Video

Wednesday, 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၆၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၆
Dr နန္ဒမာလာဘိဝံသ

အခုဒီကနေ့ဟာ ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၆ လို့ အဲဒီလို ဟောတဲ့ထဲမှာ ပစ္စယနိဒ္ဒေသလို့ ခေါ်တဲ့ ၂၄ ပစ္စည်းကို မကျဉ်းမကျယ်ချဲ့ဖွင့်ပြီးတော့ ပြတဲ့အခန်းကို အဓိကပဓါနထားပြီးတော့ ဟောကြားခဲ့တယ်။ ထိုပစ္စယနိဒ္ဒေသအခန်းနဲ့ ခပ်ဆင်ဆင်တူပြီး ထိုပစ္စယနိဒ္ဒေသအခန်းထက် ကျယ်ဝန်းတဲ့ ပညာဝါရကိုလည်းပဲ တစေ့တစောင်းလှမ်းကြည့်ပြီးတော့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပစ္စယနိဒ္ဒေသနဲ့ပညာဝါရဆိုတာ ဒီကဏ္ဍနှစ်ရပ်ဟာ ပစ္စယနိဒ္ဒေသကအကျဉ်း ပညာဝါရကအကျယ်လို့ ဒီလို နားလည်ရမယ်။ အဲတော့ သိပ်အကျဉ်းလည်းမဖြစ်ရလောက်ေ
အာင် သိပ်အကျယ်ကြီးလည်း မဖြစ်ရလောက်အောင် မဖြစ်ရလေအောင် ပဋ္ဌာန်းတရားကြီးရဲ့ သဘာဝကို အနည်းငယ် ရိပ်စားမိအောင် တို့ရဲ့ နေ့စဉ်ဘ၀ကို ပဋ္ဌာန်းတရားကြီးနဲ့ ဘယ်လိုဆက်သွယ်နေတာကို သိရှိနားလည်အောင် ဘုန်းကြီးတို့ ကြိုးစားပြီးတော့ ဟောတယ်။
ဟေတုပစ္စယောကနေစတင်ဟောခဲ့တာ ဥပနိဿယပစ္စယောထိအောင် ရှင်းလင်းဟောပြပြီးသား ဖြစ်ပါတယ်။ အခုဒီကနေ့ည ပုရေဇာတပစ္စယောဆိုတာကို ဟောပါမယ်။ စကားလုံးရဲ့ အဓိပ္ပာယ်ကို ရှေးဦးစွာ ရှင်းရမယ်။ ပုရေဇာတ …. ပုရေဆိုတာ ရှေးဦးစွာ ကြိုတင်ပြီးတော့ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဇာတဆိုတာ …. ဖြစ်နှင့်နေတဲ့ ပစ္စယ …. အကြောင်းတရားတဲ့။


ရှေ့ဦးစွာကြိုတင်ပြီးတော့ဖြစ်နှင့်နေတဲ့ အကြောင်းတရားလို့ ….. အကြောင်းတရားတစ်ခုက အကျိုးတရားတစ်ခုကို … ၊ …. အကြောင်းတရားက အကျိုးတရားကို ထုတ်လုပ်တဲ့အခါမှာ အကြောင်းတရားက အကျိုးတရားထက် ကြိုတင် ဖြစ်နှင့်နေတာ ရှိတယ်။ အကြောင်းတရားက အကျိုးတရားထက် နောက်မှ ဖြစ်တာ ရှိတယ်။ အကြောင်းတရားနဲ့ အကျိုးတရားဟာ ပြိုင်တူဖြစ်နေတာ ရှိတယ်။

ဒါကြောင့်မို့လို့ ၂၄ ပစ္စည်းထဲမှာ ….. ပုရေဇာတဆိုတာ ရှိသလို ၊ ပစ္ဆာဇာတ … အကြောင်းတရားက အကျိုးတရားထက် နောက်မှဖြစ်လာတာ ဒါလည်း ရှိတယ်။ သဟဇာတ ….. အကြောင်းတရားနဲ့ အကျိုးတရားဟာ ပြိုင်တူ ဖြစ်လာတယ် ဆိုတာလည်း ရှိတယ်။ အခု ပုရေဇာတဆိုတာတော့ …. ကြိုတင်ဖြစ်နှင့် နေတဲ့ အကြောင်းတရား …. တဲ့။

ကြိုတင်ဖြစ်နှင့်နေတာတွေ …. ဘယ်မှာရှိတာတုန်းဆို …. ဘုန်းကြီးတို့ ခန္ဓာမှာပဲရှိတယ် … ဒါတွေက။ ဘုန်းကြီးတို့ ခန္ဓာနဲ့ ဘုန်းကြီးတို့ ပတ်ဝန်းကျင်မှာ ရှိတယ်။ အဲဒီလို ကြိုတင်ဖြစ်နှင့်ပြီးတော့ အကျိုးတရားတွေကို အထောက်အကူပြုနေတယ် …. ဖြစ်ပေါ်စေတယ် …. ။ အကြောင်းတရားဆိုသည်မှာ ဖြစ်စေတာလည်း အကြောင်းတရားပဲ။ အကျိုးတစ်ခုကို ထုတ်လုပ်ပြီးတော့ ဖြစ်စေတဲ့ အကြောင်းတရားကိုလည်း အကြောင်းလို့ ခေါ်တယ်။
ဖြစ်စေတာမဟုတ်ပဲနဲ့ … ဖြစ်ပေါ်နေတဲ့ … အကျိုးတရားကို ထိမ်းသိမ်းတာ … အထောက်အကူပြုနေတာဟာလည်း အကြောင်းတရား ပဲ။ ဖြစ်စေတဲ့ အကြောင်းတရား ၊ တည်ရှိစေတဲ့ အကြောင်းတရားလို့ ဒါကြောင့်မို့ ကျေးဇူးပြုတယ် .. ကျေးဇူးပြုတယ်ဆိုတဲ့ နေရာမှာ … ဖြစ်စေ တည်စေ ဤနှစ်ထွေ ခေါ်လေ ကျေးဇူးပြုလို့ …. ဘာသာဋီကာကျမ်းစာတွေ ရေးသွားတဲ့ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက နားလည်အောင် မှတ်လည်လွယ်အောင် လင်္ကာလေးနဲ့ ရေးသွားတယ်။

ပဋ္ဌာန်းပစ္စည်းတွေက ကျေးဇူးပြုတယ်ဆိုတာ …. ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတာက တစ်ခု ၊ …. တည်ရှိနေအောင် ကျေးဇူးပြုတာက တစ်ခု။ အဲဒီ နှစ်ခုနဲ့ ကျေးဇူးပြုတယ်။ အဲလို ကျေးဇူးပြုတတ်တဲ့ အကြောင်းတရားတွေဟာ …. အကျိုးတရားမဖြစ်ခင်က ကြိုတင် ဖြစ်နှင့်ပြီးတော့ … အကျိုးတရားတွေကို ဖြစ်စေတယ် … တည်ရှိစေတယ်ဆိုတဲ့ … အကြောင်းတရားမျိုးကို ပုရေဇာတပစ္စယောလို့ ပြောတာ ဖြစ်တယ်။

ကြိုတင်ဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုနေတယ်ဆိုတာ ဘာတွေလည်း …. စာလိုပြောတော့ ကိုယ်နဲ့ အလှမ်းဝေးနေတယ်။ လူတိုင်း လူတိုင်းမှာ …. အရပ်စကားနဲ့ပြောရအောင် မျက်စိရှိတယ်၊ နားရှိတယ်၊ နှာခေါင်းရှိတယ်၊ လျှာရှိတယ်၊ ကိုယ်ကာယရှိတယ်။ မျက်စိကို အမှီပြုပြီးတော့ မြင်သိစိတ်တွေ ဖြစ်တယ်။ နားကို အမှီပြုပြီးတော့ ကြားသိစိတ် ဖြစ်တယ်။ နှာခေါင်းကို အမှီပြုပြီးတော့ နံသိစိတ် ဖြစ်ရတယ်။ လျာကို အမှီပြုပြီးတော့ လျက်သိစိတ် ဖြစ်တယ်။ ကိုယ်ကာယကို အမှီပြုပြီးတော့ ထိသိစိတ်ဖြစ်တယ်။ ဒါတွေက အချိန်မရွေးဖြစ်နေတာ၊ တစ်ခုမဖြစ် တစ်ခုဖြစ်နေမှာပဲ။

စာလိုပြောမယ်ဆိုယင် မျက်စိဆိုတာ … စက္ခုပသာဒရုပ်လို့ ခေါ်တယ်။ အာယတန နံမည်နဲ့ပြောလို့ရှိယင် စက္ခာယတန ၊ စက္ခုအာယတန။
ရူပါရုံလို့ခေါ်တဲ့ အဆင်းအာရုံလေးကို ခံယူနိုင်စွမ်းရှိတယ် (သို့မဟုတ်) အဆင်းအာရုံလေးရဲ့ ပေါ်လွင်ထင်ဟပ်ရာဖြစ်တဲ့ အရိပ်လာထင်တဲ့ မျက်စိအကြည်ဓာတ်လေးကို စက္ခုပသာဒလို့ ခေါ်တယ်။ အဲဒီအကြောင်းလေးကို ပြောမယ်။

လူတိုင်း လူတိုင်းဟာ မျက်စိအကြည်ဆိုတဲ့ စက္ခုပသာဒရုပ်လေး ရှိတယ်။ အဲဒီ စက္ခုအကြည်ထဲမှာ မြင်စရာ အာရုံလေးလာပြီး အရိပ်ထင်လိုက်တာနဲ့ တစ်ပြိုင်နက် မြင်သိစိတ်ဆိုတာလေး ပေါ်လာတယ်တဲ့။ အခုပြောမှာက …. မြင်စရာအာရုံလေးလာပြီးထင်ပေါ်တဲ့ …. စက္ခုပသာဒရုပ်က မြင်သိစိတ်ကလေးကို မည်သည့် စွမ်းရည်သတ္တိတွေနဲ့ အထောက်အကူပြုနေသလဲဆိုတာ ဒါ ပုရေဇာတသတ္တိအနေနဲ့ပြောတာ။

သာမာန်ဆိုလို့ရှိယင် မျက်စိရှိယင် မြင်လိုက်တာပဲ။ မြင်လို့ရှိယင် မြင်သိစိတ်ပေါ်လိုက်တာပဲ … ဒီလောက်ပဲသိတယ်။ ဘာသတ္တိ၊ ဘာစွမ်းရည်သတ္တိနဲ့ ဘယ်ပစ္စည်းနဲ့ ကျေးဇူးပြုတယ်ဆိုတာ မြတ်စွာဘုရားက ဟောကြားတဲ့တရားတော်ကျမှ သိလို့ရတယ်။ အဲတော့ မြတ်စွာဘုရားက ရူပါရုံဆိုတဲ့ အဆင်းအာရုံလေးလာပြီးတော့ အရိပ်ထင်တဲ့နေရာလေးဟာ …. မြင်သိစိတ် ဖြစ်ဖို့ရာအတွက် ကြိုပြီးတော့ ပေါ်နေတဲ့ အကြောင်းတရားလေးလို့ …. ဒီလို ဟောထားတာ … ပုရေဇာတပစ္စည်းလို့ …. ဒီလို ပြောတယ်။ ကြိုတင်ပြီးတော့ ပေါ်နေတယ်ဆိုတာ …. ဘယ်လောက်ကြိုတင်ပြီးတော့ ပေါ်သလဲ … အတိုင်းအတာတစ်ခုပဲ။ နာရီပိုင်းကြိုတင်တာလား (သို့မဟုတ်) လပိုင်းကြိုတင်နေတာလား (သို့မဟုတ်) နှစ်ပိုင်းကြိုတင်နေတာလား …. မေးစရာရှိတယ်ပေါ့။

အရာခပ်သိမ်းဟာ …. အားလုံးသဘောပေါက်ပြီးသား … သင်္ခါရတရား … အရာခပ်သိမ်းဟာ … ထာဝရရွေလျားနေတယ်ဆိုတာ …. ။ အဘိဓမ္မာသင်ဖူးတဲ့သူတွေ သိလိမ့်မယ် … လူတွေရဲ့သဏ္ဍာန်မှာ စက္ခုပသာဒရုပ်လေးဟာ ကံကြောင့် ဖြစ်တာ။ အဲဒီ ကံကြောင့် ဖြစ်လာတဲ့ စက္ခုပသာဒရုပ်ကလေးသည် … စိတ်တစ်ခု …. စိတ္တခဏလို့ခေါ်တဲ့ .. စိတ်ရဲ့ .. ဖြစ် .. တည် .. ပျက် … ဒီခဏငယ်သုံးခုမှာ ဖြစ်တဲ့အခိုက်ကလေးမှာလည်းပဲ စက္ခုပသာဒရုပ်ကလေးတွေ ဖြစ်လာတယ်။ တည်နေတဲ့အခိုက်ကလေးမှာလည်းပဲ စက္ခုပသာဒရုပ်ကလေး ဖြစ်နေတယ်။ ပျက်သွားတဲ့ အချိန်ပိုင်းမှာလည်းပဲ စက္ခုပသာဒရုပ်ကလေးက ဖြစ်နေတယ် … ဒါ စိတ်နဲ့ပြောတာ။

သာမာန်ပြောမယ်ဆိုလို့ရှိယင် ဘယ်လိုပြောတုန်းဆိုယင် … စက္ခုပသာဒရုပ်ကလေးကို … ကံတရားက ထုတ်လုပ်လိုက်တဲ့ အချိန်မှာ စက္ကန့်မလပ် ဒလတ်ဆတ်အသစ်တွေဖြစ်နေတယ်လို့ ဒီလို မှတ်ရမယ်။ စက္ကန့်မလပ် စက္ခုပသာဒရုပ်ကလေးတွေ အသစ်အသစ် အမြဲတမ်း ဖြစ်နေတယ်။ ဒါဖြင့် အသစ်အသစ်တွေ ဖြစ်နေယင် အဟောင်းတွေက ဘယ်ရောက်ကုန်လည်းဆိုလို့ရှိယင် … သင်္ခါရရဲ့သဘောတရားအရ … စိတ္တခဏ ၁၇ ချက် မျှသာ အသက်ရှည်နိုင်တယ် .. လို့ … ဖြစ်လိုက်တဲ့ စက္ခုပသာဒရုပ်လေးရဲ့ သက်တမ်းသည် … စိတ်နဲ့တိုင်းတာကြည့်မယ်ဆိုယင် .. စိတ် ၁၇ ချက် (သို့မဟုတ်) ခဏငယ် ၅၁ ချက် … သိလွယ်အောင်ပြောလို့ရှိယင် … စက္ကန့် ၅၁ စက္ကန့်လို့ ပြောချင်ပြောမယ် .. ဒါက သိလွယ်အောင်ပြောတာ .. ၅၁ စက္ကန့်ထက် ပိုတိုနိုင်သေးတယ် … နော် … အင်မတန်မှ စိတ်က မြန်သည့်အတွက် ….။

အဲတော့ အသစ်ဖြစ်တဲ့ စက္ခုပသာဒရုပ်ကလေးဟာ ၁၇ ချက်ခန့် အတိုင်းအတာလေးလောက်တင် တည်တန့်ပြီးတော့ ပျက်ဆီးသွားတယ် … ပျက်ဆီးသွားတယ်ဆိုတာ ဘယ်ရောက်သွားတာတုန်း .. လုံးဝ ပျောက်ကွယ်သွားတာ … လုံးဝပျက်ဆီးသွားတာ … ။ နောက်ထပ် အသစ်အသစ် … အသစ်အသစ် … အသစ်အသစ်တွေကတော့ … ဒလပ်ဆတ်ဖြစ်နေတာပဲ .. ။

မြစ်ကြီးကိုသွားကြည့်လိုက်မယ်ဆိုလို့ရှိယင် မြစ်ရေဟာ တသွင်သွင်စီးနေတယ် … သို့သော်လည်း …. ဒို့ငယ်ငယ်ကလည်းဒီမြစ်ထဲကြီးထဲ ရေတွေစီးနေတာပဲ .. ဒီကနေ့လည်း ရေတွေစီးနေတာပဲလို့ .. ဒီလိုမြင်ကြမယ် … ဒီ ရေတွေပဲလို့ ထင်လိမ့်မယ်။ ဒီစက္ခုပသာဒရုပ်ကလေးဟာ တို့ငယ်ငယ်က မျက်လုံးရလာကတည်းကိုက ဒီစက္ခုပသာဒရုပ်ကလေးဟာ ဒီအတိုင်းပဲလို့ ဒီလို ထင်ကြမယ်။

သို့သော် မြစ်ရေစီးတဲ့ ရေစီးထက် ပိုပြီးတော့ လျင်မြန်တဲ့နှုန်းထားနဲ့ ဒီစက္ခုပသာဒရုပ်လေးဟာ အသစ်အသစ် ဖြစ်နေတာတဲ့။ ထာဝရပြောင်းလဲနေတာ … သို့သော် .. အလားတူတွေ ထပ်ပြီးတော့ ဖြစ်နေသည့်အတွက်ကြောင့် လူတွေက သတိမထားမိဘူး။ သတိမမူမိဘူး …. မမြင်နိုင်ဘူးပေါ့။

အေး … အဲဒီ စက္ခုပသာဒရုပ်ကလေးဟာ ဘယ်စက္ခုပသာဒရုပ်က မြင်သိစိတ်ကို … စက္ခုပသာဒရုပ်ပေါင်း မြောက်မြားစွာရှိတာနော် … ။ စိတ္တခဏတစ်ချက်တိုင်း .. စိတ္တခဏတစ်ချက်တိုင်း .. တစ်ချက်တိုင်း … ခဏတိုင်း .. ခဏတိုင်းမှာ … စက္ခုပသာဒရုပ်တွေက အသစ်အသစ် … အသစ်အသစ် ဖြစ်နေတာ ။

အဲဒီ အသစ်အသစ်ဖြစ်နေတဲ့ စက္ခုပသာဒရုပ်တွေဟာ ဘယ်စက္ခုပသာဒရုပ်က မြင်သိစိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုနေတာလည်း ….. ဘယ်စက္ခုပသာဒကို ပုရေဇာတသတ္တိလို့ ခေါ်မှာလဲ … ။ ဆိုတော့ …

မြင်သိစိတ်ဖြစ်တဲ့ ၀ီထိစိတ်ဆိုတာ ရှိတယ် … မြင်သိစိတ်ဖြစ်တော့မယ်ဆိုလို့ရှိယင် …. ဆိုပါစို့ … ဘုန်းကြီးတို့ process လေးတစ်ခု .. ဖြစ်စဉ်လေးတစ်ခုကို စဉ်းစားကြည့်ရအောင် … ဒီဖြစ်စဉ်က စာပေကျမ်းဂန် ဗဟုသုတအရ … သာမာန်နဲ့တော့ မမြင်နိုင်ဘူးပေါ့ … စာပေကျမ်းဂန်ဗဟုသုတအရ ပြောရမယ်ဆိုလို့ရှိယင် .. ဖြစ်စဉ်လေးတစ်ခု ရှိတယ် … ဖြစ်စဉ်ဆိုတာ အဆန်းမဟုတ်ဘူး … ဘယ်ဟာပဲဖြစ်ဖြစ် … ဖြစ်စဉ်ဆိုတာ ရှိတယ်။ နော် …

မျိုးစေ့လေးတစ်ခု မြေပေါ်မှာ ချစိုက်လိုက်လို့ရှိယင် ချက်ခြင်း အညှောင့်ထွက်လာတာ မဟုတ်ဘူး … တစ်နေ့ပြီး တစ်နေ့နဲ့ … နှစ်ပတ်သုံးပတ်ကြာမှ အညှောင့်ထွက်လာတာ .. အဲဒါ process လို့ ခေါ်တာ .. ဖြစ်စဉ်လေးနဲ့သွားနေတာ ။

ထို့အတူပဲ မြင်သိစိတ်ကလေး ဖြစ်တော့မယ်ဆိုလို့ရှိယင် ဖြစ်စဉ်ကလေးတွေ ရှိတယ်။
ဆိုပါစို့ .. မျက်စိလေး ဖွင့်လိုက်လို့ မြင်စရာ အာရုံက .. ခုနက မျက်စိအကြည်လေးမှာ လာပြီးတော့ ထင်ဟပ်တယ် ။ အဲဒီ ထင်ဟပ်လိုက်တဲ့ ရူပါရုံလေးကို … ထင်ဟပ်လျှင် ထင်ဟပ်ခြင်း စိတ်က မမှတ်နိုင်သေးဘူး။ မမှတ်နိုင်သေးဘဲ … ရူပါရုံကို … စက္ခုပသာဒနဲ့ရူပါရုံဆုံမိတဲ့အခိုက်လေးကနေ မမှတ်နိုင်သေးဘူး … ဒီရူပါရုံကို သတိပြုမိတဲ့စိတ်က မပေါ်သေးဘူး။ နဂိုကဖြစ်နေတဲ့ ဘ၀င်စိတ်တွေက ဖြစ်လိုက်တယ်။ အဲတော့ .. အနည်းဆုံး … အောက်ထစ်ဆုံး … ထင်ဟပ်လိုက်တဲ့အချိန်မှာ ဖြတ်ကျော်သွားတဲ့ ဘ၀င်စိတ်တစ်ခုဖြစ်လာတယ်။

အဲဒီ ဘ၀င်စိတ်လေးဟာ .. ဒီ မျက်စိထဲမှာ ထင်လာတဲ့ အာရုံနဲ့ဘာမှ မသက်ဆိုင်ဘူး။ သူ့အာရုံနဲ့သူ ပြေးနေတဲ့ စိတ်ကလေး … သို့သော် မျက်စိနဲ့ရူပါရုံ ဆုံလိုက်တဲ့အခိုက်လေးမှာ … သူက … မြင်တဲ့စိတ်က မပေါ်နိုင်သေးဘူး. .. မပေါ်နိုင်တော့ .. လက်ရှိ ဘ၀င်စိတ်တစ်ခု ဖြတ်ကျော်သွားတယ်။ အဲဒီ ဖြတ်ကျော်သွားတဲ့ ဘ၀င်စိတ်ကလေးကို အတီတဘ၀င် လို့ ခေါ်တယ်။

အဲဒီနောက် … နောက်ထပ် ဒုတိယ ဘ၀င်စိတ်ကလေးတစ်ခု ဖြစ်လာတယ်။ အဲဒီ ဘ၀င်စိတ်ကလေးဟာ သူကို အာရုံအသစ်ကြောင့် လှုပ်ရှားယိမ်းယိုင်းလာတဲ့ သဘောရှိလို့ … သူကို ဘ၀င်ဂစလန … လှုပ်ရှားတဲ့ ဘ၀င်လို့ ဒီလို ခေါ်တယ်။
နောက် တတိယ ဘ၀င်စိတ်ကလေးကျတော့ ပြတ်သွားတဲ့ .. နောက်အသစ်ထင်လာတဲ့ အာရုံရဲ့စွမ်းအား … တိုက်ခိုက်မှု စွမ်းအားကြောင့် .. မူလက ဖြစ်နေတဲ့ ဘ၀င်စိတ်ရဲ့ အယင်ဟာ ပြတ်တောက်သွားတယ် … အဲဒီ ပြတ်တောက်သွားတဲ့ ဘ၀င်စိတ်လေးကို ဘ၀င်္ဂုပစ္ဆေဒ လို့ ခေါ်တယ်။

****ကြည့် … အနည်းဆုံး …. ဘ၀င်သုံးခု … ဖြတ်ကျော်ပြီးတော့မှ ဒီ ရူပါရုံလေး … မျက်စိထဲမှာ ထင်လာတဲ့ အဆင်း အာရုံလေးကို သိတဲ့စိတ်လေးက လာတာ … ။ အဲတော့ သူက ဘယ်အချိန် မွေးဖွားလိုက်တာတုန်းဆိုတော့ … ရူပါရုံလေးနဲ့ စက္ခုပသာဒ ဆုံလိုက်တဲ့ .. မျက်လုံးလေးနဲ့ မြင်စရာအာရုံလေး ဆုံလိုက်တယ် … အဲဒါ စတင် မွေးဖွားခြင်းပဲ။

****အဲဒီ ရူပါရုံလေးနဲ့ .. ဒီ မျက်စိ အကြည်လေးနဲ့ ဆုံလိုက်တဲ့အချိန်မှာ …. အဲဒီ ဆုံလိုက်တဲ့အချိန်မှာဖြစ်တဲ့ … မျက်စိအကြည်ရုပ်လေးဟာ ပုရေဇာတသတ္တိပဲ။ မြင်သိစိတ်ရဲ့ ပုရေဇာတသတ္တိပဲ။ အကြောင်းတရား … ကျန်တဲ့ .. စက္ခုပသာဒရုပ်တွေ မျက်စိအကြည်တွေကို မပြောလိုဘူး … နောက်မှ ဖြစ်တာတွေလည်း မပြောဘူး … သူ့ထက် အယင် ဖြစ်နှင့်တာတွေလည်း မပြောဘူး။

အတီတဘ၀င်ဆိုတဲ့ စိတ်လေးနဲ့ပြိုင်တူဖြစ်လာတဲ့ စက္ခုနဲ့ ရူပါရုံ ဆုံလိုက်လို့ … မျက်စိနဲ့ အဆင်းအာရုံလေး ဆုံလိုက်တဲ့ အချိန်လေးမှာ ဖြစ်လာတဲ့ စက္ခုပသာဒရုပ်ကလေး … အဲဒီ စက္ခုပသာဒရုပ်ကလေးသည် … သူက စိတ်ဘယ်နှစ်ခုလောက် စောတုန်းဆိုယင် … အတီတဘ၀င်ဆိုတာ တစ်ခု … ဘ၀င်ဂစလန .. လှုပ်ရှားတဲ့ ဘ၀င်ဆိုတာ တစ်ခု .. ပြတ်တော်သွားတဲ့ ဘ၀င် … ဘ၀င်္ဂုပစ္ဆေဒဆိုတာ တစ်ခု၊ အဲဒီနောက်မှ … ထင်ဟပ်လာတဲ့ ရူပါရုံလေးကို ဆင်ခြင်တဲ့ ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ဆိုတာ ပေါ်တယ်။ အနည်းဆုံး .. ဟောဒီ လေးခုလောက်ပေါ်ပြီးတော့မှ စက္ခုဝိညာဏ်ဆိုတဲ့ မြင်သိစိတ်ကလေး က လာတာ ။ ဒါ .. process လို့ ခေါ်တယ် ။

လူတွေက သတိထားမိတာ အဲဒီ အချိန်ကြကာမှ .. မြင်လိုက်ပြီဆိုတဲ့ .. ဒါတောင်မှပဲ .. တကယ်စိတ်အာရုံနဲ့ သိတာ မဟုတ်သေးဘူး။ မြင်သိစိတ်ကလေးပေါ်တာ အဲဒီ အချိန်မှာ ပေါ်လိုက်တယ် ..

**** ဒါဖြင့် မြင်သိစိတ်ကလေးထက် သူက .. စက္ခုပသာဒရုပ်ကလေးက ဘယ်လောက်စောတုန်း ဆိုတော့…. အတီတဘ၀င်၊ ဘ၀င်ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရ၀ဇ္ဇန်း ဆိုပြီး … စိတ္တခဏလေးချက်စောတယ်။ အဲဒါကို ပြောတာ … ပုရေဇာတ .. ရှေးဦးစွာ ဖြစ်နှင့်တဲ့ စက္ခုပသာဒရုပ်ကလေးသည် … စက္ခုဝိညာဏ်စိတ်ကို ကျေးဇူးပြုပါတယ် … ။ အဲတော့ ဒီဟာကို သဘောပေါက်ဖို့ရန်အတွက်က အဘိဓမ္မတ္ထသင်္ဂဟ၀ီထိပိုင်းကို နားလည်ရမယ်။ ၀ီထိပိုင်းမှာ စိတ်ဖြစ်စဉ်တစ်ခုကို နားလည်အောင် အကျဉ်းချုပ်ပြောမယ်ဆိုယင် .. ပါဠိလိုပြောရတဲ့အခါကျတော့ .. ပါဠိနဲ့မရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေမှာ အခက်အခဲတွေ့ကောင်း တွေ့လိမ့်မယ်။

****အဲတော့ ဘ၀င်စိတ်ဆိုတာ … မူလ ပဋိသန္ဓေစိတ်ကိုပဲ ခေါ်တာပဲ ။ မူလ ပဋိသန္ဓေစိတ်ဆိုတာ … မျက်စိက မြင်တဲ့ အာရုံနဲ့လည်း မဆိုင်ဘူး … နားကကြားရတဲ့ အသံနဲ့လည်း မဆိုင်ဘူး။ ကံရဲ့ အရှိန်အဟုန်နဲ့ … သူ့မှာ နဂိုကယူထားတဲ့ အာရုံနဲ့ . . သူက သွားနေတာ ။
တွေးကြည့်လိုက်ပေါ့.. အိပ်ပျော်နေတဲ့စိတ်ကို ပြောတယ် .. … ပိုပြီးတော့ ထင်ရှားအောင်၊ ဘ၀င်စိတ်ဆိုတာ … အိပ်ပျော်နေတဲ့ စိတ်ပဲ ။ အာရုံအသစ်နဲ့မဆိုင်ဘူး .. သူ့ဟာသူသွားနေတာ။ အဲဒီ သူ့ဟာသူ သွားနေတဲ့ စိတ်ကလေးဟာ အာရုံအသစ်ဝင်လာလို့ ရှိယင် ပြတ်သွားတယ်။ ပြတ်တောက်သွားပြီး အာရုံအသစ်နဲ့ အလုပ်လုပ်တဲ့စိတ်တွေ ပေါ်လာတယ်။ ဒီသဘောလေးကို မှတ်ထားရမယ်။

အဲတော့ ရူပါရုံနဲ့ မျက်စိက မြင်စရာ အာရုံနဲ့ မျက်စိအကြည်စိတ်ကလေး သွားဆုံလိုက်တဲ့အခါမှာ … အတီတဘ၀င်ဆိုတဲ့ စိတ်ကလေးတစ်ခုက ဖြစ် တည် ပျက် ၊ ခဏငယ် သုံးချက်နဲ့ ပျက်သွားတယ်၊ သူ ပျက်သွားတာနဲ့တစ်ပြိုင်နက် .. နောက်ထပ် ဘ၀င်္ဂစလနဆိုတဲ့ ဘ၀င်စိတ်တစ်ခု ထပ်ပေါ်လာတယ်၊ သူလည်း သုံးချက်နဲ့ ပျက်သွားတယ်၊ နောက်ထပ် ဘ၀င်္ဂုပစ္ဆေဒဆိုတဲ့ ဘ၀င်စိတ် .. တတိယ ဘ၀င်စိတ် ပေါ်လာတယ် .. သူလည်း ပျက်သွားတယ် ၊ အဲဒီ ဘ၀င်စိတ် ၃ခု သည် … ထင်ဟပ်လာတဲ့ အာရုံနဲ့ ဘာမှ မသက်ဆိုင်ဘူး၊ သိလည်း မသိဘူး .. သူတို့က ၊ ဒီအာရုံကို သူတို့ သတိမမူဘူး၊ ဆိုလိုတာက အိပ်ပျော်နေသေးတယ်။ နော် …
စပြီးတော့ နိုးလာတာ ဘယ်ကျမှ နိုးလာလည်း ဆို … ပဉ္စဒွါရ၀ဇ္ဇန်း ဆိုတာ … မျက်စိက ထင်လာတဲ့ အာရုံကို မြင်တဲ့ စိတ်ဆိုတာ .. အဲဒီ စိတ် ပေါ်လာတယ်။ attending consciousness …. အာရုံအသစ်ကို attend လုပ်တာ .. attention လုပ်တာ .. အဲဒီ စိတ် ပေါ်လာတာ။

အဲဒီ စိတ် ပေါ်ပြီးတဲ့ နောက်မှာ ဘာပေါ်တုန်းဆို စက္ခုဝိညာဏ်စိတ် .. မြင်သိစိတ်ဆိုတာ ပေါ်လာတယ်။ မြင်သိစိတ်ပေါ်လာပြီးယင် ဘာပေါ်လာတုန်းဆို … သမ္ပဋိစ္ဆိုင်း ဆိုတဲ့ … အဲဒီ အာရုံကို လက်ခံလိုက်တဲ့စိတ် ပေါ်တယ်။ လက်ခံတဲ့စိတ် ပေါ်ပြီးယင် .. ဘာလည်းဆိုတာကို စုံးစမ်းတဲ့ သန္တီရဏစိတ် ပေါ်လာတယ် ။ သန္တီရဏစိတ်ပေါ်ပြီးတဲ့အခါကျ ဘာပေါ်တုန်းဆို .. အာရုံရဲ့သဘာဝကို … အကောင်းဆိုယင် အကောင်း ၊ အဆိုးဆိုယင် အဆိုး၊ … ဆုံးဖြတ်ချက်ချတဲ့ ၀ုဋ္ဌောဆိုတဲ့ စိတ် ပေါ်လာတယ်။ ၀ုဋ္ဌောဆိုတာ တခြားစိတ် မဟုတ်ဘူး .. မနောဒွါရ၀ဇ္ဇန်း ပဲ ။

သူလည်း attention ပဲ၊ အဲဒီ စိတ်လေးပေါ်လာပြီးတဲ့နောက်မှာ .. သူက ဇောကို အခြေအနေတစ်ခုပေးလိုက်တယ်။ အဲဒီနောက်မှာ … အရှိန်အဟုန်နဲ့ဖြစ်တဲ့စိတ် … ဇောစိတ်လို့ခေါ်တယ်။ ဇောစိတ်က ရိုးရာအားဖြင့် ရကြိမ် ပေါ်လာတယ်။

****ဇောစိတ်ဟာ ဒီအာရုံနဲ့အလုပ်လုပ်တဲ့စိတ် .. အာရုံရဲ့အရသာ တွေ့ကြုံရတဲ့စိတ် .. ကုသိုလ်ဖြစ်ချင်လည်း ဖြစ်မယ်၊ အကုသိုလ်ဖြစ်ချင်လည်း ဖြစ်မယ်၊ ၀ုဋ္ဌောစိတ်ရဲ့ ဦးတည်ချက်အတိုင်းပဲ … ကုသိုလ်ဖြစ်ချင်ဖြစ်သွားတယ်၊ အကုသိုလ်ဖြစ်ချင်ဖြစ်သွားမယ်။ မြင်တဲ့အာရုံလေးပေါ်မှာ ဇောစိတ် ရခု ဖြစ်တယ်။

ဇောစိတ် ပြီးတဲ့အခါကျတော့ အရှိန်အဟုန်နောက် နောက်ကနေ လိုက်ပါသွားတဲ့ ဘ၀င်စိတ် ၂ခု … တဲ့ ။ ပိဋ္ဌိဘ၀င်္ဂလို့ခေါ်တယ်။ အဲဒီ ဘ၀င်စိတ်ကိုတော့ နံမည်အသစ်ပေးထားတယ် … တဒါရုံ .. တဲ့။ တကယ်ကတော့ ဘ၀င်စိတ်ပဲ .. သူလည်း … အကျိုးစိတ် ။ အဲဒီ တဒါရုံစိတ် ၂ခု ဖြစ်လိုက်တဲ့အခါကျတော့ .. ခုနက ရူပါရုံလေးရဲ့သက်တမ်းဟာ … မျက်စိထဲမှာ ထင်လာတဲ့ အာရုံလေးရဲ့သက်တမ်းဟာ .. စိတ္တခဏ ၁၇ချက် ပဲရှိတယ်။ ဒီထက် ရှေ့ဆက်သွားလို့မရတော့ဘူး … သူ့သက်တမ်းစေ့သွားပြီ .. အဲဒီမှာချုပ်တယ်။

စိတ် ၁၇ချက်မှာ .. မျက်စိထဲမှာပေါ်လာတဲ့ … ပထမအကြိမ် ထင်ဟပ်ပေါ်လွင်လာတဲ့ .. ရူပါရုံလေးသက်တမ်းဟာ … အတီတဘ၀င် ဥပဒ်ခဏမှာဖြစ်ပေါ်လာတဲ့ .. ဖြစ်စမှာ ဥပဒ်လာတဲ့ … ဒီ ရူပါရုံလေးဟာ .. ဒုတိယ တဒါရုံစိတ်ရဲ့ ချုပ်တဲ့ အခိုက် .. ဘင်ရဲ့ခဏမှာ ပြိုင်တူချုပ်သွားတယ်။ ဒါ စိတ်ဖြစ်စဉ်လေးတစ်ခု နားလည်ရမယ်။

အခုပြောမယ့် ပုရေဇာတပစ္စည်းဆိုတာ တခြားဟာကို မပြောဘူး … ရူပါရုံလေးက .. အဆင်းအာရုံလေးက .. မျက်စိထဲမှာ ထင်ဟပ်လာတယ် … အဲဒီ ထင်ဟပ်လာတဲ့ မျက်စိအကြည်ရုပ်ကလေး အကြောင်းကိုပြောတာ။ အဲဒီ မျက်စိအကြည်ရုပ်ကလေးသည် ဘယ်တုန်းက အကြည်ရုပ်လည်း … သိန်းပေါင်းများစွာ သန်းပေါင်းများစွာသော အကြည်ရုပ်တွေထဲက ဘယ်တုန်းက အကြည်ရုပ်လည်းဆိုယင် …. ***အတီတဘ၀င်နဲ့ပြိုင်ပြီးတော့ဖြစ်လာတဲ့ အကြည်ရုပ်ကလေး .. တဲ့။

အဲဒီ အကြည်ရုပ်လေးသည် အတီတဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀ဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရ၀ဇ္ဇန်းဆိုတော့ .. ဟော .. စိတ် ၄ခု .. သူက စောတယ် .. စက္ခုဝိညာဏ်မဖြစ်ခင် ၄ကြိမ် စောတယ် .. စိတ္တခဏ ၄ခု စောတယ်။ အဲဒီ စက္ခုပသာဒရုပ်ကလေးကိုမှီပြီး .. ဒီ မျက်စိအကြည်လေးကိုမှီပြီးတော့ … မြင်သိစိတ်ကလေးက ပေါ်ရတာတဲ့။

ဟောဒီ မျက်စိအကြည်ရုပ်ကလေးမဖြစ်ဘူ
းဆိုလို့ရှိယင် မြင်သိစိတ် မဖြစ်နိုင်ဘူး … ဟုတ်တာပေါ့။
စောင်းကြိုးတို့ စောင်းအိုးတို့ မရှိလို့ရှိယင် စောင်းသံထွက်ပါ့မလား .. မထွက်နိုင်ဘူး။ စောင်းကြိုး စောင်းအိုးကို အမှီပြုပြီးတော့ စောင်းသံလေးက ထွက်ရတာ … ဟုတ်ကဲ့လား .. အဲဒါလိုပဲ … မျက်စိအကြည်ရုပ်ကလေးကို မှီပြီးတော့မှ မြင်သိစိတ်ဆိုတာ ဖြစ်တာ .. အဲဒီ မျက်စိအကြည်ရုပ်ကလေးသည် စိတ္တခဏ ၄ချက် စောလို့ .. ပုရေဇာတ .. born earlier .. ကြိုတင်ပြီးတော့ မွေးဖွားလာတာ .. အကြောင်းတရားတွေက ကြိုတင်ပြီးတော့ မွေးနေတာ။ ကြိုတင်ပြီးမွေးပြီးတော့ .. ဟောဒီ စက္ခုဝိညာဏ်စိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတယ်တဲ့။ ကြိုတင်မွေးပြီးတော့ အထောက်အကူပြုတဲ့ အကြောင်းတရားလို့ ပြောတာ .. ဒါ .. တစ်ခုပဲရှိသေးတယ် .. နော် … အများကြီးပြောလို့ရတယ် .. အဲဒါကို ဗုဒ္ဓမြတ်စွာက ပဋ္ဌာန်းပါဠိတော်မှာ ---
စက္ခာယတနံ စက္ခုဝိညာဏ ဓာတုယာ ၊ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ၊ ပုရေဇာတ ပစ္စယေန ပစ္စယော … ။ တဲ့ .. ဒီလိုဟောတာ ..။

စက္ခာယတနံ … မျက်စိအကြည်လို့ဆိုတဲ့ စက္ခုပသာဒ ရုပ်ကလေးသည်၊ စက္ခုဝိညာဏ ဓာတုယာ .. မြင်သိစိတ်လို့ဆိုတဲ့ စက္ခုဝိညာဏဓာတ်သဘော စက္ခုဝိညာဏ်စိတ်ကလေးအား၎င်း၊
တံ သမ္ပယုတ္တကာနံ … ထိုစက္ခုဝိညာဏ်စိတ်ကလေးနဲ့ ယှဉ်ဖော်ယှဉ်ဖက် ဖြစ်ကြတဲ့ ၊ ဓမ္မာနံ … စေတသိက် ၇ခု တို့အား၎င်း ၊ ပုရေဇာတပစ္စယေန .. ပုရေဇာတပစ္စယသတ္တိဖြင့် ၊ ပစ္စယော ဥပါကာရကော .. ကျေးဇူးပြုတတ်သည် ၊ ဟောတိ .. စင်စစ်မသွေဖြစ်ပါပေတော့၏ ။ ။
ပဋ္ဌာန်းပါဠိတော်မှာ ဒီလိုဟောတယ် … နော်။

အဲတော့ ကိုယ်နားလည်ရမှာက … ဘုရားက .. စက္ခာယတနံလို့ ဟောလိုက်တာ .. မျက်စိအကြည်လေးကိုပြောတာ။ အဲဒီ စက္ခာယတနဆိုတဲ့ မျက်စိအကြည်ကလေးသည် .. စက္ခုဝိညာဏ ဓာတုယာ ၊ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ … မြင်သိစိတ်ပေါ်လာသည့်အခါ … မြင်သိစိတ်ကလေးက သူ့ဟာသူ တစ်ခုတည်းမဖြစ်ဘူးတဲ့။

**** မြင်သိစိတ်နဲ့ ယှဉ်တွဲပြီးတော့ ဖြစ်လာတဲ့၊ စေတသိက် ၇ခု ရှိတယ်။ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇိဝိတိနြေ္ဒ၊ မနသိကာရ။ တဲ့ … ၇ခု ရှိတယ် .. ဒါကတော့ အဘိဓမ္မာသင်ပြီးတော့ မှတ်ထားရမယ်။ ဒါတွေမပါလို့ မရဘူး သူက … မြင်သိစိတ်ကလေးမှာ … အာရုံနဲ့ဆက်သွယ်ပေးတာကို .. ဖဿလို့ခေါ်တယ်၊ အာရုံရဲ့အရသာ … အတွေ့အကြုံအရသာကို .. ဝေဒနာလို့ခေါ်တယ်၊ မှတ်တမ်းတင်တာ .. သညာလို့ခေါ်တယ်၊ လှုံ့ဆော်ပေးတာ .. စေတနာလို့ ခေါ်တယ်၊ အာရုံတစ်ခုတည်း .. ကျသွားတာ .. ဧကဂ္ဂတာလို့ ခေါ်တယ်၊ ….. အေး … ဆိုင်ရာနာမ်တရားတွေ .. ဆိုင်ရာသက်တမ်းအတိုင်းတည်နိုင်အောင် .. (သို့မဟုတ်) …. ထပ်ပြီးတော့ ဖြစ်အောင် .. အသက်ဆိုတဲ့ … ဇိဝိတိနြေ္ဒ ရှိတယ်၊ အာရုံပေါ်မှာ နှလုံးသွင်း ဆင်ခြင်တဲ့ .. မနသိကာရဆိုတာ ရှိတယ်ပေါ့။ အဲဒီ စေတသိက် သဘောတရားတွေနဲ့ မြင်သိစိတ်ကလေးက ယှဉ်တွဲပြီးတော့ ဖြစ်လာတာ သူက … ဘယ်နှစ်ခုလဲ .. ၈ခု။

မြင်သိစိတ်ကလေးက သူတစ်ခုတည်း မဖြစ်ဘူးတဲ့ …. သူအပါအ၀င် .. စေတသိက် ရခုနဲ့ .. ၈ခု တဲ့ … ခုခေတ် စကားနဲ့ပြောယင် 8 in one လို့ ပြောတယ်။ ၈ခုကို တစုလုပ်ထားတာ … နော် ။ ၈ခု ပေါင်းထားတဲ့ တစ်ခုတဲ့ သူက။ အဲဒီ ၈ခု ပေါင်းထားတဲ့ သဘာဝတရား .. ဒီ တစ်ခုအဖြစ်လုပ်ထားတဲ့ မြင်သိစိတ်လို့ ခေါ်တဲ့ .. ၈ခု ။ အဲဒီ ၈ခု ကို … မျက်စိအကြည်လို့ဆိုတဲ့ စက္ခုပသာဒရုပ်ကလေးက ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုတာပါတဲ့။

ဒါတွေက လူတိုင်း လူတိုင်းမှာ အတွေ့အကြုံရှိတာ … သို့သော် .. ဒီလို သိလားဆိုတော့ .. ဘုရားဟောမှ သိရတာ … မသိနိုင်ဘူး … အေး ငါ မြင်တယ်ပဲပြောကြမှာပဲ လူတွေက .. မျက်စိက ငါမြင်တယ် .. အသေးစိတ် ဘယ်လိုမှ မသိဘူး။ ကြည့် … မြတ်စွာဘုရားက အသေးစိတ် ဟောတာ .. ဒါက ပုရေဇာတသတ္တိ။ မျက်စိအကြည်လေးက မြင်သိစိတ်လေးကို ပုရေဇာတသတ္တိနဲ့ …. ဒီတစ်ခုတည်းနဲ့ ဟောနေတာနော် .. ကျန်တဲ့ စိတ်တွေအကြောင်းမဟောဘူး .. ဒီမှာ … ၊ … ကျန်တဲ့စိတ်တွေ အများကြီးပဲ။

အဲတော့ စက္ခုဝိညာဏ်စိတ်လေးဟာ ဟောဒီ မြင်သိစိတ်ကလေးဟာ မျက်စိအကြည်လို့ဆိုတဲ့ .. ဟောဒီ စက္ခုပသာဒ .. စက္ခုဝတ္ထုရုပ်ကလေးကို အမှီပြုပြီးတော့ .. သူက ဖြစ်ရတာ။ ဒါကြောင့်မို့လို့ … မြင်သိစိတ်ကလေး .. စက္ခုဝိညာဏ်စိတ်ကလေးရဲ့ မှီရာဖြစ်တဲ့ မျက်စိအကြည် စက္ခုပသာဒရုပ်ကလေးသည် ပုရေဇာတပစ္စည်း … တဲ့။

ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတာ .. ကျေးဇူးပြုတာပါတဲ့ … ဒါကိုပြောတာ … တကယ်တော့ သူကထုတ်လုပ်တာလားဆိုတော့ … ထုတ်လုပ်တာတော့ မဟုတ်ဘူး။ သူက ထုတ်လုပ်တာ မဟုတ်ဘူး …
သို့သော် သူ့ပေါ်မှာ မှီပြီးတော့ ဖြစ်တာ ။ တစ်ခြားအကြောင်းတွေ ရှိလိမ့်ဦးမယ်။ ဥပမာမယ် ဆိုပါတော့ … စည်ကိုတီးလိုက်တဲ့အခါမှာ စည်သံထွက်လာတယ် .. နော် … စည်သံထွက်လာတယ် ..
စည်သံကဘယ်ကထွက်တာတုန်း … စည်တီးတဲ့ လက်ကထွက်တာလား (သို့မဟုတ်) စည်မျက်နှာပြင်က ထွက်တာလား၊ သို့မဟုတ် … တီးတဲ့သူက လူ့ဆီက ထွက်တာလား .. မေးယင် ဘယ်လိုပြောမတုန်း။
စည်မျက်နှာပြင်က ထွက်လာတာ .. ဟုတ်ကဲ့လား .. စည်တီးတဲ့ လက်ကထွက်တာလည်း မဟုတ်ဘူးနော် ..
အေး .. ထို့အတူပဲ … ဟောဒီ စက္ခုပသာဒအကြည်ရုပ်ကလေးရယ် .. အဆင်းအာရုံရယ် .. အဲဒီ နှစ်ခု တိုက်လိုက်တဲ့ အခါမှာ … ဟောဒီ မြင်သိစိတ်လေးက ဘယ်ကနေ ထပြီးတော့ ပေါ်လာတုန်းဆိုတော့ ..

***မျက်စိအကြည်ကလေးကနေ ထပေါ်လာတာ။ တိုက်တာ ဘယ်သူက တိုက်တာတုန်းဆိုတော့ မြင်စရာ အဆင်းအာရုံလေးက တိုက်တာ။ အဆင်းအာရုံလေးက ဘာနဲ့သူတုန်းဆိုယင် စည်တီးတဲ့ လက်နဲ့တူတယ် (သို့မဟုတ်) စည်တီးတဲ့ တုတ်နဲ့တူတယ်ပေါ့။ သူက တီးလိုက်လို့ ဟိုက ထပေါ်လာတာ။ အဲတော့ အခုပြောနေတာက … စက္ခုဝိညာဏ်စိတ်လေး ဖြစ်ပေါ်တဲ့ နေရာကို ပြောနေတာ။ စက္ခုဝိညာဏ်စိတ်ကလေး .. ဒီ မြင်သိစိတ်ကလေးဟာ .. ဘယ်အာရုံက တိုက်ခိုက်လို့ ပေါ်တယ်ဆိုတာ မပြောသေးဘူးနော်။ ဒီတစ်ခြမ်းကလေးကိုပြောနေတာ .. အေး …
စက္ခာယတနံ စက္ခုဝိညာဏ ဓာတုယာ ၊ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ၊ ပုရေဇာတ ပစ္စယေန ပစ္စယော … ။
စက္ခုပသာဒလို့ဆိုတဲ့ အကြည်ရုပ်ကလေးသည် ၊ မြင်သိစိတ်နဲ့ ယှဉ်ဖက်တရားတွေကို၊ ပုရေဇာတသတ္တိဖြင့် ကျေးဇူးပြုပါတယ် …… ။

ကျေးဇူးးပြုတယ်ဆိုတာ … အကယ်၍သာ မျက်စိအကြည်ကလေး ပျက်သွားမယ်ဆိုယင် မြင်သိစိတ် ဖြစ်နိုင်ပါ့မလား ….. မဖြစ်နိုင်တော့ဘူး။ သူမရှိယင် …. သူလည်း မရှိနိုင်ဘူး။ သူ ရှိမှ သူ ရှိတယ် … ဟုတ်ကဲ့လား။ အကြောင်းနဲ့အကျိုးဆိုတာ … သူရှိနေလို့ …. သူရှိတာ။ ပဋိစ္စသမုပ္ပါဒ်မှာ မြတ်စွာဘုရားက ရှင်းယင် အဲဒီလို ဟောတယ်။
ဣမသမိံ သတိ ဣဒံ ဟောတိ … ဒါ ရှိလို့ … ဒါ ရှိတာ ။ ဒါ မရှိယင် … ဟိုဟာ မရှိနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်။ ဒီမှာလည်း မျက်စိအကြည်ကလေး ရှိနေသည့်အတွက်ကြောင့် မြင်သိစိတ် ဖြစ်တာ … မြင်သိစိတ် ပေါ်လာနိုင်တာတဲ့။ အဲဒီ မျက်စိအကြည်လေးသည် မြင်သိစိတ်ကို ပုရေဇာတသတ္တိနဲ့ ကျေးဇူးပြုပါတယ်တဲ့။ ဟော … ပဋ္ဌာန်းရွတ်တဲ့ အခါမှာ အဲဒါလေးကို အာရုံပြုပြီးတော့ ရွတ်ရတယ် … ဒါ ပုရေဇာတသတ္တိ။ ဒါ လူ့ရဲ့ မြင်တဲ့ အခန်းကဏ္ဍကုန်လားဆိုတော့ မကုန်သေးဘူး … point ကလေး တစ်ခုတင် ပြောနေတာ … နော် ။ အချက်ကလေး တစ်ခုတည်းနဲ့ ပြောနေတာ ပုရေဇာတပစ္စည်း … အချက်ကလေး တစ်ခုတည်းတင် ပြောနေတာ။

ကဲ .. နောက်တစ်ခု ပြောင်းပြီးတော့ကြည့်ကြဦးစ
ို့ .. ဒါ နားလည်လို့ရှိယင် နောက်ဟာတွေ နားလည်ဖို့ လွယ်သွားပြီ။ နောက်ဟာကျတော့ နား။ မျက်စိပြီးတော့ နားသွားလိုက်ကြရအောင်။
နားမှာလည်းပဲ … နားအကြည်ရုပ်၊ သောတပသာဒရုပ်ဆိုတာ ရှိတယ်။ သောတပသာဒနားအကြည်ဓာတ်၊ သောတပသာဒ ရုပ်ကို အမှီပြုပြီးတော့ အသံကိုသိတဲ့ သောတ၀ိညာဏ်စိတ်၊ ကြားသိစိတ်ကလေး ပေါ်လာတယ်။

အဲဒီ သောတပသာဒရုပ်ဆိုတာလည်း ခုနလိုပဲ အတီတဘ၀င်နဲ့ပြိုင်ပြီးတေြာ့
ဖစ်လာတဲ့ သောတပသာဒရုပ်ကို ယူရမယ်၊ born earlier ပဲ၊ ကြိုတင်ပြီးတော့ ဖြစ်တာ။ သောတပသာဒရုပ်ပေါင်း သန်းပေါင်းများစွာ ရှိတဲ့ အထဲမယ် အသံနဲ့နားနဲ့ဆုံလိုက်တဲ့ အချိန်ကလေးမှာ ပထမဘ၀င်စိတ် ဖြစ်လာတယ် .. အတီတဘ၀င်စိတ်။ အဲဒီ အချိန်လေးမှာဖြစ်တဲ့ နားအကြည်ရုပ်ကလေးကိုယူ .. ခုနအတိုင်းပဲမှတ်။
အဲဒီ နားအကြည်ရုပ်ကလေးသည် ကြားသိစိတ်ထက် စိတ္တခဏ ၄ချက်လောက် စောတယ်။ ကြားသိစိတ်ထက် ကြိုတင်ပြီးတော့ မွေးဖွားထားတယ်လို့ … ဒါပြောတာ။ ပုရေဇာတ .. ကြိုတင်ပြီးတော့ ဖြစ်နှင့်နေတယ်။ ဘယ်တုန်းကဖြစ်တုန်း ပထမ .. အတီတဘ၀င်စိတ်ဖြစ်တုန်းက ဖြစ်တယ်။ အတီတဘ၀င်ပြီးယင် ဘ၀င်္ဂစလန၊ ဘ၀င်္ဂစလနပြီးယင် ဘ၀င်္ဂုပစ္ဆေဒ၊ ဘ၀င်္ဂုပစ္ဆေဒပြီးလို့ရှိယင် ပဉ္စဒွါရ၀ဇ္ဇန်း၊ ပဉ္စဒွါရ၀ဇ္ဇန်းပြီးမှ သောတ၀ိညာဏ်စိတ်ဆိုတာ ဖြစ်တယ်။ စိတ္တခဏလေးချက်စောပြီးတော့ဖြစ်တာ၊ အဲဒါကို ပုရေဇာတလို့ ပြောတာ၊ နော် … ကြိုပြီး ဖြစ်တာ။

အဲဒါကို မြတ်စွာဘုရားက …..

သောတာယတနံ သောတ၀ိညာဏဓာတုယာ၊ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊ ပုရေဇာတ ပစ္စယေန ပစ္စယော။

သောတာယတနံ .. နားအကြည်လို့ဆိုတဲ့ သောတပသာဒရုပ်ကလေးဟာ … ( အာယတန နံမည်နဲ့ဟောထားတာ၊ မြတ်စွာဘုရားက … အာယတနဆိုတာ base မှီရာတည်ရာဆိုတဲ့ အဓိပ္ပာယ်၊ နားဆိုတဲ့ အသံ မှီရာတည်ရာလေး ) ၊
သောတာယတနံ … သောတပသာဒရုပ်လို့ ဆိုတဲ့ သောတ၀တ္ထုရုပ်ကလေးသည်၊ သောတ၀ိညာဏဓာတုယာ .. သောတ၀ိညာဏဓာတ်လို့ခေါ်တဲ့ ကြားသိစိတ်ကလေးအား၎င်း၊ တံ သမ္ပယုတ္တကာနံ ဓမ္မာနံ … ထိုကြားသိစိတ်နှင့် အတူတကွ ယှဉ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ စေတသိက်တရားတို့အား၎င်း၊ ပုရေဇာတပစ္စယေန .. ပုရေဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော … ကျေးဇူးပြုတတ်သည်၊ ဟောတိ .. စင်စစ်မသွေ ဖြစ်ပါပေတော့၏။

ကြည့် .. ဟောဒီ နားအကြည်ဆိုတာလေးမရှိဘူးဆိုယင် ကြားသိစိတ်လေး ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူးး …။ နားအကြည်လေးဟာ ကြားသိစိတ်ရဲ့ မှီရာအနေနဲ့ ရှေးဦးစွာ ဖြစ်နှင့်ပြီးတော့ ကျေးဇူးပြုပါတယ်တဲ့။

***ကျေးဇူးပြုတယ်ဆိုတဲ့ဟာက … ဖြစ်စေတာလည်း မဟုတ်ဘူး … နော်။ ကျေးဇူးပြုတယ်ဆိုတဲ့ သဘောက … တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီးတော့ ဖြစ်နေတာကို ပြောတာ .. နော် … ဆက်သွယ်ပြီးတော့ ဖြစ်နေတာ။
အေး .. အဲဒီအတိုင်းပဲ နောက်တစ်ခု ဆက်ပြီးတော့ စဉ်းစားကြည့် … မြတ်စွာဘုရားက ဒီအချက်ကလေးတင်ဟောတာ။

စက္ခု ၊ သောတပြီးတော့ .. ဃာန။ နှာခေါင်းထဲက အကြည်ရုပ်ကလေး။
ဃာနယတနံ .. ဃာန၀ိညာဏ ဓာတုယာ၊ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊ ပုရေဇာတ ပစ္စယေန ပစ္စယော။

ဃာနယတနလို့ဆိုတဲ့ နှာခေါင်းအကြည်ရုပ်ကလေး … အနံကို ဖမ်းနိုင်တဲ့ နေရာ … ဃာနပသာဒရုပ်ကလေး၊ အဲဒီ ဃာနပသာဒရုပ်ကလေးဟာ … စက္ခုပသာဒလိုပဲ နားလည်ရမယ်၊ နံသိစိတ်ကို ကျေးဇူးးပြုတယ် ..။ နံသိစိတ်ဟာ ဃာနပသာဒရုပ်ကလေးကို မှီပြီးတော့မှ ဖြစ်နိုင်တယ်။ ကြိုတင်ပြီးတော့ ဖြစ်နှင့်တာဖြစ်သောကြောင့် … ပုရေဇာတ ၊ ပြိုင်တူဖြစ်တာမဟုတ်ဘူး … ကြိုတင်ပြီးတော့ ဖြစ်နေတာ … ။
ကိုယ်နှာခေါင်းထဲမှာ အနံ့လေး ရှုမိတဲ့အချိန်လေးမှာ…. ဒါလေးကို သတိထားလိုက်ပေါ့။ သြော် .. နံ့သိစိတ်ကလေး .. ဘယ်သူက ကျေးဇူးပြုတုန်းဆိုယင် … ဃာနပသာဒဆိုတဲ့ နှာခေါင်းအကြည်ရုပ်ကလေးက ကျေးဇူးပြုတယ်လို့ .. ဒီလို ပြောတာ … နော်။

****အကြည်ဆိုတဲ့သဘောက မှန်လိုကြည်လို့ အကြည်ခေါ်တာ မဟုတ်ဘူး။ အာရုံကို ခံယူနိုင်စွမ်းရှိတာ ပြောတာ .. အကြည်။ အာရုံကို ခံယူနိုင်တဲ့ သဘောတွေကို ပြောပြတာ။

ကြည့်လေ .. ဒါ ခုခေတ်လိုဆို .. စဉ်းစားကြည့်ပေါ့ .. တယ်လီဖုန်းတို့ … နော် …. တယ်လီဗီးရှင်းတို့ … ဆက်သွယ်လုပ်ထားတဲ့ ရေဒီယိုတို့ ဆိုလို့ရှိယင် သူ့လိုင်းလေးနဲ့သူ ဖွင့်လိုက်လို့ .. ရှိယင် အသံကို ဖမ်းယူလို့ ရတာပဲ။ တယ်လီဖုန်းကလည်း အဝေးကအသံတွေကို ဖမ်းယူလို့ ရတာပဲ၊ တယ်လီဗီးရှင်းကလည်း အဝေးက ရုပ်တွေကို ဖမ်းယူလို့ ရတာပဲ။
အဲဒါလိုပဲ … နှာခေါင်းထဲမှာ ရှိတဲ့ အကြည်ရုပ်လေးက အနံ့ကို ဖမ်းနိုင်တယ် .. တစ်ခြားနေရာကတော့ ဖမ်းမယူနိုင်ဘူးလေ။ လေဒီယိုဆိုလည်း လေဒီယိုအခွံကြီးက ဖမ်းနိုင်တာမှ မဟုတ်တာ .. ဖမ်းနိုင်တဲ့နေရာ တစ်နေရာပဲ ရှိတာပဲ။ တယ်လီဖုန်းဆိုလည်း .. တယ်လီဖုန်းထဲက သံလိုက်ဓာတ်တို့ ဘာတို့ လုပ်ထားတဲ့ဟာကသာ ဖမ်းယူနိုင်တာကိုး … အကုန်လုံးဖမ်းယူနိုင်တာမှ မဟုတ်တာ။ လူ့ခန္ဓာကိုယ်ကြီးလည်း အကုန်လုံးက အနံ့ကို ဖမ်းနိုင်တာ မဟုတ်ဘူး။ အနံ့ကို ဖမ်းနိုင်တာ ဘယ်က ဖမ်းတာတုန်းဆို .. နှာခေါင်းအကြည်ရုပ်ကလေးက ဖ

Credit to ko Thein Naing Ohn
https://www.facebook.com/notes/560526357393773/

No comments:

Post a Comment

Gold price estimated