ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၂)
Dr နန္ဒမာလာဘိဝံသ
အာဟာရပစ္စယယော
အာဟာရပစ္စယောဆိုတာ ရုပ်နာမ် ၂ ရပ်ကို တည်တံ့အောင် ထောက်ပံ့ပေးနိုင်တဲ့ စွမ်းရည်သတ္တိလို့ ဒီလိုအဓိပ္ပာယ်ရှိတယ်၊ များသောအားဖြင့် အာဟာရဆိုရင် စားသောက်စရာလို့ အသိများကြတယ်၊ စားစရာအာဟာရမျှကိုသာ ဒီနေရာမှာ အာဟာရပစ္စည်းလို့ ခေါ်တာ မဟုတ်ဘူး၊ ဆိုင်ရာဆိုင်ရာ အကျိုးတရားတွေကို စွမ်းဆောင်မှုပေးနေတဲ့ အကြောင်းတရားတွေကိုလည်း အာဟာရ။
စွမ်းဆောင်တယ်ဆိုတဲ့နေရာမှာ သာမန်ထက် ထူးကဲပြီး စွမ်းဆောင်တာ၊ ဒါကြောင့်မို့ အာဟာရပစ္စည်းနဲ့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ သက်ဆိုင်ရာ အကျိုးတရားများကို လွန်စွာစွမ်းဆောင်နိုင်တဲ့ အကြောင်းတရားလို့၊ သက်ဆိုင်ရာအကျိုးတရားများကိ
ု လွန်စွာ စွမ်းဆောင်နိုင်တဲ့ အကြောင်းတရားသည် အာဟာရပစ္စည်းလို့ ဒီလိုမှတ်ရမယ်။
အကြောင်းတရား သာမညကို ပြောတာမဟုတ်ဘူး၊ လွန်ကဲစွာစွမ်းဆောင်နိုင်တဲ့ စွမ်းရည်သတ္တိရှိတဲ့ အကြောင်းတရားတွေလို့ ပြောတာ။
အဋ္ဌကထာများမှာတော့ ရူပါရူပါနံ ဥပတ္ထမ္ဘကဋ္ဌေန ဥပကာရကော - ရူပါရူပါနံ ရုပ်နာမ် ၂ ပါးတို့ကို၊ ဥပတ္ထမ္ဘကဋ္ဌေန - အထောက်အပံ့ပေးတဲ့ အနေအားဖြင့်၊ ဥပကာရကော - ကျေးဇူးပြုတဲ့တရားလို့ဆိုတယ်။ ထောက်ပံ့တယ်ဆိုတာ အကျိုးတရား အခိုင်အမာ ရပ်တည်မှုရှိနေအောင် ထောက်ပံ့တာ၊ လောကမှာ လူတွေလည်း ပြောကြတယ်လေ၊ လိုအပ်နေတဲ့ပုဂ္ဂိုလ်တွေကို ထောက်ပံ့တယ် ကူညီတယ်။
“ထောက်” တယ်ဆိုတာ ဆိုပါစို့ - သစ်ပင်ကြီးတစ်ပင် လဲတော့မယ်ဆိုရင် မလဲရအောင် ထောက်ပေးထားတယ်၊ ထောက်ထားသည့်အတွက် သစ်ပင်ကြီးဟာ လဲမသွားနိုင်ဘူး၊ ပြိုလဲတော့မယ်အရာကို ထောက်ထားလို့ရှိရင် မလဲနိုင်တော့ဘူး။
“ပံ့” တယ်ဆိုတာ ပံ့ပိုးကူညီတာ၊ လိုအပ်တဲ့အကူအညီတွေ ပေးထားသဖြင့် ဆက်လက်တည်တံ့တယ်၊ လဲပြိုသွားမယ့် သစ်ပင်ကြီး ပြိုမသွားအောင် “ထောက်” ထားတာ၊ လိုအပ်ချက်တွေကြောင့် အခြေအနေယိုယွင်းသွားတာ မရှိရအောင် “ပံ့ပိုး” ကူညီထားတာ၊ ဒီလိုဆိုလိုတယ်။
ဒါကြောင့် အာဟာရပစ္စည်းကထောက်ပံ့တယ်၊ ကူညီတယ်၊ အထောက်အပံ့ပေးတယ်၊ ဥပတ္ထမ္ဘက အခိုင်အမာ ထောက်ခံထားတယ်၊ ထောက်ပံ့ထားတဲ့ အကြောင်းတရားလို့ ဒီလိုပြောလိုတာ။
ရုပ်အာဟာရ
အာဟာရပစ္စည်းကို ရုပ်အာဟာရနဲ့ နာမ်အာဟာရလို့ ၂ မျိုး ခွဲတယ်၊ ရုပ်အာဟာရဆိုတာကတော့ အများသိနေကြတဲ့ အစားအစာမှာ ရှိနေတဲ့ သြဇာဓာတ်ကို ရုပ်အာဟာရလို့ ခေါ်တယ်၊ ရုပ်ဟာ အနည်းဆုံး ၈ ခု တွဲထားတယ်၊ ၈ ခုကို တစ်ခုအနေနဲ့ ဖွဲ့စည်းထားတယ်၊ မဟာဘုတ် ၄ ပါးရယ်၊ မျက်စိကမြင်ရတဲ့ အဆင်းရုပ်ရယ်၊ နှာခေါင်းနဲ့ ရှူလို့ရတဲ့ အနံ့ရုပ်ရယ်၊ လျှာနဲ့ လျက်လို့ရတဲ့ အရသာရုပ်ရယ်၊ နောက်ပြီးတော့ သြဇာလို့ခေါ်တဲ့ ရုပ်တွေထဲမှာ စိမ့်ဝင်ပျံ့နှံပြီးတော့ တည်နေတဲ့ စွမ်းရည်သတ္တိရှိတဲ့ ရုပ်တစ်မျိုးရယ်လို့ - အားလုံးပေါင်းလိုက်တဲ့အခါကျတော့ ရုပ် ၈ ခု၊ အဲဒီ ရုပ် ၈ ခုဟာ တစ်ခုစီ ခွဲခြားလို့ မရတဲ့ရုပ်မျိုးလို့ ပြောတာ။
အဲဒီရုပ် ၈ ခုဟာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ထာဝရတွဲနေတဲ့ ရုပ် ၈ ခု၊ အကယ်၍ ခွဲလိုက်ပြီဆိုလို့ရှိရင် ရုပ်လို့ခေါ်စရာ မရှိတော့ဘူး၊ ဒါကြောင့်မို့ အဲဒီ ရုပ်တွေကို “အ၀ိနိဗ္ဘောဂရုပ်” တဲ့၊ ၀ိနိ ဆိုတာ တစ်ခုစီတစ်ခုစီ သီးသီးခြားခြား၊ ဘောဂ - ခွဲခြားပစ်လိုက်တာ၊ တစ်ခုစီ တစ်ခုစီ ခွဲခြားလို့ရရင် ၀ိနိဗ္ဘောဂ၊ ခွဲခြားလို့ မရဘူးဆိုတဲ့ အဓိပ္ပာယ်ကျတော့ “အ၀ိနိဗ္ဘောဂ” လို့ ဒီလိုပြောတာ၊ အင်္ဂလိပ်လိုပြန်တဲ့အခါ Indivisible လို့ ပြန်တယ်၊ ခွဲလို့စိတ်လို့မရတဲ့ ရုပ်မျိုးလို့ပြောတာ။
သြဇာရုပ်ဆိုတာ
အဲဒီရုပ် ၈ခု ထဲမှာ အမြဲတမ်းပါဝင်နေတဲ့ သြဇာရုပ်ဆိုတာ ရှိတယ်၊ ဘယ်မှာပဲဖြစ်ဖြစ် ပါတယ်၊ သြဇာရဲ့ အဓိပ္ပာယ်က “အတ္တနော ဥဒယာ နန္တရံ ဇနေတီတိ သြဇာ” ၊ အတ္တနော ဥဒယာ နန္တရံ - မိမိဖြစ်ပေါ်လာပြီးတဲ့နောက် အခြားမဲ့မှာ၊ ဇနေတိ - အခြားရုပ်တစ်မျိုးကို ထုတ်လုပ်တတ်တယ်၊ အကျိုးတစ်မျိုးကို ထုတ်လုပ်ပေးတတ်တယ်၊ သြဇာရဲ့အဓိပ္ပာယ်က “သြ” ဆိုတာ ကိုယ်ဖြစ်လာပြီးတဲ့နောက်၊ “ဇ” ဆိုတာ ဖြစ်စေတာ၊ သူပေါ်လာရင် တစ်ခုခုကိုဖြစ်စေမှာပဲလို့ ဒီလိုပြောတာ၊ အဲဒီ သြဇာဆိုတဲ့ရုပ်ဟာ နေရာတကာမှာ ရှိတယ်။
သြဇာရဲ့အဓိပ္ပာယ်က ကောင်းကျိုးဖြစ်စေ ဆိုးကျိုးဖြစ်စေ ရုပ်သစ်တစ်မျိုးကို ဖြစ်ပွားစေတာ၊ ဒါ သြဇာဓာတ်လို့ ခေါ်တယ်၊ သူ့ချည်းတော့ ဖြစ်ပွားစေတာ မဟုတ်ဘူး၊ အခြားတစ်ခုခုနဲ့ ပေါင်းစပ်လိုက်ပြီဆိုလို့ရှိရင် ဖြစ်ပွားစေတယ်။
ဒီနေရာမှာ ပဋ္ဌာန်းပါဠိတော်က ဒီသြဇာဆိုတဲ့ရုပ်ကိုကြည့်ပြ
ီး အာဟာရပစ္စယောလို့ တစ်ခုအနေနဲ့ ဟောတာ၊ အဲဒီ ရုပ်အာဟာရနဲ့ ပတ်သက်ပြီးတော့ ပဋ္ဌာန်းပါဠိတော် ဟောပုံက -
“ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော” - လို့ မြတ်စွာဘုရားက ဒီလို ဟောတယ်၊ ဒီနေရာမှာ ကဗဠီကာရောဆိုတဲ့ စကားလုံးထည့်ထားတာကို ကြည့်၊ ကဗဠ ဆိုတာ လူတွေက အစာစားတော့မယ် ဆိုလို့ရှိရင် ပါးစပ်နဲ့တန်ရုံ အတုံးအခဲလေးတွေ လုပ်လေ့ရှိတယ်၊ ပါးစပ်နဲ့ တန်ရုံ အတုံးအခဲလေးတွေက ကဗဠ၊ ထမင်းလုပ်ဆိုတာ လက်နဲ့စားတာကို ဦးတည်ပြောတယ်၊ ဘာလို့တုန်းဆို ရှေးဟောင်အိန္ဒိယနိုင်ငံမှာ ထမင်းစားရင် လက်နဲ့စားကြတာမို့လား၊ လက်နဲ့စားတဲ့အခါ ထမင်းအားလုံးစုပြီး အလုပ်အလုပ်လေးတွေ လုပ်ကြတယ်၊ ဇွန်းနဲ့စားရင်လည်း ထမင်းလုပ်ပဲ၊ ဇွန်းထဲမှာပါတဲ့ အတိုင်းအတာလေး တစ်ခုက ဒါ အလုပ်လုပ်တာ၊ အတုံးအခဲလေးလုပ်တယ်လို့ ပြောတာ၊ အရည်သောက်ရင်တော့ အရည်ပေါ့။
( ဒီနေရာမှာ ဆရာတော်က တူနဲ့စားတာ၊ ဆင်တွေ၊ နွားတွေရဲ့စားပုံ ဒါတွေကိုလဲ ကဗဠ ပဲလို့ ထည့်သွင်းဟောကြားထားပါတယ်။ TNO )
ဆိုလိုတာက အာဟာရသည် သူ့ဖာသူနေတဲ့အချိန်မှာ ဆိုပါစို့ - ဟင်းရွက်ကလေးတစ်ရွက် သစ်ပင်ပေါ်မှာပဲဖြစ်စေ၊ ဟင်းပန်းကန်ထဲမှာဖြစ်စေ သူ့ဖာသူနေနေတယ်၊ ပါးစပ်ထဲ မရောက်သေးဘူးဆိုရင် အကျိုးတစ်ခုကို ဖြစ်စေနိုင်ပါ့မလား၊ မဖြစ်စေဘူး၊ အစာအာဟာရသည် သူ့ဖာသူနေနေလို့ရှိရင် အကျိုးတစ်ခုကို မထုတ်လုပ်သေးဘူးတဲ့၊ လူတွေက ပါးစပ်ထဲထည့်ပြီ ဆိုတဲ့အခါကျမှ သက်ဆိုင်ရာ အကျိုးတစ်ခု ဖြစ်စေတယ်၊ လျှာပေါ်ရောက်တာနဲ့ တစ်ပြိုင်နက် သူက အာဟာရသတ္တိက လာတော့မယ်၊ လျှာနဲ့တွေ့ပြီဆိုရင် အာဟာရသတ္တိကလာတယ်၊ ဘယ်ဟာပဲဖြစ်ဖြစ် လျှာနဲ့ထိလိုက်ပြီဆိုရင်တော့ သူ့ရဲ့စွမ်းရည်သတ္တိတွေ ပြလာတယ်။
ဒီတော့ မြတ်စွာဘုရားက အာဟာရောလို့တင် မဟောဘဲနဲ့ ကဗဠီကာရောလို့ ဟောတာက ဘာအတွက်တုန်းဆိုတော့ ဗဟိဒ္ဓ ပြင်ပမှာရှိတဲ့ အစာအာဟာရသည် အာဟာရသတ္တိနဲ့ ကျေးဇူးမပြုဘူး။ ကဗဠီကာရ ဖြစ်လာပြီးတော့ ပါးစပ်ထဲထည့်ပြီး ၀ါးပြီးစားပြီ ဆိုတော့မှ ဒီအထဲမှာပါတဲ့ သြဇာဓာတ်သည် ခန္ဓာကိုယ်ရဲ့အကျိုးကို သက်ရောက်လို့ အာဟာရပစ္စည်းတပ်တယ်လို့ ပြောတာနော်၊ ဒီအဓိပ္ပာယ်ရှိအောင်လို့ မြတ်စွာဘုရားက ကာဗဠီကာရောလို့ ဟောတာ။
အာဟာရဆိုတာ စတုသမုဋ္ဌာနိက၊ ကံကြောင့်ဖြစ်တာ၊ စိတ်ကြောင့်ဖြစ်တာ၊ ဥတုကြောင့်ဖြစ်တာ၊ အာဟာရကြောင့်ဖြစ်လာတာ၊ စားသုံးလိုက်ရတဲ့ သြဇာဓာတ်သည် ဟောဒီရုပ်ခန္ဓာကြီးအား - ရုပ်ခန္ဓာလို့ဆိုတာ ဣမဿ ကာယဿ အကြောင်း ၄ ပါးကြောင့် ဖြစ်တဲ့ ရုပ်ခန္ဓာကြီး၊ ကံကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာ၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်ခန္ဓာ၊ အာဟာရကြောင့်ဖြစ်တဲ့ ရုပ် ခန္ဓာ၊ ကံ စိတ် ဥတု အာဟာရ လို့ဆိုတဲ့ အကြောင်း ၄ ပါးကြောင့် ဖြစ်တဲ့ ရုပ်ခန္ဓာကြီးကို ဟောဒီ သြဇာဆိုတဲ့ ရုပ်တရားက ထောက်ပံ့ပေးထားပါတယ်လို့ ဒီလိုပြောတာ။
ရုပ်အာဟာရပစ္စည်းက သြဇာရုပ်ပဲ ဖြစ်တယ်၊ သြဇာရုပ်သည် အာဟာရပစ္စည်း၊ အာဟာရကြောင့် ဖြစ်တဲ့ရုပ်နဲ့ ကံ စိတ် ဥတု ကြောင့် ဖြစ်တဲ့ရုပ်တွေက ပစ္စယုပ္ပန်၊ အာဟာရကြောင့် ဖြစ်တဲ့ရုပ်တွေကို တိုက်ရိုက်ကျေးဇူးပြုပြီး ကျန်တဲ့ရုပ်တွေကို အထောက်အကူပြုတယ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်ကိုလည်း ကူညီတယ်၊ ထောက်ပံ့တယ်၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကိုလည်း ကူညီထောက်ပံ့တယ်၊ ဥတုကြောင့် ဖြစ်တဲ့ရုပ်ကိုလည်း ကူညီထောက်ပံ့တယ်၊ နောက်ပိုင်းမှာ ထောက်ပံ့မှုတွေ ယိုယွင်းကျဆင်းလာတဲ့ အခါကျတော့ သြဇရုပ်က ခန္ဓာကိုယ်ကြီးကို မထောက်ပံ့နိုင်တော့ဘူးဆို ဘယ်သွားတုန်း၊ မထောက်ပံ့ဘူးဆို မရဏရောက်သွားတာပဲ၊ သူ ထောက်ပံ့နေတုန်းသာ ရှင်သန်နေမှာ။
သူကလည်း ထောက်ပံ့နေရင်းကနေပြီး တဖြည်းဖြည်းတော့ ကျဆင်းလာတာ၊ အရှိန်ဆိုတာ တဖြည်းဖြည်းကုန်လာတာပဲ၊ ဘယ်အရာပဲဖြစ်ဖြစ် အရှိန်ဟာရှိတယ်၊ အဲဒီအရှိန်သည် ကျဆင်းလာတဲ့အခါ သူ့ရဲ့အကျိုးဆက်တွေကလည်း မှေးမှိန်လာတာပေါ့၊ ထောက်ပံ့မှုအားနည်းလာပြီဆိုရင် အပြည့်အ၀ မရသည့် အတွက်ကြောင့် နောက်ဆုံးကျတော့ ပြိုလဲသွားတာပဲ၊ ထောက်ပံ့တယ်ဆိုတာ ပြိုလဲမသွားအောင် ရပ်တည်နိုငအောင် ထောက်ပံ့နေတာ၊ အဲဒါကို အာဟာရပစ္စယောလို့ ဟောတာ။
ဒီအာဟာရပစ္စယောသည် သူရှိတဲ့အခိုက်သာ ထောက်ပံ့တာဖြစ်လို့ အတ္ထိ၊ သူနဲ့ မကင်းကွာမီအချိန်မှာ ထောက်ပံ့တာ ဖြစ်သောကြောင့် အ၀ိဂတ သတ္တိ ၃ မျိုးနဲ့ သြဇာရုပ်ဟာ ကျန်တဲ့ခန္ဓာကြီးကို ထောက်ပံ့ပေးထားတယ်၊ အာဟာရသတ္တိဆိုတာ သတ္တိတစ်ခု၊ အာဟာရသတ္တိဆိုတာ ထောက်ပံ့ထားတဲ့သတ္တိကို ပြောတာ၊ အတ္ထိဆိုတာ ရှိနေတုန်းအကျိုးပြုတာကိုပြောတာ၊ အ၀ိဂတဆိုတာ လုံးဝကင်းပျောက် မသွားခင် အကျိုးပြုတာကိုပြောတာ။
ဒါကြောင့်မို့ သြဇာရုပ်သည် ကျန်တဲ့ရုပ်ခန္ဓာကိုယ်အား အာဟာရသတ္တိထူးနဲ့ ကျေးဇူးပြုရုံမျှမက အတ္ထိ - ရှိနေတုန်း ကျေးဇူးးပြုလိုက်တယ်၊ အ၀ိဂတ - မိမိမပျောက်ကင်းအချိန်မှာ ကျေးဇူးပြုထားတယ်၊ သတ္တိ ၃ မျိုးနဲ့ ကျေးဇူးပြုနေတယ်၊ ရုပ်အာဟာရဆိုတာ သီးသန့်ပဲ၊ ဒီလိုဟာမျိုး တခြားမှာ မရှိဘူး၊ သြဇာရုပ်က ရုပ်ခန္ဓာကိုယ်ကို ထောက်ပံ့တယ်ဆိုတာ တခြားမှာ မရှိဘူး။
**** အာဟာရ၊ အတ္ထိ၊ အ၀ိဂတ ဒီ ၃ခုနဲ့ပဲ ဆိုင်တယ်၊ ကျန်တာတွေနဲ့ မဆိုင်ဘူး၊ ဒါကြောင့်မို့ သီးသန့်မျိုးကွဲပစ္စည်း တစ်ခု၊ ၂၄ ပစ္စည်းထဲမှာ သီးသန့်တွဲလို့ ရတာ ဒီ ၃ ခုပဲ ရှိတယ်၊ ဒါက ရုပ်အာဟာရ။
နာမ်အာဟာရ
နာမ်အာဟာရဆိုတာ ရှိသေးတယ်နော်၊ နာမ်အာဟာရဆိုတာ ဘာတုန်း၊ “ဖေဿာ ဒုတိယော၊ မနောသဉ္စေတနာ တတိယာ၊ ၀ိညာဏံ စတုတ္ထံ” ပါဠိမှာ ရှိတယ်၊ ကဗဠီကာရ အာဟာရက ပထမ၊ ဒုတိယက ဖဿ၊ တတိယက မနောသဉ္စေတနာ၊ ဒီနေရာမှာ မနောဆိုတဲ့စကားလုံး ထည့်ပြောထားတာ စေတနာ ပါပဲ၊ **** မနောသဉ္စေတနာ စိတ်ထဲမှာရှိတဲ့ စွမ်းအားပြည့်တဲ့စေတနာ၊ ဖဿရယ်၊ စေတနာရယ်၊ ၀ိညာဏ်ရယ်ပေါ့။
**** အဲဒီ ၃ မျိုးဟာ ကျန်တဲ့နာမ်တရားတွေရဲ့ စွမ်းဆောင်မှုထက် သူတို့က လွန်ကဲတဲ့စွမ်းဆောင်မှု ရှိတယ်တဲ့၊ ဒါကြောင့် အာဟာရလို့ ခေါ်တယ်၊ ဒီနေရာမှာ စွမ်းဆောင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ယူရမယ်၊ စားရတယ်ဆိုတဲ့ အာဟာရမျိုးနဲ့ မဆိုင်ဘူးနော်၊ အာဟာရဆိုတာကိုက စွမ်းဆောင်မှုဆိုတဲ့ အဓိပ္ပာယ်ကို ပြောတာ၊ လွန်လွန်ကဲကဲ အကျိုးတရားကို စွမ်းဆောင်ထားနိုင်တဲ့တရား။
**** နောက်တစ်ခုက အာဟာရဆိုတာ အကြောင်းတရားကို ပြောတာ၊ စားတဲ့ အစာတစ်မျိုးတည်းကိုသာ အာဟာရခေါ်တာ မဟုတ်ဘူး၊ အကြောင်းတရား မှန်သမျှ ဘာကြောင့် အာဟာရလို့ ခေါ်တုန်းဆိုတော့ “အာ” ဆိုတာ လွန်လွန်ကဲကဲ၊ “ဟာရ” ဆိုတာ ဆောင်ထားတာ၊ အကျိုးတရားတွေ ပြိုလဲမသွားအောင် လွန်လွန်ကဲကဲ ဆောင်ထားတဲ့အရာ၊ ဆောင်ထားတယ်ဆိုတာ ထိန်းထားတာ၊ အဲဒါကြောင့် အကြောင်းတရားကိုလည်း အာဟာရခေါ်တယ်။
( ဒီမှာလည်း အာဟာရနဲ့ပတ်သက်လိုက ငရဲနဲ့ဗြဟ္မာ အကြောင်းကို ချုံ့လိုက်ပါတယ်ခင်ဗျာ။ TNO )
စေတနာ အာဟာရ
**** နောက်တစ်ခါ မနောသဉ္စေတနာဟာရ၊ စေတနာဆိုတာ ကံပဲပေါ့၊ အဲဒီ ကံတရားက ဘာကို အကျိုးပြုနေတာလဲ၊ ဘာကို စွမ်းဆောင်နေတာလဲလို့ဆိုလို့ရှိရင် စေတနာသည် ပဋိသန္ဓေကို မဖြစ်စေဘူးလား၊ စေတနာဟာ ကံ၊ ထိုကံသည် ဘ၀ပဋိသန္ဓေကို ဖြစ်စေတယ်၊ ဒါက အထူးအဆန်း မဟုတ်ဘူး၊ ပဋိစ္စသမုပ္ပာဒ်နဲ့ ပြောမယ်ဆိုရင် “သင်္ခါရပစ္စယာ ၀ိညာဏံ” ပဲ၊ သင်္ခါရဆိုတာ ကံ၊ ၀ိညာဏဆိုတာ ပဋိသန္ဓေစိတ်၊ မနောသဉ္စေတနာဟာရဆိုတာ စေတနာကို ပြောတာတဲ့၊ စေတနာသည် ပဋိသန္ဓေကို ဆောင်စွမ်းနိုင်သည့် သတ္တိရှိလို့ သူ့ကိုလည်း အာဟာရလို့ ခေါ်တယ်၊ လွန်လွန်ကဲကဲဖြစ်စေနိုင်လို့ အာဟာရလို့ ခေါ်တယ်၊ အဲဒီအာဟာရက ပဋိသန္ဓေဆိုတဲ့ အကျိုးကို ဆောင်တယ်။
အဲဒီစေတနာကို ပိုင်းပိုင်းခြားခြားသိပြီဆိုလို့ရှိရင် တဏှာ ၃ မျိုးကို ပိုင်းပိုင်းခြားခြား ဖယ်ရှားနိုင်ပါတယ်တဲ့၊ တဏှာ ၃ မျိုး ဆိုတာ ကာမတဏှာ ဘ၀တဏှာ ၀ိဘ၀တဏှာ၊ အဲဒီ တဏှာ ၃မျိုးကို ပိုင်းပိုင်းခြားခြားသိသွားပြီ ဖယ်ရှားပစ်နိုင်ပြီဆိုလို့ရှိရင် တဏှာကုန်သွားရင် လုပ်စရာရှိသေးလား၊ မရှိတော့ဘူး၊ နတ္ထိ ကိဉ္စိဥတ္တရိ ကရဏီယံ - ဘာမှ လုပ်စရာ မရှိတော့ဘူး၊ အဲဒီစေတနာဟာလည်း အာဟာရပစ္စည်းပဲတဲ့နော်။
ဝိညာဏ အာဟာရ
နောက်အာဟာရတစ်ခုက ဘာတုန်းဆိုတော့ “၀ိညာဏ” တဲ့၊ ***** ၀ိညာဏဆိုတာ ပဋိသန္ဓေစိတ်ကို ပြောတာ၊ ဒီနေရာမှာ အဲဒီပဋိသန္ဓေစိတ်ကလည်းပဲ ဘာတွေကို စွမ်းဆောင်နေတာတုန်းလို့ဆိုရင် ပဋိစ္စသမုပ္ပါဒ်ကိုကြည့် - “၀ိညာဏပစ္စယာ နာမရူပံ” ပဋိသန္ဓေစိတ်ရှိလို့ နာမ်တွေ ရုပ်တွေဟာ ဖွံ့ဖြိုးလာတာ၊ မျိုးစေ့လေးကနေ အမြစ်တွယ်လာလို့ အကိုင်းအခက်တွေ ဖွံ့ဖြိုးလာတာ၊ အမြစ်ကလေး သက်ဆင်းလိုက်သည့်အတွက်ကြောင့် အကိုင်းအခက်တွေ ထွက်လာတာ။
ထို့အတူပဲ ပဋိသန္ဓေစိတ် ဖြစ်လာသည့်အတွက်ကြောင့် နာမ်တွေရုပ်တွေ ဖွံ့ဖြိုးလာတယ်၊ ဒီလို နာမ်တွေရုပ်တွေကို စွမ်းစွမ်းတမံ ဆောင်ကျဉ်းတတ်သောကြောင့် အာဟာရလို့ ခေါ်တယ်။
****အခုပြောခဲ့တဲ့ ဖဿရယ် စေတနာရယ် ၀ိညာဏ်ရယ် ဆိုတဲ့ ဒီ ၃ ခုကို နာမ်အာဟာရလို့ ခေါ်ပါတယ်၊ အဲဒီ နာမ်အာဟာရတွေက ဖဿကလည်း ဖဿနဲ့ယှဉ်တဲ့ စိတ်စေတသိက်တွေ၊ စေတနာကလည်း စေတနာနဲ့ယှဉ်တဲ့ စိတ်စေတသိက်တွေ၊ ၀ိညာဏ်ကလည်း ၀ိညာဏ်နဲ့ယှဉ်တဲ့ စေတသိက်တွေ၊ အဲဒါတွေကို အပြန်အလှန် အထောက်အကူ ပြုနေကြတယ်တဲ့၊ အပြန်အလှန် စွမ်းဆောင်ပြီးတော့ အထောက်အကူပြုနေကြတယ်၊ သတ္တ၀ါတွေရဲ့ သန္တာန်မှာ ကျေးဇူးပြုနေကြတယ်။
**** ဒါကြောင့်မို့ နာမ်အာဟာရအနေနဲ့ ပစ္စည်းက ဖဿ စေတနာ ၀ိညာဏ၊ ပစ္စယုပ္ပန်တရားက စိတ်စေတသိက် စိတ္တဇရုပ်တဲ့၊ ဒီနာမ်အာဟာရတွေဟာ သတ္တ၀ါတွေရဲ့သန္တာန်မှာ အကျိုးတရားတွေကို စွမ်းဆောင်မှုပြုနေတာ၊ ဖဿက သဟဇာတသတ္တိနဲ့ ကျေးဇူးပြုမယ်၊ အညမညသတ္တိနဲ့ ကျေးဇူးပြုမယ်၊ နိဿယသတ္တိနဲ့ ကျေးဇူးပြုမယ်၊ သမ္ပယုတ္တသတ္တိနဲ့ ကျေးဇူးပြုမယ်၊ သူတို့ရှိနေခိုက် ကျေးဇူးပြုလို့ အတ္ထိတို့ အ၀ိဂတတို့နဲ့ ကျေးဇူးပြုမယ်၊ စေတနာကျတော့ ကမ္မသတ္တိပါလာမယ်၊ ၀ိညာဏ်ကျတော့ အဓိပတိတို့ ပါလာမယ်၊ ဣန္ဒြိယတို့ ပါလာမယ်၊ ဘာဖြစ်လို့တုန်း၊ စိတ်က အဓိပတိထဲမှာ ပါတယ်နော်၊ ဣန္ဒြိယထဲမှာ ပါတယ်၊ ပါတာလေးတွေကို ထည့်ပြီးတော့ မှတ်ပြီး ပစ္စယသတ္တိတွေအများကြီးနဲ့ ဟောဒီအာဟာရပစ္စည်းက ကျေးဇူးပြုပါတယ်တဲ့။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော” - နာမ်အာဟာရတရားတွေဟာလည်းပဲ ယှဉ်ဘက်တရားတွေကို ထိုယှဉ်ဘက်တရားကြောင့် ဖြစ်လာတဲ့ စိတ္တဇရုပ်တွေ ပဋိသန္ဓေအခိုက်မှာ ပဋိသန္ဓေကမ္မဇရုပ်တွေကို ဟောဒီ အာဟာရသတ္တိနဲ့ ကျေးဇူးပြုပါတယ်လို့ ပဋ္ဌာန်းမှာ ဒီလို ဟောတာဖြစ်ပါတယ်။
ဒါကြောင့် လောကမှာ အာဟာရ ၄ မျိုး၊ ကဗဠီကာရအာဟာရလို့ ခေါ်တဲ့ လူတွေနေ့စဉ်စားသုံးတဲ့ အစာအာဟာရထဲမှာပါတဲ့ သြဇာ၊ သ၀တ္ထုက အာဟာရ မှီရာဝတ္ထုနဲ့တကွပြလို့ ကဗဠီကာရအာဟာရနော်၊ ထမင်းဆိုရင် ထမင်းထဲမှာပါတဲ့ သြဇာဓာတ်၊ ဟင်းဆိုရင် ဟင်းထဲမှာပါတဲ့ သြဇာဓာတ်၊ ဒီသြဇာဓာတ်လေးသည် ထမင်းဟင်းဆိုတဲ့ အတုံးအခဲပေါ်မှာ မူတည်ရှိနေတယ်၊ အဲဒီ အတုံးအခဲပါစားမှ အဆီသြဇာဓာတ်လည်း ပါသွားတယ်၊ ဒါကြောင့်မို့ ကဗဠီကာရော အာဟာရောဆိုတဲ့ နေ့စဉ်စားသုံးနေတဲ့ အစာအာဟာရထဲမှာပါတဲ့ သြဇာဓာတ်သည် ခန္ဓာကိုယ်ရုပ်ကြီးအား ထောက်ပံ့ကူညီထားတယ်။
ဖဿ စေတနာ ၀ိညာဏ် လို့ဆိုတဲ့ သဘာဝတရားတွေဟာ ဆိုင်ရာဆိုင်ရာ ယှဉ်ဘက်တရားတွေကို ထောက်ပံ့ကူညီစွမ်းဆောင်ပြီးတော့ နေကြတယ်တဲ့။
အဲဒီလို ဘုန်းကြီးတို့ နေ့စဉ်နဲ့ဘ၀မှာ ဒီသဘာဝတရားတွေဟာ ဖြစ်လာပြီးတော့ ဒီလိုထောက်ပံ့နေတာပါလား၊ အာဟာရသတ္တိနဲ့ ကျေးဇူးပြုနေတာပါလားလို့ ပဋ္ဌာန်းတရားကို နာရင် ၊ ပဋ္ဌာန်းတရားကို ရွတ်ဖတ်ရင်း၊ ပဋ္ဌာန်းတရားကို နှလုံးသွင်းရင်းနဲ့ မိမိခန္ဓာကိုယ်မှာရှိတဲ့ သဘာဝတရားတွေရဲ့ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး ကျေးဇူးပြုနေပုံတွေကို သိရှိနားလည်ကြပြီး ကြောင်းကျိုးကို ဆင်ခြင်နိုင်တဲ့ အသိဉာဏ်တွေ ရင့်သန်လို့ မဂ် ဖိုလ် နိဗ္ဗာန် ဆိုတဲ့ တရားဓမ္မကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု။
ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။
…_/|\_…_/|\_…_/|\_…
ဆရာတော် Dr နန္ဒမာလာဘိဝံသ၏ ပဋ္ဌာန်းမြတ်ဒေသနာတော် မှ ထုတ်နှုတ်ပူဇော်ပါသည်။ TNO
Credit to Ko Thein Naing Ohn

No comments:
Post a Comment