ဒါနဆိုသည်မှာ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ ဝေငှခြင်း၊ မျှတခြင်း၊ ဖြည့်စွက်ခြင်း၊ ချီးမြှောက်ခြင်း၊ ထောက်ပံ့ခြင်း၊ ကူညီခြင်း၊ လှူဒါန်းခြင်းအနက်ရ၏။ အလှူဒါနဖြစ်မြောက်ရန် စေတနာဖြင့်ပေးလှူခြင်းသည်လည်း ဒါနမည်၏။ အဘိဓမ္မာနည်း အရ ပေးလှူကြောင်းဖြစ်သော စေတနာနှင့်ယှဉ်သော အလောဘကိုလည်း ဒါနဟုခေါ်သည်။ ဒါနပြုခြင်းသည် အလောဘ လောလမရှိသောစိတ်ဖြစ်၏။ တွယ်တာမှုကင်းသော အလောဘ စိတ်ရှိသူ၌သာ ဒါန စင်စစ်ဖြစ်၏။
ဒါနသဘောရှစ်မျိုး
၁။ အလှူခံပုဂ္ဂိုလ်အိမ်သို့လာသည်ဖြစ်၍ လောကဝတ္တရားအရပေးလှူုခြင်း။
၂။ မပေးလှူသည်ရှိသော် အလှူခံပုဂ္ဂိုလ်က အန္တရာယ်ပြုမည်ကို ကြောက်၍ပေးလှူခြင်း၊ (အပါယ်ငရဲကျရောက်ခံရမည့်အရေး အကဲ့ရဲ့ခံရမည့်အရေးကို ကြောက်၍ ပေးလှူခြင်းမျိုးလည်း အကျုံးဝင်၏)။
၃။ မိမိကပေးလှူသည်ရှိသော် တစ်ဖန်ပြန်၍ သူကလည်းပေးလိမ့်မည်ဟု မျှော်ကိုး၍ပေးလှူခြင်း၊ (သေပြီးနောက် သုဂတိဘုံသို့သွားရောက်မည့်အရေး၊ ရောက်လေရာဘဝတွင် စည်းစိမ်ချမ်းသာပြည့်စုံရေးတို့ကို နှလုံးသွင်း၍ ပေးလှူခြင်းမျိုးနှင့် အကျုံးဝင်၏)။
၎။ သူကပေးဖူး၍ အပြန်အလှန်ပေးခြင်းအားဖြင့် မိမိကပေးလှူလိုက်ခြင်း၊
၅။ မိဘဘိုးဘွားလက်ထက်တည်းက အစဉ်အလာဖြစ်၍ အစဉ်မပျက်ပေးလှူခြင်း၊
၆။ ရဟန်းသံဃာဟူသည် မိမိတို့ကဲ့သို့ ချက်ပြုတ်၍ မစားတတ်သူမျိုးဟူ၍ လှူဒါန်းခြင်း။
၇။ လှူဒါန်းပေးကမ်းတတ်သူတစ်ယောက်ဟု ချီးမွမ်းခံလို၍ပေးလှူခြင်း။
၈။ ထွက်မြောက်ခြင်း(မဂ်-ဖိုလ်) ကိုလိုလားတောင်းတ၍ ပေးလှူခြင်းဟူ၍ ဒါန-သဘော ရှစ်မျိုးရှိ၏။
ဖော်ပြပါဒါနရှစ်မျိုးတွင် နောက်ဆုံးအမျိုးအစားဖြစ်သည့် သံသရာဝဋ်ဆင်းရဲခြင်း ဒုက္ခမှလွတ်မြောက်ကြောင်းဖြစ်သည့် (မဂ်-ဖိုလ်)အလို့ငှာ လှူဒါန်းခြင်းသည်သာ အမှန်တကယ်အကျိုးရှိသော လှူအပ်သော မြတ်သောဒါနမျိုးဖြစ်တော့၏။
ဒါနစွမ်းရည်
၁။ သဗ္ဗညုတဘုရားအဆူဆူနှင့် အဂ္ဂသာဝက မဟာသာဝက ပကတိသာဝကစသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့သည် မိမိတို့ဆိုင်ရာ ဗောဓိဥာဏ်ကို (ဒါနပါရမီ)ဖြင့် စတင်တော်မူခဲ့ကြသည်။
၂။ လူ့စည်းစိမ် နတ်စည်းစိမ်ဖြင့် အထက်တန်းကျသော ဘဝမျိုးရရှိနိုင်စေသော အကြောင်းအရင်းသည်လည်း ဒါနစွမ်းရည်ဖြစ်၏။
၃။ ဒါနပြုခြင်းသည် ပုဂ္ဂိုလ်မြတ်တို့၏ မြတ်သောအကျင့်ဖြစ်သောကြောင့် (ဗြဟ္မစရိယ)လည်း မည်၏။
၎။ သတ္တဝါတို့ကို ဘေးမဲ့ပေးကြောင်း အကြွင်းမဲ့စောင့်ရှောက်ကြောင်း ဖြစ်သောကြောင့်လည်း သီလလည်းမည်၏။
၅။ ပစ္စုပ္ဗန် တမလွန်နှစ်တန်သောဘဝတို့၌ လောကီစည်းစိမ်ချမ်းသာနှင့် လောကုတ္တရာ ချမ်းသာတို့ကို ဖြစ်စေတတ်သောကြောင့် နိဒါနလည်းမည်၏။
၆။ သုံးဆောင်ခံစားအပ်သော နှစ်သက်ဖွယ် အာရုံတို့ကိုမှီ၍ ဖြစ်ပေါ်လာသည့် ချမ်းသာတို့၏ တည်ရာခိုင်မာသော ဌာနဖြစ်သောကြောင့် ပတိဌာလည်းမည်၏။
၇။ အခက်အခဲ အကြပ်အတည်းများနှင့် တွေ့လျှင်မှီခိုရာ၊ ထောက်တည်ရာ လားရာ လျောင်းရာဖြစ်သဖြင့် တာဏ၊ လေဏ၊ ဂတိ၊ ပရာပဏလည်းမည်၏။
၈။ သတ္တဝါအပေါင်းတို့၏ ပစ္စုပ္ဗန်တမလွန်နှစ်တန်သော ဘဝတို့၌ တိုးတက်ကြီးပွားကြောင်း ဖြစ်သောကြောင့် ဒက္ခိဏလည်းမည်၏။
၉ ။ ပူဇော်အပ်၊ ပူဇော်ကြောင်းဖြစ်သောကြောင့် ပညာ ယာဂလည်းမည်၏။
၁၀။ မိမိ၏အောင်နိုင်ရန် ခဲယဉ်းသည့် အနီးကပ်ဆုံး ရန်သူများဖြစ်သော လောဘ ဒေါသ မောဟ ဣဿာ မစ္ဆရိယ၊ မိစ္ဆာဒိဋ္ဌိနှင့် ဝိစိကိစ္ဆာ စသည့်အညစ်အကြေးများကို မလိမ်းမကျံ မကပ်ငြိစေဘဲ သဒ္ဓါတရားဖြင့်အောင်နိုင်သောကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို အထောက်အပံ့လည်းဖြစ်နိုင်၏။ (ပညာနှင့် ယှဉ်၍ ဒါနအင်္ဂ`ါများမြောက်အောင် စနစ်တကျပေးလှူတတ်သူသည် ညောင်စေ့လောက် လှူသော်လည်း ဒါနအကျိုးသည် ညောင်ပင်ကြီးလောက်ရရှိနိုင်၏။)
၁၁။ သံသရာအတွက် သိုမှီးသိမ်းဆည်းထားအပ်သော ဥစ္စာ ဘဏ္ဍာထုတ် အစစ်အမှန်လည်းဖြစ်၏။
၁၂။ ဗြဟ္မာ့ပြည်သို့ အလှူဒါနပြုရုံဖြင့် မရောက်နိုင်သော်လည်း ဒါနစေတနာကြောင့် ဗြဟ္မစိုရ်တရားများ ပေါ်ပေါက်လာပြီး ဆက်လက်ပွားများနိုင်ခဲ့ပါက ဗြဟ္မာ့ပြည်သို့ပင် ရောက်ရှိနိုင်၏။
၁၃။ ဒါနသည် ဈာန်၊ ဝိပဿနာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်သို့ရောက်ရှိစေနိုင်သော အထောက်အပံ့ဖြစ်ရာ မှီရာအကြောင်းလည်းဖြစ်၏။
၁၄။ ဒါန-ပြုနေခိုက်တွင် ဗြဟ္မာစိုရ်တရားများ ဖြစ်ပွားလျက်ရှိရာ အလှူခံတို့ ခံယူသုံးဆောင်နေသည်ကို အားရကြည်နူးရွှင်မြူးဝမ်းသာစိတ် ချမ်းသာလျှက်ရှိ၏။ နောင်အခါတွင်လည်း တွေးမိတိုင်း ဝမ်းသာကြည်နူးရွှင်မြူးလျက်ရှိ၏။ ဤကဲ့သို့ လက်တွေ့ခံစားရသော အကျိုးတရားများနှင့်လည်း ပြည့်စုံ၏။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment