ပဋ္ဌာန်းဆိုတဲ့ ပဋ္ဌာန ရဲ့အဓိပ္ပာယ်က ဘာလဲဆိုယင် ပ = အမျိုးမျိုး လို့အဓိပ္ပာယ်ရတယ်။ ဋ္ဌာန = အကြောင်းတရားတွေ။ အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် စုပေါင်းပြီးတော့ အကျိုးတရားတွေ ထုတ်လုပ်နေပုံကို အကြောင်းအမျိုးမျိုးကို ရှင်းလင်းပြတဲ့ ဒေသနာတော်ကြီးကို ပဋ္ဌာနလို့ ဒီလိုနံမည်ပေးတာဖြစ်တယ်။
နောက်တနည်းက ပဋ္ဌာနဆိုတဲ့ စကားလုံးသည် ခွဲချမ်းစိတ်ဖြာကြည့်ရှုခြင်းဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ၀ိဘဇ္ဇနတ္ထ (ပါဋ္ဌိစကားလုံးမသေချာပါ) မြတ်စွာဘုရားက အရာခပ်သိမ်းကို ခွဲခြားစိတ်ဖြာပြီး ဟောကြားလေ့ရှိတယ်။ သာမာန်ပုဂ္ဂိုလ်တွေက ကြည့်လိုက်ယင် တစ်ခုလို့ပဲမြင်ကြတယ်ပေါ့။ ဘာဖြစ်လို့တုန်းဆို ခွဲခြားစိတ်ဖြာနိုင်စွမ်းမရှိဘူး။ ပဋ္ဌာန်းဆိုတဲ့ ဒီအဘိဓမ္မာတွေဟာ အရာခပ်သိမ်းကို သဘာဝတရားတွေကို ခွဲခြမ်းစိတ်ဖြာပြီးတော့ မြင်လေ့ရှိတယ်၊ ဟောကြားတော်မူတယ်။
ဒါကြောင့်မို့လို့ ပဋ္ဌာနဆိုတာကြတော့ မြတ်စွာဘုရားက အကြောင်းတရားတွေနဲ့အကျိုးတရားတွေဟာ ဘယ်လိုဆက်သွယ်ပြီးတော့ အကြောင်းတရားတွေက အကျိုးတရားတွေကို ဘယ်လိုပံ့ပိုးထားတယ်၊ ဘယ်လိုဖြစ်စေတယ်၊ ဘယ်လိုတည်တံ့အောင် ထောက်ပံ့ကူညီနေတယ်ဆိုတဲ့ သဘာဝတွေကို ရှင်းပြတယ်။
သတ္တ၀ါအားလုံးဟာ ဟောဒီ ပဋ္ဌာန်း ၂၄ ပစ္စည်းထဲက အကြောင်းတရားတွေ အကျိုးတရားတွေနဲ့ နေ့စဉ် နေနေကြတာ။ ပစ္စယလို့ သုံးတဲ့ စကားလုံးက ဘာတုန်းလို့ဆိုယင် ဖြစ်ပေါ်အောင်အကျိုးပြုတယ် သို့မဟုတ် ဖြစ်ပေါ်လာတဲ့အရာကို ရပ်တည်နေအောင် အကျိုးပြုတယ်။ အဲဒီအကြောင်းတရားကို ဆိုလိုတယ်။
အဲဒါကို ကျေးဇူးပြုတယ်လို့ ခေါ်ကြတာ။ အဲတော့ ကျေးဇူးပြုတယ်ဆိုတာ အကြောင်းတရားသည် မရှိသေးတာကို ရှိအောင်လုပ်ပေးတယ်..ဒါတစ်ခု။ ရှိပြီးသားကို maintenance လုပ်တယ်၊ ရပ်တန့်နေအောင်လုပ်ထားပေးတယ်။ ဒီနှစ်ခုဟာ ပစ္စယရဲ့အဓိပ္ပာယ်က ဖြစ်စေတယ်၊ တည်တန့်စေတယ်။ အဲဒါကို ကျေးဇူးပြုတယ်လို့ ခေါ်တာ။
ဟေတုပစ္စယောလို့ဆိုတာ ဟေတုဆိုတဲ့အဓိပ္ပာယ်ကတော့ သူက ဒီပြင်နေရာမှာ အကြောင်းတရားလို့ပဲ သာမာန်ရတာ…ဒီနေရာမှာ
သာမာန်အကြောင်းတရားမဟုတ်ဘူး
…သူက..ခိုင်မြဲစေတတ်တဲ့ အကြောင်းတရားတဲ့။ ဆက်လက်ရှင်သန်နေအောင် ထောက်ပံ့ပေးတဲ့ အကြောင်းတရား ၊ ဖြစ်ပေါ်စေပြီး ဆက်လက်ရှင်သန်နေအောင် ထောက်ပံ့ပေးတဲ့ သဘာဝတရားကို ဟေတုလို့ ခေါ်တယ်။
အာရမ္မဏဆိုတာ စိတ်ရဲ့ပျော်မွေ့ရာ စိတ်ရဲ့ဖြစ်ပေါ်ရာ အကြောင်းတရားတွေ ၊ အာရုံအကြောင်းတရားတွေ ၊
အဓိပတိဆိုတာကြတော့ ဖြစ်ပေါ်လာတဲ့ စိတ်ကို လွှမ်းမိုးထားနိုင်တဲ့ သဘာဝတရားကို ပြောတာ၊
အနန္တရတို့ ၊ သမ္မန္နတရတို့ဆိုတာ ရှေ့စိတ်နဲ့နောက်စိတ် ၊ ရှေ့ပိုင်းမှာဖြစ်တဲ့ နာမ်တရားနဲ့နောက်ပိုင်းမှာဖြစ်တဲ့ နာမ်တရားတွေရဲ့အကြားမှာ ဘာမှ အခြားအကွယ် မရှိပဲနဲ့၊ ရှေ့တရားက နောက်တရားကို ကျေးဇူးပြုတဲ့ သဘောကိုပြောတာ။ အဲလို ၂၄ ပစ္စည်းမှာ ဆိုင်ရာဆိုင်ရာ သဘာဝတရားတွေနဲ့ မြတ်စွာဘုရားက ၂၄ မျိုးလို့ ကျေးဇူးပြုပုံ ကျေးဇူးးပြုနည်း ၂၄ မျိုးကို ခေါင်းစီးလေးချမှတ်ပြီးတော့ မြတ်စွာဘုရားကပေးတယ်။ ပေးပြီးတဲ့အခါကျမှ အသေးစိတ် တစ်ခုစီ တစ်ခုစီ ဟောတာ ဖြစ်တယ်။
အဲဒီထဲမှာ အဘိဓမ္မထသင်္ဂဟကျမ်းမှာ ၂၄ ပစ္စည်းကို အကျဉ်းချုံးလိုက်လို့ရှိယင်တဲ့ အာရမ္မဏပစ္စည်း ၊ ကမ္မပစ္စည်း ၊ ဥပနိဿယပစ္စည်း ၊ အတ္ထိပစ္စည်းလို့ အဲဒီ ၄ ပစ္စည်းထဲမှာ ဆိုင်ရာဆိုင်ရာ ပစ္စည်းတွေ အားလုံးဟာ အကျုံးဝင်သွားတယ်၊ including ဖြစ်သွားတယ်ပေါ့။
၂၄ ပစ္စည်းကို ချုံးပြောယင်တော့ ၄ မျိုးနဲ့ပြောလို့ရတယ်လို့ ဆိုပြီးတော့ အဘိဓမ္မထသင်္ဂဟကျမ်းမှာ ပြထားတာ ရှိတယ်။ ဘုန်းကြီးတို့ ၄ ပစ္စည်းထက် ထပ်ချုံးလို့ ရဦးမလားလို့ ကြည့်တဲ့အခါကြတော့ ထပ်ချုံးလို့ ရသေးတယ် ဆိုတာ တွေ့ရတယ်။ ထပ်ပြီးတော့ ဘယ်လို ချုံးမတုန်းဆိုတော့ အတ္ထိနဲ့နတ္ထိ ထဲ အကုန်ဝင်သွားနိုင်တယ်တဲ့။
အတ္ထိအမျိုးအစားဆိုတာ အကြောင်းတရားနဲ့အကျိုးတရား နှစ်ခုစလုံး ရှိနေခိုက်မှာ အထောက်အကူပြုတယ်။ ကျေးဇူးပြုတယ်။ အကြောင်းတရားကလည်း ရှိနေခိုက် ဖြစ်ရမယ်။ အကျိုးတရားကလည်း ရှိနေခိုက် ဖြစ်ရမယ်။ အဲဒီ ရှိနေခိုက်မှာ ကျေးဇူးးပြုတာဟာ အတ္ထိပစ္စည်းပဲ။
နတ္ထိပစ္စည်းဆိုတာက မရှိတော့တဲ့နောက်မှ ကျေးဇူးးပြုတာ ၊ သူက ရှိနေခိုက်မှာ ကျေးဇူး မပြုဘူး။ အကြောင်းတရားက လုံးဝချုပ်ငြိမ်းသွားတော့မှ အကျိုးတရား ပေါ်လာတာ။ အဲတော့ .. အတ္ထိအုပ်စုနဲ့နတ္ထိအုပ်စု နှစ်ခုပဲ ရှိတယ်။ ဒီ ၂၄ ပစ္စည်းမှာ မြတ်စွာဘုရားက အတ္ထိ နတ္ထိ လို့ ထားပြီးတော့ ဟောထားတာဟာ -
( အယူဝါဒရေးရာနဲ့ပတ်သက်လာလို့ ရှိယင် ဟောဒီ အတ္ထိ နတ္ထိ လို့ဆိုတဲ့ စကားလုံးက ဘာကို ဦးတည်ပြီးတော့ ပြောတာတုန်းဆိုယင် အတ္ထိဆိုတာ ထာဝရရှိနေတဲ့အရှိကို အတ္ထိ ၊ နတ္ထိဆိုတာ ထာဝရရှိနေတာ မဟုတ်တာကို နတ္ထိ .. ဒီ သဘောကို ပြောတာ..နော်။
သူက ဘာနဲ့ဆက်စပ်ပြီးတော့ ပြောတုန်းဆိုယင် အတ္ထိဆိုတာ အတ္တလို့ဆိုတဲ့ ထင်မြင်ယူဆချက်ကလေးတစ်ခု လူတွေရဲ့ သက်ရှိ သတ္တ၀ါတွေထဲမှာ soul ဆိုတဲ့ အတ္တဆိုတဲ့ ခိုင်မြဲတဲ့အရာလေးဟာ ထာဝရရှိတယ်လို့ ယူဆတာ အတ္ထိ ။
ထာဝရမရှိဘူး၊ ဖြစ်ပြီးယင် နောက်ကြတော့ ပျက်သွားတာပဲ ၊ ပြီးတော့လည်း ဘယ်တော့မှ ပေါ်မလာတော့ဘူး။ ထာဝရမရှိတော့ဘူးဆိုတဲ့ အယူအဆတစ်ခုက နတ္ထိတဲ့။
အတ္ထိဆိုတာ သဿတ၀ါဒကို ရည်ညွှန်းပြီးတော့ ပြောတယ်။
နတ္ထိဆိုတာ ဥစ္ဆေဒ၀ါဒကို ရည်ညွှန်းပြီးတော့ ပြောခြင်း ဖြစ်တယ်။ ဒါက အယူအဆရေးရာနဲ့ပတ်သက်တဲ့ အတ္ထိ နတ္ထိ ။ )
*** ပဋ္ဌာန်းမှာလာတဲ့ အတ္ထိ နတ္ထိက ဒီအဓိပ္ပာယ် မဟုတ်ဘူး။
အတ္ထိဆိုသည်မှာ အကြောင်းတရားကော အကျိုးတရားကော နှစ်ခုလုံးရှိနေတဲ့အခိုက်မှာ အကြောင်းတရားက အကျိုးတရားကို ကျေးဇူးပြုတယ်။ နတ္ထိဆိုတာတော့ မရှိတော့မှ ကျေးဇူးပြုတယ်လို့ ဒီ သဘာဝနှစ်ခုကို ခွဲခြားမှတ်သား ထားဖို့လိုတယ်ပေါ့။ ၂၄ပစ္စည်းကို အကျဉ်းချုံးလိုက်ယင် ဟောဒီ နှစ်မျိုးထဲမှာ အားလုံး ၀င်သွားနိုင်တယ်ပေါ့။ ကဲ .. ကောင်းပြီ ။
ဒီနေ့ ပြီးနိုင်သမျှပြီးအောင် ဟေတုပစ္စည်း အကြောင်းကိုပြောမယ်။
ပထမဆုံး အခြေခံအားဖြင့် မြတ်စွာဘုရားက သစ္စာလေးပါးကို ဟောတယ်။ သစ္စာလေးပါးဆိုတာ ကြည့်လေ ၊ ဒုက္ခဆိုတာ တလောကလုံးကို မြတ်စွာဘုရားက ဒုက္ခလို့ နံမည်တပ်လိုက်တယ်။
ဘာဖြစ်လို့ ဒုက္ခလို့ နံမည်တပ်တာတုန်းဆိုယင် ဆင်းရဲလို့ ဒုက္ခလို့ နံမည်တပ်တာမဟုတ်ဘူး။ ဒီထဲမှာ ချမ်းသာတာတွေလည်း ပါတယ်..နော်။ ဘာဖြစ်လို့ ဒုက္ခလို့ နံမည်တပ်လိုက်သလဲဆိုယင် ဒု ဆိုတာ ကျေနပ်စရာမကောင်းဘူး၊ ခ က ကိုယ်ထင်တဲ့အတိုင်း ဘာမှ မရှိဘူးး။ အဲဒီ အဓိပ္ပာယ်နဲ့ဟောတာ။ အဲတော့ ဒုက္ခဆိုတာ အကြောင်းကြောင့်ဖြစ်လာတဲ့ အကျိုးတရားတွေအားလုံးကို ရည်ညွှန်းပြီးတော့ မြတ်စွာဘုရားဟောထားတာ။ အဲဒီ ဒုက္ခမှာ ဆိုင်ရာအကြောင်းတရားကို ဒုက္ခသမုဒယလို့ . . . သစ္စာလေးပါးမှာ အဓိကအားဖြင့် တဏှာကိုဟောတယ်။ သို့သော် . . . နိဗ္ဗေဒဘာဂိယသုတ်မှာကြတော့ . . . ဒုက္ခသမုဒယကို ပဋိစ္စသမုပ္ပဒ်ထည့် ဟောတယ် မြတ်စွာဘုရားက။ ဒါလည်း သတိထားစရာအချက်တစ်ခုပဲနော်။
တဏှာဆိုတာ အဓိကပဓာန ခေါင်းစဉ်တပ်ပြီးတော့ ဟောတာ..တဏှာကသာ ဒုက္ခသမုဒယ၊ အ၀ိဇ္ဇာတို့က ဒုက္ခသမုဒယ မဟုတ်ဘူးလို့ ပြောလို့မရဘူး။ ဆင်းရဲတဲ့အကျိုး၊ လိုချင်စရာ မကောင်းတဲ့ သံသရာထဲမှာဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေကို ထုတ်လုပ်တာ မှန်သမျှဟာ ဒုက္ခသမုဒယတွေချည်းပဲလို့ ဒီလိုနားလည်ရတယ်။ အဲတော့ မြတ်စွာဘုရားတရားတော်သည် သစ္စာလေးပါးမှာ ဒုက္ခနဲ့ဒုက္ခသမုဒယကို ဟောကတည်းက အကြောင်းတရားနဲ့အကျိုးတရားကို ဟောတယ်ဆိုတာ ထင်ရှားတယ်။
ရှင်သာရိပုတ္တရာမထေရ်မြတ်က ဗုဒ္ဓဘာသာ သာသနာတော်မြတ်ကြီးကို ဗုဒ္ဓဘာသာ မဖြစ်ခင်က သာသနာတော်ထဲ ၀င်မလာခင်က သဉ္စယ (စာလုံးပေါင်းမသေချာပါ) ဆရာကြီးရဲ့သာသနာမှာ ပရဗိုဒ်အဖြစ်နဲ့နေတယ်။ ပဉ္စ၀ဂ်ဂီငါးပါးထဲက အငယ်ဆုံးဖြစ်တဲ့ ရှင်အဿဇိနဲ့တွေ့တော့ ဗုဒ္ဓရဲ့ဝါဒ အကျဉ်းချုပ်ကို ပြောပြပါဆိုတော့ . . ဒီ အကြောင်းနဲ့အကျိုးပဲပြောတာပဲ။ ယေဓမ္မာ ဟေတုပ္ပဘ၀ါ တေသံ ဟေတုံ တထာ ဂတော . . တဲ့ ။ အကြောင်းကြောင့်ဖြစ်လာတဲ့ အကျိုးတရားတွေ ရှိတယ်။ အဲဒီ အကျိုးတရားတွေရဲ့အကြောင်းကို မြတ်စွာဘုရား ဟောပါတယ်ဆိုတော့ .. ဟော.. ဒုက္ခနဲ့ဒုက္ခသမုဒယ ဟောတယ်လို့ ပြောတာ။ ဒီလို ဆိုလိုတာ။ အဲတော့ ဒီလောက်ကလေးပြောလိုက်တာနဲ့ သူဥာဏ်ပွင့်သွားတယ်။ ဘယ်လောက်ထိ ပွင့်သွားသလည်းဆိုယင် .. မှားယွင်းနေတဲ့ အယူအဆတွေ လုံးဝကင်းသွားတယ်။ သံသယလုံးဝကင်းသွားတယ်။ အဲဒါကိုပဲ စာလိုပြောယင် ဒိဋ္ဌိ ၀ိစ္ဆိကိစ္စ ကွာသွားတယ် ပြောတာပေါ့။ သောတာပန် ဖြစ်တယ် ဆိုတာ အဲဒါပဲ။ ဒိဋ္ဌိ ၀ိစ္ဆိကိစ္စ ကင်းသွားတယ်။
အဲတော့ မြတ်စွာဘုရားရဲ့ဝါဒသည် အကြောင်းနဲ့အကျိုးကို ရှင်းပြတဲ့ ၀ါဒ ။ အဲဒီ သစ္စာလေးပါးကိုပဲ အကျယ်ချဲ့ပြီးပြောလိုက်တဲ့အခါကျတော့ ပဋိစ္စသမုပ္ပဒ်တဲ့။ထပ်ပြီးတော့ အကျယ်ချဲ့လိုက်တာ . . ကြည့် . . ဒုက္ခသမုဒယက အ၀ိဇ္ဇာ ၊ ဒုက္ခက သင်္ခါရ ၊ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ။ ဒုက္ခနဲ့ ဒုက္ခသမုဒယပဲ . . အဲဒီမှာ ။ သင်္ခါရပစ္စယာ ၀ိညာဏံ။ သင်္ခါရက ဒုက္ခသမုဒယ .. ၀ိညာဏက ဒုက္ခဆိုပြီး ။
အကြောင်းနဲ့အကျိုး ပဋိစ္စသမုပ္ပဒ်က ဘာဆိုလိုတာတုန်း ဆိုလို့ရှိယင် အကြောင်းနဲ့အကျိုးသည် တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်လို့ . . ။ ဒါကြောင့်မို့ dependent origination တစ်ခုနဲ့တစ်ခု မှီတည်နေတယ်။ ပဋိစ္စသမုပ္ပဒ်ကို ပဋိစ္စဆိုတာ အကြောင်းတစ်ခုခုကို အကြောင်းပြုပြီးတော့မှ သမုပ္ပါဒ ဖြစ်စေတယ်လို့ ဒီလို ဆိုလိုတာ။ အကြောင်းသည်ပင်လျှင် အကြောင်းတစ်ခုရှိရသေးတယ်တဲ့။ ဒါကြောင့်မို့လို့ ဗုဒ္ဓတရားတော်အရ အကြောင်းမဲ့အကြောင်းဆိုတာ မရှိဘူး။ အကြောင်းမဲ့ဆိုတာ မရှိဘူးး။ first cause ဆိုတာ မရှိဘူး။
causeless cause မရှိဘူးလို့ ဆိုလိုတယ်ပေါ့။ အကြောင်းနဲ့အကျိုးသည် အပြန်အလှန် ဆက်သွယ်ပြီးတော့နေကြတယ်တဲ့။ အကြောင်းကလည်း အကျိုးဖြစ်သွားတာပဲ။ အကျိုးကလည်း အကြောင်းဖြစ်သွားတာပဲ။ ဆောင်ရွက်မှုကို ကြည့်ပြီးတော့ ပြောတာ။ အကြောင်းဖက်ကနေ ကြည့်လိုက်တဲ့အခါ အကျိုးလို့ခေါ်တယ်။ အကျိုးဖက်ကနေ ကြည့်လိုက်တဲ့အခါ အကြောင်းလို့ခေါ်တယ်။ ဥပမာမယ် - အမေနဲ့သမီးကို ကြည့်လေ။ အမေဆိုတာ သမီးဘက်ကနေ ကြည့်ရင်သူက အမေလေ။ ဒါပေမယ့် သူ့မှာလည်း အမေရှိတာပဲ။ သူ့အမေဖက်ကနေ ကြည့်လိုက်တော့ သူက သမီး ဖြစ်နေတာပေါ့။ အဲဒါကိုပဲ Mutual relation လို့ ခေါ်တယ်။ အပြန်အလှန် ဆက်သွယ်နေတဲ့ သဘောတဲ့။
အဲဒီ ပဋိစ္စသမုပ္ပဒ်ကို တစ်ခါ အကျယ်ချဲ့ပြီး ဟောလိုက်တဲ့အခါမှာ (ပဋိစ္စသမုပ္ပဒ်က မြတ်စွာဘုရားဟောတယ်။ အကြောင်းတရားရယ် အကျိုးတရားရယ် နှစ်ခုထဲပဲဟောသွားတယ်) ။ ပဋ္ဌာန်းတရားတော်ကြီးကြတော့ အကြောင်းတရားကိုလည်း ထုတ်ပြတယ်။ အကျိုးတရားကိုလည်း ထုတ်ပြတယ်။ အဲဒီအကြောင်းတရားကနေပြီးတော့ ဒီအကျိုးတရားကို ကျေးဇူးပြုတဲ့အခါမှာ ဘယ်လို စွမ်းရည်သတ္တိတွေ အသုံးပြုတယ်ဆိုတာပါ ထုတ်ပြတယ်။ ဟော . . တစ်ခုပိုလာပြီ၊ ဒါပြောတာ . . နော် ။
ပဋိစ္စသမုပ္ပဒက အကြောင်းတရားနဲ့အကျိုးတရား နှစ်ခုထဲတင် ရှင်းပြတာ။ ပဋ္ဌာန်းကြတော့ အကြောင်းတရားကိုလည်း ရှင်းပြတယ်။ ထိုအကြောင်းတရားက ထုတ်လုပ်လိုက်တဲ့ သို့မဟုတ် တည်စေတဲ့ အကျိုးတရားကိုလည်း ထုတ်ပြတယ်။ အဲဒီလို ဖြစ်စေ တည်စေတတ်တဲ့ အကြောင်းတရားရဲ့ စွမ်းရည်သတ္တိကိုလည်း ထုတ်ပြတယ်။ သူ့မှာဘာစွမ်းရည်တွေရှိသလဲ။
ဘာစွမ်းရည်နဲ့ သူဟာ ဒီလိုလုပ်ထားတာလည်း။ သတ္တိဆိုတာရှိတာပဲ .. အကြောင်းတရားမှာ ဆိုင်ရာသတ္တိလေးတွေ မရှိပဲနဲ့ သူက အကျိုးတရားတစ်ခုကို မဖြစ်စေနိုင်ဘူး။ သတ္တိဆိုတာ စွမ်းနိုင်တဲ့ capability, energy ဒါကို ပြောတာ။ energy စွမ်းအင်ပေါ့။ အဲဒီ စွမ်းအင်လေးတွေကို အသုံးပြုပြီးတဲ့အခါကျတော့မှ ခုနက အကျိုးတရားဆိုတာ ဖြစ်ပေါ်လာတာပေါ့။ အရာခပ်သိမ်းမှာ သူ့ဟာနဲ့သူ အကြောင်းတရားမှာ သူ့ရဲ့ energy လေးတွေ ရှိတယ်။ အဲဒီ energy လေးတွေကြောင့် အကျိုးတရားပေါ်လာတာလို့ ဒါပြောတာ . . နော် ။
အဲတော့ ပဋ္ဌာန်းကြတော့ မြတ်စွာဘုရားက ပြည့်ပြည့်စုံစုံ ဟောလိုက်တယ်။ အကြောင်းတရားကိုလည်း ဟောတယ်။ အကျိုးတရားကိုလည်း ဟောတယ်။
အကြောင်းတရားရဲ့သတ္တိကိုလည်း ဟောတယ်ဆိုတော့ သုံးမျိုး ဟောထားတာ။ အဲဒါကြောင့်မို့လို့ စွမ်းရည်သတ္တိတွေရဲ့နံမည်အနေနဲ့ ၂၄ ပစ္စည်းကို မြတ်စွာဘုရားက အသုံးပြုတယ်။ အသုံးပြုတဲ့ . . အသုံးပြုပုံ . . အသုံးပြုနည်း . . အကြောင်းတရားရဲ့စွမ်းရည်သတ္တိတွေကို ထုတ်ဖော်ပြီးတော့ ဟောထားတာတဲ့။ အဲတော့ ပဋိစ္စသမုပ္ပဒ်ထက် တစ်ချက်ပိုသွားတာပေါ့။
ပဋ္ဌာန်းတရားကြီးက ပိုပြီးတော့ ပြည့်စုံသွားတယ်။ ပဋိစ္စသမုပ္ပဒ်ကို ဖွင့်ဆိုတဲ့ ရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာဆရာကြီးက ပဋိစ္စသမုပ္ပဒ်နဲ့ပဋ္ဌာန်းကို ရောပြီးတော့ ဖွင့်ပြတယ်။
ပဋိစ္စသမုပ္ပဒ်ချည်းသက်သက်ဆို ပဋ္ဌာန်းမပါဘူး။ အဲတော့ ပဋိစ္စသမုပ္ပဒ်နဲ့ပဋ္ဌာန်းကို တွဲပြလိုက်တဲ့အခါကျတော့ ပိုပြီးတော့ နက်နဲလာတယ်ပေါ့။ ဒါကြောင့်မို့ ဒီပဋိစ္စသမုပ္ပဒ်ကို ရှင်းပြဖို့ရာကြတော့ ရှင်မဟာဗုဒ္ဓဃောသတောင်မှပဲ သူက ပင်လယ်ကြီးထဲမှာ သူဟာ မရပ်တည်နိုင်သလိုပါပဲတဲ့ အင်မတန်နက်တဲ့ပင်လယ်ကြီးထဲမှာ မရပ်တည်နိုင်သလို ဒါရှင်းပြဖို့ သူ့ဥာဏ်ဟာ အင်မတန်ကို ကြိုးစားရပါတယ်လို့ပြောတာ . . နော် ။
အင်မတန်ကိုကြိုးစားရပါတယ်တဲ့။ အင်မတန်ခက်ခဲပါတယ်။ ဘာပြုလို့တုန်းဆို ပဋ္ဌာန်းနည်းကြီးကိုပါ - ပဋိစ္စသမုပ္ပဒ်ထဲမှာ ထည့်ပြောတာကိုး။ သူပြောပုံပြောနည်းလေးက အ၀ိဇ္ဖာကနေ သင်္ခါရကို ကျေးဇူးပြုတယ် ဆိုတဲ့ နေရာမှာ - ဘာသတ္တိကိုကျေးဇူးးပြုသလည်းဆိုတာ ပဋိစ္စသမုပ္ပဒ်မှာ မပါဘူး။ ပဋ္ဌာန်းကနေ ဆက်သွယ်ပြောလို့ရတယ်ပေါ့။ အ၀ိဇ္ဖာသည် သင်္ခါရကို ဖြစ်စေတယ်။ အ၀ိဇ္ဖာပစ္စယာ သင်္ခါရာဆိုတာ။ ဘယ်လိုစွမ်းရည်သတ္တိတွေမှာ အ၀ိဇ္ဇာရှိသလည်း၊ ဘာ့ကြောင့် သင်္ခါရကို အထောက်အကူပြုနိုင်သလည်းဆိုတဲ့ ကျေးဇူးပြုပုံ ကျေးဇူးပြုနည်းတွေကို ၀ိသုဒ္ဓိမဂ်မှာ အသေအချာ ရှင်းပြီးတော့ ရေးထားတာ ရှိတယ်ပေါ့။ ဒါတောင် အကျဉ်းအားဖြင့် ရှင်းထားတာ။
အေး . . ကောင်းပြီ။ တရားဓမ္မဆိုတာ တစ်ခုနဲ့တစ်ခု ဒီလိုပဲ ဆက်သွယ်ပြီးတော့နေတာဖြစ်သောကြောင့် ဘုန်းကြီးတို့တတွေ အပြန်အလှန်နားလည်မှုအတွက် ဆက်သွယ်မှုကို ကြည့်ကြရအောင်။
ပဋ္ဌာန်းတရားတော်ကြီးကို ရွတ်ဖတ်ပူဇော်နေတဲ့ ပုဂ္ဂိုလ်တွေလည်းပဲ ရွတ်ဖတ်ပူဇော်ယင်း အာရုံပြုနိုင်အောင် ပါဠိလေးကို ဘုန်းဘုန်းက နည်းနည်းတော့ ရွတ်ပြမယ်ပေါ့ . . နော်။
ဟေတုပစ္စယောတိ ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ တဲ့ ။ ဟေတုပစ္စည်းရဲ့အကြောင်း ၊ ရွတ်ယင်းရွတ်ယင်း အာရုံပြုလို့ရတယ်ပေါ့။ မြတ်စွာဘုရားက ပထမဆုံး ဟေတုပစ္စည်းကိုဟောတယ်၊ ဟေတူ ဆိုတာ အဲဒီမှာ အပိုဒ်လေးတွေအယင်ခွဲကြည့်လိုက် ၊ ဟေတူ ဆိုတာ စကားလုံးတစ်ခု ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ။ အဲဒါလေးကပုဒ်စုတစ်ခု။ ဟေတုပစ္စယေနဆိုတာ ပုဒ်စုတစ်ခု ၊ ပုဒ်ကလေးတစ်ခု ပစ္စယော ၊ နောက်ဆုံးက နိဂုံးက။ အဲဒီမှာ စကားရပ်ကို ခွဲကြည့်လိုက်မယ်ဆိုယင် ဟေတူ လို့ nominative case လို့ ခေါ်တာပေါ့၊ ဒါကပစ္စည်းကိုဖော်ပြတာ။
ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ လို့ dative case နဲ့ပြတဲ့စကားလုံးက အကျိုးတရားကိုဖော်ပြတယ်။ ဟေတုပစ္စယေနလို့ဆိုတာက ပစ္စယသတ္တိကိုဖော်ပြတယ်လို့ အပိုင်း၃ပိုင်း ရှိတယ်။ ဒါ ပါဠိကိုရွတ်ဖတ်မယ့် ပုဂ္ဂိုလ်တွေအတွက် စဉ်းစားလို့ရအောင်။ ကဲ . . ဟေတူလို့ဆိုတာ မြန်မာက ဟေတုကို အဓိပ္ပာယ်မပြန်တော့ဘူး။ ဟိတ် လို့ပဲပြောလိုက်တယ်.. နော်။ ဟိတ် ဆိုတော့ ဘာမှန်းတော့ မသိတော့ဘူးပေါ့။
စာပေဝေါဟာရတစ်ခုဖြစ်သွားတယ်။ ဒါဖြင့် ဟေတုဆိုတာ ဘာတုန်းဆိုယင် အဘိဓမ္မာက ဟေတုဆိုတဲ့ စကားလုံးကိုသုံးပြီးတော့ ဖော်ပြတဲ့တရားခြောက်မျိုးရှိပါတယ်တဲ့။
ဒါကိုမှတ်ထားဖို့ပေါ့။ ခြောက်မျိုးက ဘာတွေ ခေါ်တာတုန်းဆိုယင် အားလုံးသိနေကြတဲ့အတိုင်း လောဘရယ် ဒေါသရယ် မောဟရယ် အလောဘရယ် အဒေါသရယ် အမောဟရယ် ခြောက်ခု ဖြစ်သွားတယ်။ ဒီစကားလုံးလေးတွေ အဓိပ္ပာယ်ကိုအယင်ကြည့်မယ်ဆိုယင် လောဘ အလောဘ၊ ဒေါသ အဒေါသ၊ မောဟ အမောဟ။ အပြန်အလှန်အသုံးပြုထားပုံကိုကြည့်။ ဒီနေရာမှာ အ ရဲ့အဓိပ္ပာယ်က မရှိဘူးဆိုတာလေးတင် ဖော်ပြတာ မဟုတ်ဘူးး။ အ ရဲ့အဓိပ္ပာယ်က ပတိပက္ခရဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်။ ဆန့်ကျင်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖော်ပြတယ်။ အဲတော့ ဆိုပါစို့ - လောဘဆိုတာလိုချင်တယ်၊ အလောဘဆိုတာ လောဘမရှိတာကို ပြောတာ ဒီလိုမဟုတ်ဘူး။ ဒီအဓိပ္ပာယ်မဟုတ်ဘူးနော်။
[ ***လောဘဆိုတာ လိုချင်တဲ့သဘော။ ***အလောဘဆိုတာ အဲဒီလိုချင်တဲ့သဘောကို ဖယ်ရှားပြစ်နိုင်တဲ့သဘောမှ အလောဘ။]
ဒါကြောင့်မို့လို့ လောဘမရှိဘူးဆိုတာ၊ အိပ်နေတဲ့အချိန်လည်းမရှိဘူးလေ၊ အဲဒါ အလောဘလို့ ခေါ်လို့ရမလား။ မရဘူး။ စိတ်ဆိုးနေတဲ့အချိန်ရော လောဘရှိရဲ့လား။ မရှိဘူး။ အဲဒီအချိန်မှာ အလောဘလို့ ခေါ်လို့ရမလား။ မရဘူး။ လောဘကို craving လို့ပြန်မယ်၊ အလောဘကို non craving လို့ပြန်မယ်ဆိုယင် နည်းနည်းပေါ့သွားတယ်။ non craving ဆိုတာ craving မရှိဘူးဆိုတဲ့ အဓိပ္ပာယ်သွားရောက်တယ်။ မရှိယုံလေးသက်သက်ကိုပြောတာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ anti craving ဆိုလို့ရှိယင် craving ကို ဖျက်ဆီးပြစ်တယ်ပေါ့။ ဟော - ဒီအဓိပ္ပာယ်ထိအောင် စွမ်းရည်သတ္တိရှိတယ်..သူက။
*** ဒါကြောင့်မို့လို့ “အ” က ပတိပက္ခနဲ့ဟောလို့ အဋ္ဌကထာတွေက ဖွင့်တာဖြစ်တယ်။ မိတ္တဆိုတာ မိတ်ဆွေ၊ အမိတ္တဆိုတာ မိတ်ဆွေမဟုတ်ဘူး။ မိတ်ဆွေမဟုတ်တဲ့သူက ကိုယ်နဲ့ မသိတဲ့သူတွေ မိတ်ဆွေမဟုတ်တာတွေအများကြီး၊ သို့သော် အမိတ္တဆိုတာ ရန်သူကိုပြောတာ။ မိတ်ဆွေမဟုတ်ယုံတင် မဟုတ်ဘူး ၊ နော်။ အေး - အဲဒီစကားလုံးမှာရှိတာလိုပဲ၊ လောဘဆိုတာ လိုချင်တဲ့ သဘော။ အလောဘဆိုတာ လိုချင်တဲ့သဘောရဲ့ ဆန့်ကျင့်တဲ့သဘောလို့ ဒီလို ဆိုလိုတယ်။ မလိုချင်ယုံသက်သက်ကိုပြောတာ
မဟုတ်ဘူး။ ဒီလိုနားလည်ရမယ် - နော်။
ဒေါသဆိုတာလည်း ထို့အတူပဲ အင်္ဂလိပ်လိုပြန်တော့ hatred လို့ပြန်တယ်။
မုန်းတီးခြင်းတစ်မျိုးထည်းတင် ဒေါသမဟုတ်ဘူး။ fear ကြောက်တာလည်း ဒေါသပဲ။ မုန်းတာလည်း ဒေါသပဲ။ ကြောက်တာလည်း ဒေါသပဲ။ *** ဟော - အဒေါသကြတော့ အမုန်းမရှိယုံသက်သက်ကို အဒေါသ ခေါ်တာမဟုတ်ဘူး။ အကြောက်မရှိယုံသက်သက်ကို အဒေါသလို့ခေါ်တာ မဟုတ်ဘူး။
*** အဲဒီ ကြောက်ရွံ့ခြင်း၊ မုန်းတီးခြင်းကို ဖယ်ဖျက်နိုင်တဲ့သဘာဝတရားမှ အဒေါသတဲ့။ ဟော - ဒါကြောင့်မို့လို့ anti hatred, anti-feared ဟော anti ဆိုတဲ့ စကားလုံးနဲ့သုံးလို့ရှိရင် ပိုပြီးတော့ အဓိပ္ပာယ်ရတယ်။
ထို့အတူပဲ မောဟ - မောဟဆိုတာ delusion ၊ တွေဝေတယ်၊ ဘာမှမသိဘူး။ ဘာမှမသိဘူးဆိုတာ၊ အမှားသိနေတာကိုပြောတာနော်။ သူမသိဘူးဆိုတာမဟုတ်ဘူး၊ သိတယ်။ သိပေမယ့် သူက တလွဲသိနေတာ။ မောဟရဲ့အဓိပ္ပာယ်က။ အမှားကို အမှန်ထင်နေတာတို့၊ အမှန်ကို အမှားထင်နေတာတို့၊ အဲဒီလို တလွဲသိနေတယ်။ တွေဝေတယ်လို့ခေါ်တယ်။
*** အမောဟကျတော့ အဲဒီ တွေဝေမှုကို ပယ်ဖျက်နိုင်တဲ့ ပညာတဲ့။ ဒါကြောင့်မို့လို့ သူက delusion, anti-delusion ။ သာမာန်လေးတင် non delusion လို့ပြန်လို့ရှိယင် တွေဝေမှုကင်းယုံလေးတင်ပဲ အမောဟလို့ အဓိပ္ပာယ်ရောက်သွားတယ်တဲ့။ ဟော - အဲဒီ အဓိပ္ပာယ်မဟုတ်ဘူးတဲ့။ ဆိုလိုတာမဟုတ်ဘူးတဲ့။ အဲတော့ - ကဲ ။
ဒီသဘာဝလေးတွေကို ရှေးဦးစွာနားလည်ပြီ။ လောဘဆိုတာလည်း ကိုယ်နဲ့ရင်းနှီးပြီးသား။ အလောဘဆိုတာလည်း ရင်းနှီးပြီးသား။ ဒေါသ အဒေါသ ။ မောဟ အမောဟ ။ ဟော - အကောင်းနဲ့အဆိုးလေးတွေ တွဲပြီးတော့ ပြထားတာ။ အဲဒီခြောက်ခုကို ဟိတ် ခြောက်ပါးလို့ စာပေမှာ သုံးတာပေါ့။ အဲဒီ ဟိတ်ခြောက်ပါးသည်၊ ဟောဒီ ဟေတုပစ္စည်းနဲ့ဆိုင်တဲ့ အကြောင်းတရားပါပဲတဲ့။
သူကနေပြီးတော့ အကျိုးပြုလိမ့်မယ်။ ဘာတွေကို အကျိုးပြုလည်းဆိုတာ အဲဒါကို ကြည့်ရမယ်။ ကြည့် - ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တဲ့။ အဲဒီ ဟေတုဆိုတဲ့ ခြောက်မျိုးကို စိစစ်ပြီးကြည့်လိုက်မယ်ဆိုယင် လောဘသည် သူ့ဟာသူမဖြစ်ဘူး။ လောဘမူစိတ်နဲ့တွဲပြီးတော့ဖြစ်တယ်တဲ့။ လောဘအခြေခံတဲ့စိတ်နဲ့တွဲဖြစ်တယ်။ လောဘဖြစ်ယင် အနည်းဆုံး - စိတ်ကတစ်ခု ၊ စေတသိက် ၁၇ ခု။ စေတသိက်က ၁၆ခု အမြဲတမ်း အဲဒီလောက်ရှိရမယ်။ ၁၈ခုလောက်အနည်းဆုံးရှိမယ်။ အဲဒါကိုတော့ အသေးစိတ်မပြောတော့ဘူး - apply လုပ်တာမို့။
လောဘဖြစ်လိုက်တယ်ဆိုတာနဲ့ တစ်ပြိုင်နက် လောဘရဲ့ဖြစ်ရာ စိတ်တစ်ခု ရလာမယ်။ သူနဲ့ဖြစ်ဖော်ဖြစ်ဖက်တွေက ၁၆ခုလောက်ရှိတယ်။ ဆိုလိုတာက - သြော် - universal mental properties ဆိုတာ ဖဿတို့ ဝေဒနာတို့ သညာတို့ စေတနာတို့ ဧကဂ္ဂတာတို့ ဇိဝိတိနြေ္ဒတို့ဆိုတဲ့ ဒီသဘောတရားတွေပါမယ်။ ပြီးတော့ ၀ိတက်တို့ပါလာမယ်။ ၀ိစာရတို့ပါလာမယ်။ ပီတိတို့ပါလာမယ်နော်။ ဒီသဘာဝတရားတွေ သူနဲ့အတူတူ ယှဉ်ပြီးတော့ ပါလာလိမ့်မယ်။ မောဟတို့ အဟေရိကတို အနွတ္တပ္ပတို့ဆိုတဲ့ သဘာဝတရားတွေပါလာမယ်။ ဒါအဘိဓမ္မာသင်ထားယင် ဒီဟာကိုနားလည်တယ်-နော်။
*** အဲတော့ ဆိုလိုတာက လောဘလေးဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် သူနဲ့ယှဉ်ဖော်ယှဉ်ဖက်တွေ ပါလာမယ်လို့ ဒီလိုမှတ်ထား။ သူတစ်ခုတည်းမဖြစ်ဘူး။
ရေလို့ဆိုလိုက်တာနဲ့ H2O ဆိုတာ သိရသလိုပဲ။ လောဘလို့ပြောလိုက်တာနဲ့တစ်ပြိုင်နက် လောဘနဲ့ယှဉ်တဲ့ စိတ်တွေ ၊ သူနဲ့တွဲဖက်တဲ့ စေတသိက်တွေ ပါလာမယ်ဆိုတာ မှတ်ထားပေါ့။ ခြုံငုံပြီးတော့ ပြောရမယ်ဆိုလို့ရှိယင် လောဘနဲ့ဖြစ်တဲ့စိတ်သည် လောဘမူစိတ်၈ခု၊ စေတသိက်က၂၂ခု (သူအပါအ၀င် ၂၂ခု) ၊ သူ့ဖယ်လိုက်၂၁ခု။ အဲဒါကို ဟေတုသမ္ပယုတ္တကာနံ ဒီနေရာ လောဘတစ်ခုထည်းကို ရည်ရွယ်ပြောမယ်ဆိုလို့ရှိယင် ဟေတုသမ္ပယုတ္တကာနံ လောဘဆိုတဲ့ ဟိတ်နဲ့ယှဉ်တာ ဒါလို့ ဆိုလိုတာ ဖြစ်တယ်။ ဟိတ်ခြောက်ပါးလုံးကိုရည်ရွယ်ပြောရမယ်ဆိုလို့ရှိယင် သဟိတ်စိတ် ၇၁ခု ရှိတယ်။ အဲတော့ ဂဏန်းတွေတော့ ဘုန်းကြီးကမပြောတော့ပါဘူးး။ ဂဏန်းတွေပြောယင် ရှုပ်သွားမှာစိုးလို့နော်။ ဆိုလိုတာက အဘိဓမ္မာမှာ ဟေတုသမ္ပယုတ္တကာနံ ဟိတ်နဲ့ယှဉ်တဲ့စိတ်ပေါင်း ၇၁ခုရှိတယ်။ စေတသိက်က ၅၂ခု ရှိတယ်။ အဲဒါသည် ဟေတုသမ္ပယုတ္တကာနံလို့ ခေါ်တယ်။ ဟိတ်နဲ့ယှဉ်ပြီးတော့ဖြစ်ပေါ်လာတယ်။ အတူယှဉ်တွဲပြီးတော့ ဖြစ်လာတယ်။
*** ဆိုလိုတာက လောဘဖြစ်လည်း သူတစ်ခုထည်းမဖြစ်ဘူး။ ဒေါသဖြစ်လည်း သူတစ်ခုတည်း မဖြစ်ဘူး။ မောဟဖြစ်ယင်လည်း သူတစ်ခုတည်း မဖြစ်ဘူး။ အလောဘ အဒေါသ အမောဟတို့ဖြစ်ယင်လည်း သူတစ်ခုတည်းမဖြစ်ဘူးတဲ့။ ယှဉ်ဖော်ယှဉ်ဖက်တွေနဲ့တွဲလာတာတဲ့။ ဘယ်တော့ဖြစ်ဖြစ် Unity ပဲ သူတို့က။ တစ်ခုတည်းဆိုအလုပ်မဖြစ်ဘူး။ ပေါင်းစပ်လိုက်တော့မှ အလုပ်ဖြစ်တယ်။ ဘယ်အရာပဲဖြစ်ဖြစ် အကုန်လုံး အစုအဝေးချည်းပဲ ..နော် ။
ရုပ်ပိုင်းဆိုင်ရာကြည့်လို
က်ယင်လည်း ရုပ်၈ခု အစုအဝေးပဲ။ အနည်းဆုံးပြောတာ။
နာမ်ပိုင်းဆိုင်ရာကြည့်ယင် နာမ်၈ခုရဲ့အစုအဝေးပဲ။ အနည်းဆုံးကိုပြောတာ။ စိတ်၁ခုနဲ့စေတသိက်၇ခု။ ၈ခုရှိရမယ်။ ဒီထက်ဒီပိုလာတာပဲရှိတယ်။
အေး - လောဘလေးနဲ့ဒေါသလေးနဲ့မောဟလေးနဲ့ ၊ အလောဘ အဒေါသ အမောဟ ဟိတ်ခြောက်ပါးတွေကို အကုန်လုံးခြုံငုံပြီးတော့ ခြုံပြီးတော့ပြောလိုက်ပြီဆိုလို့ရှိယင် စိတ်က သဟိတ်စိတ် ဧကတဿတိတဲ့၊ ၇၁ခု စေတသိက် ၅၂ခု။ အဲဒါသည် ဟိတ်နှင့်ယှဉ်သော သမ္ပယုတ္တ ဓမ္မများ ဖြစ်ပါတယ်တဲ့။ အဲဒီဟိတ်နဲ့ယှဉ်တွဲပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ်နဲ့စေတသိက်တွေကို ဟောဒီ ဟိတ်လို့အမည်ရတဲ့ လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ ဆိုင်ရာတရားတွေက ခိုင်မြဲနေအောင် သူတို့က ဖန်တီးပေးထားတယ်တဲ့။ ဒီလိုဆိုလိုတယ်။ ဒါက စိတ်ပိုင်းကိုပြောတာ။
တစ်ခါ ရုပ်ပိုင်းဆိုင်ရာကိုကြည
့်လိုက် တံသမုဋ္ဌာနာနဉ္စ ရူပါနံ တဲ့။ စိတ်ဖြစ်တာနဲ့တစ်ပြိုင်နက် -
များသောအားဖြင့် စိတ်တွေ အားလုံးလိုလို မြင်သိစိတ်တို့ ကြားသိစိတ်တို့ကလွဲယင် အရူပဘုံမှာဖြစ်တဲ့ ၀ိပါက်စိတ်တွေကလွဲယင် အားလုံး ၁၄ခုကလွဲယင် ကျန်တဲ့ စိတ်တွေဟာ ဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် ရုပ်ကိုထုတ်လုပ်ပြီးသားပဲ သူတို့က။ စိတ္တဇရုပ်ကိုထုတ်လုပ်လိုက်တယ်သူတို့က။ သူဖြစ်လိုက်တာနဲ့ထုတ်လုပ်ပြီးသား ဖြစ်တယ်။
ကြည့်လေ မီးလေးတွေက လင်းလိုက်တာနဲ့တစ်ပြိုင်နက် အလင်းရောင်ကို မထုတ်လုပ်ဘူးလား။ ထုတ်လုပ်လိုက်တာပဲ။ ချက်ခြင်းထုတ်လုပ်တာ။ အဲဒါမျိုးလိုပဲ။ ကိုယ်သန္တာန်မှာ စိတ်ကလေးတစ်စိတ် ဖြစ်လိုက်တာနဲ့။ အဲဒီစိတ်လေးသည် ရုပ်ကိုထုတ်လုပ်ပြီးသား ဖြစ်နေပြီ။ အဲဒါကို စိတ္တဇရုပ်လို့ ခေါ်တယ်။ ဒီ လောဘနဲ့ - ဒီ ဟိတ်နဲ့ယှဉ်တဲ့သဘာဝတရားတွေ ဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် သူတို့က ရုပ်ကိုလည်း ထုတ်လုပ်တယ်တဲ့။ အဲဒီ ထုတ်လုပ်တဲ့ ရုပ်တွေကို ဒီနေရာမှာ တံသမုဋ္ဌာနာနဉ္စ ရူပါနံ - တံသမုဋ္ဌာနဆိုတာ ထို ဟိတ် ဟိတ်နဲ့ယှဉ်တဲ့ ၊ စိတ် စေတသိက်တရားတွေက ထုတ်လုပ်လိုက်တဲ့၊ ရူပါနဉ္စ - ရုပ်တို့အားလည်းလို့ ၊ ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့။
*** ဆိုလိုတာက ဟိတ်ဆိုတဲ့ စေတသိက်တရားသည် သူနဲ့ယှဉ်တဲ့ စိတ် စေတသိက်တွေရယ် ၊ သူတို့ကပေါင်းပြီးတော့ ထုတ်လုပ်လိုက်တဲ့ ရုပ်တရားတွေရယ်၊ အဲဒါတွေကိုတဲ့ - ဟေတုသတ္တိနဲ့ကျေးဇူးပြုပါတယ်တဲ့။
ဟေတုသတ္တိနဲ့ ကျေးဇူးပြုတယ်ဆိုတာ ဘာကိုပြောတာတုန်းဆိုလို့ရှိယင် အဲဒီ သဘာဝ ဟိတ်တရားတွေ ရှိနေသေးသမျှ ၊ ဟောဒီ အကျိုးတရားတွေဟာ ဆက်လက်ရှင်သန်နေတယ်လို့ ဒီလို ပြောတာ။
ဟေတုတွေရဲ့စွမ်းရည်သတ္တိဆိုတာ ဘာကိုပြောတာတုန်းဆိုလို့ရှိယင် - ဥပမာမယ် - သစ်ပင်မှာအမြစ် ရှိနေသေးသမျှ ကာလပတ်လုံး ဟောဒီသစ်ပင်သည် အရွက်ထွက်ချိန်ကျထွက်လိမ်မယ်၊ အသီးထွက်ချိန်ကျထွက်လိမ့်မယ်၊ အပွင့်ထွက်ချိန်ကျထွက်လိမ့်မယ်။ အကယ်၍ အဲဒါတွေတစ်ခုမှမဖြစ်အောင် ဆိုလို့ရှိယင် ဘာလုပ်ရတုန်းဆိုယင် အဲဒီ အမြစ်ကိုဖြတ်တာ။ အဲဒီ အမြစ်ဖြတ်လိုက်တာနဲ့တစ်ပြိုင်နက် ဒီအကိုင်းအခက်တွေ အသီးတွေ အပွင့်တွေဆိုတာမလာတော့ဘူး။ အဲတာမျိုးလိုပဲ - လောဘ ဒေါသ မောဟဆိုတဲ့ သဘာဝတရားတွေ၊ အလောဘ အဒေါသ အမောဟဆိုတဲ့ သဘာဝတရားတွေ ရှိနေသေးသမျှ ဆိုင်ရာဆိုင်ရာအကြောင်းတရားတွေဟာ၊ ဆိုင်ရာဆိုင်ရာအကျိုးတရားတွေဟာ၊ ဆက်လက်ပြီးတော့ ရှင်သန်နေမှာပဲလို့ . . ဒါ . . ပြောတာ. .နော်။
ကဲ - ဟေတုပစ္စည်းဆိုတာ - လောဘတွေ ဒေါသတွေ မောဟတွေဆိုတဲ့ ဒီအကြောင်းတရားတွေ ဟိတ်တရားတွေ မိမိတို့သဏ္ဍာန်မှာ ရှိနေသေးသမျှ အတွေးတွေလည်းဆက်ပြီးတော့ ဖြစ်နေမယ်၊ ပြောမှုဆိုမှုတွေလည်း ဆက်ပြီးတော့ ဖြစ်နေမယ်၊ ဒါကို ဘယ်သူကနေပြီးဖြစ်ပေါ်စေတာတုန်းဆိုယင် လောဘ ဒေါသ မောဟဆိုတဲ့ ဒီဟိတ်တရားတွေကနေပြီး ဒီဆိုင်ရာအကျိုးတရားတွေကို ရှင်သန်နေအောင် ဆက်လက်ဖြစ်နေအောင် လုပ်ပေးထားတာလို့ - ဒါကို ဟေတုသတ္တိလို့ ခေါ်ပါတယ်။ အဲဒါကို မြတ်စွာဘုရားကဟောတာ . . နော် . ။
_/|\_ ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန
ပစ္စယော။_/|\_
_/|\_ဟေတူ လောဘ ဒေါသ မောဟ, အလောဘ အဒေါသ အမောဟလို့ဆိုတဲ့ ဟိတ်ခြောက်ပါးတရားတို့သည် ၊
ဟေတုသမ္ပယုတ္တကာနံ ထိုဟိတ်ခြောက်ပါးနှင့်ယှဉ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စိတ် စေတသိက်တရားတို့အား၎င်း၊
တံသမုဋ္ဌာနံ ထိုဟိတ်နှင့် ဟိတ်နှင့်ယှဉ်တဲ့ စိတ် တရားတို့ရဲ့၊ စိတ်တရားတို့ အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ၊
ရူပါနဉ္စ ရုပ်တရားတို့အား၎င်း၊
ဟေတုပစ္စယေန ဟေတုသတ္တိဖြင့်
ပစ္စယော ဥပါကာရကော ကျေးဇူးပြုတတ်သည်၊
ဟောတိ စင်စစ်မသွေ ဖြစ်ပါပေတော့၏ ၊
ဣတိ ဤသို့ ဘဂ၀ါ ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည် ၊
အဝေါစ ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။ _/|\_
တရားချစ်ခင်သူတော်စင်အပေါင်းတို့သည် အကြောင်းတရားအစစ်အမှန်တွေကို သိပြီးတော့ အကြောင်းဥာဏ် အကျိုးဥာဏ်တွေကိုရရှိပြီးတဲ့အခါမှာ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ အကြောင်းတရားတို့ရဲ့ကင်းရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှမျက်မှောက်ပြုနိုင်ကြပါစေ…။
ဆရာတော်ဒေါက်တာနန္ဒာမာလာဘိဝံသ၏ ပဋ္ဌာန်းမြတ်ဒေသနာတော်အား နာကြားမှတ်ယူ၍ ပူဇော်ပါသည်။
ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု။
ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။
…_/|\_…_/|\_…_/|\_…
April 25, 2014 at 5:40pm
Credit to KO THEIN OHN
https://www.facebook.com/notes/560516914061384/
No comments:
Post a Comment