Video

Wednesday, 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတရားတော် အပိုင်း ၈၊ Dr နန္ဒမာလာဘိဝံသ

ပဋ္ဌာန်းမြတ်ဒေသနာတရားတော် အပိုင်း ၈
Dr နန္ဒမာလာဘိဝံသ

ပစ္ဆာ - နောက်မှ ၊ ဇာတ - ဖြစ်ပြီးတဲ့အခါမှာ ၊ ပစ္စယော - ကျေးဇူးပြုတယ်၊ နောက်မှဖြစ်ပြီး ကျေးဇူးပြုတဲ့တရားဆိုတော့ အကျိုးတရားက အရင်ပေါ်နေတယ်၊ အကြောင်းတရားက နောက်မှဖြစ်လာပြီး အကျိုးတရားကို အထောက်အကူပြုတယ်၊ အကြောင်းအကျိုးလို့ ပြောရပေမယ့်လို့ သူ့ကြောင့်ဖြစ်တဲ့အကျိုးတော့ မဟုတ်ဘူး။

အဲဒီတော့ ပဋ္ဌာန်းတရားမှာ အကြောင်းနဲ့အကျိုးလို့ ဆိုတဲ့စကားဟာ ပိုကျယ်ပြန့်တယ်လို့ ဒီလိုမှတ်ရမယ်၊ မြန်မာစကား အကြောင်းနဲ့အကျိုးဆိုလို့ရှိရင် အကြောင်းတရားသည် အကျိုးတရားကို ဖြစ်စေတတ်တယ်၊ အကျိုးတရားသည် အကြောင်းတရားကြောင့် ဖြစ်ပေါ်လာတယ်၊ ဒီလိုရှိတယ်။



အခု ဒီနေရာမှာတော့ အကြောင်းအကျိုးလို့ ခေါ်ရသော်လည်း တစ်ခုနဲ့တစ်ခု အပြန်အလှန်ဆက်သွယ်မှု ကျေးဇူးးပြုနေမှု အထောက်အကူပြုနေမှုတွေကိုပဲပြောတာ၊ အဲဒီလို သဘောမပေါက်ရင် ဘယ့်နှယ် အကျိုးတရားက အရင်ဖြစ်ပြီး အကြောင်းက နောက်မှဖြစ်တယ်ဆိုရင် ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိကောင်း စဉ်းစားမိလိမ့်မယ်၊ ဘာဖြစ်လို့တုန်းဆိုတော့ အမေအဖေထက် သားသမီးက အရင် မွေးနေတာလို ဖြစ်နေတယ်၊ အဲဒီအဓိပ္ပာယ်မျိုးကို ပြောတာမဟုတ်ဘူး၊ အပြန်အလှန်ဆက်သွယ်နေတာ အထောက်အကူပြုနေတာကို ပြောတာ၊ ကျေးဇူးပြုနေတယ်ဆိုတာ ကြိုတင်ပြီးတော့ ဖြစ်တာပဲဖြစ်စေ၊ နောက်မှဖြစ်တာပဲဖြစ်စေ၊ အတူတကွ ဖြစ်တာပဲဖြစ်စေ အထောက်အကူပြုနေတာတွေ ဆက်သွယ်နေတာတွေကို ဆိုလိုတယ်၊ relation ဆိုတာ ဆက်သွယ်နေတဲ့ အဓိပ္ပာယ်ကိုပြောတာ။

ဒါကြောင့် ပဋ္ဌာန်းတရားတော်ဟာ အချင်းချင်း ဆက်သွယ်နေတယ်လို့ဆိုတာ၊ အဲဒီဆက်သွယ်တဲ့နေရာမှာ တစ်ခုကတစ်ခုကို အထောက်အကူပြုနေတယ်၊ ကျေးဇူးပြုနေတယ်၊ ဘယ်ပုံဘယ်နည်း ကျေးပြုနေတယ်ဆိုတာတွေကို ရှင်းပြတာ၊ ထုတ်လုပ်တဲ့ အကြောင်းတစ်မျိုးတည်းကို ရှင်းပြတာ မဟုတ်ဘူး။ ဒါကြောင့် ပစ္ဆာဇာတပစ္စယော မှာ ပစ္ဆာဇာတဆိုတာ နောက်မှပေါ်လာတဲ့တရားက အရင်ဖြစ်နှင့်တဲ့တရားကို ကျေးဇူးပြုတယ်၊ အထောက်အကူပြုတယ်လို့ ဆိုလိုတယ်။

ဒီပစ္ဆာဇာတပစ္စည်းကို အဋ္ဌကထာတွေက ဥပတ္ထမ္ဘကပစ္စည်း (အထောက်အကူပြုတဲ့ပစ္စည်း) လို့ဒီလိုပြောတယ်၊ ဖြစ်စေတတ်တဲ့အကြောင်းတရား၊ ထုတ်လုပ်တဲ့အကြောင်းတရား မဟုတ်ဘူး၊ အထောက်အကူပြုတဲ့ အကြောင်းတရား၊ အပြန်အလှန် ဆက်သွယ်နေတဲ့သဘောကိုပြောတာ၊ အပြန်အလှန်ဆက်သွယ်နေတဲ့ သဘာဝတရားတွေဟာ ၂၄ ပစ္စည်းမှာ သဟဇာတ = ပြိုင်တူဖြစ်တယ်၊ အကြောင်းတရားနဲ့အကျိုးဟာ ပြိုင်တူဖြစ်တယ်၊ သို့မဟုတ် စာလိုပြောမယ်ဆိုရင် ပစ္စယ နဲ့ ပစ္စယုပ္ပန္န ဒီနှစ်ခုသည် ပြိုင်တူဖြစ်လာတာ သဟဇာတ၊ ပုရေဇာတ ဆိုတာ ပစ္စယုပ္ပန္န ထက် ပစ္စယ က ကြိုတင်ဖြစ်နှင့်တယ်၊ ပစ္ဆာဇာတ ကျတော့ ပစ္စယုပ္ပန္န ထက် ပစ္စယ က နောက်မှ ဖြစ်လာတယ်၊ ဒီအဓိပ္ပာယ်မျိုးကိုပြောတာ။

သဟဇာတက born together အတူတကွဖြစ်လာတာ၊ ဒီသဘာဝတရားနှစ်ခု အကြောင်းတရားနဲ့ အကျိုးတရားဟာ အတူတကွဖြစ်လာကြတယ်၊ ပုရေဇာတ က born earlier အကြောင်းတရားက ကြိုတင်ဖြစ်နှင့်နေတာ၊ ပစ္ဆာဇာတ အကြောင်းတရားက born later နောက်မှ ဖြစ်လာတာ၊ အဲဒီတော့ ကြိုတင် ဖြစ်နှင့်တဲ့တရားပဲဖြစ်ဖြစ်၊ နောက်မှဖြစ်တဲ့တရားပဲဖြစ်ဖြစ်၊ ပြိုင်တူဖြစ်လာတဲ့ တရားပဲဖြစ်ဖြစ် အထောက်အကူပြုကြတယ်၊ ကျေးဇူးပြုကြတယ်လို့ ဆိုလိုတယ်။

အခုပြောခဲ့တဲ့ သဟဇာတတို့ ပုရေဇာတတို့ ပစ္ဆာဇာတို့ ပစ္စယ နဲ့ ပစ္စယုပ္ပန္န နှစ်ခု ဖြစ်ပေါ်လာတဲ့ အချိန်ပိုင်းနဲ့ ကန့်သတ်ပြီးပြောရတဲ့ ဟောဒီပစ္စည်း ၃ မျိုးဟာ အတ္ထိဆိုတဲ့ အမျိုးအစားထဲမှာပါတယ်၊ ပြိုင်တူဖြစ်တာတော့ အထူးပြောစရာမလိုဘူး၊ ပစ္စယ နဲ့ ပစ္စယုပ္ပန္န ပြိုင်တူဖြစ်နေရင် ရှိနေတုန်းပဲ အကျိုးပေးတယ်၊ ရှိနေတုန်းပဲ အထောက်အကူပြုနိုင်တယ်၊ မရှိတော့ရင် အထောက်အကူ မပြုတော့ဘူး၊ ဒါ အတ္ထိပစ္စည်းရဲ့သဘောပဲ၊ ရှိခိုက် ကျေးဇူးပြုတယ်။

ပုရေဇာတ - အကြောင်းတရားက ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတယ်၊ အကျိုးတရားက နောက်မှ ဖြစ်တယ်၊ ဒါက နားလည်လွယ်တယ်ပေါ့၊ ပစ္စယ နဲ့ ပစ္စယုပ္ပန္န မှာ ပစ္စယက ကြိုတင်ဖြစ်နှင့်ပြီးတော့ ပစ္စယုပ္ပန္နက နောက်မှဖြစ်လာတယ်၊ ဖြစ်လာသော်လည်းပဲ ပစ္စယက မရှိတော့ဘူးဆိုရင် ကျေးဇူးမပြုဘူး၊ ရှိနေတဲ့အခိုက်မှာသာ ကျေးဇူးးပြုတယ်၊ နှစ်ခုစလုံး ထင်ရှားရှိနေတဲ့အခိုက်မှာသာ ကျေးဇူးပြုလို့ အတ္ထိပဲ၊ ဟောဒီပစ္ဆာဇာတကလည်း အတူတူပဲ၊ ပစ္စယုပ္ပန္နဆိုတဲ့တရားက ကြိုတင်ဖြစ်နေပြီး ပစ္စယဆိုတဲ့တရားက နောက်မှဖြစ်တယ်၊ နောက်မှဖြစ်ပြီး ထင်ရှားရှိနေခိုက်မှာပဲ သူကလည်း ကျေးဇူးးပြုတယ်၊ မရှိတော့ရင် ကျေးဇူးမပြုဘူးလို့ ဒါကြောင့်မို့ ဒီ ၃ မျိုးလုံး အတ္ထိအမျိုးအစားထဲမှာ ပါတယ်။

ပစ္ဆာဇာတပစ္စယော ၊ ပစ္ဆာဇာတ - ပစ္စယုပ္ပန္နတရားထက် ပစ္စယတရားက နောက်မှ ဖြစ်လာတယ်၊ နောက်မှ ဖြစ်လာပြီးတော့ ကျေးဇူးပြုတယ်တဲ့၊ အဋ္ဌကထာဆရာကြီးက နားလည်အောင်လို့ ဆိုပြီးတော့ ဥပမာတစ်ခု ပေးထားတာရှိတယ်၊ နောက်မှ ဖြစ်လာတဲ့တရားက ကြိုတင်ဖြစ်နှင့်နေတဲ့ တရားကို အထောက်အကူပြုတယ်ဆိုတာ ဘယ်လိုမှတ်ရမလဲဆိုရင် “ဂိဇ္ဈပေါတကသရီရာနံ အာဟာရာသာ စေတနာ ပိယ” လို့ ရှင်းပြထားတယ်။
ဂိဇ္ဈပေါတကဆိုတာ လင်းတငယ်လေး၊ လဒ လင်းတဆိုတဲ့ ငှက်၊ အဲဒီလင်းတကို ပါဠိလို ဂိဇ္ဈ၊ ဘာဖြစ်လို့ လင်းတကို ဂိဇ္ဈ လို့ ခေါ်တုန်းဆိုရင် အသားကြိုက်လို့တဲ့၊ အသားကို မက်မက်မောမော စားတတ်တယ်၊ အသားကို မက်မက်မောမော စားသောက်တတ်လို့ ဂိဇ္ဈ ဆိုတဲ့ စကားလုံးနဲ့ ခေါ်ကြတာ။

အဲဒီလင်းတငှက်နဲ့ ပတ်သက်ပြီး ဒီမှာ ဥပမာပေးထားတာ။
ပစ္ဆာဇာတပစ္စည်းကို နားလည်ဖို့ဆိုတာ ဂိဇ္ဈပေါတကသရီရာနံ - လင်းတငယ်လေးတို့ရဲ့ ခန္ဓာကိုယ်အား၊ အာဟာရာသာ စေတနာ ၀ိယ - အာဟာရ၌ မျှော်လင့်တောင့်တနေတဲ့ တဏှာနဲ့ယှဉ်တဲ့ စေတနာတရားလိုပဲတဲ့၊ အဋ္ဌကထာဆရာကြီးက ဒီစကားလေးကို ထည့်သုံးထားတယ်၊ ပစ္ဆာဇာတပစ္စည်းကို နားလည်ဖို့ “စားလိုတဲ့ အာသာ ဆန္ဒနဲ့ယှဉ်တဲ့ စေတနာတရားသည် လင်တငယ်ကလေးတို့ရဲ့ ခန္ဓာကိုယ်ကို အထောက်အကူပြုသလိုပါပဲ” တဲ့။

အဲဒီတော့ ဘယ်လို နားလည်ရမတုန်းဆို လင်တငယ်ကလေးတွေကို မွေးဖွားလာတယ်၊ မွေးဖွားလာတော့ လင်းတငယ်ကလေးတွေရဲ့ ခန္ဓာကိုယ်ဆိုတာ အရင်ဖြစ်လာတာ၊ စားချင်တဲ့ အာသာဆန္ဒက နောက်မှဖြစ်တာပေါ့၊ စားချင်တဲ့ အာသာဆန္ဒက အရင်ဖြစ်နှင့်တဲ့ လင်းတငယ်ကလေးရဲ့ ခန္ဓာကိုယ်ကို အထောက်အကူပြုတယ်တဲ့၊ ဒီအဓိပ္ပာယ်မျိုးကို ပြောတာ။

ဒါက စာပေအတိုင်း နားလည်ရမှာကတော့ အစာအဟာရကို စားလိုတဲ့ အာသာဆန္ဒနဲ့ယှဉ်တဲ့ စေတနာသည် နောက်မှဖြစ်ပြီး အရင်ဖြစ်နှင့်နေတဲ့ လင်းတငယ်ကလေးတွေရဲ့ခန္ဓာကိုယ်ကို အထောက်အကူပြုတယ်တဲ့၊ ဒါက ဘာနဲ့တူတုန်းဆိုရင် မြန်မာစကားမှာ “မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတယ်” ဆိုတာမျိုးနော်၊ မျှော်လင့်ချက်ဆိုတာ မျှော်လင့်ရုံ မျှော်လင့်တာ၊ ရမှမရသေးတာကိုး၊ မျှော်လင့်ချက်ကလေးနဲ့ အသက်ရှင်နေရသေးတယ်ဆိုတာ အသက်က အရင်လာတာ၊ မျှော်လင့်ချက်က နောက်မှ။

(ဒါက နားလည်သဘောပေါက်ရုံပဲမှတ်ထားပါခင်ဗျာ။ ဘာကြောင့်လည်းဆိုယင် လင်းတငှက်လေးတွေဟာ ငယ်စဉ်အတောင်မစုံခင်က အသိုက်ထဲမှာနေတဲ့အချိန်မှာ အစာမစားရှာကြရဘူးတဲ့၊ မိဘတွေက တခြားငှက်တွေလို အစာခွံ့ကျွေးရိုး ထုံးစံမရှိဘူးတဲ့၊ မိဘဖြစ်တဲ့လင်းတကြီးတွေက ပျံဝဲသွားပြီးပြန်လာလို့ရှိရင် အစာကျွေးနိုး အစာကျွေးနိုးဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ မိမိတို့ကိုယ်တိုင် ရှာစားနိုင်တဲ့အနေအထားထိအောင် အစာပေါ်မှာ အာသာဆန္ဒနဲ့ယှဉ်တဲ့ စေတနာက အထောက်အကူပြုတယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြခြင်းဖြစ်ပါတယ်။ ဒီဖွင့်ဆိုချက်မှန်မမှန်ဆိုတာက တိရစ္ဆာန်တွေရဲ့အကြောင်းကို လေ့လာကြည့်မှသိနိုင်ပါမယ်၊ ယခုအခါမှာ လင်းတငှက်အကြောင်းလေ့လာသူများက လင်းတငှက်မှာ ပါးပြင်းလိုအရာပါရှိပြီး အစာကိုသယ်ဆောင်သွားတယ်လို့လည်းဆိုပါတယ်။ အဲဒါကြောင့် ဒီနေရာမှာ အဋ္ဌကထာဆရာရဲ့ဖွင့်ဆိုချက်ကို နားလည်သဘောပေါက်ရုံသာ ဆင်ခြင်စေလိုခြင်းဖြစ်ပါတယ်ခင်ဗျာ။ တဖက်ကကြည့်မယ်ဆိုရင်လည်း အစာမစားဘဲ အသက်ရှင်ဖို့ဆိုတာ မလွယ်ကူဘူးပေါ့၊ ဘယ်သတ္တ၀ါဖြစ်ဖြစ် အစာအာဟာရနဲ့ ကင်းပြီးတော့ ဖြစ်တာ မရှိဘူး၊ သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ လို့ ဆိုတာလည်းရှိပါတယ်၊ ဒါပေမယ့် အာဟာရဆိုတဲ့နေရာမှ လူတွေစားတဲ့ အစားအစာချည့် တော့မဟုတ်ဘူးပေါ့၊ ဗြဟ္မာတွေကျတော့ ပီတိဘက္ခ ပီတိကို စားနေတယ်လို့ဆိုပါတယ်။ လူတွေကျတော့ ပီတိကိုစားတယ်ပြောကြပေမယ့် တကယ်တော့ အစာအာဟာရနဲ့ ကင်းပြီးတော့ မဖြစ်နိုင်ကြပါဘူး။ ဒါကြောင့် အဋ္ဌကထာရဲ့ရှင်းလင်းချက်ကို သဘောပေါက်ရုံ ဆင်ခြင်နိုင်ရုံသာ ဆင်ခြင်မှုပြုစေလိုခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဒါကဆရာတော်ရဲ့ရှင်းလင်းချက်ကို အတိုချုပ်လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။ TNO )

ပစ္ဆာဇာတပစ္စည်းနဲ့ ပတ်သက်လာလို့ရှိရင် လူတွေမှာလည်း သေချာစဉ်းစားကြည့် - ဖြစ်လာတဲ့ရုပ်ကလေးတွေကို အထောက်အကူပြုတယ်ဆိုတာ၊ နောက်မှ လာတဲ့ဟာကလည်း ရှေ့ကဖြစ်နှင့်တာကို အထောက်အကူပြုတယ်၊ ဒါကြောင့် ပစ္ဆာဇာတပစ္စည်းဆိုတာ အထောက်အကူပြုတဲ့ပစ္စည်းတစ်ခု၊ ဒါလည်းပဲ ရုပ်နဲ့နာမ်ပဲ၊ မြတ်စွာဘုရားက ပစ္ဆာဇာတပစ္စည်းကို ပစ္စယနိဒ္ဒေသမှာ ဘယ်လိုဟောတုန်း။

ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။

ပစ္ဆာဇာတာ - နောက်မှဖြစ်ပေါ်လာကြတဲ့၊ စိတ္တစေတသိကာ - စိတ် စေတသိက်လို့ဆိုတဲ့ နာမ်တရားတွေဟာ၊ ပုရေဇာတဿ - ရှေးဦးစွာဖြစ်နှင့်တဲ့၊ ဣမဿ ကာယဿ - ဤရုပ်အပေါင်းအား၊ ပစ္ဆာဇာတပစ္စယေန - ပစ္ဆာဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော - အထောက်အကူ ကျေးဇူးပြုလျက် ရှိပါလေတော့၏။

ရုပ်နဲ့နာမ် အပြန်အလှန်အထောက်အကူပြုနေတဲ့သဘောကိုပြောတာ။ အဲဒီထဲမှာ ကြိုတင်ဖြစ်နှင့်နေတဲ့ “ကာယ” လို့ ခေါ်တဲ့ ရုပ်အပေါင်းကိုတဲ့၊ နောက်မှ ဖြစ်လာတဲ့ စိတ်စေတသိက်ဆိုတဲ့ နာမ်တရားတွေက ပစ္ဆာဇာတသတ္တိနဲ့ အထောက်အကူပြုပါတယ်တဲ့၊ အထောက်အပံ့ပေးထားပါတယ်တဲ့၊ ဒီလိုပြောတာ၊ အဲဒီတော့ အပြန်အလှန်ဆက်သွယ်မှုကို ပြောတာ။

ဒါကို အသေးစိတ် ဆင်ခြင်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ - နောက်မှဖြစ်တဲ့ စိတ်စေတသိက်တွေက၊ ပုရေဇာတဿ ဣမဿ ကာယဿ - ကြိုတင်ဖြစ်နေတဲ့ ကာယလို့ဆိုတဲ့ ရုပ်တွေကို ကျေးဇူးပြုတယ်၊ mental process, material process လို့ခေါ်တဲ့ ဖြစ်စဉ်ကြီးတစ်ခုကို နားလည်လို့ရှိရင် ဒါ လွယ်လွယ်ကူကူ နားလည်နိုင်တယ်၊ ကြိုတင်ဖြစ်နေတဲ့ ရုပ်အပေါင်းကို နောက်မှဖြစ်တဲ့ စိတ်စေတသိက်တွေက အထောက်အကူပြုပါတယ်လို့ ဆိုတဲ့နေရာမှာ ကြိုတင်ဖြစ်နှင့်နေတဲ့ ရုပ်အပေါင်းလို့ဆိုတာ ဘာကိုပြောတာလဲ။

ပဋိသန္ဓေစိတ်နဲ့ ပြိုင်တူဖြစ်လာတဲ့ Kamma born matter ကမ္မဇရုပ်ဟာ ၃၀ ရှိတယ်၊( အဲဒီ ရုပ်ပေါင်း ၃၀ က ဘယ်က ရလာတာလဲဆိုတော့ ကံက ထုတ်လုပ်လိုက်တာ၊ ကံကနေ မျိုးစေ့ချပေးလိုက်တာ၊ ဒါကြောင့် အဲဒီရုပ်တွေကို ကမ္မဇရုပ်လို့ခေါ်တာ၊ Born of Kamma ဘယ်သူမှ မလုပ်နိုင်ဘူး၊ ကံက လုပ်ပေးလိုက်တာ၊ အဲဒီကံက လုပ်ပေးလိုက်တဲ့ ရုပ်ကလေးနဲ့အတူ သန္ဓေစိတ်ကိုရော ဘယ်သူကလုပ်ပေးတာတုန်းဆို ကံကလုပ်ပေးတာ၊ ဒါကြောင့် သန္ဓေစိတ်ကို ၀ိပါကလို့ခေါ်တာ၊ ၀ိပါက နဲ့ ကဋတ္တာရူပ၊ စာပေအသုံး ကဋတ္တာရူပဆိုတာ ကမ္မဇရုပ်ကိုပြောတာ၊)၊ အဲဒီပဋိသန္ဓေရဲ့ ဥပါဒ်ခဏမှာဆိုလို့ရှိရင် ကံက ထုတ်လုပ်တဲ့ ရုပ်တစ်မျိုးတည်းပဲ ရှိသေးတယ်၊ ပဋိသန္ဓေရဲ့ဌီခဏကျတော့ ဥတုဇရုပ်တစ်မျိုး တိုးလာပြန်တယ်။

အဲဒီကမ္မဇရုပ်တွေထဲမှာ တေဇောဓာတ်လို့ခေါ်တဲ့ ဥတု ပါလာတယ်၊ ပဋိသန္ဓေစိတ်ကလေးနဲ့အတူ ဥပါဒ်တဲ့ ကာယဒသကကလာပ် ၀တ္ထုဒသကကလာပ် ဘာဝဒသကကလာပ်ဆိုတဲ့ ရုပ် ၃၀ ထဲမှာ တေဇောဓာတ်လို့ ခေါ်တဲ့ ဥတုပါတယ်၊ အဲဒီဥတုသည် ပဋိသန္ဓေစိတ်နဲ့ ပြိုင်တူဖြစ်လာတာ၊ ကံက ထုတ်လုပ်လိုက်တဲ့ ပဋိသန္ဓေရဲ့ ဥပါဒ်ခဏမှာ သူက ပေါ်လာတယ်၊ ပဋိသန္ဓေရဲ့ ဌီခဏရောက်တဲ့အခါကျတော့ သူက ရုပ်တစ်ခုကို ပြန်ပြီးတော့ မွေးဖွားပြန်တယ်၊ ပြန်ပြီးတော့ ထုတ်လုပ်လိုက်ပြန်တယ်၊ တေဇောဓာတ်က ဥတုဇရုပ်ကို ထုတ်တယ်တဲ့နော်။

ပဋိသန္ဓေစိတ်နဲ့အတူ ဥပါဒ်လာတဲ့ တေဇောဓာတ် ဥတုက ပဋိသန္ဓေရဲ့ ဌီခဏ ရောက်ပြီဆိုတဲ့အချိန်မှာ သူက စွမ်းရည်သတ္တိတွေ ဖြစ်လာတယ်၊ သူဖြစ်စအချိန်ကတော့ မထုတ်နိုင်ဘူး၊ ဖြစ်ပြီးတော့ ခဏတစ်ခုလွန်တာနဲ့ တစ်ပြိုင်နက် သူက ဌီခဏဆိုတာ ရောက်လာ၊ ရောက်လာတဲ့အချိန်မှာ ဥတုကြောင့်ဖြစ်တဲ့ရုပ်ကို သူက ထုတ်လုပ်လိုက်ပြန်တယ်ဆိုတော့ ရုပ်တွေအများကြီးပဲ ဖြစ်လာတယ်။

Kamma born matter က တစ်ခု၊ ပဋိသန္ဓေရဲ့ဌီခဏကျတော့ ဥတုကြောင့်ဖြစ်တဲ့ ဥတု born matter ရုပ်တစ်ခု ဖြစ်လာတယ်၊ နှစ်ခုဖြစ်သွားပြီ၊ အဲဒီပဋိသန္ဓေစိတ်ကတော့ ရုပ်ကို မထုတ်လုပ်နိုင်သေးဘူး၊ သို့သော် ပဋိသန္ဓေစိတ်နောက်မှာ ဖြစ်တဲ့စိတ်က ဘာခေါ်တုန်းဆို ဘ၀င်စိတ်လို့ ခေါ်တယ်၊ ပထမဆုံးစိတ်ကိုသာ ပဋိသန္ဓေလို့ ခေါ်လိုက်တာ၊ နောက်စိတ်ကျတော့ နာမည်ပြောင်းပေးလိုက်တယ်၊ ဘ၀င်္ဂ - ဘ၀င်စိတ်တဲ့၊ ဘ၀မှာ ရှင်သန်ဖို့အတွက် အကြောင်းဖြစ်တဲ့ စိတ်မျိုးပဲ ထပ်ဖြစ်တယ်၊ ပဋိသန္ဓေစိတ်နဲ့ ဘ၀င်စိတ်ဆိုတာ အတူတူပဲလို့ ပြောတာ။

အဲဒီဘ၀င်စိတ်က သူဖြစ်လာလျှင် ဖြစ်လာခြင်း ရုပ်အသစ်တွေကို ထုတ်တယ်၊ အဲဒီရုပ်ကျတော့ စိတ္တဇရုပ်လို့ ခေါ်တယ်၊ ပဋိသန္ဓေ ဥပါဒ်ခဏမှာ ကမ္မဇရုပ်တစ်မျိုးတည်းပဲ ရှိတယ်၊ ပဋိသန္ဓေစိတ်ရဲ့ ဌီခဏ နဲ့ ဘင်ခဏ ရောက်လာတဲ့ အခါကျတော့ ဥတုဇရုပ်တွေ ပါလာပြန်ရောနော်၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေ တိုးလာတယ်၊ ပထမဘ၀င်စိတ်ရောက်လာတဲ့အခါကျတော့ စိတ္တဇရုပ် တိုးလာတယ်၊ ဘယ်နှစ်ခုရှိသွားပြီလဲ၊ သုံးခုဖြစ်သွားပြီ၊ ဟုတ်ရဲ့လား၊ အစာအာဟာရစားတဲ့အချိန်ကျတော့ အာဟာရဇရုပ်ဆိုတာ ပေါ်လာတယ်၊ ဟော - လေးခုဖြစ်သွားပြီ။

ပုရေဇာတဿ ဣမဿ ကာယဿ လိုဆိုတာ အဲဒီရုပ်တွေကို ပြောတာ၊ ကြည့် - ပဋိသန္ဓေရဲ့ဥပါဒ်ခဏမှာ ဖြစ်တုန်းက ကမ္မဇရုပ်တစ်မျိုးတည်းပဲ ရှိတယ်၊ ပဋိသန္ဓေရဲ့ ဌီခဏ ဘင်ခဏ ရောက်တဲ့အခါကျတော့ ကမ္မဇ၊ ဥတုဇ နှစ်ခု မဖြစ်ဘူးလား၊ နှစ်ခုဖြစ်တယ်၊ ဘ၀င်စိတ်ဖြစ်လာတဲ့အခါကျတော့ ဘယ်နှစ်ခုဖြစ်သွားလဲ၊ သုံးခုဖြစ်သွားတယ်၊ အဲဒါကို ရည်ညွှန်းပြီးတော့ ပဋ္ဌာန်းအရကောက်ကျမ်းကြီးမှာ “ဧကဇကာယ ဒွိဇကာယ တိဇကာယ စတုဇကာယ” လို့ ပါဠိနဲ့ဆိုရိုးပြုထားတာ ရှိတယ်။

ပထမဘ၀င်အစရှိသော နောက်နောက်သော နာမက္ခန္ဓာတရားတွေက ရှေးရှေးသော ပဋိသန္ဓေစိတ်စသည်နှင့် ဥပါဒ်ပြိုင်သော ဧကာဇကာယ ဒွိဇကာယ တိဇကာယ စတုဇကာယ အား ပစ္ဆာဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့။ ကြိုတင်ဖြစ်နှင့်တဲ့ ရုပ်တွေကို နောက်မှဖြစ်လာတဲ့ နာမ်တရားက အထောက်အကူပြုထားတယ်လို့ ပြောတာနော်၊ အဲဒါ ပစ္ဆာဇာတပစ္စည်းပဲ။

သူ့ကြောင့်ဖြစ်တာလို့ပြောတာ မဟုတ်ဘူးနော်၊ အကြောင်းတရားတွေက သူ့ဟာသူရှိတယ်၊ ဒီရုပ်တွေက ကံကြောင့်ဖြစ်တယ်၊ ဥတုကြောင့်ဖြစ်တယ်၊ စိတ်ကြောင့်ဖြစ်တယ်၊ အာဟာရကြောင့်ဖြစ်တယ်၊ အကြောင်းတရားက အဲဒါတွေ၊ သို့သော် နောက်မှဖြစ်တဲ့ နာမ်တရားတွေက ရှေ့ကဖြစ်နှင့်နေတဲ့ ရုပ်အပေါင်းကို ပစ္ဆာဇာတသတ္တိနဲ့ကျေးဇူးပြုနေပါတယ်၊ တစ်သက်လုံး မသေမချင်း ဒီတိုင်းသွားတာ။

နောက်နောက်ဖြစ်လာတဲ့စိတ်က ရှေ့ရှေ့မှာ အရင်ဖြစ်လာခဲ့တဲ့ ဧကဇကာယ ဒွိဇကာယ တိဇကာယ စတုဇကာယ ဆိုတဲ့ ရုပ်အပေါင်းကို အထောက်အကူပြုနေတာ၊ တစ်သက်လုံး အထောက်အကူပြုနေလားဆိုတော့ သေခါနီး စုတိစိတ်ရောက်သည်အထိ အထောက်အကူပြုနေမှာပဲ၊ ဒီလို အထောက်အကူပြုနေတာ ပစ္ဆာဇာတသတ္တိပဲ၊ နှစ်ခုစလုံး ရှိနေခိုက်ပဲ ကျေးဇူးပြုတယ်၊ မရှိတော့တဲ့နောက်မှာ ကျေးဇူးမပြုနိုင်ဘူး၊ ဒါကြောင့်မို့လို့ အတ္ထိ အ၀ိဂတ။

အခု ပစ္ဆာဇာတပစ္စည်းဆိုတာ ပစ္စည်တရားက ဘာလဲဆိုရင် နာမ်တရား၊ ပစ္စယုပ္ပန်တရားက ဘာတုန်းဆိုရင် ရုပ်တရား၊ ရုပ်တရားကို နာမ်တရားကနေ အထောက်အကူပြုတယ်၊ နာမ်တရားသည် ရုပ်တရားအား ကျေးဇူးပြုတယ်၊ relate လုပ်တယ်၊ relation ဖြစ်နေတယ်၊ ဒီတော့ ရုပ်နဲ့နာမ်ဆိုတော့ ပစ္စယနဲ့ပစ္စယုပ္ပန်ဟာ ဒီလို relation ဖြစ်နေပေမယ့်လို့ ရောလို့ရလားဆို ရောမရဘူး၊ ရောမရလို့ ၀ိပ္ပယုတ္တ၊ သူတို့ဟာ ရောယှက်သွားတဲ့အရာတော့ မဟုတ်ဘူး၊ သူ့သဘာဝအတိုင်းသူ တစ်ခုစီ တစ်ကန့်စီပဲ၊ သဘာချင်းဟာ ပေါင်းစပ်လို့ မရဘူးတဲ့၊ မရပေမယ့်လို့ relation အကြောင်းနဲ့အကျိုး၊ သို့မဟုတ် သဘာဝတရားနှစ်ခုဟာ အပြန်အလှန် ဆက်စပ်နေတယ်ဆိုတာ ဒီသဘောကိုပြောတာ။

ပဋ္ဌာန်းတရားဆိုတာ လူတွေရဲ့သဘာဝကို ရှင်းပြောနေတာ၊ ကိုယ့်သန္တာန်မှာဖြစ်နေတဲ့ သဘာဝတရားတွေဟာ အခုလိုပဲ အကြောင်းအကျိုး ဆက်သွယ်နေတယ်၊ နောက်မှဖြစ်လာတဲ့ စိတ်တွေက ရှေးရှေးဖြစ်နှင့်နေတဲ့ ရုပ်တရားတွေကို အခုလိုအထောက်အကူပြုနေပါတယ်၊ အကယ်၍ နာမ်တရားတွေက အထောက်အကူ မပြုဘူးဆိုရင် ရှေးရှေးဖြစ်တဲ့ရုပ်တရားတွေက ရှင်သန်ခွင့်မရှိပါဘူးလို့ ဒါ ပြောတာနော်။

ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။

ပစ္ဆာဇာတာ - နောက်မှဖြစ်ပေါ်လာကြတဲ့၊ ကြည့် - နောက်မှဖြစ်တယ်ဆိုတာ ပထမဘ၀င် ဒုတိယဘ၀င်စသည်ဖြင့် စိတ် process အတိုင်း မသေမချင်းသွားတယ်၊ စိတ်အစဉ်ပဲနော်၊ နောက်မှဖြစ်လာကြတဲ့ စိတ္တစေတသိကာ - စိတ် စေတသိက်လို့ဆိုတဲ့ ၊ ဓမ္မာ - ပစ္စယဓမ္မတွေဟာ၊ ပုရေဇာတဿ ဣမဿ ကာယဿ - ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတဲ့ ဤရုပ်အပေါင်းအား၊ ပစ္ဆာဇာတပစ္စယေန - ပစ္ဆာဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်ပါပေတော့၏။

အပြန်အလှန် ဆက်သွယ်ပြီးတော့ ကျေးဇူးပြုနေတာကိုပြောတယ်။
ထို့အတူပဲ အဲဒီ စိတ်စေတသိက်တွေကို ပဥှာဝါရကျတော့ ထပ်ခွဲပြလိုက်ပြန်တယ်၊ ဘယ်လိုထပ်ခွဲပြတုန်းဆိုတော့ - စိတ်စေတသိက်ဆိုတာ အဘိဓမ္မာသင်ဖူးတဲ့သူတွေ တွေ့လိမ့်မယ့်၊ ကုသိုလ်ရော မရှိနိုင်ဘူးလား၊ အကုသိုလ်ရော မရှိနိုင်ဘူးလား၊ ၀ိပါက်စိတ်တွေ ကြိယာစိတ်တွေဆိုတဲ့ အဗျာကတတွေရော မရှိနိုင်ဘူးလား၊ အဲဒီ သုံးမျိုးနဲ့ ထပ်ခွဲလိုက်မယ်ဆိုလို့ရှိရင် -

ပစ္ဆာဇာတာ ကုသလာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။
(ကုသလော အဗျာကတဿ - ကုသိုလ်ကနေ အဗျာကတကို ကျေးဇူးပြုတယ်၊ ရုပ်ဆိုတဲ့ အဗျာကတ၊ ထို့အတူပဲ - )

ပစ္ဆာဇာတာ အကုသလာ ခန္ဓာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ အပြန်အလှန် ဒီလိုလာတာ။

ပစ္ဆာဇာတာ ၀ိပါကာဗျာကတာ ခန္ဓာ၊ ကြိယာဗျာကတာ ခန္ဓာ၊ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။

ကုသလ အကုသလ အဗျာကတ ဆိုပြီး ထပ်ခွဲပြီးတော့ ပဥှာဝါရမှာ ဒီလို ဟောထားတယ်၊ ပဥှာဝါရက ပိုအသေးစိတ်လိုက်တယ်၊ ပစ္စယနိဒ္ဒေသကတော့ ပေါင်းပြောလိုက်တာ၊ ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။

ပဋ္ဌာန်းရွတ်တဲ့အခါမှာ - သြော် ဒါတွေကို ပြောတာပါလား လို့ သိပြီး အကြောင်းအကျိုးဟာ ဘယ်လိုဆက်သွယ်ပြီးတော့နေကြတ
ယ်၊ သဘာဝတရားတွေဟာ တစ်ခုနဲ့တစ်ခု ပေါင်းစပ်ပြီး ဘယ်လို ဆက်သွယ်နေတယ်ဆိုတာ သဘောကျဖို့ အင်မတန်မှ အရေးကြီးပါတယ်တဲ့၊ အဲဒီလို ပဋ္ဌာန်းတရားတော်ကြီးရဲ့ ကျယ်ပြန့်မှု နက်နဲမှုဆိုတဲ့ အနှစ်သာရပိုင်းကို သိရှိကြမှာ ဖြစ်ပါတယ်။
ကိုယ်ခန္ဓာကို apply လုပ်တတ်ဖို့ လိုတယ်၊ ဒါတွေကို ပြောနေတာပါလား၊ သက်ရှိသတ္တ၀ါတွေထဲမှာရှိတဲ့ ရုပ်ဓမ္မနဲ့နာမ်ဓမ္မတွေဟာ အပြန်အလှန် ဒီလို ဆက်သွယ်နေတယ်၊ ကြိုတင်ဖြစ်နှင့်နေတဲ့ ရုပ်ဓမ္မတွေကို နောက်မှဖြစ်လာတဲ့ နာမ်တရားတွေက ဒီလို အထောက်အကူပြုပြီးတော့ ကျေးဇူးပြုနေပါလားဆိုတာကို ပစ္ဆာဇာတပစ္စည်းကို လေ့လာခြင်းဖြင့် သိရှိနိုင်ပါတယ်။

အဲဒီ ပစ္ဆာဇာတပစ္စည်းသည် အထောက်အကူပြုတယ် ဆိုတဲ့နေရမှာ အထောက်အကူအပြုခံရတဲ့ ရုပ်တရားကလည်း အထင်အရှားရှိရမယ်၊ အထောက်အကူပြုနေတဲ့ ပစ္စည်းတရားကလည်းပဲ အထင်အရှား ရှိနေရမယ်၊ ရှိနေခိုက်မှာ ကျေးဇူးပြုသောကြောင့် အတ္ထိ၊ မကင်းကွာခင်ထိ ကျေးဇူးပြုသောကြောင့် အ၀ိဂတ၊ ရုပ်နဲ့နာမ် ပေါင်းစပ်လို့မရလို့ ၀ိပ္ပယုတ္တ၊ ကြိုတင်ဖြစ်နှင့်နေတဲ့ရုပ်ခန္ဓာကို နောက်မှဖြစ်လာတဲ့ စိတ်စေတသိက်ဆိုတဲ့ နာမ်ခန္ဓာတေက အထောက်အကူပြုလို့ ပစ္ဆာဇာတ၊ ပေါင်းလိုက်တော့ ပစ္စည်း ၄ မျိုး ပါဝင်ပတ်သက်နေတယ်၊ အဓိကပစ္စည်းကတော့ ပစ္ဆာဇာတပစ္စည်းပဲ၊ ကျန်တဲ့ပစ္စည်းတွေက ပါဝင်ပတ်သက်တာပဲ။

ပစ္ဆာဇာတလို့ဆိုလိုက်သဖြင့် ရုပ်နှင့်နာမ်ဖြစ်သည့်အတွက်ကြောင့် ၀ိပ္ပယုတ္တ ဆိုတဲ့ သဘောပါလာတယ်၊ ရှိခိုက်မှာ ကျေးဇူးးပြုလို့ အတ္ထိဆိုတဲ့ သဘောလည်းပါလာတယ်၊ မကင်းကွာခင် ကျေးဇူးပြုတာဖြစ်သောကြောင့်
အ၀ိဂတဆိုတဲ့ပစ္စည်းလည်း ပါလာတယ်တဲ့၊ ပေါင်းလိုက်တော့ ဒီသဘာဝတရားတွေဟာ ၂၄ ပစ္စည်းထဲမှာ ဟောဒီ ပစ္စယသတ္တိ ၄ မျိုးနဲ့ သင်္ခါရဆိုတဲ့ သဘာဝအတိုင်း အကြောင်းတရားတွေက ပေါင်းစပ်ပြီး အခုလို တို့ရဲ့ဘ၀ အသက်ရှင်နေကြတာ၊ ရပ်တည်နေကြတာဟာ ဟောဒီအကြောင်းတရားတွေ ပေါင်းစပ်နေလို့ ဖြစ်နေတာပါလား အကြောင်းတရားတွေ မရှိတော့ဘူးဆိုလို့ရှိရင် ပြိုကွဲသွားမှာပါလား။
ဒီတရားတွေထဲမှာ ငါလို့ ထောက်ပြစရာလည်း မရှိဘူး၊ ငါ့ဟာလို့ ပြောစရာလည်း တစ်ခုမှ မရှိဘူးး၊ သူ့ဟာသူဖြစ်နေတဲ့ သဘာဝတရားသက်သက်ပဲ၊ သုဒ္ဓဓမ္မာ ပ၀တ္တန္တိ - သဘာဝတရားသက်သက် ဖြစ်တယ်၊ အဲဒီ သဘာဝတရားသက်သက်ကိုပဲ လူတွေက ငါဆိုပြီးတော့ ပြောနေကြတာ။

ဒါဖြင့် ငါလို့ပြောတာ ရုပ်ကို ပြောတာလား နာမ်ကို ပြောတာလားဆိုတော့ ရုပ်နာမ်က တစ်ခုမှ ငါလို့ပြောစရာ မရှိဘူး၊ ဒါဖြင့် ငါ့ဟာလို့ရော ပြောစရာရှိမလား၊ မရှိဘူး၊ ငါမှမရှိရင် ငါ့ဟာ ရှိပါ့မလား၊ မရှိဘူး၊ ဒီနှစ်ခုက ဆက်စပ်နေတယ်၊ ငါမှ မရှိဘဲနဲ့ ဘယ်လိုလုပ်ငါ့ဟာရှိမလဲ၊ သို့သော်လည်း လောကလူသားတွေက ငါ ငါ့ဟာ ဆိုတာ ဒီနှစ်ခုနဲ့ အသက်ရှင်နေကြတာ၊ အရာခပ်သိမ်းကို ငါ ငါ့ဟာနဲ့နေတာ။

ဒါကြောင့်မို့ မြတ်စွာဘုရားက - အဟံ မမ ပရိယုဋ္ဌဋ္ဌာယီ - လူတွေဟာ ရုပ်တရား နာမ်တရားတွေပေါ်မှာ ငါ လို့ဆိုတဲ့ လွှမ်းမိုးကြီးစိုးနေမှု၊ ငါ့ဟာ လို့ဆိုတဲ့ အထင်ရောက်နေမှုတွေနဲ့ ဒီသဘာသတရားတွေရဲ့ လွှမ်းမိုးမှုခံနေရသည့်အတွက်ကြောင့် မျက်စိလည်လမ်းမှားလို့ အမှန်တရားကို မသိနိုင်ကြဘူးတဲ့၊ အဲဒီတော့ အမှန်တရား သိနေရအောင် သဘာဝတွေကို ဆင်ခြင်စဉ်းစားဖို့ လိုအပ်ပါတယ်တဲ့။

သဘာဝတရားတွေကို သဘာဝတရားအတိုင်း ဆင်ခြင်စဉ်းစားနိုင်မယ်ဆိုလို့ရှိရင် - လောကမှာ သတ္တ၀ါဆိုတာ မရှိဘူးဆိုတာ ဟုတ်ယ်၊ သူ့သဘာဝအတိုင်းပဲ၊ ငါလို့ ပြောစရာလည်း မရှိဘူး၊ ငါလို့ ပြောစရာမရှိရင် ငါ့ဟာလို့ သိမ်းပိုက်စရာလည်း မရှိဘူး၊ ပျက်သွားလည်း စိုးရိမ်စရာမရှိဘူး၊ ဖြစ်လာလည်း ၀မ်းသာစရာမရှိဘူး - တဲ့၊ သို့သော် အဲဒီအတွေးတွေ မပျောက်နိုင်သေးသမျှ လူတွေဟာ ကိုယ့်ကိုယ်ကို တစ်ခုခုဖြစ်ပြီဆိုရင် စိုးရိမ်စိတ်တွေ ဖြစ်လာတယ်၊ ကောင်းတာဖြစ်ပြီဆိုရင် ၀မ်းသာနေကြတယ်၊ မကောင်းတာဖြစ်ပြီဆိုရင် စိုးရိမ်နေကြတယ်။

( မှတ်ချက်။ လက်တွေပါပဲဗျာ၊ ကျွန်တော် အခုရက်ပိုင်းခွဲစိတ်မှုတစ်ခု ခံယူလိုက်ရတော့ ဘယ်လိုပဲ minor ခွဲစိတ်မှုလို့ဆိုပေမယ့် စိတ်မသက်သာရမှုတွေတော့ အများကြီးတွေ့ကြုံရပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ဒါနပြုနေတဲ့ ပဋ္ဌာန်းတရားတော်မပြီးသေးလို့ FB ပေါ်ပြန်ရောက်လာခဲ့ပြန်ပါပြီခင်ဗျာ၊ ဒါလည်း အစွဲပဲဖြစ်မယ်ထင်ပါတယ်နော် :=) TNO )

ဘာဖြစ်လို့ ကောင်းတာဖြစ်ရင် ၀မ်းသာတာလဲ၊ မကောင်းတာဖြစ်ရင် စိုးရိမ်နေလဲဆိုတော့ အခုပြောတဲ့အတွေးလေးတွေ မပျောက်လို့၊ ငါဆိုတဲ့ အတွေး၊ ငါ့ဟာ ဆိုတဲ့ အတွေး၊ အဲဒီအတွေးဟာ လွယ်လွယ်နဲ့တော့ ဖြေရှင်းလို့ရမှာ မဟုတ်ဘူးတဲ့၊ လွယ်လွယ်နဲ့ ဖျောက်လို့ရမှာ မဟုတ်ဘူး၊ အင်မတန် ညစ်ထေးနေတဲ့ လက်နှီးစုတ်ဟာ တစ်ကြိမ်လျှော်ရုံနဲ့တော့ ပြောင်မှာမဟုတ်ဘူး၊ ဘ၀သံသရာက မည်းညစ်လာတဲ့အရာဟာ ပြောင်အောင်ချွတ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်ပေါ့။ ဒီအတွေးလေးကို ပြောင်းဖို့ရန် အင်မတန်မှ ခဲယဉ်းတယ်။

အမြင်ပြောင်းလို့ မရအောင် သူတို့ကလည်း ပေါင်းစပ်ပြီးတော့ လုပ်ထားတာ၊ အ၀ိဇ္ဇာဆိုတဲ့ မောဟတရားက မျက်စိလည်နေအောင် လုပ်ထားတယ်၊ ငါလို့ထင်နေအောင်၊ ငါ့ဟာလို့ ထင်နေအောင် အ၀ိဇ္ဇာက မျက်စိလည်အောင် လုပ်ထားတော့ မျက်စိတွေလည်ပြီးတော့ မှားယွင်းတဲ့ဒိဋ္ဌိက ငါလို့ မြင်တယ်၊ တဏှာဆိုတာကလည်း ငါ့ဟာလို့ သိမ်းပိုက်တယ်၊ အ၀ိဇ္ဇာတို့ တဏှာတို့ ဒိဋ္ဌိတို့ဆိုတာ ဒါတွေက ပေါင်းစပ်ပြီးတော့ လူတွေရဲ့စိတ်ကို လွှမ်းမိုးကြီးစိုးထားသည့်အတွက်ကြောင့် လူတွေဟာ ဘယ်လိုလုပ်ပြီးတော့ လမ်းမှန်ဆိုတာကို သိနိုင်မလဲ၊ သဘာဝအမှန်ကို မသိနိုင်ဘူး၊ သဘာဝအမှန်ကို မသိနိုင်သည့်အတွက်ကြောင့် နိဗ္ဗာန်လမ်းမကြီးပေါ် မတက်နိုင်ကြဘူး။

နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုရပါလို၏ လို့ ဆုသာ တောင်းနေကြတာ သဘာဝအမှန်ကို မသိဘူးဆိုလို့ရှိရင် ရဖို့ခက်တယ်၊ ဒါက နိဗ္ဗာန်ကို ချမ်းသာဆိုတဲ့ စကားလုံးနဲ့ ပေါင်းလိုက်တော့ အဟုတ်ထင်လို့ တောင်နေကြတာ၊ အမှန်ကတော့ လူတွေဟာ တကယ့်နိဗ္ဗာန်အစစ်ဆိုတာကို မမြင်ရဘူး၊ မသိရဘူး၊ ချမ်းသာဆိုတဲ့ စကားလုံးနဲ့တွဲထားရင် လူက သည်းခြေကြိုက်ကလေး ဖြစ်နေတာကိုး၊ ချမ်းသာဆိုရင် ချမ်းသာချင်တာကိုးနော်၊ အဲဒီသည်းခြေကြိုက်ကလေးကြောင့် နိဗ္ဗာန်ကို ရ ရ ပါလို၏ လို့ တောင်းနေကြတာ။

သဘာဝတရားတွေကို ဖြေရှင်းပေးနိုင်တာကတော့ အသိဥာဏ်ပဲ၊ အဲဒီ အသိဥာဏ်ဆိုတာ ဘယ်က စရတုန်းဆိုတော့ အခုလို တရားနာရတယ်၊ သင်ကြားရတယ်၊ တရားနာခြင်း သင်ကြားခြင်းဖြင့် အသိဥာဏ်ကလေးတွေ ရလာတယ်၊ သ၀နပဋိဝေဓ - ကြားနာရသည့်အတွက်ကြောင့် ထိုးထိုးပေါက်ပေါက် မြင်လာတယ်၊ အဲဒီ သ၀နပဋိဝေဓက နေပြီးတော့ တကယ်လက်တွေ့ကျင့်သုံးပြီး အကြိမ်ပေါင်းများစွာ ဆင်ခြင်တွေးတော ၀ိပဿနာဥာဏ်စဉ်တွေ မြှင့်ပြီးတော့ သမာဓိစွမ်းအားတွေ အကူအညီနဲ့ အားထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ - ဘာဝနာပဋိဝေဓ - ပဋိဝေဓ စိတ်စွမ်းအားတွေ တိုးတက်လာပြီးတော့ တကယ့်ကို ရှင်းရှင်းလင်းလင်းကြီး မြင်သွားနိုင်ပါတယ်တဲ့။

စ တာကတော့ သုတမယဥာဏ်က စရမှာပဲ၊ သုတမယဥာဏ် ပြီးလို့ရှိရင် ဘာဝနာမယဥာဏ် ဆိုတာလာမယ်၊ ဘာဝနာမယဥာဏ် လာတဲ့အခါကျတော့မှ အမှန်အကန်ကို သေချာသိပြီး မျက်စိလည်လမ်းမှားအောင် ဒုက္ခပေးနေတဲ့ သဘာဝတရားတွေကို လုံးဝရှင်းလင်းပစ်ပြီး မဂ်ဖိုလ်ကို မျက်မှောက်ပြုနိုင်မှ နိဗ္ဗာန်ဆိုတာ ရှင်းရှင်းလင်းလင်းကြီးမြင်
ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ ပဋ္ဌာန်းတရားတော်ဆိုတာ လူ့ဘ၀ရဲ့အကြောင်း သဘာဝတရားတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး ဖြစ်ပေါ်နေတယ်ဆိုတာကို ရှင်းလင်းပြတာ ဖြစ်သောကြောင့် တို့တတွေဟာ သဘာဝတရားတွေကို သိရှိနားလည်အောင် ကြိုးစားကြမယ် အားထုတ်ကြမယ်လို့ ကိုယ်စီ ကိုယ်စီ နှလုံးသွင်းပြီး ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု။
ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။

…_/|\_…_/|\_…_/|\_…

Credit to Ko Thein Naing Ohn
https://www.facebook.com/notes/560530864059989/

No comments:

Post a Comment

Gold price estimated