Video

Wednesday, 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၁)၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၁)

Dr နန္ဒမာလာဘိဝံသ

ဝိပါကပစ္စယော

“၀ိပါက” အကျိုးတရား၊ ၀ိပါက ကို မြန်မာလို “အကျိုးတရား” လို့ ပြန်သလို ငါဠိစကားလုံးနောက် လိုက်ပြီးတော့ “၀ိပါက်” လို့လည်း အသုံးပြုကြသေးတယ်၊ ၀ိပါက်လို့ ရေးတဲ့အခါ အသံထွက်ကို ကြည့်မယ်ဆိုရင် စာလုံးပေါင်း မှားတတ်တယ်၊ ၀ိပါက ပုဒ်မှာ ကကြီးသတ်လိုက်ရုံပဲ ၀ိပါက်။

ပါဠိလိုဖတ်ရင် “ပ” စောက်သံ ပီပီသသ ဖတ်ရတယ်၊ မြန်မာတွေရဲ့ အသံနေ အသံထားအတိုင်း သွားတဲ့အခါ ၀ိပါက ဆိုတုန်းက ပစောက်သံ ပီသော်လည်း ၀ိပါက်လို့ဆိုတဲ့အခါ “ဘ” ကုန်းသံ ဖြစ်သွားတယ်၊ ရှေ့စာလုံးကိုကြည့်ပြီးတော့ ဒါက အသံရဲ့ ပြောင်းလဲမှုပေါ့၊ မြန်မာစကားမှာ ရှိတယ်၊ “ရေးတော့အမှန် ဖတ်တော့အသံ”၊ ဒါ ဘယ် language ဘယ် ဘာသာ စကားမှာပဲဖြစ်ဖြစ် ဒီလိုပဲရှိတယ်၊ မြန်မာဘာသာမှ မဟုတ်ဘူး။

ဒီမှာလည်း “၀ိပါက” ဆိုတဲ့ စကားလုံးကို မြန်မာမှုပြုလိုက်တဲ့အခါ “၀ိဘက်” တဲ့။ “ကာလ၀ိဘက် နောက်ပိုးတက်” ဆိုပြီး အကျိုးဝိပါက်ကို ခံစားရတယ်၊ ၀ိပါက၀ဋ်က မလွတ်ကြဘူးတဲ့။


ဝိပါကဆိုတာ အကျိုးတရား၊ မှန်ပါတယ်၊ စကားလုံးအဓိပ္ပါယ် ပြည့်ပြည့်စုံစုံ ပြောမယ်ဆိုရင် ၀ိဆိုတာက အဓိပ္ပါယ်တစ်ခု၊ ပါကဆိုတာက အဓိပ္ပာယ်တစ်ခု၊ ၀ိဆိုတာ ဒီနေရာမှာ “မတူဘူး” ဆိုတဲ့ အဓိပ္ပာယ်ပြတာ၊ တစ်ခုနဲ့တစ်ခု သဘာဝချင်း မတူတာ၊ ၀ိ - သဘာဝချင်း ကွဲပြားခြားနားနေတဲ့ အကြောင်းတရားတွေ။ သဘာဝချင်း ကွဲပြားခြားနားတဲ့ အကြောင်းတရားဆိုတာ ဘာကိုပြောတာတုန်းဆိုရင် ကုသိုလ်နဲ့ အကုသိုလ်၊ ကုသိုလ်ကံနဲ့ အကုသိုလ်ကံသည် သဘာဝချင်း မတူဘူး။

**** “ကုသလာ အန၀ဇ္ဇ သုခ၀ိပါကလက္ခဏာ”၊ ကုသလဆိုတာ အပြစ်ကင်းတယ်၊ ကောင်းကျိုးချမ်းသာပေးတတ်တဲ့ အမှတ်လက္ခဏာရှိတယ်၊ “အကုသလာ သာဝဇ္ဇ ဒုက္ခ၀ိပါကလက္ခဏာ”၊ အကုသိုလ်ကျတော့ အပြစ်ရှိတယ်၊ ဒုက္ခ၀ိပါကလက္ခဏာ - ဆင်းရဲ့တဲံ အကျိုးပေးတယ်၊ သဘာဝချင်း မတူကြဘူး၊ အဲဒီသဘာဝချင်းမတူတဲ့ ကံနှစ်ခုရဲ့ ပါက အကျိုးလို့ပြောတာ။

ဒီတော့ ***** ၀ိပါကဆိုတဲ့ စကားလုံးသည် ကုသိုလ်နဲ့လည်း ဆိုင်တယ်၊ အကုသိုလ်နဲ့လည်း ဆိုင်တယ်၊ ကုသိုလ်ရဲ့အကျိုးကိုလည်း ၀ိပါက၊ အကုသိုလ်ရဲ့ အကျိုးကိုလည်း ၀ိပါက၊ ကံတရားတွေရဲ့ အကျိုးကိုလည်း ၀ိပါက လို့ ခေါ်တယ်၊ ဒါကြောင့်မို့ ၀ဋ် ၃ပါး ပြောတဲ့အခါမှာ ကမ္မ၀ဋ်၊ ကိလေသာဝဋ်၊ ၀ိပါက၀ဋ် လို့ ဒီလိုပြောတယ်၊ ဒီတော့ နားလည်နေရမှာက ၀ိပါက ဆိုတာ အကျိုးတရား၊ သဘာဝချင်းမတူတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးတရားလို့ပြောတာ။
ဒါဖြင့် ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးတရားမှန်သမျှကို ၀ိပါကလို့ ခေါ်သဘားလို့ မေးစရာရှိတယ်????? ၊ ဒီ ၀ိပါကဆိုတဲ့ စကားလုံးက ကုသိုလ်ကံ အကုသိုလ်ကံရဲ့အကျိုးဖြစ်တိုင်း ၀ိပါကလို့ မခေါ်ဘူး။

ဆိုပါစို့ - **** လူတွေသန္တာန်မှာ ရုပ်တရားတွေရှိတယ်၊ စက္ခုပသာဒ သောတပသာဒ ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒ၊ ပသာဒရုပ်ငါးခု၊ ဒီပသာဒရုပ်ငါးခုရဲ့ အကြောင်းတရားက ဘာတုန်းဆိုတော့ ကံပဲ၊ အဲဒီ ကံကြောင့်ဖြစ်တဲ့ ကမ္မဇရုပ်တွေကို ၀ိပါက လို့ ခေါ်လားဆိုတော့ မခေါ်ဘူး၊ ဒါဖြင့် သူတို့က ကံရဲ့အကျိုး မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်၊ ကမ္မဇရုပ်တွေက ကံရဲ့အကျိုးတွေပဲ၊ ဘာဖြစ်လို့ မခေါ်တာတုန်း၊ ဒီ ၀ိပါက ဆိုတဲ့ စကားလုံးက ကံနဲ့တူတဲ့ဟာမှခေါ်တာ၊ ခုနက ကမ္မဇရုပ်တွေကျတော့ ကံနဲ့တူလားဆိုတော့ မတူဘူး။

ဘယ်လိုမတူတာတုန်းဆိုတော့ ကံက နာမ်တရား၊ စေတနာကို ကံလို့ ပြောတာ၊ စေတနာဆိုတာ စေတသိက်နာမ်တရား၊ ကမ္မဇရုပ်တွေက ရုပ်တရား၊ ဟော ရုပ်နဲ့ နာမ်နဲ့ မတူဘူးလေ၊ သဘာဝချင်း မတူဘူး၊ ဒါကြောင့်မို့ အကြောင်းဖြစ်တဲ့ အကျိုးတရားနဲ့တူတဲ့ဟာကိုသာလျှင် ၀ိပါက လို့ ခေါ်တာ၊ မတူတာကို မခေါ်ဘူး။

( ဒီနေရာမှာ ဆရာတော်က ပါဠိအခေါ် ဖလ၊ မြန်မာလို အသီး၊ အသီးကနေ ဖြစ်ပေါ်လာတဲ့ အမြစ်အကိုင်းအခက်အပွင့်ပင်စည် စသည်တို့ကို ဖလ လို့ မခေါ်ကြောင်းနဲ့ အသီးကိုသာ ဖလလို့ခေါ်ကြောင်းကို ရှင်းပါတယ်။)

ဒီတော့ ၀ိပါက ဆိုတဲ့အကျိုးသည် နာမ်တရားကိုသာ ရည်ညွှန်ပြောတယ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်ကို ပြောချင်ရင် ကမ္မဇလို့ပဲ ပြောရမယ်၊ ပါဠိတော်ကြီးတွေမှာ ကမ္မဇရုပ်ဆိုတဲ့အသုံးအစား ကဋတ္တာရုပ်လို့ သုံးတယ်၊ ကဋတ္တာရုပ်ဆိုတာ လုပ်ထားလို့ရတာ၊ ဒီအဓိပ္ပါယ်ပဲ၊ ကဋတ္တာဆိုတာ လုပ်ထားတာ၊ ဘာကလုပ်ထားတာလဲ၊ ကံကလုပ်ထားတာ၊ ကံလုပ်ထားသည့်အတွက် ကံကထုတ်လုပ်သည့်ရုပ်လို့ပြောတာ၊ ကမ္မဇရုပ်ပဲ။

ဒီတော့ **** ၀ိပါကပစ္စယောဆိုတဲ့စကားလုံးလေးမှာ ၀ိပါကဆိုတာ ကံတရားရဲ့ အကျိုးဖြစ်တဲ့ နာမ်တရားတွေကို ရည်ညွှန်းတယ်၊ ၀ိ - သဘာဝချင်းမတူတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့၊ ပါက - အကျိုးဖြစ်တဲ့နာမ်တရားလို့ ဒီလို အဓိပ္ပါယ် မှတ်ရမယ်။

====================

ကဲ ဒါဖြင့် အကျိုးဖြစ်တဲ့နာမ်တရားကို ပဋ္ဌာန်းပစ္စည်းမှာ ဘာဖြစ်လို့ ပစ္စယောလို့ ပြောတာလဲ????၊

**** ပစ္စယ ဆိုတာ ဖြစ်စေတတ်တဲ့အကြောင်းတရား တည်စေတတ်တဲ့အကြောင်းတရား၊ ဒီနှစ်ခုပြောတာ၊ ဒီတော့ အကျိုးတရားကလည်းပဲကြည့် - သူကလည်း ပစ္စယတစ်ခုပဲ၊ ပစ္စယော ဆိုတိုင်း အကြောင်းနဲ့ချည်းဆိုင်တာ မဟုတ်ဘူး၊ ဗုဒ္ဓရဲ့တရားတော်မှာ သေချာစဉ်းစားကြည့်၊ အကြောင်းသက်သက်ဆိုတာရှိလား၊ အကျိုးသက်သက်ဆိုတာရောရှိရဲ့လား၊ မရှိဘူး၊ ကြောင်းဖြစ်လိုက် အကျိုးဖြစ်လိုက်ပဲ။

ပဋိစ္စသမုပ္ပါဒ်ကြည့်လေ၊ အ၀ိဇ္ဇာကိုထောက်ရင် သင်္ခါရက အကျိုးဖြစ်မနေဘူးလား၊ ၀ိညာဏ်ကိုထောက်ရင် သင်္ခါရက အကြောင်းဖြစ်သွားတာ၊ “အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ” ဆိုတာ သင်္ခါရက အကျိုး၊ “သင်္ခါရပစ္စယာ ၀ိညာဏံ” ဆိုရင် သင်္ခါရက အကြောင်းဖြစ်သွားပြန်ရော၊ ဟော အကြောင်းဖြစ်လိုက် အကျိုးဖြစ်လိုက်။

ဒါကြောင့်မို့ ဗုဒ္ဓရဲ့ဝါဒက ပထမဆုံးအကြောင်းဆိုတာ မရှိဘူး၊ first cause ဆိုတာ မရှိဘူး၊ root cause ဆိုတာ မရှိဘူး၊ first cause ဆိုတာ သူ့ရဲ့ရှေ့မှာ အကြောင်း မရှိရဘူးး၊ causeless cause အကြောင်းမဲ့တဲ့ အကြောင်းဆိုတာလည်း မရှိဘူး၊ တခြား ဘာသာဝါဒတွေမှာတော့ ရှိတယ်လေ၊ ကမ္ဘာလောကကြီးတစ်ခုလုံးကို God က ဖန်ဆင်းတယ်ဆိုရင် God က first cause ပဲ၊ God ကို ဘယ်သူက ဖန်ဆင်းတာတုန်းဆို မရှိတော့ဘူးး၊ ပြတ်သွားပြီ၊ God က causeless cause ဖြစ်နေတယ်၊ Buddhism မှာ ဒီလို causeless cause မရှိဘူး၊ အကြောင်းနဲ့အကျိုးသည် ဆက်သွယ်ပြီးတော့နေတယ်၊ အပြန်အလှန် ဖြစ်နေတယ်။

ဒီနေရာမှာ ၀ိပါကဆိုတာ ဒီနာမည်ပေးထားရုံနဲ့ ရှုထောင့်တစ်ခုအနေနဲ့ သူဟာ အကျိုးတရား၊ သူကနေပြီးတော့ ဖြစ်စေတတ်တဲ့ အကျိုးတရားတွေကို ကြည့်ရင် သူဟာ အကြောင်းတရားပြန်ဖြစ်သွားတယ်၊ ဒါကြောင့်မို့ ၂၄ပစ္စည်းထဲမှာ ၀ိပါကပစ္စယောလို့ မြတ်စွာဘုရားက ဟောထားတာနော်။

= = = = = = = = = = = = = = = =

*** ရုပ်တရားပဲဖြစ်ဖြစ် နာမ်တရားပဲဖြစ်ဖြစ် တစ်ခုတည်း မဖြစ်ဘူး၊ အစုလိုက် ဖြစ်တယ်၊ အစုလိုက်တည်နေမှ energy ဆိုတာ ဖြစ်တယ်၊ တစ်ခုစီ ခွဲလိုက်ရင် energy မရဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် ပေါင်းစပ်မှ energy ရတယ်၊ ဒီဝိပါက်စိတ်တွေမှာလည်းပဲ energy ရှိအောင် ပေါင်းစပ်ထားတာ။

ဥပမာ - စက္ခုဝိညာဏ်စိတ်ဆိုပါတော့၊ ကုသိုလ်ရဲ့အကျိုး ရှိမယ်၊ အကုသိုလ်ရဲ့အကျိုးရှိမယ်၊ စက္ခုဝိညာဏ်စိတ်ဟာ သူတစ်ခုတည်း ဖြစ်လာတာလားဆိုတော့ မဟုတ်ဘူး၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရ ဆိုတဲ့ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ခုနဲ့ တွဲတယ်၊ သူ့ရဲ့ unit က ရှစ်ခုရှိတယ်၊ ရှစ်ခုအစုကို ခေါ်တယ်၊ စိတ်လို့ ပြောလိုက်တာနဲ့ စေတသိက် ၇ခုက ပါပြီးသား၊ အဲဒီ ရှစ်ခုကို ခွဲစိတ်လိုက်မယ်၊ separate တစ်ခုစီ ခွဲလိုက်မယ်ဆိုရင် ပျက်သွားပြီ၊ energy မရှိတော့ဘူး၊ ကားများလိုပဲ တစ်စစီဖြုတ်ထားရင် မောင်းမရဘူး၊ စက်ကိရိယာတွေ တစ်ခုစီဖြုတ်ထားရင် သုံးမရဘူး၊ ဒီသဘာဝတရားတွေလည်းပဲ စုပြီးမှ စွမ်းအင်တွေ ဖြစ်လာတာ။

**** စိတ်ဟာ ဘယ်တော့မှ နှစ်ခုပြူး မဖြစ်ဘူးး၊ စိတ်နဲ့စေတသိက်ကတော့ unit ဖွဲ့တယ်၊ စိတ်တစ်ခုလျှင် ဆိုင်ရာစေတသိက် အနည်းဆုံး ၇ခု ရှိတယ်၊ သို့သော် စိတ် ၂ခု ပေါင်းပြီးတော့ ဖြစ်တယ်လို့ မရှိဘူး။

လူတွေဟာ အသက်ရှင်နေတယ်ဆိုတဲ့နေရာမှာ တစ်စိတ်တည်းနဲ့ အသက်ရှင်နေတာ၊ တစ်စိတ်ပြီး တစ်စိတ်၊ တစ်စိတ်ပြီး တစ်စိတ်၊ စိတ်တစ်ခုပြီး စိတ်တစ်ခု၊ ဒီလို ပေါ်နေတာ၊ အဲဒီ ပေါ်နေတဲ့စိတ်တွေဟာ ယှဉ်ဘက်စေတသိက်တွေနဲ့ တွဲတွဲပြီးတော့ အချင်းချင်းအပြန်အလှန် အကျိုးပြုနေကြတယ်တဲ့၊ ဒါကြောင့်မို့ ၀ိပါကပစ္စယောဆိုတာ ကုသိုလ်အကုသိုလ်ကို ကြည့်မယ်ဆိုရင် အကျိုးတရားပဲ၊ အပြန်အလှန် အကျိုးပြုတာကိုကြည့်ရင် အပြန်အလှန် အကြောင်းတရားတွေ ဖြစ်နေကြတယ်၊ တစ်ခုက အကြောင်းဖြစ်ရင် ကျန်တာတွေကအကျိုး၊ ဒီလိုဆိုတယ်။

အဲဒါကို ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်မှ
ာ -
“၀ိပါကပစ္စယောတိ၊ ၀ိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ၀ိပါကပစ္စယေန ပစ္စယော”။
ဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါး၊ ( မှတ်ချက်။ စတ္တာရော ဆိုတာ လေးခု အစု၊ အစုလေးစု။ ၀ိပါက စတ္တာရော ခန္ဓာဆိုတာမှ - ၀ိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါးလို့ အဓိပ္ပါယ်အပြည့်အစုံ ဖွဲ့တယ်လို့ထင်ပါတယ်။ TNO)

ဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါး၊ ၀ိပါကဆိုတာ နာမ်နဲ့ပဲ သက်ဆိုင်တယ်၊ ၀ိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါး ၀ိညာဏက္ခန္ဓာဆိုတာ ၀ိပါက်စိတ် ၃၆ ခုကို ပြောတာ၊ (၀ိပါက်စိတ် ၃၆ခုကို ၊ အဘိဓမ္မာသင်ယူထားသူများအနေနဲ့လွယ်ကူစွာနားလည်နိုင်သော်လည်း၊ စာလေးနေမည်စိုး၍ ချန်ထားရစ်ခဲ့သည်ကို ခွင့်လွှတ်ပါခင်ဗျာ။ TNO)

ဝေဒနာက္ခန္ဓာက ၀ိပါက်စိတ်မှာယှဉ်တဲ့ ဝေဒနာ၊ သညာက္ခန္ဓာက ပိပါက်စိတ်မှာယှဉ်တဲ့ သညာ၊ ကျန်တဲ့ သင်္ခါရက္ခန္ဓာလို့ဆိုတဲ့ ၀ိပါက်စိတ်မှာယှဉ်နိုင်တဲ့ စေတသိက်တွေ၊ ပေါင်းလိုက်တဲ့အခါ နာမ်ခန္ဓာလေးပါး။

= = = = = = = = = = = = = = = = =

ဆိုပါစို့ - **** မိမိတို့သန္တာန်မှာ စက္ခုဝိညာဏ်ဆိုတဲ့ ၀ိပါက်စိတ် ဖြစ်လာတယ်၊ အဲဒီစက္ခုဝိညာဏ်စိတ်နဲ့ယှဉ်တွဲပြီး ဖြစ်လာတဲ့စေတသိက်မှာ ဝေဒနာက ဝေဒနာက္ခန္ဓာ၊ သညာစေတသိက်က သညာက္ခန္ဓာ၊ ပေါင်းလိုက်ရင် နာမ်ခန္ဓာလေးပါးပဲ၊ အဲဒီဝိပါက်ဖြစ်တဲ့ နာမ်ခန္ဓာလေးပါးသည်၊ အညမညံ - အပြန်အလှန်၊ ၀ိပါကပစ္စယေန - ၀ိပါကပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော - ကျေးဇူးပြုနေ၏။ တဲ့ ဒါကို ပြောတာ။

**** စက္ခုဝိညာဏ်စိတ်က ဘယ်သူတွေကို ကျေးဇူးပြုတုန်းလို့မေးရင် ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိနြေ္ဒ မနသိကာရ ဆိုတဲ့ စေတသိက် ခန္ဓာ ၃ပါးကို ကျေးဇူးပြုတယ်၊ စေတသိက် ၇ခုကို ကျေးဇူးပြုတယ်၊ ဘာသတ္တိနဲ့ ကျေးဇူးပြုတုန်းဆိုရင် ၀ိပါကသတ္တိနဲ့ ကျေးဇူးပြုတယ်၊ ဒါ ပြောတာနော်။

***** ဒါဖြင့် ၀ိပါကသတ္တိ ဆိုတာ ဘာပြောတာလဲ၊ ၀ိပါကရဲ့ သဘောတွေကို ကြည့်ရအောင်၊ ၀ိပါက်စိတ်တွေဟာ နိရုဿာဟ သန္တာဘာဝ၊ ၀ိပါက်စိတ်တွေဟာ ဘာမှ activity မရှိဘူး၊ ကံတရားတွေကို ကုသိုလ်တို့ အကုသိုလ်တို့လို ထက်ထက်မြက်မြက် မရှိကြဘူး၊ သူက အကျိုးတရားပဲ၊ ကြိုးပမ်းအားထုတ်မှု ဘာမှမရှိဘူး၊ ရှိလို့လည်း မရဘူး၊ ကံရဲ့ပုံရိပ်တွေပဲဖြစ်တယ်။

**** ၀ိပါက်စိတ်တွေဟာ အားထုတ်မှုကင်းပြီး ငြိမ်နေတာ၊ ကံတည်းဟူသော အကြောင်းတရားကြောင့် ဖြစ်လာလို့ ကံရဲ့ပုံရိပ်အနေနဲ့ လာထင်တာ၊ ဘာမှ သူတို့ ပြင်လို့ရတာ မဟုတ်ဘူး၊ ကံကဖန်တီးပေးလိုက်တဲ့အတိုင်
း အရိပ်လာထင်မှာပဲ။
ဒီတော့ ၀ိပါက်စိတ်တွေက ငြိမ်နေတယ်ဆိုရင် ၀ိပါက်စိတ်နဲ့ ယှဉ်နေတဲ့ စေတသိက်တွေကရော မငြိမ်လို့ ဖြစ်မလား?? ၊ အကြောင်းတရားဖြစ်တဲ့ ၀ိပါက်စိတ်က ငြိမ်လိုက်ပြီဆိုရင် ကျန်တာရော မငြိမ်ရပေဘူးလား?? ၊ ငြိမ်သွားတယ်။

အဲဒါကြောင့်မို့ အဋ္ဌကထာဆရာကြီးက ရှင်းပြတာ “နိရုဿာဟ သန္တာဘာဝါယ ဥပကာရက” - အကြောင်းတရားက အားထုတ်မှုကင်းမဲ့ပြီးတော့ ငြိမ်သက်နေတဲ့ အနေအထားကြောင့် ကျန်တဲ့ယှဉ်ဘက် သဘာဝတရားတွေကိုလည်းပဲ အားထုတ်မှုကင်းမဲ့ပြီးတော့ ငြိမ်သက်သွားအောင် ပြုတယ်၊ ဒါမှ လိုက်လျောညီထွေ ဖြစ်မှာပေါ့၊ တစ်ခုက ငြိမ်၊ တစ်ခုက လှုပ်နေရင် ဘယ်ပေါင်းလို့ ရမလဲ၊ ရပါ့မလား၊ မရဘူး၊ ငြိမ်နေတာချင်းတူမှ ပေါင်းစပ်လို့ရတာနော်။

**** ၀ိပါကကနေပြီး အကျိုးပြုတဲ့ ၀ိပါကပစ္စယောဆိုတာ အဲဒါ ပြောတာနော်။ အားထုတ်မှုကင်းမဲ့ပြီးတော့ ငြိမ်သက်နေတဲ့ အနေအထားဖြင့် ယှဉ်ဘက်တရားတွေကိုလည်း အားထုတ်မှုကင်းပြီးတော့ ငြိမ်သက်သွားအောင် ကျေးဇူးပြုတယ်။

= = = = = = = = = = = = = = = =

ကဲ ဒီလိုဆိုရင် ***** ၀ိပါက်စိတ်မှာယှဉ်တဲ့ ဝေဒနာနဲ့ ကုသိုလ်စိတ်မှာ ယှဉ်တဲ့ဝေဒနာ တူပါတော့မလား၊ မတူဘူး။ ၀ိပါက်စိတ်မှာယှဉ်တဲ့ ဝေဒနာက အားထုတ်မှု မရှိဘူး၊ ငြိမ်သက်နေတယ်၊ ကုသိုလ်စိတ် အကုသိုလ်စိတ်မှာယှဉ်တဲ့ ဝေဒနာကျတော့ အားထုတ်မှုရှိတယ်၊ လှုပ်ရှားတယ်၊ မငြိမ်သက်ဘူး၊ ဒီလိုဆိုတယ်။

အဲဒါ ဘယ်သူ့ကြောင့် ဒီလိုကွဲပြားသွားတာတုန်းဆိုရင် ဒါ ၀ိပါကသတ္တိ ကြောင့်ပဲ၊ ၀ိပါကသတ္တိလို့ပြောတာ အဲဒါ။

အဲဒါကို ပဋ္ဌာန်းမှာ -
“၀ိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ၀ိပါကပစ္စယေန ပစ္စယော”။

ဝိပါကာ - ၀ိပါကလို့ဆိုတဲ့၊ စတ္တာရော ခန္ဓာ အရူပိနော - နာမ်ခန္ဓာလေးပါးတို့ဟာ၊ အညမညံ - အပြန်အလှန်၊
ဝိပါကပစ္စယေန - ၀ိပါကပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေတော့၏။
အပြန်အလှန် အထောက်အကူပြုတယ်၊ အပြန်အလှန် အထောက်အကူပြုတယ်ဆိုတာ သူက ငြိမ်သက်လို့ ကျန်တာတွေကို ငြိမ်သက်စေတယ်၊ ငြိမ်သက်အောင် လုပ်တယ်။

အပြန်အလှန်ဆိုတဲ့စကားက ဘာပြောတာတုန်း၊ ခုနတုန်းက စက္ခုဝိညာဏ်စိတ်တစ်ခုကို နားလည်ရင် ကျန်တာတွေအကုန်နားလည်တယ်၊ စက္ခုဝိညာဏ်စိတ်က ၀ိပါကပစ္စယဆိုလို့ရှိရင် ဖဿ၊ ဝေဒနာ၊ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိနြေ္ဒ မနသိကာရလို့ ဆိုတဲ့ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ခု၊ တစ်နည်းအားဖြင့် စေတသိက်နာမ်ခန္ဓာ ၃ပါး၊ ၀ိပါက်စိတ်က ၀ိညာဏက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာကိုပစ္စည်းယူရင် ကျန်တဲ့ နာမ်ခန္ဓာ ၃ပါးက ပစ္စယုပ္ပန်၊ ငြိမ်သက်အောင်လုပ်တာ၊ ကျန်တဲ့နာမ်ခန္ဓာ ၃ပါးကို ပစ္စည်းယူရင် ၀ိပါကစိတ် စက္ခုဝိညာဏ်စိတ်က အကျိုးတရားဖြစ်တယ်၊ အပြန်အလှန်။

နာမ်ခန္ဓာလေးပါးထဲမှာ ၂ခုက အကြောင်းဆိုရင် ကျန်တဲ့ ၂ခုက အကျိုး၊ ဒီလိုပြောတာ။ သူတို့ကျေးဇူးပြုတာ ဘာတုန်းဆိုရင် ငြိမ်သက်အောင် ကျေးဇူးပြုတာပဲ၊ လှုပ်ရှားမှုကင်းပြီးတော့ ငြိမ်သက်တယ်။

အဲဒီလို လှုပ်ရှားမှုကင်းပြီးတော့ ငြိမ်သက်နေတဲ့ သဘာဝတရားတွေဟာ အပြန်အလှန် လှုပ်ရှားမှုကင်းပြီးတော့ ငြိမ်သက်နေအောင် အထောက်အကူပြုနေကြပါတယ်၊ ဒါကိုပဲ ၀ိပါကပစ္စယောလို့ ပြောတာ၊ (ကာလ၀ိပါက နောက်ပိုးတက်နဲ့လည်း မဆိုင်ဘူးး၊ ၀ိပါက၀ဋ်နဲ့လည်း မဆိုင်ဘူးနော်၊ ၀ိပါကပစ္စယောရဲ့အဓိပ္ပါယ်က ဒါကို ပြောတာ၊) သဘာဝတရားတွေက အချင်းချင်း အပြန်အလှန် အထောက်အကူ ပြုနေတယ်ဆိုတဲ့သဘောကိုပြောပြတာ၊ ဒီလိုဆိုလိုတယ်၊ ဒါက ပဋ္ဌာန်းပစ္စယနိဒ္ဒေသမှာ ဒီလောက်ပဲ ဟောထားတယ်။

= = = = = = = = = = = = = = = = = =

ပဥှာဝါရအဆို

ဝိပါကပစ္စည်းက ဒီလောက်တင် အပြန်အလှန် အထောက်အကူ ပြုရုံပဲလားဆို မဟုတ်ဘူး၊ အကျိုးတစ်ခုထုတ်လုပ်တာ ရှိသေးတယ်၊ အဲဒီထုတ်လုပ်တာကိုတော့ ပစ္စယနိဒ္ဒေသမှာ မဟောဘူးး၊ ပဥှာဝါရ ပဋ္ဌာန်းပါဠိတော်မှာကျတော့ ဟောတယ်။

(မှတ်ချက်။ ။ ပဥှာဝါရအဆိုကို မိတ်ဆွေများအတွက် ဖတ်ရတာရှည်သွားမည်ဖြစ်ပြီး၊ များစွာသော အဘိဓမ္မာစာသားများကြောင့် စာလေးသလိုဖြစ်သွားမည်စိုးသဖြင့် ကျွန်တော် ချန်ထားခဲ့ပါတယ်ခင်ဗျာ။ အပြည့်အစုံနာကြားမှတ်ယူလိုသူများ အနေနှင့် ဆရာတော်၏ ပဋ္ဌာန်းမြတ်ဒေသနာ စာအုပ်ထုတ်ထားတာရှိပါတယ်။ ဆက်လက်လေ့လာကြည့်စေလိုပါတယ်ခင်ဗျာ။ ဒီမှာတော့

အနည်းငယ် ချုံငုံ မိရုံ ရေးသားဖော်ပြ၍ ကုသိုလ်ယူခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ TNO)

ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု။

ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။

…_/|\_…_/|\_…_/|\_…

ဆရာတော် Dr နန္ဒမာလာဘိဝံသ၏ ပဋ္ဌာန်းမြတ်ဒေသနာတော် မှ ထုတ်နှုတ်ဖော်ပြပါသည်။ မေတ္တာဖြင့် - TNO

Credit to ko Thein Naing Ohn

No comments:

Post a Comment

Gold price estimated