Video

Wednesday, 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတရားတော် အပိုင်း ၉၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတရားတော် အပိုင်း ၉
Dr နန္ဒမာလာဘိဝံသ

အာသေ၀နပစ္စယော

အာသေ၀နဆိုတာ အဖန်ဖန်အထပ်ထပ် မှီဝဲခြင်း၊ အဖန်ဖန် အထပ်ထပ် စွမ်းရည်တွေရအောင် လေ့ကျင့်ခြင်း၊ အဖန်ဖန်အထပ်ထပ် ဖြစ်ပေါ်ခြင်းဆိုတဲ့ အဓိပ္ပာယ်၊ “အာ” ဆိုတာ အဖန်ဖန် အထပ်ထပ်၊ “သေ၀န” မှီဝဲတယ်၊ ဖြစ်ပေါ်တယ်၊ ဘယ်အရာပဲဖြစ်ဖြစ် တစ်ကြိမ်တစ်ခါတည်း ဖြစ်ရင် စွမ်းရည်သတ္တိက မထက်ဘူး၊ အကြိမ်ကြိမ် လုပ်ကြရတယ်၊ စာကျက်တာတောင်မှပဲ အကြိမ်ပေါင်းများစွာ ဆိုရတယ်၊ နမော တဿ အကြိမ်ပေါင်းများစွာ ဆိုထားတဲ့အခါ စွမ်းရည်သတ္တိတွေက ထက်နေလို့ အိပ်ရာက နှိုး ဆိုခိုင်းတောင် နမော တဿ လွဲမယ်မထင်ဘူး။

အာသေ၀နသတ္တိဆိုတာ ကျေညက်နေတဲ့ စာပေတစ်ခုဟာ သတိမထားဘဲနဲ့ ရွတ်ဆိုလည်း လွဲချော်သွားတယ် မရှိဘူး၊ လမ်းကြောင်းက ဖြောင့်နေတာ၊ ဘာဖြစ်လို့ လမ်းကြောင်းက ဖြောင့်တာလဲ၊ အာသေ၀န အထပ်ထပ်လုပ်ထားလို့၊ အထပ်ထပ် လုပ်ထားတော့ ခေါက်ရိုးကျိုးသွားတာ၊ ခေါက်ရိုးကျိုးသွားတော့ စွမ်းရည် သတ္တိတွေက ပြည့်ဝတာ။


အာသေ၀နပစ္စယော ဆိုတာ တူညီတဲ့အရာတစ်ခုဟာ အကြိမ်ကြိမ်အထပ်ထပ် ဖြစ်လာပြီဆိုရင် ရှေ့ကဖြစ်တဲ့ သဘာဝတရားသည် နောက်ကဖြစ်တဲ့ သဘာဝတရားကို စွမ်းရည်သတ္တိတွေ ပေးတယ်၊ အဖန်ဖန်အထပ်ထပ် စွမ်းရည်သတ္တိတွေ ပေးထားလို့ ရှေ့စိတ်ရဲ့စွမ်းရည်သတ္တိတွေကို နောက်စိတ်က ဆက်ခံရရှိလာတယ်၊ နောက်စိတ်က အလေ့အကျင့်ရလာတယ်၊ အင်အားတွေကောင်းလာတယ်၊ ဆိုပါစို့ - စာကလေးတစ်ကြောင်း ပထမ ဆိုလိုက်တယ်၊ အဲဒီ ပထမဆိုလိုက်တာဟာ နောက်ထပ် ဒုတိယဆိုတဲ့အပေါ်မှာ စွမ်းရည်သတ္တိပေးခဲ့တယ်၊ ဒါကြောင့်မို့ ဒုတိယကျတော့ ချောလာတာ၊ တတိယကျတော့ ပိုချောလာတာ၊ ကျေညက်လာတာ၊ တကယ်လို့သာ အဲဒီလို စွမ်းရည်သတ္တိ မပေးခဲ့ဘူးဆိုရင် ပထမဆိုပြီးတာ ဒုတိယ ပိုချောလာဖို့ အကြောင်း မရှိဘူး၊ အာသေ၀နပစ္စည်းဆိုတာ အဲဒါမျိုးကို ပြောတာ၊ စွမ်းရည်သတ္တိတွေ တက်လာတယ်။

အဋ္ဌကထာမှာ အာသေ၀နပစ္စည်းကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုတုန်းဆို “အနန္တရာနံ ပဂုဏ ဗလ၀တာယ ဥပကာရကော” မိမိရဲ့အခြားမဲ့မှာ ဖြစ်ပေါ်လာတဲ့ သဘာဝတရားတွေ အလေ့အကျင့်ရအောင် အင်အားကောင်းလာအောင် အထောက်အကူပြုတဲ့ပစ္စည်းမျိုး ကျေးဇူးပြုတဲ့ပစ္စည်းမျိုးကို အာသေ၀နပစ္စည်းလို့ ခေါ်ပါတယ်၊ “အနန္တရာနံ” ဆိုတာ မိမိရဲ့ အခြားမဲ့၊ မိမိဆိုတာ ဘယ်သူ့ပြောတာတုန်း ဆိုရင် အကြောင်းတရားကိုပြောတာ၊ ထိုအကြောင်းတရားသည် မိမိနောက်မှာ ဖြစ်ပေါ်လာမည့် အကျိုးတရားလို့ဆိုတဲ့ သဘာဝတရားအား အလေ့အကျင့်ရလာအောင် အင်အားတွေကောင်းလာအောင် အထောက်အကူပြု ကျေးဇူးပြုပေးတယ်လို့ ဆိုတယ်။

အာသေ၀ဆိုတာ အဲဒီပုံစံနဲ့ ကျေးဇူးပြုတဲ့ပစ္စည်းမျိုး၊ စတင်လေ့လာမှုသည် နောက်ထပ်လေ့လာမှုအတွက် ပဂုဏဆိုတာ အလေ့အကျင့်ရသွားတာ၊ ဗလ၀ဆိုတာက အားကောင်းလာတာ၊ အလေ့အကျင့်ရခြင်း၊ အားကောင်းလာခြင်းဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတဲ့တရားမျိုးကို အာသေ၀နပစ္စည်းလို့ ဒီလိုပြောတာ။

အာသေ၀နပစ္စည်းက “မိမိ၏အခြားမဲ့၌” လို့ ဆိုသောကြောင့် အာသေ၀နပစ္စည်းသည် အတ္ထိအမျိုးအစားထဲမှာ မပါဘူး၊ အတ္ထိဆိုတာ အကြောင်းတရားက ရှိနေတဲ့အခိုက်မှာ အကျိုးတရားကို ကျေးဇူးပြုတာ၊ အခုဟာ အာသေ၀နပစ္စည်းဟာ မိမိမရှိတော့တဲ့နောက်မှာ မရှိတဲ့အခါမှ ကျေးဇူးးပြုတာ၊ နတ္ထိအမျိုးအစားထဲမှာ ပါတယ်၊ ဘာလို့တုန်းဆိုလို့ရှိရင် ရှေ့ပိုင်းကဖြစ်တာက ရှိနေသေးရင် သူ့ရဲ့စွမ်းရည်သတ္တိတွေကို နောက်ကလက်ခံဖို့ မဖြစ်နိုင်ဘူး၊ သူက စွမ်းရည်သတ္တိပေးပြီး ချုပ်သွားတာ၊ အဲဒီစွမ်းရည်သတ္တိတွေကို နောက်ကဖြစ်တဲ့စိတ်က ဆက်ခံရစ်တာ၊ ဒါကြောင့်မို့ အာသေ၀နပစ္စည်းဆိုတာ နတ္ထိ - အကြောင်းတရားမရှိတော့မှ အကျိုးတရား ဖြစ်ပေါ်လာတာ၊ ၀ိဂတ - အကြောင်းတရားတွေ လုံးဝကင်းပြတ်သွားမှ ပြတ်စဲသွားမှ အကျိုးတရားက ဖြစ်ပေါ်လာတာ။

ဒါတင် မကသေးဘူး အာသေ၀နပစ္စည်းဆိုတာ အနန္တရ - ကိုယ်မရှိတဲ့နောက် အကြောင်းတရားကင်းသွားပြီးတဲ့နောက်မှာ အခြားမဲ့၊ (အခြားမဲ့ဆိုတာ အခြားမရှိတာကို ပြောတာ၊ ကြားထဲမှာ သဘာဝတရားတွေ ခြားကွယ်ထားတာ မရှိဘူး) ချုပ်သွားတာနဲ့ တစ်ပြိုင်နက် အကျိုးတရားဟာ ပေါ်လာတာ၊ ဒါကြောင့်မို့ အနန္တရပစ္စည်းမျိုးလည်း ဖြစ်တယ်၊ အားကြီးတဲ့အထောက်အကူမျိုး ဖြစ်သောကြောင့် ဥပနိဿယဆိုတာလည်း ဖြစ်တယ်။

ဒါကြောင့်မို့ အာသေ၀နပစ္စည်းနဲ့ မျိုးတူပြီးတော့ ယှဉ်ပြိုင်လာတဲ့ ပစ္စည်းတွေက အနန္တရ၊ သမနန္တရ၊ ဥပနိဿယ၊ နတ္ထိ၊ ၀ိဂတ၊ ဒီလို ပြောတာ၊ အဲဒီပစ္စည်းတွေနဲ့ သဘာဝအားဖြင့် သွားတူတယ်ပေါ့၊ ပြိုင်တယ်ပေါ့၊ ပစ္စည်းပြိုင်တယ်လို့ ခေါ်တာ၊ ပစ္စည်းပြိုင်တယ်ဆိုတာ အကြောင်းတရားတွေဟာ ပြိုင်ဆိုင်ပြီးတော့ ဖြစ်ကြတာ၊ ဒါ ဘာပြောတာတုန်းဆိုရင် ဘက်စုံ aspect လို့ပြောတာ၊ ရှုထောင့်ချင်း မတူဘူး၊ အာသေ၀နရဲ့စွမ်းရည်သတ္တိနဲ့ နတ္ထိရဲ့စွမ်းရည်သတ္တိ၊ ၀ိဂတရဲ့စွမ်းရည်သတ္တိ၊ အနန္တရ သမနန္တရတို့ရဲ့စွမ်းရည်သတ္တိ ကျေးဇူးပြုကြပုံချင်းက မတူကြဘူး၊ အရာဝတ္ထုတစ်ခုကို ကြည့်လိုက်တဲ့အခါကျတော့ သူက ရှုထောင့်ချင်း မတူကြသလိုဘဲ။

ဆိုပါစို့ - တောင်ကြီးတစ်လုံးကို အရှေ့ဘက်က ကြည့်လိုက်ရင် မြင်ကွင်းက တစ်မျိုး၊ အနောက်ဘက်က သွားကြည့်ရင် မြင်ကွင်းကတစ်မျိုး၊ တောင်ဘက်က ကြည့်ရင် မြင်ကွင်းက တစ်မျိုး၊ မြောက်ဘက်ကကြည့်ရင် မြင်ကွင်းက တစ်မျိုး၊ လူတစ်ယောက်ကိုပဲ ရှေ့ဘက်ကကြည့်ရင်တစ်မျိုး၊ နောက်ကကြည့်ရင် တစ်မျိုး၊ ဘေးဘက်ကကြည့်ရင် တစ်မျိုး၊ အဲဒါကို aspect လို့ခေါ်တယ်၊ မြင်ရတဲ့ ပုံပန်းသဏ္ဍာန်၊ ပြုလုပ်ပုံ အခြင်းအရာ၊ တည်ရှိပုံအခြင်းအရာချင်းဟာ မတူဘူးလို့ ဒီလို ပြောတာ။

အနန္တရတို့ သမနန္တရတို့ဆိုတာ အကြောင်းတရားလို့ဆိုတဲ့ မိမိချုပ်ကွယ်သွားတာနဲ့ တစ်ပြိုင်နက် ကျေးဇူးပြုတာ၊ အဲဒီရှုထောင့်ကနေပြီးတော့ အနန္တရ သမနန္တရလို့ ခေါ်တာ၊ အခြားမဲ့ဆိုတာ အခြားအကွယ်မရှိဘဲနှင့် မိမိချုပ်သွားသည်၏အခြားမဲ့မှာ ချက်ချင်းဆက်ပြီးတော့ အကျိုးပေးတယ်ဆိုတဲ့သဘော။

ဥပနိဿယ ဆိုတာကျတော့ အားကြီးသောမှီရာအနေနဲ့ ကျေးဇူးပြုတယ်လို့ပြောတာ၊ ချုပ်ကွယ်တာတွေ သူမပြောဘူး၊ ရှေ့ဖြစ်ပြီး ချုပ်သွားတဲ့ပေါ်မှာ မှီပြီးတော့မှ နောက်က ဖြစ်ရတာ၊ ရှေ့ကချုပ်သွားတဲ့ သဘာဝတရားသည် အလွန် အင်အားကောင်းတဲ့ အကြောင်းတရားဖြစ်သည်လို့ဆိုတာ၊ အကယ်၍ သူ မချုပ်ဘူး ဆိုလို့ရှိရင် နောက်က တရားက ပေါ်ခွင့်မရှိဘူး၊ အဲဒါ ဥပနိဿယ။

နတ္ထိဆိုတာ အကြောင်းတရား လုံးဝမရှိမှုဟာ သူ့ရဲ့ထူးခြားတဲ့ အရည်အသွေး တစ်ခုပဲ၊ မရှိခြင်းသည် နောက်ထပ်ပေါ်လာမယ့်တရားကို အထောက်အကူပြုခြင်းပဲ၊ မရှိဘူးဆိုတာ နည်းနည်းလေးများ ကျန်နေသေးတယ်လို့ ထင်ကြမှာစိုးလို့ ၀ိဂတ လုံးဝကင်းပြတ်သွားတယ်လို့ ပြောတာ၊ နတ္ထိဆိုတာ မရှိတော့ဘူးး၊ မဖြစ်တော့ဘူး၊ ၀ိဂတ လုံးဝကင်းကွာသွားပြီလို့၊ လုံးဝကင်းကွာသွားမှ ကျေးဇူးပြုတယ်၊ အကြောင်းတရားသည် လုံးဝပျောက်ကွယ်သွားပြီ၊ ကင်းကွာသွားပြီဆိုမှ အကျိုးတရား ပေါ်လာတယ်လို့ ဒါပြောတာ။

အာေ၀၀နကျတော့ ခုနက အခြားမရှိတာဆိုတဲ့ ရှုထောင့်က မပြောဘူး၊ အားကြီးသောမှီရာဆိုတဲ့ ရှုထောင့်ကလည်း မပြောဘူး၊ မရှိတော့မှ ကျေးဇူးပြုတယ်ဆိုတဲ့ ၀ိဂတရှုထောင့်ကလည်းမပြောဘူးး၊ သူ့ကျတော့ ဘာလဲဆိုတော့ အဖန်ဖန် အထပ်ထပ် ဖြစ်လာအောင် စွမ်းရည်သတ္တိတွေကို ရစေတယ်လို့ပြောတာ၊ အဲဒီတော့ အကြောင်းတရားတွေက အကျိုးတရားတွေကို ကျေးဇူးးပြုတဲ့နေရာမှာ စွမ်းရည်သတ္တိတွေဟာ ကွဲပြားခြားနားမှု ရှိတယ်။

မတူညီတဲ့ စွမ်းရည်သတ္တိတွေ ရှိကြတယ်၊
အကျဉ်းချုပ်အားဖြင့် နားလည်ရမှာက အာသေ၀နပစ္စည်းဆိုတာ ပထမ ၀ီထိလို့ ခေါ်တဲ့ mental process စိတ်ဖြစ်စဉ်ကို သဘောပေါက်ရမယ်၊ အဲဒီ စိတ်ဖြစ်စဉ်ထဲမှာ အားလုံးကြားဖူးကြလိမ့်မယ်၊ အဘိဓမ္မာသင်တဲ့အခါမှာ မြန်မာ စကားတွေထဲမှာလည်း ပါတယ်ပေါ့၊ ဇောစောတယ်ဆိုတာ၊ ဇောဆိုတဲ့ စကားလုံးတော့ ကြားဖူးလိမ့်မယ်၊ ဇောဆိုတဲ့စကားလုံးက ဇ၀နဆိုတာက လာတာ၊ ဇ၀နရဲ့ အဓိပ္ပာယ်က အရှိန်တဲ့၊ အဟုတ်တဲ့၊ မြန်တာ မမြန်တာကို ပြောတာမဟုတ်ဘူး၊ အရှိန်ရှိတယ်၊ အဟုန်ရှိတယ်၊ ဒီစိတ်ဓာတ်တွေက အရှိန်ရှိတဲ့စိတ်ဓာတ်တွေ။

အရာဝတ္ထုတစ်ခုကို မြင်လိုက်တဲ့အခါမှာ ပထမဦးဆုံး အဲဒီဝတ္ထုနဲ့ စတင်ပြီးတော့ နှလုံးသွင်းမိတဲ့ မျက်စိကမြင်တဲ့ အာရုံလေးတစ်ခု စတင်လက်ခံတာက (သို့မဟုတ်) တံခါးဖွင့်ပေးတာက အာဝဇ္ဇန ပဉ္စဒွါရာဝဇ္ဇန်းစိတ်ပဲ၊ ပဉ္စဒွါရာဝဇ္ဇန်း စိတ်က သတိပြုမိပြီး အာရုံဘက်ကို ဦးလှည့်ပေးလိုက်သည့်အတွက်ကြောင့် စက္ခုဝိညာဏ်စိတ်က မြင်တယ်၊ ဒါ ဖြစ်စဉ်ပဲနော်။

စက္ခုဝိညာဏ်စိတ်က မြင်လိုက်တဲ့ အာရုံကို သမ္ပဋိစ္ဆိုင်းစိတ် က လက်ခံလိုက်တယ်၊ လက်ခံပြီးတော့ ဘာလုပ်လဲ သန္တီရဏစိတ်က စုံစမ်းတယ်၊ ၀ုဋ္ဌောစိတ်က ဆုံးဖြတ်ချက်ချပြီးတော့ ဇောစိတ်က အရှိန်အဟုန်တွေပေးတယ်၊ ဒီအာရုံနဲ့ပတ်သက်ပြီးတော့ အရှိန်အဟုန်နဲ့ ဖြစ်တယ်။

ကျန်တဲ့စိတ်တွေမှာ ပဉ္စဒွါရာဝဇ္ဇန်းဆိုတာ အင်မတန်တိုတောင်းတဲ့ အချိန်ပိုင်းလေးမှာ ဖြစ်ပြီး ပျက်သွားတယ်၊ သူပျက်သွားတာနဲ့တစ်ပြိုင်နက် စက္ခုဝိညာဏ်ပေါ်လာတယ်၊ စက္ခုဝိညာဏ် ပျက်သွားတာနဲ့ တစ်ပြိုင်နက် အာသေ၀န ဆိုတဲ့ အလေ့အကျင့်ရတာတို့ ခုနက အင်အားကောင်းလာတို့ဆိုတာ မရှိဘူး၊ သူ့အလုပ်ကလေးပဲ သူလုပ်သွားသွားကြတာ၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က သူ့ဟာသူ တံခါးဖွင့်ပေးသွားတာပဲ၊ စက္ခုဝိညာဏ်စိတ်က အဲဒီအာရုံကို မြင်လိုက်တာပဲ၊ မြင်လိုက်ပြီး သမ္ပဋိစ္ဆိုင်းစိတ်ကို အင်အားကောင်းလာအောင် သူ ဘာမှလုပ်ပေးတာမရှိဘူးး၊ သူ့အလုပ်သူ ဆောင်ရွက်ပြီးတော့ ပျောက်သွားတာ၊ ပဉ္စဒွါရာဝဇ္ဇန်းရဲ့တာဝန်က တံခါးဖွင့်ပေးတယ်၊ စက္ခုဝိညာဏ်က မြင်လိုက်တယ်၊ သမ္ပဋိစ္ဆိုင်းက လက်ခံတယ်၊ သန္တီရဏက စူးစမ်းလိုက်တယ်၊ ၀ုဋ္ဌောက ဆုံးဖြတ်လိုက်တယ်။။

ဒီစိတ်တွေဟာ တစ်ခုနဲ့တစ်ခု ပဂုဏ အလေ့အကျင့်ရအောင် လုပ်ပေးသွားတာဆိုတာ မရှိဘူး၊ ဗလ၀ အားကောင်းလာအောင် လုပ်ပေးသွားတာဆိုတာ မရှိဘူး၊ ဘယ်ကျမှ ဒီအရည်အသွေးတွေ ရှိလာတုန်းဆို ဇောကျတော့ ရှိလာတယ်၊ သူ့ကျတော့ အာသေ၀နလို့ဆိုတာနဲ့ပဲ ဇောဆိုတာ ၇ ကြိမ် ဖြစ်တယ်၊ ဒီထက်တိုတောင်းတဲ့ အချိန်လည်း ရှိတယ်၊ ဇောရဲ့ ယေဘူယျသတ်မှတ်ချက်က ၇ ကြိမ်၊ ယေဘူယျအားဖြင့် ၇ ကြိမ် ဖြစ်တယ်၊ ရ ကြိမ်ထက် ပိုပြီးတော့ ဇောစိတ်ဟာ ဖြစ်တာမရှိဘူး၊ အဲဒီ ၇ ကြိမ်လုံး ဇောတွေဟာ တူညီသောသဘာဝ ရှိပြီးတော့ အထပ်ထပ်ဖြစ်စေတာ၊ ဒီတစ်မျိုးတည်းက ထပ်ထပ်ပြီးတော့ ဖြစ်တယ် ဆိုတဲ့ သဘော။

ဒါကြောင့်မို့ ပဂုဏ အလေ့အကျင့်ရသွားတယ်၊ ဗလ၀ အားကောင်းလာတယ်၊ ပထမဇောက စောပြီးတဲ့အခါ သူ့ကို အမွေဆက်ခံမည့် ဒုတိယဇောကို အလေ့အကျင့်တစ်ခု ပေးထားခဲ့တယ်၊ အင်အားကောင်းသွားခဲ့တယ်၊ ဒုတိယဇောက တစ်ခါ တတိယဇောကို စွမ်းရည်သတ္တိတွေပေးခဲ့တယ်၊ တတိယဇောက စတုတ္ထဇောကို၊ စတုတ္ထဇောက ပဉ္စမဇောကို၊ ပဉ္စမဇောက ဆဋ္ဌဇောကို၊ ဆဋ္ဌဇောက သတ္တမဇောကို စွမ်းရည်သတ္တိတွေ ပေးခဲ့တယ်။

ဒါကြောင့်မို့ အာသေ၀နပစ္စည်းဆိုတာ ဇောကို စပါယ်ရှယ်ရည်ညွှန်းထားတဲ့ ပစ္စည်းပါ၊ သဘာဝတူတရားတစ်ခုဟာ အထပ်ထပ်ဖြစ်တယ်ဆိုတာ ဇောစိတ်ပဲ၊ ကျန်တာတွေက တစ်ကြိမ်ပဲ ဖြစ်ကြတာ၊ တစ်ကြိမ်ပဲ ဖြစ်သည့်အတွက်ကြောင့် ပဂုဏ အလေ့အကျင့်ရသွားတာမျိုးကို မဆောင်ရွက်နိုင်ဘူး၊ ဗလ၀ ခွန်အား ရှိလာတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့ အာသေ၀နဆိုတာ ဇောစိတ်တွေကို ရည်ညွှန်းတယ်၊ ဇောစိတ်နဲ့သာဆိုင်တဲ့ပစ္စည်းလို့ ဒီလိုမှတ်ထားရမယ်။

ဒါဖြင့် ကောင်းပြီ၊ ဇောကို ထပ်ပြီးတော့ ပြောကြရအောင်၊ ဇောဆိုတာ ဘယ်ဟာတွေကို ဇောလို့ ခေါ်တာလဲ၊ စိတ်ရဲ့သဘာဝနဲ့ကြည့်ပြီး အပြစ်ကင်ပြီး ကောင်းကျိုးချမ်းသာပေးနိုင်တဲ့ ကုသိုလ်စိတ်တွေကိုလည်း ဇောခေါ်တယ်၊ အပြစ်ရှိပြီး ဆင်းရဲဒုက္ခပေးနိုင်တဲ့ အကုသိုလ်စိတ်တွေကိုလည်း ဇောခေါ်တယ်နော်၊ ဒီသဘာဝတရားတွေဟာ စွမ်းရည်သတ္တိတွေရှိတယ်လို့ ဒီလိုပြောတာ၊ ကုသိုလ်စိတ်ကလည်း စွမ်းရည်သတ္တိရှိတယ်။

စက္ခုဝိညာဏ်တို့ သမ္ပဋိစ္ဆိုင်းစိတ်တို့ သန္တီရဏတို့ ၀ုဋ္ဌောတို့ဆိုတာ ဘာမှ သိပ်စွမ်းရည်သတ္တိရှိတာ မဟုတ်ဘူး၊ ဖြစ်ရိုးးဖြစ်စဉ်မို့ သူတို့က ဖြစ်သွားပြီး ကိုယ့်ဆောင်ရွက်ချက်လေးတွေ ကိုယ်ဆောင်ရွက်သွားတာပဲ ရှိတယ်၊ အာရုံနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့စွမ်းရည်သတ္တိဟာ သိပ်မထင်ရှားဘူး။

ဇောကျတော့ ဒီလိုမဟုတ်ဘူး၊ စွမ်းရည်သတ္တိတွေ တက်လာတယ်၊ ဒါကြောင့်မို့ စာလိုပြောရင် ကုသိုလ်ဇော အကုသိုလ်ဇော ကြိယာဇောလို့ ဒီလိုပြောတာ၊ ၀ိပါက်စိတ်တွေက ဇောမထိုက်ဘူးး၊ သို့သော် မဂ်စိတ်နောက်မှာဖြစ်တဲ့ ဖိုလ် စိတ်ကျတော့ ဇောထဲမှာပါတယ်၊ ကျန်တဲ့ဝိပါက်စိတ်တွေက ဇောဆိုတာ မဖြစ်ဘူး။

ဇောဆိုတာ အဘိဓမ္မာနဲက ပြောမယ်ဆိုရင် ကုသိုလ်စိတ်အားလုံး၊ အကုသိုလ်စိတ် အားလုံး၊ ကြိယာစိတ်က ၂၀ ရှိတဲ့ထဲမယ် ပဉ္စဒွါရာဝဇ္ဇန်းနဲ့ မနောဒွါရာဝဇ္ဇန်း ၂ခု မှ တစ်ပါး ကျန်တဲ့ ၁၈ ခုသော ကြိယာစိတ်တွေက ဇော၊ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ မနောဒွါရာဝဇ္ဇန်းဆိုတဲ့ ကြိယာစိတ်က ဇောမထိုက်ဘူး၊ အဲဒီဇောစိတ်တွေ အားလုံး ပေါင်းလိုက်တဲ့ အခါကျတော့ ဇောကိစ္စတပ်တဲ့စိတ် ၅၅ ပါး ရှိတယ်၊ ကုသိုလ်စိတ် ၂၁၊ အကုသိုလ်စိတ် ၁၂၊ အာဝဇ္ဇန်းဒွေမှတစ်ပါး ကြိယာစိတ် ၁၈၊ ပြီးတော့ ဖိုလ်စိတ် ၄ ခု ပေါင်းထည့်လိုက်တဲ့အခါကျတော့ ၅၅ ပါး၊ စိတ် ၈၉ ပါးထဲမှာ ဇောအဖြစ်ဆောင်ရွက်တဲ့ စိတ်တွေဟာ ၅၅ ပါးပဲ ရှိတယ်၊ အဲဒီ ၅၅ ပါးထဲမှာ အာသေ၀နနဲ့ဆိုင်တာက ကုသိုလ်၊ အကုသိုလ်၊ ကြိယာ ဒါပဲရှိတယ်၊ ဖိုလ်စိတ်တို့ ဘာတို့ မပါဘူး၊ ဒီထဲမှာ ၀ိပါက်စိတ်တွေ မပါဘူး။


ဝိပါက်စိတ်တွေ ဇောကိစ္စ မတပ်

ကဲ ဒီနေရာမှာ ၀ိပါက်စိတ်တွေက ဘာဖြစ်လို့ ဇောမဖြစ်သလဲဆိုရင် ၀ိပါကဆိုတာ အကျိုးတရားတဲ့၊ ဘယ်သူ့ရဲ့ အကျိုးတရားလဲဆိုတော့ ကံတရားရဲ့ အကျိုးတရား၊ ကံက ဘယ်တုန်းကကံတုန်းဆိုတော့ အတိတ်ကကံ၊ အဲဒီကံက ထုတ်လုပ်လိုက်တဲ့ အကျိုးတရားဆိုတော့ သူ့အနေနဲ့ လှုပ်ရှားပြောင်းလဲခွင့် ဘာမျှမရှိဘူး၊ ကံက လုပ်ပေးထားတဲ့အတိုင်း နေရတာ၊ ဘာနဲ့ ဥပမာတူတုန်းဆိုရင် မှန်ထဲမှာ ပေါ်လာတဲ့လူရဲ့ မျက်နှာရိပ်လိုပဲ၊ မှန်ထဲမှာ ပေါ်လာတဲ့ရုပ်ပုံကို ပြောင်းလို့ ရလား၊ အပြင်ကဟာတော့ ပြောင်းရတာပေါ့၊ အပြင်ဆိုတာ တကယ့်လူအစစ်ရဲ့ ရုပ်က ပြောင်းလို့ရတယ်၊ မှန်ထဲမှာပေါ်တယ်ဆိုတာ အပြင်မှာအရှိအတိုင်းပဲ ပေါ်တာ မဟုတ်လား၊ မှန်ထဲမှာပေါ်တဲ့အရုပ်ဟာ ပြောင်းလဲလို့မရသလိုပဲ (အပြင်ဘက်က အရှိအတိုင်းပေါ်လာတာ) ၀ိပါက်စိတ်တွေကလည်း ကံက ဖန်တီးလိုက်တဲ့အတိုင်း ပေါ်လာရသည့်အတွက် သူတို့အနေနဲ့ ဘာမှ ပြုပြင်ပြောင်းလဲလို့မရဘူး။

ဒါကြောင့် ၀ိပါက်စိတ်တွေဟာ “သန္တ” ငြိမ်နေတယ်၊ “နိရုဿဟ” အားထုတ်မှုကင်းတယ်လို့ ဒီလိုပြောတာ၊ ဘာဖြစ်လို့ ငြိမ်သက်နေတာတုန်းဆိုတော့ ကံရဲ့အရှိန်ကြောင့် ကံက ဖန်တီးထားတဲ့အတိုင်း ပေါ်လာတာ ဖြစ်သောကြောင့် သူတို့အနေနဲ့ ဆုံးဖြတ်နိုင်တာတို့ လှုပ်ရှားနိုင်တာတို့ ဆိုတာ ဘာတစ်ခုမှ မရှိဘူး၊ တကယ်ဆုံးဖြတ်နေတာက ကံပဲ၊ ကံဖန်တီးထားတဲ့အတိုင်းပဲ အကျိုးအနေနဲ့ ပေါ်လာတာပဲ၊ ပြောင်းလဲပြင်ဆင်လို့မရတဲ့အရာတွေ၊ ဒါကြောင့်မို့ ၀ိပါက်စိတ်တွေဟာ ပြုပြင်ပြောင်းလဲလို့မရတဲ့ ကံရဲ့စွမ်းရည်၊ ကံရဲ့အရှိန်အဟုန်အရ ပေါ်လာတာတွေလို့ ပြောတာ၊ သူတို့က တခြားဝိပါက်စိတ်တွေကို အကျိုးတရား အနေနဲ့ ထုတ်လုပ်နိုင်စွမ်း မရှိကြဘူးးတဲ့၊ powerless သူတို့မှာ ဘာပါဝါမျှ မရှိဘူး၊ နောက်တစ်ခုကို ဖြစ်ပေါ်စေနိုင်စွမ်း ဘာမျှမရှိဘူး၊ မရှိသည့်အတွက်ကြောင့် အခြား ၀ိပါက်စိတ်တွေကို အလေ့အကျင့်ရလာအောင်တို့ အင်အားကောင်းလာအောင်တို့ လုပ်နိုင်တဲ့အနေအထား သူတို့မှာ မရှိဘူးတဲ့၊ ဒါကြောင့်မို့ ၀ိပါက်စိတ်တွေဟာ အာသေ၀နပစ္စည်းထဲမှာ မပါဘူး၊ အာသေ၀နစွမ်းရည် သူတို့မှာမရှိဘူး၊ ဒီလို ဆိုလိုတာ။

အာသေ၀နဆိုတဲ့ စွမ်းရည်သတ္တိရှိတာ ကုသိုလ်ဇော အကုသိုလ်ဇော ကြိယာဇောတွေမှာသာ ရှိပါတယ်တဲ့၊ ကုသိုလ်ဇောကလည်း ကုသိုလ်ဇောကိုသာ အားပေးတယ်၊ သဘာဝချင်းတူတာကိုပဲ အထောက်အကူပြုတယ်၊ ကုသိုလ်ဇောက အကုသိုလ်ဇောကို အထောက်အကူမပြုဘူး၊ သဘာဝချင်းတူမှ အင်အားကောင်းအောင် လုပ်လို့ရတာ၊ ဆန့်ကျင်ဘက်သဘာဝကို အင်အားကောင်းအောင်လုပ်တယ်ဆိုတာ လောကအနေနဲ့လည်း ယုတ္တိမရှိဘူး။

ကုသိုလ်ဇောသည် နောက်ထပ်ဖြစ်လာမည့် ကုသိုလ်တရားကို စွမ်းအားတွေ ပေးတယ်၊ အလေ့အကျင့်ရစေတယ်၊ စွမ်းရည်တွေ ထက်မြက်စေတယ်၊ အင်အား ကောင်းလာစေတယ်ဆိုတဲ့ “ပဂုဏ ဗလ၀တာယ” အနေအထားမျိုး ရလာအောင် ရှေးရှေးသောကုသိုလ်စိတ်တွေက နောက်နောက်ပေါ်လာတဲ့ ကုသိုလ်စိတ်တွေကို ဒီလို စွမ်းရည်သတ္တိတွေကို မြင့်မားလာစေတယ်တဲ့၊ ဘယ်သတ္တိနဲ့ ဘယ်ပစ္စည်းက ဘယ်တရားကို ကျေးဇူးပြုတယ်၊ ဘယ်တရားကြောင့် ဒီလိုမြင့်မားလာရသလဲဆိုရင် အာသေ၀နသတ္တိနဲ့ နောက်နောက်သော ကုသိုလ်စိတ်တွေကို စွမ်းရည်သတ္တိမြင့်မားလာစေတယ်။

ထို့အတူပဲ အကုသိုလ်ကလည်း သဘာဝချင်းတူတဲ့ အကုသိုလ်စိတ်ကု ကျေးဇူးပြုတယ်၊ အဲဒီအကုသိုလ်ထဲမှာ ထပ်ပြီးခွဲလို့ရသေးတယ်၊ လောဘကို အခြေခံတဲ့ အကုသိုလ်စိတ်တို့၊ ဒေါသကိုအခြေခံတဲ့ အကုသိုလ်စိတ်တို့ သူ့ဟာနဲ့သူ တခြားစီပဲ၊ လောဘကို အခြေခံပြီးဖြစ်တဲ့ (ဥပမာ - လောဘဇောဆိုပါတော့) လောဘကို အခြေခံတဲ့ အကုသိုလ်ဇောက လောဘကို အခြေခံပြီးတော့ ဖြစ်တဲ့ အကုသိုလ် ဇောတွေကိုသာ စွမ်းရည်သတ္တိပေးတယ်၊ ဒေါသကို အခြေခံတဲ့ အကုသိုလ်ဇောတွေကို တိုက်ရိုက်အနေနဲ့ စွမ်းရည်သတ္တိ မပေးနိုင်ဘူး၊ ဒီလိုနားလည်ရမယ်၊ ဒေါသမူ ဇောကလည်းပဲ ထို့အတူပဲ၊ ဒေါသကို အခြေခံဖြစ်တဲ့ အကုသိုလ်ဇောတွေကလည်းပဲ နောက်နောက်ဖြစ်လာတဲ့ ဒေါသကို အခြေခံတဲ့ အကုသိုလ်စိတ်တွေကိုသာ စွမ်းရည်သတ္တိတွေ ပေးသွားတယ်၊ အလေ့အကျင့်ရစေတယ်၊ အင်အားကောင်းစေတယ်၊ ဟော အာသေ၀နသတ္တိနဲ့ကျေးဇူးပြုတာတွေ။

တစ်ခါ ကြိယာဇောက ကြိယာဇောတွေကို ကျေးဇူးပြုတာတွေ ရှိသေးတယ်၊ ဒါကတော့ အဓိကအားဖြင့် ရဟန္တာတွေရဲ့ သန္တာန်ကို ရည်ညွှန်းပြီး ပြောတာ၊ ရဟန္တာပုဂ္ဂိုလ်တွေရဲ့သန္တာန်မှာ အာသေ၀နပစ္စည်းဖြစ်တာနော်။ ဒီတော့ ကြိယာလို့ ပြောလိုက်ရင် ကုသိုလ်ကို နာမည်ပြောင်းထားတယ်လို့ မှတ်ထားပါ၊ ရဟန္တာရဲ့ သန္တာန်မှာဖြစ်တဲံ ကုသိုလ်ကို “ကြိယာ” လို့ ခေါ်တယ်၊ ဒီနေရာမှာ အာဝဇ္ဇန်းဒွေးကလွဲရင် ရဟန္တာသန္တာန်မှာဖြစ်တဲ့ ကုသိုလ်စိတ် (ဟသိတုပ္ပါဒ်ကျတော့ အဲဒီလို ကုသိုလ်ဆိုတာ မရှိဘူး၊ ဟသိတုပ္ပါဒ်က ရဟန္တာသန္တာန်မှာဖြစ်တဲ့ သီးသန့် ကြိယာစိတ် တစ်မျိုးပဲ၊ ဒါနဲ့ပတ်သက်လို့ ဘုန်းကြီးတို့ စဉ်းစားနေတာ၊ အဖြေရှာလို့ မတွေ့သေးဘူး) ဒီ့ပြင် ကြိယာစိတ်တွေဟာ ဥပမာ - မဟာကြိယာစိတ်၊ မဟာကြိယာစိတ်ဆိုတာ ရဟန္တာသန္တာန်မှာဖြစ်တဲ့ မဟာကုသိုလ်စိတ်ကိုပဲ မဟာကြိယာစိတ်လို့ ခေါ်တာပဲ၊ ကိလေသာဝဋ်မြစ်တွေ ပြတ်သွားတဲ့ ရဟန္တာသန္တာန်မှာ ကုသိုလ်ဖြစ်ပြီဆိုရင် မဟာကြိယာခေါ်တာပဲ၊ လုံးဝအတူတူပဲ။

ထို့အတူပဲ ရူပါဝစရကြိယာ၊ ပုထုဇဉ်သေက္ခပုဂ္ဂိုလ်တွေ ဈာန်ရသွားတဲ့အခါ ရူပါဝစရကုသိုလ်လို့ ခေါ်တယ်၊ ရဟန္တာဖြစ်သွားပြီဆိုရင် ရူပါဝစရကုသိုလ်သည် ရူပါဝစရကြိယာ ဖြစ်သွားတယ်၊ ပုထုဇဉ်သေက္ခတွေ အရူပဈာန်ရလို့ရှိရင် အရူပါဝစရကုသိုလ်လို့ ခေါ်တယ်၊ ရဟန္တာဖြစ်သွားပြီဆိုရင် အရူပါဝစရကြိယာ ဖြစ်သွားတယ်၊ ကုသိုလ်ကနေ ကြိယာဖြစ်သွားတာ။

ကြိယာဆိုတဲ့ စကားလုံးကို ဓမ္မသင်္ဂဏီပါဠိတော်မှာ “နေ၀ ကုသလာ နာ ကုသလာ န စ ကမ္မ၀ိပါကာ” - ကုသိုလ်လည်း မဟုတ်ဘူးး၊ အကုသိုလ်လည်း မဟုတ်ဘူး၊ ကံရဲ့အကျိုးလည်း မဟုတ်ဘူး၊ three negative ငြင်းဆိုချက် ၃ ခုနဲ့ ပြောတာ၊ “neither kusala nor akusala nor result of kamma” ၊ အဲဒါ ကြိယာ။

ရဟန္တာသန္တာန်မှာ ဖြစ်သွားတဲ့ ပုထုဇဉ်ဘ၀က ရထားတဲ့ဈာန်သည် ကုသိုလ်ဈာန်၊ မ၀င်စားမချင်း ကုသိုလ်ဈာန်လို့ပဲ ခေါ်တယ်တဲ့၊ ရဟန္တာဘ၀မှာ ၀င်စားလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ကြိယာဖြစ်သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရဟန္တာသန္တာန်မှာ ကိလေသာအညစ်အကြေး လုံးဝကင်းစင်သွားတော့ ကုသိုလ်တွေ အနေနဲ့က အလုပ်မရှိတော့ဘူး၊ ကုသိုလ်ရဲ့အလုပ်က ဘာတုန်းဆိုရင် အကုသိုလ်ကို ပယ်ဖျက်တဲ့အလုပ်ပဲ။

ကုသိုလ်နဲ့ အကုသိုလ်ဟာ အမြဲတမ်း တိုက်ခိုက်နေတယ်၊ ကုသိုလ်က ပဟာယက၊ အကုသိုလ်က ပဟာတဗ္ဗ၊ အကုသိုလ်က ပဟာတဗ္ဗအနေနဲ့ရှိတယ်၊ ကုသိုလ်က ပဟာယကအနေနဲ့ပေါ်လာတယ်၊ ပဟာတဗ္ဗဆိုတဲ့ အကုသိုလ် မရှိဘူးဆိုရင် ပဟာယကဖြစ်တဲ့ကုသိုလ် လိုသေးလား မလိုတော့ဘူး၊ မလိုတော့လို့ ဖျက်သိမ်းလိုက်ပြီး ကြိယာလို့ နာမည်ပေးလိုက်တာ၊ ဒီသဘောပါပဲ။

ကောင်းပြီ၊ အာသေ၀နပစ္စည်းဆိုတာ ဇောတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်တယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒါကြောင့်မို့ ပဋ္ဌာန်းပဠိတော်မှာ -

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အာသေ၀နပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ - ရှေးရှေးက ဖြစ်ပေါ်၍လာကြတဲ့၊ ကုသလာ ဓမ္မာ - ကုသိုလ်တရားတွေက၊ ပစ္ဆိမာနံ ပစ္ဆိမာနံ - နောက်နောက်ဖြစ်ကြတဲ့၊ ကုသလာနံ ဓမ္မာနံ - ကုသိုလ်တရားတို့အား၊ အာသေ၀နပစ္စယေန - အာသေ၀နပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေ၏။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ရှေးရှေးဖြစ်တဲ့ ကုသိုလ်တရားတွေဟာလို့၊ ဒီစကားကို ကြည့်တာနဲ့ပဲ ရှေးရှေးလို့ သုံးလိုက်ကတည်းက ကုသိုလ်စိတ်တွေဟာ ထပ်တလဲလဲ ဖြစ်နေတယ်ဆိုတာ ထင်ရှားစေတယ်။

ထို့အတူပဲ ပစ္ဆိမာနံ ပစ္ဆိမာနံ - နောက်နောက်ဖြစ်တဲ့၊ ကုသလာနံ ဓမ္မာနံ - ကုသိုလ်တရားတို့အား ဆိုတော့ ခုနပြောတဲ့ ဇော ၇ ကြိမ်နဲ့ စဉ်းစားကြည့်၊ ပထမဇောက ဘယ်သူ့ကို ကျေးဇူးပြုတုန်း၊ ဒုတိယဇောကိုပဲ ကျေးဇူးပြုတယ်၊ ဒီအကွက်လေး တစ်ကွက်တင်ပြောတာ၊ ပထမဇောက တတိယဇောကို ကျော်ပြီးတော့ လုပ်လို့မရဘူးး၊ ဒါ ပြောတာ၊ ပထမဇောသည် ဒုတိယဇောကို၊ “အနန္တရ” ဆိုတာ ကြားထဲမှာ မခြားရဘူး၊ ပထမဇောက ပစ္စည်းဆိုရင် ဒုတိယဇောက ပစ္စယုပ္ပန်၊ ဒုတိယဇောက ပစ္စည်းဆိုရင် တတိယဇောက ပစ္စယုပ္ပန်၊ တတိယဇောက ပစ္စည်းဆိုရင် စတုတ္ထဇောက ပစ္စယုပ္ပန်၊ စတုတ္ထဇောက ပစ္စည်းဆိုရင် ပဉ္စမဇောက ပစ္စယုပ္ပန်၊ စွမ်းရည်သတ္တိတွေက ဆင့်ကဲဆင့်ကဲ ပေးသွားတဲ့သဘော။

ဒီတော့ ပစ္စည်းတွေက ဘယ်သူတွေတုန်းဆိုရင် ဒုတိယဇောအတွက် ပထမဇောသည် အာသေ၀နပစ္စည်း၊ တတိယဇောအတွက်ဆိုရင် ဒုတိယဇောသည် အာသေ၀နပစ္စည်း၊ စတုတ္ထဇောအတွက်ဆိုရင် တတိယဇောသည် အာသေ၀နပစ္စည်း၊ ပဉ္စမဇောအတွက်ဆိုရင် စတုတ္ထဇောသည် အာသေ၀နပစ္စည်း၊ ဆဋ္ဌမဇောအတွက်ဆိုရင် ပဉ္စမဇောသည် အာသေ၀နပစ္စည်း၊ သတ္တမဇောအတွက်ဆိုရင် ဆဋ္ဌမဇောသည် အာသေ၀နပစ္စည်း၊ ဒါဖြင့် သတ္တမဇောရဲ့နောက်မှာ ဇောရှိသေးလား၊ မရှိတော့ဘူး၊ ဒါကြောင့် သတ္တမဇောကျတော့ အာသေ၀နပစ္စည်းလုပ်စရာ မရှိတော့ဘူး၊ ဒါကို ပြောတာနော်၊ ရှေးရှေးဆိုတာ။

ဒါကြောင့်မို့ ပဋ္ဌာန်းအရကောက်ကြီးမှာ “သတ္တမဇောကြဉ်သော ရှေးရှေးသော ပထမဇောစသော” လို့ ဆိုတာ၊ သတ္တမဇောကြဉ်သော ဆိုတာ သတ္တမဇော နောက်မှာ ဇောမရှိသည့်အတွက်ကြောင့် သတ္တကဇောက ပစ္စယုပ္ပန်သာ ဖြစ်တယ်၊ ပစ္စည်း မဖြစ်နိုင်ဘူး၊ သူက နောက်ဟာကို အာသေ၀နသတ္တိနဲ့ ကျေးဇူးပြုလို့ မရဘူးလို့ ပြောတာ၊ ပထမဇောက ဒုတိယဇောကို ကျေးဇူးပြုမယ်၊ ဒုတိယဇောက တတိယဇော၊ တတိယဇောက စတုတ္ထဇော၊ စတုတ္ထဇောက ပဉ္စမဇော၊ ပဉ္စမဇောက ဆဋ္ဌမဇော၊ ဆဋ္ဌမဇောက သတ္တမဇော၊ သတ္တမဇောကျတော့ ပစ္စည်းမဖြစ်တော့ဘူး၊ ဘာဖြစ်လို့တုန်း၊ နောက်မှာ ဇောမရှိတော့လို့။

သဘာဝချင်းမတူတဲ့ တရားတစ်ခု၊ အရှိန်အဟုန်တစ်ခု မပေးနိုင်ဘူးတဲ့၊ နဂိုကတည်းက စွမ်းရည်သတ္တိချင်းမှ မတူတာ၊ စွမ်းရည်သတ္တိတူမှ ဖြစ်တာ၊ သတ္တမဇောနောက်မှာ ဘာလာနိုင်တုန်း၊ တဒါရုံ လာနိုင်တယ်၊ ဘ၀င် လာနိုင်တယ်၊ မျိုးတူရဲ့လား? မတူဘူး၊ မတူသည့်အတွက်ကြောင့် အာသေ၀နပစ္စည်းထဲမှာ မပါဘူး၊ ဒါပြောတာ၊ ပစ္စယုပ္ပန်အနေနဲ့သာ ရတယ်။

တစ်ခါ ပစ္စယုပ္ပန်ပိုင်းကို ကြည့်မယ်ဆိုရင် ပထမဇောက ပစ္စည်းသာ ဖြစ်နိုင်တယ်၊ ပထမဇောရှေ့မှာ ၀ုဋ္ဌော ရှိတယ် မဟုတ်လား၊ ၀ုဋ္ဌောက ပထမဇောကို အာသေ၀နသတ္တိနဲ့ ကျေးဇူးမပြုနိုင်လို့ ပထမဇောသည် အာသေ၀နပစ္စယုပ္ပန် မဖြစ်ဘူးတဲ့၊ ဒီသဘောကို နားလည်လို့ရှိရင် ပဋ္ဌာန်းအရကောက်ကြီးကို ကြည့်လိုက်လို့ရှိရင် သဘောပေါက်တယ်နော်၊ ပစ္စယုပ္ပန်ကျတေတာ့ “ပထမဇောကြဉ်သော နောက်နောက်သောဇောများ” တဲ့၊ ပစ္စည်းပိုင်းရောက်တဲ့အခါကျတော့ “သတ္တမဇောကြဉ်သော ရှေးရှေးသောဇော” လို့ ဒီလိုဆိုတယ်။

ဒီတော့ ကုသိုလ်သည် ကုသိုလ်ကို၊ အကုသိုလ်သည် အကုသိုလ်ကို၊ ကြိယာသည် ကြိယာကိုလို့ ဆိုင်ရာဆိုင်ရာဇောတွေကို အာသေ၀နသတ္တိနဲ့ ကျေးဇူးပြုသွားပါတယ်တဲ့၊ ဒါက အကြမ်းဖျင်း၊ ၀ီထိမှာကြည့်ရင် မျက်စိနဲ့ အဆင်းအာရုံကို မြင်တဲ့အခါ၊ နားနဲ့ အသံအာရုံကို ကြားတဲ့အခါမှာ ကာမာဝစရဇောစိတ်တွေ ဖြစ်တယ်၊ ရိုးရာကာမာဝစရကုသိုလ်စိတ်ဆိုတာ အာရုံကို မှီတည်ပြီးတော့ ယောနိသော မနသိကာရလေး ရှိရုံနဲ့ ဖြစ်နိုင်စွမ်း ရှိတယ်ပေါ့၊ တချို့ ကာမာဝစရစိတ်တွေကပေါ့၊ သို့သော် ၀ိပဿနာတို့လို အဆင့်မြင့်တာတို့ ဥပစာရသမာဓိတို့လို အဆင့်မြင့်တာမျိုးကျတော့ ဘာဝနာကျင့်စဉ်တစ်ခုနဲ့ကျင့်မှ ရတာပေါ့၊ သာမန်ကုသိုလ်စိတ်တွေကတော့ ရူပါရုံမြင်တာနဲ့လည်း ကုသိုလ်ဖြစ်နိုင်တယ်၊ သဒ္ဒါရုံကြားတာနဲ့လည်း ဖြစ်နိုင်တယ်၊ မြင်တိုင်း ဖြစ်သလားဆိုတော့ မြင်တိုင်းတော့ မဖြစ်ဘူး၊ ဖြစ်အောင်က ဘာလိုတုန်းဆိုရင် ယောနိသောမနသိကာရ လိုတယ်၊ ယောနိသောမနသိကာရဆိုတာ ကုသိုလ်ဖြစ်အောင် စဉ်းစားတတ်တဲ့ နှလုံးသွင်းမှုပဲ။


ကုသိုလ်ဖြစ်ကြောင်းတရား ၄ ပါး

အဋ္ဌသာလိနီအဋ္ဌကထာမှာ ကုသိုလ်ဖြစ်ဖို့အတွက် အကြောင်း ၄ ချက် ပေးထားတယ်၊ လူတိုင်း လူတိုင်းဟာ အလွယ်တကူနဲ့ ကုသိုလ်ဖြစ်တာ မဟုတ်ဘူးတဲ့၊ ကုသိုလ်ဖြစ်ဖို့အတွက် ဘာတွေလိုအပ်သလဲ။

နံပါတ်(၁)က “နိယမိတ”၊ စိတ်ထဲမှာ determination ရှိရမယ်၊ “ငါ့စိတ်ထဲမှာ ကုသိုလ်ပဲ ဖြစ်စေရမယ်၊ အကုသိုလ် မဖြစ်စေရဘူး” ဆိုတဲ့ ဆုံးဖြတ်ချက်ချထားဖို့ လိုတယ်တဲ့၊ ဒါက ကုသိုလ်ဖြစ်ဖို့အတွက် အကြောင်းတရားတစ်ခုပဲ၊ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် အကုသိုလ်တွေက လွှမ်းထားမှာ၊ ဆုံးဖြတ်ချက်ချထားတောင်မှပဲ သတိမေ့နေရင် အကုသိုလ်က ၀င်လာဦးမှာပဲ။

ဘာဖြစ်လို့တုန်းဆိုရင် “ပါပသ္မိံ ရမတိ မနော” - စိတ်ကိုက ခေါက်ရိုးကျိုးနေတာ၊ အကုသိုလ်ဘက်သွားတာ၊ အလျဉ်ရနေတယ်လို့ပြောတာပေါ့၊ ချဉ်ဖတ်အိုးကြီးလိုပဲ၊ ဘာထည့်လိုက်ထည့်လိုက် ချဉ်သွားတာပဲ၊ အဲဒါ သေချာတယ်၊ ဘယ်စိတ် ပေါ်လာပေါ်လာ အကုသိုလ်ဘက်ပဲ သွားတာပဲ၊ သံသရာက ချဉ်ဖတ်အိုးကြီးကိုး၊ အထဲဝင်လာသမျှ အကုန်အချဉ်ချည်းပဲ ဖြစ်ရမယ်၊ ဒီတော့ ဒီလိုမဖြစ်အောင် လုပ်ဖို့ဆိုရင် ဆန့်ကျင်ဘက်စိတ်ဓာတ်လေးတွေ မွေးမြူဖို့လိုတယ်၊ ဘာတွေတုန်းဆို နိယမိတ - ကြိုတင်ပြီးတော့ သတ်မှတ်ထားရမယ်၊ ကိုယ့်စိတ်ထဲမှာ အကုသိုလ်ဆိုတာ မဖြစ်စေရဘူး၊ ကုသိုလ်ပဲ ဖြစ်စေရမယ်တဲ့၊ determination ရှိဖို့လိုတယ်။

နောက်တစ်ခု နံပါတ်(၂)က ဘာလိုအပ်လဲဆိုရင် “ပရိဏာမိတ” - ကိုယ့်ရဲ့ စိတ်ကလေးကို ကုသိုလ်ဘက်ကို ညွှတ်ကိုင်းထားရမယ်၊ inclination ပေါ့၊ incline လုပ်ပေးထားရမယ်၊ စိတ်ကို ကုသိုလ်ဘက်ကို ညွှတ်နေအောင် လုပ်ထားရမယ်၊ နောက်တစ်ခု နံပါတ်(၃)က “အာဘုဇိတ” - နှလုံးသွင်းတဲ့၊ ကုသိုလ်ကိုသာ အမြဲ attention လုပ်နေတယ်၊ နှလုံးသွင်းရှိနေတယ်၊ နောက်တစ်ခု နံပါတ်(၄)က “သမုဒါစာရ” - အလေ့အကျင့် practice ရှိရမယ်၊ ကုသိုလ်ဖြစ်ဖို့ practice ရှိရမယ်။

အခုပြောတဲ့ အချက်လေးချက်ကြောင့်သာ ကုသိုလ်ဆိုတာ ဖြစ်နိုင်တာတဲ့၊ နို့မို့ဆိုရင် ဖြစ်ဖို့မရှိဘူးတဲ့၊ သာမန်အားဖြင့် မဖြစ်နိုင်ဘူး။
ဘာအာရုံနဲ့ပဲ တွေ့တွေ့ ကုသိုလ်လုပ်ဖို့ပဲ သတိရတယ်၊ အဲဒီလိုမှ အလေ့အကျင့်မရှိခဲ့ဘူး၊ determination မရှိခဲ့ဘူး၊ inclination မရှိဘူးဆိုရင် အကုသိုလ်တွေချည်းပဲ ဖြစ်ဖို့များနေတယ်ပေါ့၊ ကာမာဝစရကုသိုလ်ဆိုတာ ရူပါဝစရကုသိုလ်တို့ အရူပါဝစရကုသိုလ်တို့ မဂ်ကုသိုလ်တို့ကို ထောက်ထားမယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ဖြစ်နိုင်တယ်၊ သဘာဝအရ ဖြစ်လို့ရတယ်ပေါ့။

ရူပါဝစရကုသိုလ် အရူပါဝစရကုသိုလ်တို့ကျတော့ သမထကျင့်စဉ်ကိုကျင့်ပြီး အောင်မြင်မှဖြစ်တာ၊ မအောင်မြင်ရင်မဖြစ်ဘူး၊ လောကုတ္တရာကုသိုလ်ဖြစ်တဲ့ မဂ်ကုသိုလ်ကျတော့ ၀ိပဿနာကျင့်စဉ်ကို အောင်မြင်အောင် ကျင့်နိုင်မှဖြစ်တယ်၊ မကျင့်နိုင်ရင် မဖြစ်ဘူး။

အဲဒီကုသိုလ်တွေက အကျင့်နဲ့ သက်ဆိုင်သွားတယ်၊ သမထကျင့်စဉ်ကို ကျင့်ရမယ်၊ ၀ိပဿနာကျင့်စဉ်ကို ကျင့်ရမယ်၊ သမထကျင့်စဉ်ကိုမကျင့်ဘဲနဲ့ သဘာဝအတိုင်း ရူပကုသိုလ် အရူပကုသိုလ်ဆိုတဲ့ ဈာန်ကုသိုလ်တွေ လုံးဝမဖြစ်နိုင်ဘူး၊ ရိုးရာနဲ့မဖြစ်နိုင်ဘူး၊ ကာမကုသိုလ်ကတော့ ရိုးရာပကတိအနေအထားနဲ့ကို ဖြစ်နိုင်တယ်၊ လောကုတ္တရာကုသိုလ်ရော? ၀ိပဿနာကျင့်စဉ်ကိုကျင့်မှ ဖြစ်တယ်၊ သမထကျင့်စဉ်ကို ကျင့်ရုံနဲ့လည်း မဂ်ကုသိုလ် မဖြစ်နိုင်ဘူး။

အဲဒီကုသိုလ်စိတ်တွေဟာ mental process ဆိုတဲ့ စိတ်အစဉ်ထဲမှာ ဖြစ်ကြပြီဆိုရင် ရှေးရှေးစိတ်သည် နောက်နောက်စိတ်အား အာသေ၀နပစ္စည်းနဲ့ စွမ်းရည်သတ္တိတွေ ပေးသွားတယ်လို့ နားလည်ထားရမှာပေါ့၊ အဲဒီ အာသေ၀နသတ္တိကြောင့် ရှေ့စိတ်ထက် နောက်စိတ်က စွမ်းရည်တွေ ထက်လာတယ်၊ ရှေ့စိတ်ထက် နောက်စိတ်က စွမ်းရည်တွေ ထက်လာပြီးတော့ မြင့်မားတဲ့ စွမ်းအားတွေကို ရသွားတယ်။

ကံကို ခွဲတဲ့အခါကျတော့ ကုသိုလ်ပဲဖြစ်စေ အကုသိုလ်ပဲဖြစ်စေ ပထမဇောစိတ်ဟာ သူ့ရှေ့က အာသေ၀နဆိုတဲ့ စွမ်းရည်သတ္တိပေးနိုင်တဲ့စိတ် မရှိဘူး၊ မရှိသည့်အတွက်ကြောင့် သူက အကျိုးတစ်ခုကို ထုတ်လုပ်မယ်ဆိုရင် ဘ၀တစ်ခု ထူထောင်မပေးနိုင်ဘူး၊ လက်ရှိဘ၀မှာ အားပေးရုံလေးပဲ ရတယ်၊ ဒါကို “ဒိဋ္ဌဓမ္မ ဝေဒနိယကံ” လို့ ခေါ်တာ၊ ဒိဋ္ဌဓမ္မ ဝေဒနယကံဆိုတာ ဒီဘ၀မှာပဲ၊ ဒီဘ၀ဆိုတာ အတိတ်ကံကြောင့် ရထားတဲ့ ဘ၀ပဲ၊ ဒိဋ္ဌဓမ္မ ဝေဒနိယ - ဒီဘ၀မှာ အားဖြစ်ရုံပဲ ရှိတယ်၊ ဒီလိုဆိုလိုတာ၊ ဘ၀တစ်ခု ထူထောင်နိုင်လာအောင် စွမ်းရည်သတ္တိ မရှိဘူး၊ ဘာဖြစ်လို့လဲ? သူ့ရှေ့က အာသေ၀နစွမ်းရည်သတ္တိပေးနိုင်တဲ့ပစ္စည်း မရှိလို့၊ အင်အားနည်းတယ်၊ ဒီအဓိပ္ပာယ်ကို ပြောတာနော်။

ပထမဇောက ဒုတိယဇောကို အားဖြည့်လိုက်တယ်၊ ဒုတိယဇောက တတိယဇောကို အားဖြည့်လိုက်တယ်၊ ပထမဇောထက် ဒုတိယဇောက အားကောင်းလာတယ်၊ ဒုတိယဇောထက် တတိယဇောက အားကောင်းလာတယ်၊ အဲဒီလို အားဖြည့် အားဖြည့် ပေးသွားလိုက်တာ နောက်ဆုံး ဆဋ္ဌမဇောကျတော့ အားတွေ အင်မတန်မှ တောင့်တင်းနေတယ်၊ အဲဒီလိုတောင့်တင်းတဲ့အားတွေ သတ္တမဇောကို ပုံပြီးတော့ ပေးလိုက်တဲ့အခါမှာ သတ္တမဇောသည် ဒီဘ၀ကသေရင် နောက်ဘ၀မှာ ဘ၀တစ်ခုကို ထူထောင်ပေးနိုင်တဲ့ စွမ်းရည်သတ္တိတွေရသွားတယ်ပေါ့၊ ဒါ ကံပိုင်းကပြောတာ၊ ဒါ အာသေ၀နစွမ်းရည်ကြောင့် ဖြစ်တာ၊ ရှိသမျှ energy တွေ သူ့ဆီမှာ သွားစုတယ်၊ ဒါကြောင့် သူက အကျိုးပေးခွင့်ရှိတာ။

သို့သော်လည်း ကံဆိုတာ အခြားအကြောင်းတရားတွေနဲ့ ပေါင်းပြီးမှ အကျိုးပေးလို့ရတာ၊ သူ့ချည်းပဲသပ်သပ် ပေးလို့မရဘူး၊ ဘယ်အရာပဲဖြစ်ဖြစ် အကြောင်းတရားတွေနဲ့ ပေါင်ြး�

Credit to Ko Thein Naing Ohn
 

No comments:

Post a Comment

Gold price estimated