ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၁၈
Dr နန္ဒမာလာဘိဝံသ
အတ္ထိပစ္စယော
အတ္ထိပစ္စယောဆိုတာ ပစ္စုပ္ပန်ခဏ တကယ်ထင်ရှားရှိတဲ့ အခိုက်အတန့်မှာ (အကြောင်းတရားတွေကလည်း ထင်ရှားရှိနေတယ်၊ အကျိုးပြုရမယ့်သဘာဝတရားကလည်း ထင်ရှားရှိနေတယ်၊) အဲဒီလို ထင်ရှားရှိနေတုန်းမှာ ထင်ရှားရှိနေတုန်းဖြစ်တဲ့ အကျိုးတရားကို အထောက်အကူပြုနေတဲ့ပစ္စည်းကို အတ္ထိပစ္စည်းလို့ ဆိုတယ်။
အတ္ထိဆိုတာ ရှိနေခိုက် ကျေးဇူးပြုတယ်လို့ ဒီလိုပြောရမယ်၊ အကြောင်းတရားကလည်း ရှိနေရမယ်၊ အကျိုးတရားကလည်း ရှိနေရမယ်၊ ဒီတော့ ရှိနေပြီးသားကို ကျေးဇူးပြုတယ်ဆိုလို့ရှိရင် ထုတ်လုပ်တယ်လို့ မဆိုလိုဘူးပေါ့။
အကြောင်းတရားဆိုတာ ၂မျိုး ရှိတယ်၊ ဇနက - ဖြစ်စေတတ်တဲ့အကြောင်းတရား Producing cause လို့ခေါ်တယ်။
***အကြောင်းကလည်း ထင်ရှားရှိနေတယ်၊ အကျိုးကလည်း ထင်ရှားရှိနေတယ်၊ ထင်ရှားရှိနေတဲ့အခိုက်မှာ အထောက်အကူပြုတယ်လို့ ဒီလိုပြောတာ။
ဒါဖြင့် ***အတ္ထိပစ္စည်းက ထုတ်လုပ်တဲ့ပစ္စည်း မဖြစ်ဘူးလားဆိုတော့ ထုတ်လုပ်တဲ့ ပစ္စည်းလည်း ဖြစ်ပါတယ်တဲ့။ သို့သော် ထုတ်လုပ်တာထက် အထောက်အကူပြုတာက ပိုပြီးတော့ စွမ်းအားထက်နေလို့ အထောက်အကူပြုတယ်ဆိုတဲ့ စကားကို အဓိကထား ပြောတာပါလို့ စာပေကျမ်းဂန်မှာ ဒီလို ရှင်းထားတယ်၊ ဇနကသတ္တိလည်း ရှိတယ်။
***အတ္ထိပစ္စည်းဆိုတာ ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုတယ်လို့ဆိုတော့ မရှိတဲ့အခိုက်မှာ ကျေးဇူးမပြုဘူးဆိုတဲံစကားကို အပြန်အားဖြင့် နားလည်ရမှာပေါ့။
***ရှိနေခိုက်မှာသာ ကျေးဇူးပြုတယ်၊ ရှိမနေတော့ဘူးဆိုရင် ကျေးဇူးမပြုတော့ဘူး၊ ဒီတော့ အတ္ထိပစ္စည်းဆိုတာ ရှိနေခိုက်မှာ ကျေးဇူးပြုတဲ့ပစ္စည်းလို့ မှတ်ရမယ်။
သဘာဝတရားတွေမှာ အကြောင်းတရားဟာ ဖြစ်စေတတ်တဲ့ အကြောင်းတရား ရှိသလို အထောက်အကူပြုတဲ့ အကြောင်းတရားလည်း ရှိတယ်တဲ့။
တချို့ပစ္စည်းတွေက ဇနကသတ္တိ ထုတ်လုပ်တဲ့စွမ်းရည်သတ္တိ ဖြစ်စေတတ်တဲ့စွမ်းရည်သတ္တိ ရှိတယ်၊ တချို့ပစ္စည်းတွေက အထောက်အကူပြုရုံသက်သက်ပဲ, မထုတ်လုပ်နိုင်ဘူးတဲ့။
ဘယ်အရာပဲဖြစ်ဖြစ် ပစ္စယဆိုတဲ့အဓိပ္ပာယ်အရ ဥပကာရက ကျေးဇူးပြုနေကြတာချည်းပဲ၊ လူတွေတောင်မှ ဒီစကားကို ယူပြီးတော့ ပြောကြတယ်၊ ဘယ်သူက ကျေးဇူးပြုလို့ ရွှေတိဂုံဘုရားကြီးဖူးရတယ်၊ ဟော - တစ်ယောက်ယောက်က ကျေးဇူးပြုတာ။
၂၄ ပစ္စည်းကို ချုံ့လိုက်ရင်
ဒီတော့ ၂၄ ပစ္စည်းကို ခြုံငုံပြီးတော့ ပြောကြမယ်ဆိုရင် အားလုံးလောက်နီးပါး ၂၄ ပစ္စည်းဟာ အတ္ထိနဲ့ နတ္ထိ ဒီနှစ်ခုထဲမှာ ၀င်သွားနိုင်ပါတယ်၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကတော့ “အာရမ္မဏူပနိဿယ ကမ္မတ္ထိပစ္စယေသု စ သဗ္ဗေပိ ပစ္စယာ သမောဓာနံ ဂစ္ဆန္တိ” လို့ ဆိုပြီးတော့ အာရမ္မဏ ဥပနိဿယ ကမ္မ အတ္ထိ တဲ့။
၂၄ ပစ္စည်းကို အကျဉ်းချုံးလိုက်ရင် ဒီပစ္စည်း ၄ခု ထဲ သက်ဆိုင်ရာတွေ ၀င်သွားနိုင်ပါတယ်။
***၂၄ ပစ္စည်းကို အကျဉ်းချုံးလိုက်လို့ရှိရင် ၄ ပစ္စည်းလို့ ဒီလိုပြောတာ၊ အာရမ္မဏပစ္စည်းရယ် ဥပနိဿယပစ္စည်းရယ် ကမ္မပစ္စည်းရယ် အတ္ထိပစ္စည်းရယ်၊ ၂၄ ပစ္စည်းဟာ ဟောဒီ ၄ ပစ္စည်းထဲမှာ ထိုက်သလို ၀င်သွားတယ်တဲ့၊ သမောဓာန ဆိုတာ အားလုံးဆုံမိသွားတယ်၊ အားလုံးပေါင်းဆုံသွားကြတယ်ပေါ့၊ အဲဒီလိုဆိုတယ်။
သို့သော် ဒီ့ထက်ချုံးလို့ ရဦးမလား ?
စာပေကျမ်းဂန်မှာတော့ ဖော်ပြမထားဘူး၊ ကျမ်းဂန်မှာ ဆိုမထားပေမယ့်လို့ လေ့လာကြည့်မယ်ဆိုရင် “အတ္ထိ၊ နတ္ထိ” ဒီနှစ်မျိုးခွဲလိုက်လို့ရှိရင် အတ္ထိအုပ်စုက တစ်စု၊ နတ္ထိအုပ်စုက တစ်စု၊ ဒီနှစ်စုထဲမှာ ပစ္စည်းတွေ အားလုံးလောက်နီးနီး ၀င်သွားတယ်၊ မ၀င်တဲ့ပစ္စည်း မရှိသလောက်ပဲ။
***၂၄ ပစ္စည်းဟာ ရှိခိုက်ကျေးဇူးပြုတာနဲ့ မရှိတော့မှ ကျေးဇူးပြုတာတဲ့၊ အဲဒီလို ၂၄ ပစ္စည်းကို အချိန်အခါနဲ့ ပိုင်းခြားပြီးတော့ ပြောလိုက်မယ်ဆိုရင် အတ္ထိနဲ့ နတ္ထိ၊ ဒီနှစ်ခုပဲ။
အတ္ထိ နတ္ထိဆိုတဲ့ ဒီစကားလုံးနှစ်ခုဟာ ရံဖန်ရံခါ သာမန်ရှိတာနဲ့ မရှိတာ ဒီနှစ်ခုကို ရည်ညွှန်းပြီးတော့ ပြောတာ၊ အဲဒီလို ရှိတာနဲ့ မရှိတာကို ရည်ညွှန်းပြောတဲ့စကား ဖြစ်ပေမယ့်လို့ တစ်ချို့နေရာကျတော့ အတ္ထိဆိုတာ ထာဝရ ရှိနေတဲ့အရှိကို ပြောတာ၊ နတ္ထိ ဆိုတာ ထာဝရမရှိတာကိုပြောတာ ဖြစ်တယ်။
***[အတွေးအခေါ် philosophy နဲ့ ပတ်သက်လာရင် အတ္ထိဆိုတာက သဿတ၀ါဒကို ရည်ညွှန်းတယ်၊ နတ္ထိဆိုတာက ဥစ္ဆေဒ၀ါဒကို ရည်ညွှန်းတယ်။
၂၄ ပစ္စည်းထဲမှာ အတ္ထိပစ္စည်း နတ္ထိပစ္စည်းဆိုတာကျတော့ အဲဒီ အတွေးအခေါ် အယူဝါဒဆိုင်ရာကို ရည်ညွှန်းတာ မဟုတ်ဘူး၊ သဘာဝတရားသည် မိမိဖြစ်နေခိုက် ရှိနေခိုက်မှာ ကျေးဇူးပြုရင် အတ္ထိပစ္စည်း၊ မိမိမရှိတော့မှ ပျောက်ကွယ်သွားမှ ကျေးဇူးပြုလို့ရှိရင် နတ္ထိပစ္စည်း၊ ဒီလိုဆိုလိုတာ။]
အတ္ထိပစ္စည်း ၅ မျိုး
အတ္ထိပစ္စည်းနဲ့ သက်ဆိုင်တဲ့ပစ္စည်းက ၅ မျိုး ရှိတယ်၊ ၅ ပစ္စည်းဆိုတာ ဘာတွေလဲဆိုလို့ရှိရင် (၁) သဟဇာတအတ္ထိ၊ အတူတကွဖြစ်ပြီးတော့ ရှိနေတဲ့အရာ၊ အကြောင်းတရားနဲ့ အကျိုးတရားသည် ပြိုင်တူဖြစ်လာတာ၊ born together အတူတကွ မွေးဖွားပြီးတော့ ရှိနေကြတာ သဟဇာတ၊ ဒါကို သဟဇာတအတ္ထိလို့ ခေါ်တယ်။
နောက်တစ်ခုက (၂) ပုရေဇာတအတ္ထိ၊ ပုရေဇာတဆိုတာ အကြောင်းတရားက ကြိုတင်ဖြစ်နှင့်မယ်၊ ပြီးတော့မှ အကျိုးတရားလာတယ်၊ သို့သော် နှစ်ခုစလုံး ရှိနေခိုက်ဖြစ်တယ်၊ အဲဒါက ပုရေဇာတအတ္ထိ၊ born earlier.
နောက်တစ်ခုက (၃) ပစ္ဆာဇာတသတ္တိ၊ အကြောင်းတရားက နောက်မှ ဖြစ်လာပြီးတော့ အကျိုးတရားတွေက အရင်ဖြစ်နှင့်နေတယ်၊ နှစ်ခုစလုံး ထင်ရှား ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုတယ်၊ ဒါကျတော့ ပစ္ဆာဇာတအတ္ထိလို့ ခေါ်တယ်။
နောက်တစ်ခုက (၄) အာဟာရအတ္ထိ၊ ကာဗဠီကာရအာဟာရ လို့ ဆိုတဲ့ အစာအာဟာရနဲ့ ပတ်သက်တဲ့ သြဇာရုပ်ကလည်း အာဟာရသတ္တိတင်မကဘူး ရှိနေခိုက်မှာ ကျေးဇူးပြုသောကြောင့် အာဟာရအတ္ထိလို့ ခေါ်တယ်။
နောက် (၅) က ဣန္ဒြိယပစ္စည်းနဲ့ ပတ်သက်တယ်၊ ဣန္ဒြိယပစ္စည်းဆိုတဲ့နေရာမှာ အကုန်လုံးကို မဆိုလိုဘူး၊ ရူပဇီဝိတိန္ဒြိယ - ကမ္မဇရုပ်တွေရဲ့အသက်လို့ ပြောနိုင်တဲ့၊ ကမ္မဇရုပ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ သဘာဝတရားတစ်ခုကို ရူပဇီဝိတိန္ဒြိယ (ရုပ်ဇီဝိတိန္ဒြိယ) လို့ ခေါ်တယ်။
အတ္ထိပစ္စည်း ၇ ပိုင်း
ကဲ ကောင်းပြီ - ဒီအတ္ထိပစ္စည်းကို အပိုင်း ၇ ပိုင်း ခွဲပြီးတော့ မှတ်ရမယ်၊ တကယ်ကတော့ အတ္ထိပစ္စည်းက အသစ်မဟုတ်တော့ဘူး၊ ဘုန်းကြီးတို့ အစက ဟောလာခဲ့တဲ့ သဟဇာတတို့ ပုရေဇာတတို့ အာဟာရတို့ ဣန္ဒြိယတို့ဆိုတာ ဒါတွေ နာပြီးလို့ရှိရင် အတ္ထိပစ္စည်းဆိုတာက အသစ်မလာတော့ဘူး၊ သို့သော်လည်း ဟောလာတဲ့ရက်တွေက ကြာနေပြီဆိုတော့ မေ့ကောင်းမေ့နေကြလိမ့်မယ်၊ ဒါကြောင့်မို့ ဒီကနေ့ အတ္ထိပစ္စည်းနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ထပ်ပြီးဟောပေးမယ်။
ပစ္စယနိဒ္ဒေသမှာ မှတ်လို့လွယ်အောင် အပိုင်း ၇ပိုင်းတဲ့၊ အပိုင်း ၁ က နာမ်ခန္ဓာ ၄ပါး၊ အပိုင်း၂က မဟာဘုတ်၊ အပိုင်း ၃က နာမ်ရုပ်၊ အပိုင်း ၄ က စိတ်စေတသိက်၊ အပိုင်း ၅ က မဟာဘုတ်နဲ့ ဥပါဒါရုပ်၊ အပိုင်း ၆ က အာယတန၊ အပိုင်း ၇ က ၀တ္ထုရုပ်လို့ အပိုင်း ၇ပိုင်းနဲ့ ဒီပါဠိတော်ကို မှတ်လို့ ရတယ်ပေါ့၊ အဲဒီ အစဉ်အတိုင်း ပြောရအောင်၊ ပထမဆုံး စလိုက်တာ ဘာနဲ့ စတုန်း။
{***“စတ္တာရော ခန္ဓာ အရူပိနော အညမညံ အတ္ထိပစ္စယေန ပစ္စယော” သဟဇာတနဲ့ ဆိုင်တယ်၊ “စတ္တာရော ခန္ဓာ အရူပိနော” လို့ ဆိုလိုက်သဖြင့် ဝေဒနာ သညာ သင်္ခါရ ၀ိညာဏလို့ဆိုတဲ့ နာခန္ဓာ ၄ပါး၊ အကျဉ်းအားဖြင့် ပြောမယ် - စိတ်နဲ့ စေတသိက်ဆိုတဲ့ နာမ်ခန္ဓာ ၄ ပါးသည် အပြန်အလှန် ကျေးဇူးးပြုတယ်လို့ ဒီလိုပြောတာ။
အဲဒါကို ပါဠိတော်မှာ “ဧကော ခန္ဓော တိဏ္ဏန္နံ ခန္ဓာနံ” ခန္ဓာတစ်ခုက ကျန်တဲ့ခန္ဓာသုံးခုကို အထောက်အကူပြုတယ်တဲ့။
ဒါက အပြန်အလှန်ဆိုတဲ့ သဘောကို နားလည်အောင်လို့ ဟောတာနော်၊ ခန္ဓာ ၂ ခု ဆိုလည်း ၂ ခုစီ လှည့်ပတ်ပြီးတော့ တွဲကြည့်၊ အဲဒီလိုတွဲပြီးတော့ ကြည့်လိုက်လို့ရှိရင် “ဒွေ ခန္ဓာ ဒွိန္နံ ခန္ဓာနံ” - ခန္ဓာ ၂ ခု ကလည်း ခန္ဓာ ၂ ခု ကို အထောက်အကူပြုတယ်တဲ့၊ အထောက်အကူပြုတယ်ဆိုတာ အတူတကွဖြစ်နေတဲ့ အခိုက်မှာ ယှဉ်တွဲပြီးတော့ ဖြစ်နေတဲ့အခိုက် ရှိနေတဲ့အခိုက်မှာ အတ္ထိသတ္တိနဲ့ ကျေးဇူးပြုနေတာ။
တစ်ခုချင်းပြောမယ်ဆိုရင် အကြာကြီး ပြောရလိမ့်မယ်နော်။
အဲဒါကြောင့်မို့လို့ ခြုံငုံပြီးတော့ ပြောလိုက်တာ၊ နာမ် ခန္ဓာ ၄ ပါးဟာ အပြန်အလှန်ရှိနေခိုက်မှာ အတ္ထိသတ္တိနဲ့ ကျေးဇူးပြုနေကြပါတယ်လို့ ဒီလို ပြောလိုတာပါ၊ ဒါက အပိုင်း (၁)။ }
နောက် အပိုင်း (၂) က ဘာတုန်းဆိုလို့ရှိရင် -
“စတ္တာရော မဟာဘူတာ အညမညံ အတ္ထိပစ္စယေန ပစ္စယော”။
မဟာဘုတ် ၄ ပါး ဆိုတာလည်း အပြန်အလှန်မှီတည်ပြီးတော့ နေကြတာ၊ ပထ၀ီရှိလို့ အာပေါကလည်း မှီရာ ရနေတာ၊ အာပေါရှိလို့ ပထ၀ီက စုစည်းလို့ ဖြစ်နေတာနော်။ ဒါကို ရင့်ကျက်သွားအောင် အပူငွေ့ပေးနေတာ၊ တဖြည်းဖြည်းရင့်ကျက်လာတာက တေဇော၊ ဒီပုံသဏ္ဍာန်ကို တခြားပုံသဏ္ဍာန်နဲ့ ရောစပ်မသွားအောင် တွန်းကန်ထားတာ ကန့်သတ်ထားတာက ၀ါယောလို့ ဟောဒီ ၄ ခုဟာ တစ်ခုဖယ်လိုက်လို့ရှိရင် ကျန်တာတွေက ရပ်တည်လို့ မရတော့ဘူး၊ ဒါကြောင့် indivisible ခွဲခြားလို့ မရဘူးလို့ ပြောတာ၊ အဲဒါကြောင့် မဟာဘုတ် ၄ ပါးသည် အပြန်အလှန် အထောက်အကူပြုနေတယ်တဲ့။
မဟာဘုတ်တစ်ခုက မဟာဘုတ်သုံးခုကို၊ မဟာဘုတ်သုံးခုက မဟာဘုတ်တစ်ခုလို့ အပြန်အလှန်ပေါ့၊ ဒီလိုအပြန်အလှန် အထောက်အကူပြုပြီးတော့ နေတာ၊ ထင်ရှားရှိနေခိုက်မှာ ကျေးဇူးးပြုကြတာ၊ ထင်ရှားရှိခိုက်တင်မကဘူး သူတို့က born together အတူတကွ မွေးဖွားလာကြတာ ဖြစ်တယ်၊ ဒါကြောင်မို့လို့ သဟဇာတအတ္ထိတဲ့၊ ခုနက နာမ်ခန္ဓာ ၄ ပါးလည်း သဟဇာတအတ္ထိပဲ၊ မဟာဘုတ် ၄ ပါး အပြန်အလှန်အထောက်အကူပြုနေတာ၊ ကျေးဇူးပြုနေတာလည်း သဟဇာတသတ္တိပဲ။
နောက် အပိုင်း (၃) က ဘာလဲဆိုတော့ -
“သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ အတ္ထိပစ္စယေန ပစ္စယော”။
သြက္ကန္တိက္ခဏေ လို့ ဆိုတာ ဘာပြောတာတုန်း၊ Colloquial language လို့ဆိုတဲ့ အရပ်သုံးစကားနဲ့ မြတ်စွာဘုရားက ဟောလိုက်တာ၊ သြက္ကန္တိ ဆိုတာ “၀င်ရောက်လာတာ”၊ ဘ၀တစ်ခုအတွင်းထဲ ၀င်ရောက်လာတာ၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အမိဝမ်းထဲကို ၀င်ရောက်လာတာ၊ သြက္ကန္တတိက္ခဏဆိုတာ သန္ဓေတည်တဲ့ အခိုက်ကလေးကို ပြောတာ၊ သုံးထားတဲ့စကားလုံး သြက္ကန္တိက္ခဏ ဆိုတာက “၀င်လာတဲ့ခဏ” ဆိုတဲ့ အဓိပ္ပါယ်ပဲ။
ပဋိသန္ဓေနေတာကို ၀င်လာတယ်ဆိုရင် သေတာကျတော့ ဘယ်လိုပြောမလဲ၊ ထွက်သွားတာပေါ့၊ ဟုတ်ရဲ့လား၊ သေသွားတာကတော့ ထွက်သွားတာပေါ့၊ ဒါက Colloquial language နဲ့ ပြောတာ၊ ဘယ်သူကမှလည်း ၀င်မလာဘူး၊ ဘယ်သူကမှလည်း ထွက်သွားတာ မဟုတ်ဘူး၊ ထွက်သွားတဲ့အရာဆိုတာလည်း မရှိဘူး၊ ၀င်လာတဲ့အရာလည်း မရှိဘူး။
သို့သော် ဒီဘက်ကအကြောင့်ကြောင့် ဟိုဘက်မှာ အကျိုးတစ်ခုပေါ်တဲ့သဘောပဲ၊ သို့သော် အရပ်စကားနားလည်အောင် ပြောရတာ၊ သြက္ကန္တိက္ခဏေ ၀င်လာတဲ့ခဏတဲ့။ သန္ဓေတည်တဲ့ခဏလေးလို့ ဒီလို ပြောတာနော်။
အကြောင်းအနေနဲ့ဆက်စပ်တာလောက်ပဲ ရှိတယ်လို့ ဒီလိုပြောတာနော်၊ အဲဒီသဘောတွေကို မြတ်စွာဘုရား ဟောတဲ့တရားတော်အရ နားလည်ရမယ်။
သို့သော် လူတစ်ယောက်မှာတော့ လိုင်းတစ်လိုင်းတော့ ရှိတာပေါ့၊ သူနဲ့ပတ်သက်တဲ့လိုင်း၊ အဲဒီလိုင်းက ဘာလဲဆိုရင် mental process စိတ္တ၀ီထိ စိတ်ဖြစ်စဉ်ကြီးတစ်ခုက ပြတ်သွားတယ်လို့ မရှိဘူး၊ ရှေ့စိတ်ကဖြစ်ပြီး နောက်စိတ်ကိုသတ္တိတွေပေးထားခဲ့တယ်၊ energy တွေ ပေးထားခဲ့တယ်။
ဒါကြောင့်မို့ ရှေ့စိတ်ကလုပ်သွားတာက နောက်စိတ်က အမွေခံရစ်တယ်၊ မကောင်းတာတွေ လုပ်သွားလို့ရှိရင် မကောင်းတဲ့အကျိုးက နောက်စိတ်က အမွေခံသွားရတယ်၊ ကောင်းတာတွေ လုပ်လို့ ရှိရင်လည်း နောက်စိတ်တွေက အမွေခံသွားရတယ်၊ နောက်စိတ်ဆိုတာကနော်၊ ဒီဘ၀တင် မကဘူး၊ နောင်ဘ၀တွေမှာလည်း ဒီအတိုင်း အမွေခံသွားကြရတယ်နော်။
***လူ့ရဲ့သန္တာန်မှာဖြစ်တဲ့ စိတ်တွေဟာလည်းပဲ ရှေ့စိတ်ကလုပ်သွားတာကို နောက်စိတ် အမွေခံလိုက်ရတာပဲ၊ အဲဒီလို အမွေခံသွားတဲ့ သဘောသာ ရှိတယ်၊ ရှေ့စိတ်က နောက်စိတ် ဖြစ်လာတာ မဟုတ်ဘူးလို့ ဆိုတာကို မှတ်ရမှာပေါ့။
ဒီစကားလုံးအနေနဲ့တော့ - သြက္ကန္တိက္ခဏေ မိခင်ဝမ်းထဲမှာ ၀င်ရောက်တဲ့ခဏဆိုတာ သန္ဓေတည်တဲ့ ခဏလေးကို ပြောတာ၊ “အဲဒီသန္ဓေတည်တဲ့ ခဏမှာ” တဲ့၊ “နာမ်နဲ့ ရုပ်ဟာ အပြန်အလှန် အတ္ထိသတ္တိနဲ့ ကျေးဇူးပြုပါတယ်” တဲ့၊ အဲဒါ ဘာပြောတာတုန်းဆိုရင် ကလလရေကြည် သန္ဓေတည်တဲ့အချိန်လေးမှာ ဟဒယ၀တ္ထုရုပ်သည် သန္ဓေစိတ်ရဲ့ မှီရာဝတ္ထုရုပ်တို့သည် သဟဇာတ ပြိုင်တူဖြစ်လာကြတာ။
ဘ၀တစ်ခုမှာ အစပြုလာတာ ဘယ်သူက အရင်ဖြစ်လာတယ်၊ ဘယ်သူက နောက်ဖြစ်တယ်လို့ မရှိဘူး၊ ကံက ဖန်တီးပေးလိုက်တာ၊ တစ်ပြိုင်နက် ထုတ်လုပ်လိုက်တာ၊ အဲဒီလိုထုတ်လုပ်လိုက်တဲ့ ရုပ်နဲ့နာမ် နှစ်ခုမှာ သန္ဓေစိတ်က ဟဒယ၀တ္ထုရုပ်ကို အမှီပြုတယ်၊ ဟဒယ၀တ္ထုက သန္ဓေစိတ်ကို အားပြုတယ်၊ အပြန်အလှန်သဘောပဲ၊ သူတို့နှစ်ခုသည် ရှိနေတဲ့အခိုက်ကလေးမှာ ထိုကဲ့သို့ အပြန်အလှန်သဘောပဲ၊ သူတို့နှစ်ခုသည် ရှိနေတဲ့အခိုက်ကလေးမှာ ထိုကဲ့သို့ အပြန်အလှန်ကျေးဇူးပြုကြလို့ အတ္ထိပစ္စယောလို့ ဒီလို ပြောတာ။
ဒီတော့ ရုပ်နဲ့ နာမ်က born together ကျေးဇူးးပြုတယ်ဆိုတာ အဲဒီ သြက္ကန္တိခဏ လို့ဆိုတဲ့ ပဋိသန္ဓေအခါပဲ ရှိတယ်၊ ကျန်တဲ့အချိန်မှာတော့ born together မဟုတ်တော့ဘူး၊ ဒီအချိန်ကလေးတစ်ခုပဲ born together ဖြစ်တော့ အပြန်အလှန် ကျေးဇူးပြုတယ်တဲ့၊ ဒါကြောင့် အဲဒီ သြက္ကန္တိခဏေဆိုတဲ့ စကားလုံးလေးသုံးတာ၊ ဒါက တတိယအပိုင်း။
နောက်တစ်ခါ စတုတ္ထအပိုင်းကျတော့ ဘာတုန်း၊
“စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ အတ္ထိပစ္စယေန ပစ္စယော”
စိတ်စေတသိက်တရားတွေက စိတ္တဇရုပ်တွေကို ထုတ်လုပ်တယ်တဲ့၊ ဒီနေရာမှာ ရုပ်ကို မထုတ်လုပ်တဲ့စိတ်တွေ ရှိတယ်၊ ရုပ်ကိုထုတ်လုပ်တဲ့စိတ် ရှိတယ်၊ အဲဒီရုပ်ကို ထုတ်လုပ်တဲ့စိတ်တွေက စိတ်ဖြစ်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ဥပါဒ်ခဏမှာ သူလည်းဖြစ်၊ ရုပ်ကိုလည်း ဖြစ်စေတယ်၊ ဒီလိုရော ဖြစ်နိုင်တာ ရှိလားဆိုတော့ ရှိတာပေါ့။
ဖယောင်းတိုင်မီး ထွန်းလိုက်တဲ့အခါမှာ မီးတောက်ကလေးပေါ်လာတာနဲ့ အလင်းရောင် တစ်ခါတည်း မဖြစ်ဘူးလား၊ အလင်းရောင်ကို တစ်ခါတည်း မွေးဖွားပေးလိုက်တာ၊ တစ်ပြိုင်နက်ပဲ။
ထို့အတူပဲ စိတ်က ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် စိတ္တဇရုပ်ကို ထုတ်လုပ်ပြီးသားပဲ၊ သူ့ရဲ့အကျိုးတရားက တစ်ခါတည်းပါသွားတာ၊ အဲဒါကို ပြောတာ။
စိတ္တစေတသိကာ ဓမ္မာ - စိတ်စေတသိက်တရားတွေဟာ၊ စိတ္တသမုဋ္ဌာနာနံ ရူပါနံ - စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေကို၊ အတ္ထိပစ္စယေန - အတ္ထိပစ္စယသတ္တိဖြင့်၊ ပစ္စယော - ကျေးဇူးပြုပါတယ်တဲ့၊ သဟဇာတအတ္ထိပဲ၊ စိတ်စေတသိက်နဲ့ စိတ္တဇရုပ် တို့ဟာ အတူတကွဖြစ်ကြတယ်။
နောက်တစ်ခု အပိုင်း (၅) က ဘာလဲလို့ဆိုလို့ရှိရင် -
“မဟာဘူတာ ဥပါဒါရူပါနံ အတ္ထိပစ္စယေန ပစ္စယော”။
မဟာဘုတ်တွေက ဥပါဒ်ရုပ်တွေကို အထောက်အကူပြုတယ်ဆိုတဲ့နေရာမှာ ထင်ရှားရှိနေတဲ့အခိုက်မှာ ကျေးဇူးးပြုကြတယ်တဲ့၊ မဟာဘုတ် ၄ ပါး ပေါ်လာတာနဲ့ တစ်ပြိုင်နက် ထိုမဟာဘုတ် ၄ ပါးကို မှီပြီးနေတဲ့ ဥပါဒါရုပ်တွေ မဖြစ်ပေဘူးလား၊ ဖြစ်လာတယ်။
ဒါကြောင့်မို့ မဟာဘုတ်က အကြောင်းတရား၊ ဥပါဒါရုပ်တွေက အကျိုးတရားတဲ့၊ မဟာဘုတ်တွေ ရှိနေခိုက်မှာ ဥပါဒါရုပ်တွေကို ထုတ်လုပ်တာ ဖြစ်သောကြောင့် မဟာဘုတ်တွေဟာ သူတို့ဖြစ်လာလျှင် ဖြစ်လာခြင်း ဥပါဒါရုပ်တွေကို ထုတ်လုပ်တာဖြစ်သောကြောင့် သဟဇာတ၊ အဲဒါလည်း born togethers ။
နောက်တစ်ခါ အပိုင်း (၆) က ဘာလဲဆိုရင် အာယတန၊ အာယတနဆိုတာ အားလုံးသိတဲ့အတိုင်း ၁၂ မျိုး ရှိတယ်၊ အဲဒီအာယတန ၁၂ မျိုးထဲက -
“စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော”။
***စက္ခာယတနဆိုတာ စက္ခုပသာဒရုပ် မျက်စိအကြည်ကို ပြောတာ၊ အဲဒီ မျက်စိအကြည်ဆိုတဲ့ စက္ခုပသာဒရုပ်ဟာ စက္ခုဝိညာဏ်စိတ်ရဲ့မှီရာအနေနဲ့ ကျေးဇူးပြုပါတယ်တဲ့။
***မှီရာဝတ္ထုတွေကို မှီပြီးတော့ ဒီစိတ်က ဖြစ်တယ်ဆိုတော့ ဒါဖြင့် ဒီ မှီရာဝတ္ထုရုပ်တွေနဲ့ ဖြစ်လာတဲ့ စက္ခုဝိညာဏ် သောတ၀ိညာဏ် ဃာန၀ိညာဏ် ဇိဝှာဝိညာဏ် ကာယ၀ိညာဏ်ဆိုတဲ့ ဒီစိတ်တွေက ပြိုင်တူဖြစ်လာကြတာလားဆိုတေ
ာ့ မဟုတ်ဘူးတဲ့။
ဒါကျတော့ မှီရာဝတ္ထုတွေက ပုရေဇာတ born earlier ကြိုတင်ပြီးတော့ ဖြစ်နေကြတာ၊ ကြိုတင်ပြီးတော့ ဖြစ်နေတဲ့ စက္ခုပသာဒရုပ်ကို ဟောဒီစက္ခုဝိညာဏ်က မှီရတာပါတဲ့။
{ ကြိုတင်ပြီးတော့ ဖြစ်နှင့်တာ ဖြစ်သောကြောင့် ဒါကို ပုရေဇာတလို့ ခေါ်ပါတယ်တဲ့၊ ကြိုတင်ဖြစ်ပေမယ့်လို့ ရှိနေတုန်းမှာ စက္ခုဝိညာဏ်စိတ်ကို အထောက်အကူပြုတာ၊ စက္ခုဝိညာဏ်စိတ်ပေါ်လာမှ သူက ကျေးဇူးပြုတာ၊ နှစ်ခုစလုံး ရှိနေခိုက်မှာ ကျေးဇူးပြုသောကြောင့် အတ္ထိသတ္တိလို့ ပြောတာ။ }
ကဲ ဒီနေရာမှာ စဉ်းစားကြည့်ရအောင်၊ စက္ခုပသာဒရုပ်က စက္ခုဝိညာဏ်စိတ်ကို ထုတ်လုပ်တာလားလို့ဆိုတော့ သူက ထုတ်လုပ်တာ မဟုတ်ဘူး၊ စက္ခုဝိညာဏ်စိတ်ကို ၀ိပါက်စိတ်လို့ မခေါ်ဘူးလား၊ ၀ိပါက်စိတ်ဆိုတော့ သူ့ရဲ့အကြောင်းတရားက ကံပဲ ဖြစ်မှာပေါ့၊ ကံရဲ့အကျိုးတရားကို ၀ိပါကလို့ ခေါ်တာ။
ဒီတော့ ထုတ်လုပ်သူက ကံတရား၊ ဒါဖြင့် စက္ခ၀တ္ထုလို့ခေါ်တဲ့ စက္ခုပသာဒရုပ်တို့၊ ရူပါရုံတို့က အထောက်အကူတွေပေါ့၊ အထောက်အကူပြုလိုက်တာ၊ ဒီ ၂ ခု ဆုံစည်းလိုက်တဲ့အခါ စက္ခုဝိညာဏ်စိတ်ပေါ်လာတယ်၊ ပစ္စုပ္ပန်အကြောင်းတရားက ဒါ။
သို့သော် ကံဆိုတဲ့ ထုတ်လုပ်တဲ့အကြောင်းတရား မပါဘဲနဲ့ ဒီဝိပါက်စိတ်က မဖြစ်နိုင်ဘူးတဲ့။
ဒါကြောင့်မို့ ဒီနေရာမှာ စက္ခုဝတ္ထုဆိုတဲ့ စက္ခုပသာဒရုပ်က စက္ခုဝိညာဏ် စိတ်မဖြစ်ခင် ကြိုတင်ပြီး ဖြစ်နှင့်နေတာ၊ ဖြစ်နှင့်ပြီးတဲ့အခါ စက္ခုဝိညာဏ်စိတ်ရဲ့ မှီရာအနေနဲ့ သူက ဆောင်ရွက်တာ၊ ဒါကြောင့်မို့ ပုရေဇာတလို့ ခေါ်တယ်၊ ရှိနေခိုက် ကျေးဇူးပြုတာဖြစ်သောကြောင့် ပုရေဇာတအတ္ထိတဲ့။
ဒါကို နားလည်လို့ရှိရင် “သောတာယတနံ သောတ၀ိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော” ဒါလည်း နားလည်သွားပြီ၊ ထို့အတူပဲ ဃာနယတနံ ဇိဝှါယတနံ ကာယာယတနံ၊ ဒါတွေလည်း နားလည်သွားပြီ၊ ဒါက ၀တ္ထုရုပ်ပိုင်းဆိုင်ရာ။
နောက် အာရုံပိုင်းဆိုင်ရာကနေ ပြောလိုက်ဦးမယ်။
*** အာရုံပိုင်းဆိုင်ရာကပြောရင် ရူပါယတနံဆိုတာကျတော့ မျက်စိကမြင်တဲ့ အဆင်းအာရုံကို ပြောတာ၊ အဲဒီမျက်စိကမြင်ရတဲ့ အဆင်းအာရုံလေးဟာလည်းပဲ စက္ခုဝိညာဏ်စိတ် ပေါ်ဖို့ရာအတွက် အထောက်အကူပြုတဲ့ အကြောင်းတစ်ခုပဲတဲ့။
အဲဒီအထောက်အကူပြုတဲ့ အကြောင်းကလည်းပဲ စက္ခုဝိညာဏ်စိတ်မပေါ်ခင်က ကြိုတင်ဖြစ်နှင့်တာ ဖြစ်သောကြောင့် ပုရေဇာတ၊ ကြိုတင်ပြီးတော့ ဖြစ်နှင်နေတဲ့အရာက စက္ခုဝိညာဏ်စိတ်ကို အထောက်အကူပြုတယ်လို့ ဒီလိုဆိုလိုတယ်။
ဒီတော့ အာယတနအနေနဲ့သွားရင် သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ၊ ဒါတွေက သောတ၀ိညာဏ် ဃာန၀ိညာဏ် ဇိဝှါဝိညာဏ် ကာယ၀ိညာဏ်တွေကို ကျေးဇူးပြုတယ်။
{ နောက်တစ်ခုက အားလုံးကို ခြုံငုံပြောလိုက်တော့ - စက္ခုဝိညာဏ်ပြီးရင် ဘယ်သူလာသလဲဆိုတော့ သမ္ပဋိစ္ဆိုင်းလာတယ်၊ အဲဒီသမ္ပဋိစ္ဆိုင်းကို ဒီနေရာမှာ မနောဓာတ်လို့ သုံးလိုက်တယ်၊ အဲဒါကြောင့်မို့လို့ -
“ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော”။
ရူပါရုံပဲလာလာ သဒ္ဒါရုံပဲလာလာ ဂန္ဓာရုံပဲလာလာ ရသာရုံပဲလာလာ ဖောဋ္ဌဗ္ဗာရုံပဲ လာလာ၊ သမ္ပဋိစ္ဆိုင်းဆိုတဲ့ ဒီစိတ်ဟာ ထိုအာရုံတွေကို အာရုံပြုပြီးတော့ ဖြစ်တယ်၊ အဲဒီအာရုံတွေက ကြိုတင်ပြီးတော့ ဖြစ်ထားတဲ့ အာရုံတွေ ဖြစ်လို့ born earlier ပုရေဇာတပစ္စည်းပဲ၊ ထင်ရှားရှိနေခိုက်မှာ ကျေးဇူးပြုတာဖြစ်သောကြောင့် အတ္ထိပစ္စည်းလို့ ဒီလိုအာယတနတွေနဲ့ ပတ်သက်ပြီးတော့ အတ္ထိပစ္စည်းကိုပြောတာ၊ ဒါ ပုရေဇာတအတ္ထိကို ပြောတာ။ }
နောက်ဆုံးတစ်ခု အပိုင်း(၇) က ၀တ္ထု တဲ့။
“ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ၀တ္တန္တိ၊ တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော”။
( မှတ်ချက်။ ။ “ယံ ရူပံ” “တံ ရူပံ” နဲ့ပတ်သက်ပြီးတော့ ၀တ္ထုပိုင်း ဟဒယ၀တ္ထုနဲ့ပတ်သက်လို့ အငြင်းပွားဖွယ်တွေကို တော့ မိတ်ဆွေတို့ သိရှိပြီးဖြစ်မယ်လို့ ထင်ပါတယ်ခင်ဗျာ။ အဲဒီအပိုင်းကို ချုံ့လိုက်ပါတော့မယ်။ TNO )
အဘိဓမ္မာကျမ်းဂန်တွေရဲ့ အဆိုရယ်၊ လက်တွေ့ကျကျတွေးခေါ်ပြီးတော့ ဆင်ခြင်သုံးသပ်ကြည့်မယ်ဆိုလို့ရှိယင် မြတ်စွာဘုရားကကိုယ်တိုင်က ၀တ္ထုလို့ ပြောလိုက်သဖြင့် စိတ်ရဲ့မှီရာဆိုတာ ခန္ဓာကိုယ်ထဲမှာ တစ်နေရာရာမှာရှိနေတယ်ပေါ့၊ အတိအကျ location ကို သတ်မှတ်ပြောတာ မဟုတ်ဘူး။ နာမည်မတပ်ဘူး၊ နာမည်မတပ်သော်လည်း လူတွေရဲ့သန္တာန်မှာ ဖြစ်ပေါ်လာတဲ့စိတ်ဟာ နှလုံးမှာ လာ ထင်ရှားတယ်၊ ဦးနှောက်မှာ လာထင်ရှားတယ်ပေါ့၊ ဒါကြောင့်မို့လို့ ဟဒယ၀တ္ထု ဆိုတာ ဦးနှောက် နှလုံး ဆက်သွယ်ဖြစ်ပေါ်တဲ့ နေရာတစ်ခုဟာ location လို့ ပြောမယ်ဆိုလို့ရှိရင် ပြောလို့ရတယ်ပေါ့။
အဲဒီမနောဓာတ် မနောဝိညာဏ်ဓာတ်တွေနဲ့ ဟောဒီဟဒယ၀တ္ထုဆိုတာဟာ born earlier ဟဒယ၀တ္ထုက ကြိုတင်မွေးဖွားလာပြီး မနောဓာတ် မနောဝိညာဏဓာတ်လို့ဆိုတဲ့ စိတ်အခြေအနေတွေက နောက်မှ ဖြစ်တာ ဖြစ်လို့ ၊ ရှိခိုက်အနေနဲ့ ကျေးဇူးပြုတာ ဖြစ်လို့ အတ္ထိပစ္စည်းပါလို့ ပစ္စယနိဒ္ဒေသပါဠိတော်မှာ ဒီလို အတ္ထိပစ္စည်းကို ၇ ပိုင်း ခွဲထားတယ်၊ အမျိုးအစားအနေနဲ့တော့ သဟဇာတ နဲ့ ပုရေဇာတ ဒီနှစ်မျိုးတည်းပဲ ဟောပါတယ်။
ပဉှာဝါရမှာကျတော့ ပစ္ဆာဇာတကိုလည်း ထည့်ဟောတယ်၊ အာဟာရကိုလည်း ထည့်ဟောတယ်၊ ဣန္ဒြိယကိုလည်း ထည့်ဟောတယ်၊ ဒါကြောင့်မို့ အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ အတ္ထိပစ္စည်းကို ၅ မျိုး လို့ဆိုတာ။ သဟဇာတ ပုရေဇာတ ပစ္ဆာဇာတ အာဟာရ ဣန္ဒြိယလို့ အတ္ထိပစ္စည်း ၅ မျိုး ရှိတယ်လို့ ဒီလိုပြောတာ။
အ၀ိဂတပစ္စယော
ကောင်းပြီ - အတ္ထိပစ္စည်းကို နားလည်လို့ရှိရင် ထိုအတ္ထိပစ္စည်းနဲ့ သဘာဝချင်းတူတဲ့ အ၀ိဂတပစ္စည်းကိုလည်း နားလည်ပြီးသား ဖြစ်သွားပြီ၊ အထူးပြောစရာမလိုတော့ဘူး။
***အတ္ထိပစ္စယောဆိုတာ ရှိခိုက်မှာ ကျေးဇူးပြုတယ်၊ အ၀ိဂတပစ္စယောဆိုတာ ရှိခိုက်ဆိုတဲ့နေရာမှာ လုံးဝချုပ်ငြိမ်းသွားခြင်း မဟုတ်သေးတဲ့ အနေအထား၊ အ၀ိဂတ လုံးဝကင်းပျောက် မသွားသေးခင် ကျေးဇူးပြုတယ်။
***အတ္ထိဆိုတာ ရှိနေတဲ့အခိုက်မှာ ကျေးဇူးပြုတယ်။ ဒါဖြင့် ရှိနေတာက ဘယ်လောက်ထိအောင် ရှိနေတာတုန်း? ပြောချင်တာက အ၀ိဂတ လုံးဝကင်းပြတ်သွားတာမျိုးထိအောင် မရောက်သေးတာ၊ ဒီလိုအဓိပ္ပာယ်ကို ပြောတာ။
မြတ်စွာဘုရားက နတ်တွေဗြဟ္မာတွေကို ဟောတဲ့အခါမှာ အတ္ထိဆိုတဲ့ သဘောထက် အတ္ထိရှိတယ်ဆိုတာ ဘယ်လောက် အတိုင်းအတာထိ ရှိနေတာလဲလို့ မေးစရာရှိလို့ ကင်းကွာသွားခြင်း မရှိသေးခင် အရှိလို့ ခေါ်တယ်လို့ ဆိုတာကို ထပ်ဖွင့်ပေးတဲ့အနေနဲ့ အ၀ိဂတပစ္စယောကို ထပ်ပြီးတော့ ဟောလိုက်တာတဲ့၊ ပိုပြီးတော့ ရှင်းသွားအောင်လို့။
နတ္ထိပစ္စယော၊ ၀ိဂတပစ္စယော
ကောင်းပြီ - နောက်တစ်ခုဖြစ်တဲ့ နတ္ထိပစ္စယောတို့ ၀ိဂတပစ္စယောတို့ဆိုတာကို အနန္တရပစ္စယော သမနန္တရပစ္စယောတုန်းက ရှင်းထားတဲ့အတိုင်းပဲ သဘောပေါက်ရမှာ။
***လူတွေရဲ့သန္တာန်မှာဖြစ်တဲ့ စိတ်ဟာ တစ်စိတ်ချင်းသာ ဖြစ်တယ်။ နှစ်စိတ်ပြိုင် မဖြစ်ဘူးတဲ့။ ဖြစ်တဲ့အခါမှာ စိတ်နဲ့စေတသိက်ဟာ အုပ်စုလိုက် ဖြစ်တယ်။
ပထမအုပ်စုဖြစ်နေတဲ့အချိန်မှာ ဒုတိယအုပ်စုက ဖြစ်ခွင့် မရှိဘူးး။
{ ဆိုပါစို့ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ဖြစ်နေတဲ့အချိန်မှာ စက္ခုဝိညာဏ်စိတ် မဖြစ်နိုင်ဘူး။
ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်သွားပြီ၊ မရှိတော့ဘူးးဆိုတော့မှ စက္ခုဝိညာဏ်စိတ်ဖြစ်တာ။
စက္ခုဝိညာဏ်စိတ် ချုပ်သွားပြီဆိုတော့မှ သမ္ပဋိစ္ဆိုင်းစိတ် ဖြစ်လာတာ။
သမ္ပဋိစ္ဆိုင်းစိတ် ချုပ်သွားပြီဆိုတော့မှ သန္တီရဏစိတ်က ဖြစ်တာ၊ အဲဒီလိုချုပ်သွားတာဟာ လုံးဝကင်းပြီးတော့ ပြတ်စဲသွားတာ ဖြစ်သောကြောင့် ၀ိဂတ လို့ ခေါ်တယ်တဲ့။ ဒါကြောင့်မို့ အနန္တရ သမနန္တရ နတ္ထိ ၀ိဂတ တို့ဆိုတာ ဒါတွေက အဓိပ္ပါယ်အတူတူပါပဲ။ }
ဒီတော့ အားလုံးချုပ်လိုက်တဲ့အခါ ပဋ္ဌာန်း ၂၄ ပစ္စည်းရဲ့ အဓိပ္ပါယ်ဟာ အားလုံး ပြည့်ပြည့်စုံစုံ ပြီးသွားပါပြီ။
ဒါကြောင့်မို့ အကြောင်းတရား အကျိုးတရား အစစ်အမှန်ကို နားလည် သဘောပေါက်ခြင်းဖြင့် ယုံမှားသံသယတွေကို ဖယ်ရှားလို့ မှန်ကန်တဲ့လမ်းကြောင်း ပေါ်ရောက်ရှိပြီး နောက်ဆုံး အကြောင်းတရားကို ဖယ်ရှားပစ်လိုက်နိုင်သည့်အတွက် အကြောင်းပြတ်လို့ အကျိုးရပ်သွားခြင်းဆိုတဲ့ အငြိမ်းဓာတ်ကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု။
ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။
…_/|\_…_/|\_…_/|\_…
Credit to Ko Thein Naing OHn

No comments:
Post a Comment