံပေါ်တင်ပေးလိုက်တယ်၊ သူ့ကိစ္စက ပြီးသွားပြီ၊ ၀ိစာရက အဲဒီ ၀ိတက်တင်ပေးလိုက်တဲ့စိတ်ကို အာရုံမှာ ရစ်ဝဲနေအောင် လုပ်ပေးတယ်၊ စိတ်နဲ့အာရုံကွဲမသွားဘူး၊ ဒီသဘောကိုပြောတာ။
ပီတိ
ပီတိက ၀ိတက်တင်ပေးထားတဲ့ အာရုံပေါ်မှာ နှစ်ခြိုက်နေတယ်၊ သမထကျင့်စဉ်အရ ရလာတဲ့ပီတိက တစ်မျိုးနော်၊ ကာမဂုဏ်အာရုံတွေပေါ်မှာ နှစ်ခြိုက်နေတယ်ဆိုတဲ့ ပီတိက တစ်မျိုး၊ တရားပေါ်မှာ နှစ်ခြိုက်နေတဲ့ပီတိက ဓမ္မပီတိ၊ လောဘဖြစ်ပြီးတော့ ကျေနပ်နေတယ်၊ ကိုယ်လိုချင်တာလေးရလို့ ကျေနပ်နေတယ်၊ လောဘနဲ့ဖြစ်နေတဲ့ ပီတိက တစ်မျိုး၊ အဲဒါက လောဘနဲ့တွဲနေတဲ့ ပီတိ၊ အခု ဈာန် ကျင့်စဉ်မှာပါတဲ့ ပီတိကျတော့ လောဘနဲ့ တွဲထားတဲ့ပီတိ မဟုတ်ဘူးတဲ့၊ သမထရဲ့ အာရုံလေးပေါ်မှာ ကျေနပ်နေတဲ့ပီတိတဲ့။
အချုပ်အားဖြင့် ၀ိတက်က စိတ်ကို အာရုံပေါ်တင်ပေးလိုက်တယ်၊ ၀ိစာရက အာရုံပေါ်မှာ စိတ်ကို ရစ်ဝဲနေအောင် လုပ်ပေးတယ်၊ ပီတိက ဒီစိတ်ကို အာရုံပေါ်မှာ ပျော်နေအောင် လုပ်ပေးတယ်၊ ကြည့် - တင်တော့ တင်ပေးထားတယ်၊ ထိန်းတဲ့လူက မရှိဘူးဆိုရင် ကွာထွက်သွားမှာပဲ၊ အေး တင်ပေးထားလို့ ရောက်နေပြီ၊ ထိန်းတဲ့လူက ထိန်းနေတယ်၊ မပျော်ဘူးဆိုလို့ရှိရင်လည်း လစ်သွားမှာပဲ၊ ဒါကြောင့်မို့ ဒီသဘာဝတရားတွေဟာ တစ်ခုနဲ့တစ်ခုဆက်စပ်ပြီး ဆောင်ရွက်လုပ်ကိုင်နေကြတယ်ဆိုတဲ့သဘောက အင်မတန်ထင်ရှားတယ်၊ ၀ိတက်က တင်ပေးထားတယ်၊ ၀ိစာရက ထိန်းပေးထားတယ်၊ ပီတိက အဲဒီအာရုံပေါ်မှာ ပျော်နေအောင်၊ နှစ်ခြိုက်နေအောင် လုပ်ပေးထားတယ်။
သုခ ဧကဂ္ဂတာ
သုခဆိုတာ ဒီအာရုံရဲ့အရသာကို ခံစားသိရှိနေတယ်၊ ဧကဂ္ဂတာက အဲဒီ အာရုံပေါ်မှာ စိတ်ငြိမ်ကျနေတယ်၊ အဲဒီငါးခုဟာ တစ်ညီတစ်ညွတ်တည်း ဟန်ချက်ညီညီနဲ့ အာရုံတစ်ခုပေါ်မှာ အလုပ်လုပ်နေပြီဆိုလို့ရှိရင် ဈာနဆိုတာ ဖြစ်တယ်။
ကဲ ဈာနဖြစ်ပုံကို ပိုပြီးတော့ ထင်ရှားနေအောင် ပြောရအောင်၊ ထွက်လေ ၀င်လေပေါ်မှာ ဈာနဘယ်လိုဖြစ်တုန်း၊ သမထကျင့်စဉ်နည်းလမ်းအရာ ဆိတ်ငြိမ်ရာသို့ကပ်၊ အာနာပါနကျင့်စဉ်ဆိုတာ အင်မတန်မှမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ ကျင့်တာတဲ့၊ သာမန်ပုဂ္ဂိုလ်တွေ မကျင့်နိုင်ဘူးတဲ့၊ ဘာဖြစ်လို့တုန်းဆိုတော့ ခက်ခဲတယ်တဲ့၊ မြတ်စွာဘုရားအလောင်းတော်ဟာ ဒီအာနာပါနကမ္မဋ္ဌာန်းနဲ့ ဈာန်တွေ ရသွားတယ်၊ နောက်ဆုံးး ၀ိပဿနာကူးပြီး ဘုရားဖြစ်သွားတာ၊ ဘုရားဖြစ်တဲ့ကမ္မဋ္ဌာန်း ဘာကမ္မဋ္ဌာန်းတုန်းလို့ မေးလို့ရှိရင် အာနာပါနကမ္မဋ္ဌာန်းပဲ။
အာနာပါနနဲ့ သမထ
ဒီအာနာပါနကို သမထကျင့်စဉ်နဲ့ ကျင့်မယ်ဆိုရင် အကြမ်းဖျင်းပြောရရင် သမာဓိရလွယ်အောင် ဆိတ်ငြိမ်တဲ့နေရာကိုသွား၊ တစ်ယောက်တည်းနေ၊ ဆိတ်ငြိမ်တဲ့နေရာသွားခြင်းက အများကြီးအထောက်အကူ ဖြစ်တယ်။ ဒါတွေက အခြေအနေကောင်းကို ဖန်တီးတယ်လို့ ခေါ်တယ်နော်။ ဒါတွေကို ပြောလိုက်တာနဲ့ အားလုံးစုပြီး တရားမထိုင်ကောင်ဘူးလို့ ပြောတာမဟုတ်ဘူး၊ ဆိတ်ငြိမ်ရာ မဟုတ်ဘဲနဲ့ မြို့ထဲမှာ တရားမထိုင်ကောင်းဘူးးလို့ ပြောတာမဟုတ်ဘူးနော်၊ အခြေအနေကောင်းတွေကို ဖန်တီးပေးရတာ။
မြတ်စွာဘုရားက သမထကျင့်စဉ်အရ ကျင့်တော့မယ်ဆိုရင် ညွှန်းထားတာတွေရှိတယ်၊ “အရညဂတော ၀ါ ရုက္ခမူလဂတော ၀ါ” ၊ တောထဲဆိုတော့ လူသူဝေးတယ်၊ ဒါကြောင့် တောထဲမှာဖြစ်စေ၊ သစ်ပင်ရင်းအောက်ဆိုတာ အရိပ်ကလေးနဲ့ဆိုတော့ ချမ်းသာတယ်၊ ဒါကြောင့်မို့ သစ်ပင်အောက်မှာ ဖြစ်စေ၊ အဲဒီလို မရနိုင်ဘူးဆိုရင် ဘာလဲ “သုညာဂါရဂတော ၀ါ” တိတ်ဆိတ်ငြိမ်သက်တဲ့အခန်း အဆောက်အဦးထဲမှာ ဖြစ်စေ၊ ဟော နေရာရွေးချယ်နည်းကို ပြောတာ၊ ကမ္မဋ္ဌာန်းတရား အားထုတ်တော့မယ် (သို့မဟုတ်) သမာဓိကျင့်စဉ်ကျင့်တော့မယ်ဆိုရင် ဆိတ်ငြိမ်တဲ့ တောထဲသွားပါ၊ သို့မဟုတ် ဆိတ်ငြိမ်တဲ့ သစ်ပင်တစ်ပင်အောက်မှာထိုင်၊ သို့မဟုတ် တိတ်ဆိတ်ငြိမ်သက်တဲ့ သုညာဂါရ ဘယ်သူမှမရှိဘူး၊ ကိုယ်တစ်ယောက်တည်း ရှိတယ်၊ ဘယ်သူမှမရှိတဲ့ အဆောက်အဦး ကမ္မဋ္ဌာန်းကျောင်းထဲမှာ တစ်ယောက်တည်းထိုင်၊ မြတ်စွာဘုရားက နေရာဌာနကို ဖေါ်ပြလိုက်တာ၊ ကမ္မဋ္ဌာန်းအားထုတ်တော့မယ်ဆိုရင် အဲဒီနေရာတွေကို ရွေးတဲ့။
ရွေးပြီးတဲ့အခါမှာ ဘာလုပ်ရမလဲ၊ “ပလ္လကီ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ”၊ တင်ပျဉ်ခွေထိုင်လိုက်တဲ့၊ အမျိုးသားတွေကျတော့ တင်ပျဉ်ခွေထိုင်၊ အမျိုးသမီးတွေကျတော့ ဒူးတုတ်ထိုင်တဲ့ပုံစံမျိုးနဲ့ ထိုင်၊ ပလ္လကီ အာဘုဇိတွာ၊ ဘာဖြစ်လို့ ဒီလိုထိုင်တာတုန်းဆို ထိုင်ခြင်းဣရိယာပုဒ်က မြဲမြံစေတယ်၊ သိပ်လည်းအားမစိုက်ရတဲ့ ထိုင်နည်းမျိုး၊ အဲဒီလိုနည်းမျိုး၊ ဥဇုံ ကာယံ ပဏိဓာယ၊ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားလို့ ဆိုတာ၊ ပေါင်တို့ ဒူးတို့က ဖြောင့်ဖြောင့်ထားလို့ ဘယ်ရမလဲ၊ ဒါကြောင့်မို့လို့ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားလို့ဆိုတာ၊ ခါးကနေ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထားတဲ့၊ ခေါင်းကြီးကိုလည်း ငိုက်မနေနဲ့၊ စောင်းလည်းမနေနဲ့၊ တည့်တည့်မတ်မတ်လေး ထိုင်လို့။
အဲဒီလို ဘာဖြစ်လို့ ထိုင်ခိုင်းတာတုန်းဆိုရင် အခြေအနေကောင်းတွေကို ဖန်တီးပေးဖို့၊ အကယ်၍ ခါးကို ကုန်းပြီးထိုင်မယ်ဆိုရင် ကိုယ့်ဟာကိုယ် စမ်းကြည့်၊ ကျောရိုးတွေမှာ အဆစ်ကလေးတွေ ရှိတယ်၊ အရိုးအဆစ်ကလေးတွေ ပေါင်းထားတာ၊ စောင်းပြီးတော့ထိုင်ရင် ခါးကုန်းပြီးထိုင်ရင် အဲဒီအရိုးအဆစ်ကလေးတွေက အာရုံကြောတွေကို သွားဖိနေတတ်တယ်၊ တည့်တည့်မထိုင်မိလို့ ဆန့်ဆန့် မထိုင်မိလို့ရှိရင် ဖိတတ်တယ်၊ ဖိနေပြီဆိုရင် ဘာဖြစ်လဲ၊ ကြာရှည်ထိုင်တဲ့အခါမှာ ခါးကိုက်တာတို့ ကျောအောင့်တာတို့ဆိုတဲ့ ဝေဒနာတွေ ဖြစ်လာတယ်၊ အဲဒါကြောင့် အဲဒီ ဝေဒနာတွေ မပေါ်ရအောင်လို့ ဆန့်ဆန့်ကလေး ထိုင်ပါလို့ပြောတာ။
ဆန့်ဆန့်ကလေးထိုင်ပြီး “ပရိမုခံ သတိံ ဥပဋ္ဌပေတွာ”၊ သတိဆိုတဲ့တရားကိုနော် အာရုံဘက်ကို ဦးလှည့်ပြီးထားလိုက်၊ ဆိုလိုတာက ထွက်လေ၀င်လေပေါ်မှာ သတိလေးထားလိုက်လို့ ပြောတာ၊ ထွက်လေ၀င်လေပေါ်မှာ သတိထားပါ၊ သတိထားပြီးတဲ့အခါ သတောဝ အဿသတိ၊ သတောဝ ပဿသတိ ဆိုတဲ့အတိုင်း သတိထားပြီးတော့ ၀င်လေထွက်လေကို မှတ်ပါတဲ့၊ ထွက်နေတယ် ၀င်နေတယ်ဆိုတဲ့ သဘာဝတွေကို သိအောင် ကြိုးစားပါတဲ့။
ဒီတော့ ပထမ သမာဓိကျင့်စဉ်ကျင့်မယ်ဆိုလို့ရှိရင် ထွက်လေ၀င်လေကို အာရုံပြုပြီးတော့ စိတ်ဟာ ငြိမ်လာလိမ့်မယ်၊ စိတ်ဟာ ထွက်လေ၀င်လေပေါ်မှာ အတော်ငြိမ်လာပြီဆိုလို့ရှိရင် ပထမစပြီး ရနေတဲ့ သမာဓိကို ပရိကမ္မသမာဓိလို့ ခေါ်တယ်၊ စိတ်ကလေးငြိမ်နေအောင် စပြီး လုပ်နေပြီ၊ စိတ်ကလေး အတော်ငြိမ်လာပြီဆိုတဲ့အခါကျ
လို့ရှိရင် အာရုံဟာ ထင်ထင်ရှားရှား ပိုဖြစ်လာတယ်၊ နှာသီးဖျား တိုက်တိုက်ပြီး ထွက်သွားဝင်သွားတဲ့ ထွက်လေ၀င်လေ ထင်ထင်ရှားရှားဖြစ်လာတယ်၊ နောက်ကျတော့ အဲဒီလေက အသွင်ပြောင်းသွားတယ်၊ လူ့ရဲ့အသိစိတ်ထဲမှာ ဘာဖြစ်လာတုန်းဆိုရင် မိမိနှာခေါင်းထဲက အလင်းတန်းလေး ထွက်နေတာလို ထင်လာတယ်၊ ဒါ နိမိတ်လို့ ခေါ်တယ်ပေါ့၊ အလင်းတန်းလေး ထွက်နေတာ မြင်ရတာမျိုး၊ သို့မဟုတ် ပုတီးလုံးလေးတွေ နှာခေါင်းထဲက ထွက်နေတာမျိုး၊ နောက် မီးခိုးတန်းလေးတွေ နှာခေါင်းထဲက ထွက်နေတာမျိုး၊ ဆေးလိပ်သောက်တဲ့လူတွေ နှာခေါင်းထဲကနေပြီးတော့ မီးခိုးထုတ်သလို ထွက်လေ၀င်လေဟာ အဲဒီလို မီးခိုးတန်းကလေးလို စိတ်ထဲမှာ မြင်ယောင်လာတယ်၊ အဲဒါဟာ အာရုံနိမိတ်တွေ ပေါ်လာတာ၊ ပဋိဘာဂနိမိတ်လို့ ခေါ်တယ်။
တကယ်တော့ အဲဒီအာရုံဟာ စိတ်ထဲမှာထင်လာတဲ့ အမှတ်သညာကြောင့် ဖြစ်တဲ့အာရုံမျှသာ ဖြစ်တယ်ပေါ့၊ တစ်ယောက်နဲ့တစ်ယောက် မတူဘူး၊ ဘာကြောင့် မတူတုန်းဆိုရင် အမှတ်သညာချင်းက မတူသည့်အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက်ဟာ ပေါ်လာတဲ့အာရုံချင်း မတူဘဲ ဖြစ်သွားတယ်။
ပထမဈာန်
အဲဒီပေါ်လာတဲ့အာရုံပေါ်မှာ စိတ် အမြဲရောက်နေအောင် ပို့တင်ထားပေးတာက ၀ိတက်၊ အဲဒီနမိတ်အာရုံပေါ်မှာ စိတ်ကျေနပ်နေအောင် လုပ်ပေးထားတာက ပီတိ၊ အဲဒီအာရုံပေါ်မှာ ကျေနပ်ပြီးတော့ နှစ်သက်သဘောကျနေတာက သုခ၊ အဲဒီ နမိတ်အာရုံလေးပေါ်မှာ စိတ်ကလေးငြိမ်နေတာက ဧကဂ္ဂတာတဲ့၊ ဟောဒီသဘာဝတရားငါးခုက ဟန်ချက်ညီညီနဲ့ နိမိတ်အာရုံပေါ်မှာ အလုပ်လုပ်လာပြီ၊ ဟန်ချက်ညီသွားပြီ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီဈာန်အင်္ဂါငါးပါးနဲ့ ဖွဲ့စည်းထားတဲ့ ပထမဈာန် ပထမအဆင့်ကို ဒီပုဂ္ဂိုလ်ဟာ ရောက်ရှိသွားပြီ၊ ပထမဈာန် ရသွားပြီလို့ ဒီလို ပြောတာနော်။
ကြည့် - ပထမဈာန်ရသွားတဲ့အခါမှာ ဒီသဘာဝတရားငါးခုဟာ ဒီအာရုံနဲ့အလုပ်လုပ်နေကြတယ်၊ ပထမအကြိမ် ရထားတဲ့အချိန်လေးမှာ ဖြတ်ခနဲရသွားတာ၊ တစ်ညီတည်းဖြစ်သွားတယ်၊ အင်အားကောင်းတဲ့ရှုမှတ်မှုလေးဟာ ဖြတ်ခနဲဖြစ်သွားပြီးနောက် သာမန်အနေအထားဘက် ရောက်သွားတယ်၊ အဲဒီအချိန်မှာ ထပ်ပြီးတော့ ကြိုးစားတယ်၊ အကြိမ်ကြိမ်လုပ်တဲ့အခါကျတော့ ကိုယ်ကြိုက်သလောက် အချိန်ပိုင်းတစ်ခုလုံးထိအောင် ဟောဒီ သဘာဝတရားတွေဟာ ထိုအာရုံပေါ်မှာ စိတ်ကို စွမ်းဆောင်ထားနိုင်တယ်တဲ့။
ဝိတက်က အာရုံပေါ် စိတ်ကိုတင်ပေးလိုက်တယ်၊ ၀ိစာရက အာရုံနဲ့စိတ် ကွာမသွားအောင် ထိန်းပေးတယ်၊ ပီတိက စိတ်ကို အာရုံပေါ်မှာ ပျော်နေအောင် လုပ်ပေးထားတယ်၊ သုခက စိတ်ကို အာရုံပေါ်မှာ ကျေနပ်နေအောင် လုပ်ပေးထားတယ်၊ ဧကဂ္ဂတာက စိတ်ကို ဒီအာရုံတစ်ခုတည်းကလွဲလို့ တခြားရောက်မသွားအောင် ထိန်းပေးထားတယ်၊ ဒီသဘာဝတရားငါးခုဟာ စုပေါင်းပြီးတော့ အဲဒီနိမိတ်လို့ ဆိုတဲ့ ဈာန်နဲ့အာရုံပေါ်မှာ တည်ငြိမ်ပြီးတော့ သွားတာ၊ အဲဒါဟာ ပထမအဆင့် ပထမဈာန်ရသွားတာလို့ ပြောတယ်။
ဒုတိယဈာန်
ပထမဈာန်ရသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ပထမဈာန်ကို အကြိမ်ကြိမ်ဝင်စား၊ အကြိမ်ကြိမ်ဝင်စားတဲ့အခါမှာ နောက်ပိုင်းကျလို့ရှိရင် အာရုံပေါ်မှာ စိတ်တင်ပေးစရာ မလိုလောက်အောင် ဖြစ်လာတယ်၊ ၀ိတက်က တင်တင်ပေးနေရတာကို သူ့စိတ်ထဲမှာ ကျေနပ်မှု မရှိဘူးး၊ ဒီတော့ သမာဓိတွေကို စွမ်းအားတိုးမြှင့်လိုက်တဲ့ အခါကျတော့ ၀ိတက်က စိတ်ကို အာရုံပေါ်တင်ရခြင်း မရှိဘဲနဲ့ ၀ိစာရ ပီတိ သုခ ဧကဂ္ဂတာ - ဒီလေးခုနဲ့တင် သူက စွမ်းဆောင်နိုင်သွားပြီဆိုရင် ဒါ ဈာန်ရဲ့ ဒုတိယအဆင့်လို့ ပြောတယ်။
တတိယဈာန်
တစ်ခါ တရားအားထုတ်တဲ့ပုဂ္ဂိုလ်က အကြိမ်ကြိမ် ၀င်စားနေတဲ့အခါ နောက်ပိုင်း ၀ိစာရက အာရုံနဲ့စိတ်နဲ့ ကွာမသွားအောင် ထိန်းပေးနေရတာကို အလုပ်ကြီးတစ်ခုဖြစ်လို့ မကျေနပ်တော့ဘူးး၊ မကျေနပ်သည့်အတွက်ကြောင့် သမာဓိ စွမ်းအားတွေ မြှင့်တင်လိုက်တဲ့အခါမှာ သုံးမျိုးပဲရှိတော့တယ်၊ အာရုံပေါ်မှာ ကျေနပ်နေတဲ့ ပီတိ၊ နှစ်ခြိုက်နေတဲ့ သုခနဲ့ တည်ငြိမ်နေတဲ့ ဧကဂ္ဂတာ၊ ဒီသုံးခုနဲ့တင် ရပ်တည်သွားနိုင်လို့ရိ —
Credit to ko Thein Naing Ohn

No comments:
Post a Comment