Video

Wednesday, 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၃)၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း (၁၃)

Dr နန္ဒမာလာဘိဝံသ

ဣန္ဒြိယပစ္စယော

“ဣန္ဒြိယ” ကို မြန်မာလို ဣနြေ္ဒလို့ ပြန်ဆိုကြတယ်၊ ဣနြေ္ဒဆိုတဲ့ မြန်မာစကားဟာ ပါဠိက ဆင်းသက်လာတယ်၊ “ဣနြေ္ဒကောင်းတယ်၊ ဣနြေ္ဒမကောင်းဘူး၊ ဣနြေ္ဒရရ နေပါ” စသည်ဖြင့် မြန်မာမှာ ဒီစကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးကြတယ်၊ အမျိုးသမီးတွေနဲ့ ပတ်သက်လို့လည်း “မိန်းကလေးတို့ဣနြေ္ဒ ရွှေပေးလို့မရ” ဆိုတဲ့စကားလုံး သုံးကြတယ်၊ မြန်မာ့ကျင့်စဉ်နဲ့ ပတ်သက်လို့ “ဣနြေ္ဒကို စောင့်ထိန်းတယ်၊ ဣနြေ္ဒသမ္ပတ္တိနဲ့ ပြည့်စုံတယ်” စသည်ဖြင့် ဣနြေ္ဒကို ရည်ညွှန်းပြီး ပြောလေ့ ရှိကြတယ်။

စာပေကျမ်းဂန်မှာ ဣနြေ္ဒငါးမျိုး၊ ဣနြေ္ဒ ၆ မျိုး၊ ဣနြေ္ဒ ၂၂ မျိုးလို့ ဒီလို ပြထားတာ ရှိတယ်၊ သူ့နေရာလေးနဲ့သူ သဘောပေါက်နားလည်ဖို့တော့ လိုတယ်ပေါ့နော်။


“ဣနြေ္ဒရတယ်၊ ဣနြေ္ဒမရဘူး” ဆိုတာ ဘာကို ရည်ညွှန်းတာတုန်းဆို ဣနြေ္ဒ ၆ ပါးကို ရည်ညွန်းတာလို့ ပြောရမယ်၊ “ဣနြေ္ဒကို စောင့်ထိန်းပါ၊ ဣနြေ္ဒကို စောင့်ရှောက်ပါ” ဆိုတဲ့စကားကလည်း ဣနြေ္ဒ ၆ ပါးကိုပဲ ရည်ညွှန်းတယ်၊ ဣနြေ္ဒ ၆ ပါးဆိုတာ စက္ခု သောတ ဃာန ဇိဝှာ ကာယ မန။ ဒီဣနြေ္ဒ ၆ ပါးကို ရည်ညွှန်းပြီးတော့ ဣနြေ္ဒကို စောင့်ထိန်းတယ်ဆိုတာ ဖြစ်တယ်၊ နောက် သီလမှာ ဣနြေ္ဒိယသံဝရသီလ ဆိုတာ ရှိတယ်။

ဣန္ဒြိယသံဝရသီလ ဆိုတာ မျက်စိက ကြည့်ချင်တာကို မကြည့်ရဘူး၊ နားက နားထောင်ချင်တာ မထောင်ရဘူးလို့ ဒီလိုဆိုလိုတာ မဟုတ်ဘူး၊ မျက်စိဆိုတာ မြင်စရာရှိရင် မြင်မှာပဲ၊ နားကလည်း ကြားစရာရှိရင် ကြားမှာပဲ၊ ဆိုလိုတဲ့ အဓိပ္ပာယ်က မျက်စိနဲ့ မြင်ပြီး လောဘမဖြစ်အောင် ဒေါသ မဖြစ်အောင် မောဟမဖြစ်အောင် ကိလေသာတွေ မဖြစ်အောင် စောင့်ထိန်းတာ အဲဒါကို ဣနြေ္ဒကို စောင့်ထိန်းတာပဲ၊ နားနဲ့ အသံကြားပြီး အသံပေါ်မှာ လောဘ ဒေါသ မောဟ မဖြစ်အောင် ထိန်းတာ၊ နှာခေါင်းနဲ့ အနံ့ကိုရှူပြီး အနံ့ပေါ်မှာ လောဘ ဒေါသ မောဟ မဖြစ်အောင် ထိန်းတာ၊ လျှာနဲ့ အရသာခံပြီးတော့ ထိုအရသာပေါ်မှာ လောဘ ဒေါသ မောဟ မဖြစ်အောင် ထိန်းတာ၊ ခန္ဓာကိုယ်နဲ့ ထိတွေ့ပြီးနောက်မှာ ထိုအထိအတွေ့ပေါ်မှာ လောဘ ဒေါသ မောဟ မဖြစ်အောင် ထိန်းတာ၊ စိတ်ထဲက ကြံတွေးပြီးတော့ လောဘတွေ မဖြစ်အောင်၊ ဒေါသတွေ မဖြစ်အောင်၊ မောဟတွေ မဖြစ်အောင်၊ အကုသိုလ်တွေ မဖြစ်အောင် ထိန်းတာ၊ ဒါ ဣနြေ္ဒကို စောင့်ထိန်းတယ်လို့ ပြောတာ။

မကြည့်ဘဲနဲ့နေလို့ ဣနြေ္ဒကိုထိန်းတယ်လို့ ဆိုလို့ရှိရင် မျက်စိမမြင်တဲ့ ပုဂ္ဂိုလ်တွေ ကြည့်မှမကြည့်နိုင်တာ ဘယ်မြင်ရမလဲ၊ သူ့မှာ ဣန္ဒြိယသံဝရသီလ လုံနေတယ်လို့ ပြောလို့ ရမလား၊ မရဘူးနော်။ နားမကြားရတဲ့ ပုဂ္ဂိုလ်ကလည်း သီလ ဣန္ဒြိယသံဝရသီလနဲ့ပြည့်စုံတယ် ပြောလို့ရမလား၊ မရဘူး။

သီလဆိုတာ အဓိပ္ပာယ်ရှိတဲ့စကားလုံး၊ “စောင့်ထိန်းမှု၊ အကန့်အသတ်တစ်ခုအတိုင်း လိုက်နာကျင့်သုံးမှု” လို့ ဒီလိုဆိုတယ်၊ ဒါက ဣန္ဒြိယ သံဝရသီလ အဓိပ္ပာယ်၊ ဒီဣနြေ္ဒ ၆ ပါးဟာ ဣနြေ္ဒိယပစ္စယောဆိုတဲ့အထဲမှာ အကျုံးဝင်တယ်တဲ့။

နောက် ဗောဓိပက္ခိယတရား ၃၇ ပါး၊ ဒီ ၃၇ ပါးထဲမှာ ဣနြေ္ဒ ၅ ပါး၊ သဒ္ဓိနြေ္ဒ၀ီရိယ သတိနြေ္ဒ သမာဓိနြေ္ဒ ပညိနြေ္ဒ ဆိုတဲ့ သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာ ဆိုတဲ့ ကောင်းမြတ်တဲ့ အရည်အသွေးရှိတဲ့ ဓမ္မတွေ၊ ကောင်းမြတ်တဲ့ အရည်အသွေးရှိတဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေ၊ အဲဒါတွေကို ရည်ညွှန်းပြီး ဣနြေ္ဒ ၅ ပါးလို့ ပါတယ်၊ အဲဒီဣနြေ္ဒ ၅ ပါးက ရင့်ကျက်အောင် တိုးတက်အောင် လုပ်ရတဲ့ ဣနြေ္ဒ ၅ ပါး၊ အသိဉာဏ်ကိုရဖို့ရာအတွက် ဒီဣနြေ္ဒ ၅ ပါးဟာ အင်မတန်မှ အရေးကြီးတယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က “ဗုဒ္ဓစက္ခု” လို့ ခေါ်တဲ့ ဉာဏ်နဲ့ ကြည့်တဲ့အခါမှာ ဒီဣနြေ္ဒ ၅ ပါးကို ကြည့်တယ်၊ ဒီလူမှာ သဒ္ဓါတရားတွေ ရင့်ကျက်နေပြီလား၊ ၀ီရိယတရားတွေ ရင့်ကျက်နေပြီလား၊ စွမ်းဆောင်နိုင်မှုတွေ ရှိနေပြီလား၊ သတိတရား ရင့်ကျက်နေပြီလား၊ သမာဓိတရားတွေ ရင့်ကျက်နေပြီလား၊ ပညာတွေ ရင့်ကျက်နေပြီလား၊ သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာတွေ အား ပျော့နေသလားဆိုတာကို ဉာဏ်တော်ကြီးနဲ့ဆင်ခြင်ပြီး ကြည့်တယ်၊ အဲဒါကို ဣနြေ္ဒိယပရော ပရိယတ္တိဉာဏ် လို့ ခေါ်တယ်၊ ဒီဉာဏ်က ဘုရားမှရတာ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေမရဘူး၊ ဒါကြောင့်မို့ ဗုဒ္ဓစက္ခုလို့ ခေါ်တာ၊ ဣနြေ္ဒအနုအရင့်ကို ကြည့်တာ။

ဒါကြောင့်မို့ စာပေကျမ်းဂန်မှာ “ဣနြေ္ဒတွေ မရင့်သေးလို့ တစ်မဂ်တစ်ဖိုလ် မရသေးဘူး၊ ဣနြေ္ဒတွေ မထက်သေး” လို့ ဆိုတာ၊ ဥပမာဆိုပါတော့ - ဒီဣနြေ္ဒတွေကလည်း တစ်ခုနဲ့တစ်ခု degree တွေ မတူတာ ရှိသေးတယ်။

သောတာပန်ပုဂ္ဂိုလ်တွေမှာရှိတဲ့ သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာတို့လောက် မထက်သေးဘူး၊ မတူညီတဲ့ သဘောလေးတွေ။ သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာဆိုတဲ့ ဒီသဘောတရားတွေဟာ သောတာပန်ပုဂ္ဂိုလ်မှာလည်း ရှိတယ်၊ ဣနြေ္ဒထက်မထက် ကြည့်ပြီးတော့ မဂ် ၄ ပါး ဖြစ်တာ၊ သောတာပန်မှာ သိပ်မထက်သေးဘူး၊ သကဒါဂါမ်မှာ ထက်တယ်၊ အနာဂါမ်မှာ ပိုထက်လာတယ်၊ ရဟန္တာကျတော့ အထက်မြက်ဆုံး၊ သဒ္ဓါချင်း ၀ီရိယချင်း သတိချင်း သမာဓိချင်း ပညာချင်းဆိုတဲ့ သဘာဝတွေ တူသော်လည်းပဲ စွမ်းရည်သတ္တိ ထက်မြက်မှု ကွာနေသေးတယ်လို့ ပြောတာ၊ ဒါကြောင့်မို့ မဂ် ၄ ပါးဟာ ကွာခြားမှုရှိတယ်။

ဒီဣ့နြေ္ဒ ၅ပါးဆိုတာ တရားဓမ္မ ကျင့်ကြံကြိုးကုတ် အားထုတ်တဲ့အခါ မိမိသန္တာန်မှာ ရင့်ကျက်စေရမယ့် ဣနြေ္ဒလို့ ဆိုသော်လည်း ဒီဣနြေ္ဒတွေဟာ အပြန်အလှန် ထိန်းပေးရဖို့ လိုအပ်တာလေးတွေ ရှိတယ်၊ သဒ္ဓိနြေ္ဒနဲ့ ပညိနြေ္ဒ၊ “သဒ္ဓါကို ပညာနဲ့ ထိန်းပေးရတယ်၊ ပညာကို သဒ္ဓါနဲ့ ထိန်းပေးရတယ်”၊ အပြန်အလှန် ထိန်းညှိပေးရတာရှိတယ်၊ ပညာက သိပ် လွန်ကဲလာပြီး သဒ္ဓါက လျော့နည်းလို့ရှိရင်လည်း စွမ်းဆောင်မှုက မမှန်နိုင်ဘူး၊ ဒါကြောင့်မို့ ဣနြေ္ဓတွေကို ညှိရမယ်၊ ဣနြေ္ဒတွေကိုညှိမှ သဘာဝတရားတွေကို မှန်ကန်စွာ သိမြင်လို့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာဖြစ်တယ်၊ ဣနြေ္ဒကို မညှိလို့မရဘူး၊ ဣနြေ္ဒညှိရမယ်၊ ဘာနဲ့ ညှိပေးတာတုန်းဆိုရင် သတိနဲ့ညှိပေးတာ။

ဒါကြောင့်မို့လို့ သဒ္ဓါနဲ့ပညာ၊ “သဒ္ဓါကို ပညာနဲ့ ထိန်းရမယ်၊ မထိန်းနိုင်ဘူးဆိုလို့ရှိရင် မကြည့်ညိုသင့်တဲ့ နေရာတွေ ကြည့်ညို၊ စိတ်ဝင်စားစရာ မဟုတ်တဲ့နေရာတွေ စိတ်ဝင်စား၊ မှားမှားယွင်းယွင်းတွေ ဖြစ်တယ်”၊ စာပေကျမ်းဂန်မှာ ပညာအားနည်းပြီး သဒ္ဓါတွေလွန်ကဲနေလို့ရှိရင် မုဓပ္ပသန္န၊ တန်ဖိုးမရှိတဲ့ အကျိုးမရှိတဲ့ နေရာမှာသွားပြီး ယုံစားနေတတ်တယ်တဲ့၊ စိတ်ဝင်စားနေတယ်တဲ့၊ ပညာမပါသည့် အတွက်ကြောင့် blind faith မျက်ကန်းယုံကြည့်မှုမျိုး ဖြစ်တတ်တယ်။

ပညာတွေ လွန်ကဲလာလို့ သဒ္ဓါနဲ့ မထိန်းဘူး ဆိုပြန်လို့ရှိရင်လည်း ကေရာဋိကော၊ ကောက်ကျစ်စဉ်းလဲတဲ့ပုဂ္ဂိုလ် ဖြစ်တတ်တယ်တဲ့၊ သဒ္ဓါစွမ်းအားတွေက လျော့နည်းပြီး ပညာတွေက လွန်ကဲနေလို့ရှိရင် ထိုပုဂ္ဂိုလ်ကို ကောက်ကျစ်တဲ့ ပုဂ္ဂိုလ်တဲ့၊ ကောက်ကျစ်တဲ့ပုဂ္ဂိုလ်က ပိုပြီး အထိန်းရခက်တယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ပညာရှိနေလို့၊ ပညာရှိ ကောက်ကျစ်သွားပြီဆိုရင် အထိန်းရခက်တယ်၊ ဒါကြောင့်မို့ စာပေကျမ်းဂန်မှာ ဘယ်လိုသတိပေးထားတုန်းဆိုရင် “ဘေသဇ္ဇ သမုဋ္ဌိတော ရောဂေါ ၀ိယ” ၊ ဆေးကြောင့်ဖြစ်တဲ့ ရောဂါနဲ့ တူတယ်တဲ့၊ သဒ္ဓါ အထိန်းမဲ့ ပညာထက်နေတဲ့ပုဂ္ဂိုလ် ကောက်ကျစ်ပြီဆိုလို့ရှိရင် ဆေးကြောင့်ဖြစ်တဲ့ ရောဂါလိုပဲတဲ့၊ အတေကိစ္ဆော - ကုလို့ မရဘူး၊ Incurable ကုမရဘူး၊ ဒီတော့ သဒ္ဓါတရားနည်းပြီး ပညာလွန်သွားတဲ့ပုဂ္ဂိုလ် အလွန်အကုခက်တယ်၊ အပြောရခက်တယ်၊ သူသိ သူတတ် ဖြစ်နေတယ်၊ ဒါလည်း သိပ်သတိထားစရာကောင်းတဲ့အချက် တစ်ခုပဲ၊ ဒါကြောင့်မို့ သဒ္ဓိနြေ္ဒနဲ့ ပညိနြေ္ဒ ဒီနှစ်ခုက ထိန်းညှိပေးထားရမယ်တဲ့၊ ဒါမှ အလုပ်ဖြစ်တယ်။

နောက် ၀ီရိယိနြေ္ဒနဲ့ သမာဓိနြေ္ဒ၊ ဒီနှစ်ခုကိုလည်း ထိန်းညှိပေးရမယ်၊ ၀ီရိယတွေ လွန်ကဲပြီးတော့ နေတယ်၊ သမာဓိစွမ်းအားက နည်းနေတယ်၊ သမာဓိစွမ်းအားတွေ နည်းပါးသွားလို့ဆိုရင် ဘာဖြစ်လဲ၊ ၀ီရိယလွန်ကဲသည့်အတွက် အာရုံပေါ်မှာ ပျံ့လွင့်မှုဆိုတဲ့ ဥဒ္ဓစ္စတွေ ဖြစ်လာတတ်တယ်။

သမာဓိလွန်ကဲပြီး ၀ီရိယနဲ့ မထိန်းဘူးဆိုရင် ထိနမိဒ္ဓ ၀င်လာတယ်၊ ဒါကြောင့် စိတ်ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲတယ်။ ကားတစ်စီးကို ထိန်းပြီးးမောင်းရတာလိုပဲ၊ စက်တပ်ထားတဲ့ယာဉ်တစ်ခုကို ထိန်းပြီးတော့မောင်းတဲ့အခါ အားလုံးဟာ ညီတူညီမျှ ဆောင်ရွက်မှုရှိနေအောင် ထိန်းညှိပေးရသလိုပဲ ကမ္မဋ္ဌာန်းအားထုတ်တဲ့အခါမှာလည်း အဲဒါတွေကို ထိန်းညှိပေးနိုင်ရမယ်တဲ့၊ ဒါကြောင့်မို့ ဣနြေ္ဒ ၅ ပါးဆိုတာ ကမ္မဋ္ဌာန်းအားထုတ်တဲ့ နေရာမှာ အင်မတန်အရေးကြီးတယ်။

အသိဉာဏ်နဲ့ပတ်သက်လာလို့ရှိရင် ဒီဣနြေ္ဒ ၅ ပါးက အလွန်အရေးကြီးတဲ့ ဣနြေ္ဒတွေ၊ အဲဒီ ဣနြေ္ဒ ၅ ပါးကိုလည်း ဣန္ဒြိယပစ္စယော ဆိုတဲ့အထဲမှာ ဟောထားတယ်။

နောက် ဣနြေ္ဒ ၂၂ ပါးတဲ့၊ ဣနြေ္ဒ ၂၂ ပါးဆိုတာ ခုနကပြောတဲ့ ဣနြေ္ဒ ၆ ပါးတို့၊ဣနြေ္ဒ ၅ပါးတို့က ဒီထဲမှာ ထပ်ပါဝင်နေတယ်၊ ဣန္ဒြိယပစ္စယောမှာ မြတ်စွာဘုရားက ဒီ ဣနြေ္ဒ ၂၂ ပါးကို ဟောမှာပါ၊ ဣနြေ္ဒ ၂၂ ပါး ဆိုတာကို ရှေးဦးစွာ ပြောရအောင်၊ ၂၂ ပါး ဆိုတော့ ဂဏန်းက ကြီးလာတယ်၊ ဂဏန်းကြီးပေမယ့်လို့ သူ့အုပ်စုလေးနဲ့သူ မှတ်လို့လွယ်ပါတယ်။

ခုနက ဣနြေ္ဒ ၆ ပါး ထဲကလိုပဲ ခွဲပြီးပြောမယ်ဆိုရင် ရုပ်နဲ့ပတ်သက်တဲ့ဣနြေ္ဒတွေကို အရင်ပြောရအောင်၊ စက္ခုနြေ္ဒ သောတိနြေ္ဒ ဃာနိနြေ္ဒ ဇိဝှနြေ္ဒ ကာယိနြေ္ဒ တဲ့၊ ပသာဒရုပ် ၅ ပါးလို့၊ နောက် ဘာတွေပါတုန်းဆိုလို့ရှိရင် အမျိုးသားတွေအတွက် source of male sex ပေါ့၊ အဲဒါတွေရဲ့အခြေခံဖြစ်တဲ့ ပုရိသိနြေ္ဒ၊ နောက် အမျိုးသမီးတွေအတွက် ဣတ္ထိနြေ္ဒ၊ ရုပ်နဲ့ပတ်သက် female or male material အဲဒါကို ဒီနေရာမှာ ဣတ္ထိဘာဝရုပ်ကို ဣတ္ထိနြေ္ဒလို့ သုံးတယ်၊ ပုမ္ဘာဝရုပ်ကို ပုရိသိနြေ္ဒလို့ ပြောတယ်၊ ခုနက ဣနြေ္ဒ ၅ ပါးထဲမှာ ဣတ္ထိနြေ္ဒနဲ့ ပုရိသိနြေ္ဒ ထပ်ပြီးတော့ ထည့်လိုက်လို့ရှိရင် ၇ ခု ဖြစ်သွားတယ်။

တစ်ခါ ရုပ်တစ်ခုကျန်နေသေးတယ်၊ ရုပ်ဇီဝိတိနြေ္ဒ ဆိုတာ၊ ရုပ်မှာလည်း ဇီဝိတိနြေ္ဒ ရှိတယ်၊ နာမ်ပိုင်းမှာလည်း ဇီဝိတိနြေ္ဒ ရှိတယ်၊ ဒါကြောင့်မို့ ရုပ်ဇီဝိတ နာမ်ဇီဝိတလို့ နှစ်မျိုးပြောတယ်၊ သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါးထဲမှာလည်း ဇီဝိတိနြေ္ဒ ရှိတယ်၊ ကမ္မဇရုပ်တွေထဲမှာလည်း ဇီဝိတိနြေ္ဒ ရှိတယ်လို့ ရုပ်ဇီဝိတိနြေ္ဒနဲ့ နာမ်ဇီဝိတိနြေ္ဒ၊ ဒီနှစ်ခုကို ခြုံငုံပြီးတော့ ဇီဝိတိနြေ္ဒ လို့ ခေါ်လိုက်တယ်။

ဒါ ရုပ်သက်သက်နဲ့ ပတ်သက်တာက စက္ခုနြေ္ဒ သောတိနြေ္ဒ ဃာနိနြေ္ဒ ဇိဝှိနြေ္ဒ ကာယိနြေ္ဒ ဣတ္ထိနြေ္ဒ ပုရိသိနြေ္ဒ ဒီ ရ ခု၊ ဇီဝိတိနြေ္ဒကျတော့ ရုပ်တစ်ပိုင်း နာမ်တစ်ပိုင်း၊ လောကမှာ သတ္တ၀ါဆိုတာ ဒါကို ခေါ်တာပဲ။

အဲဒီကနေ ဆက်ပြီး နာမ်ပိုင်းဆိုင်ရာ ကြည့်လိုက်တဲ့အခါကျတော့ စိတ်ရှိသည့်အတွက်ကြောင့် မနိနြေ္ဒ၊ ခုနက ဣနြေ္ဒ ၆ ပါးထဲမှာ မနိနြေ္ဒပါတယ်၊ ဒီမှာလည်း ပါတယ်၊ မနိနြေ္ဒပါရင် ၉ခုပေါ့၊ မနိနြေ္ဒပြီးတဲ့အခါကျတော့ - သဒ္ဓိနြေ္ဒ ၀ီရိယိနြေ္ဒ သတိနြေ္ဒ သမာဓိနြေ္ဒ ပညိနြေ္ဒ ဆိုတဲ့ ခုနက ပြောတဲ့ ဗောဓိပက္ခိယတရားထဲမှာပါတဲ့ ဣနြေ္ဒ ၅ပါးကိုထည့်လိုက်၊ ၉ခုရယ်၊ ၅ခုရယ်၊ ၁၄ခု ဟုတ်ရဲ့လား။

နောက်တစ်ခါ ခံစားချက်တွေနဲ့ ပတ်သက်ပြီး သုခိနြေ္ဒ ဒုက္ခိနြေ္ဒ သောမနဿိနြေ္ဒ ဒေါမနဿိနြေ္ဒ ဥပေက္ခိနြေ္ဒ လို့ ၅ခု ထည့် လိုက်ရင် ၁၉ခု ဖြစ်သွားပြီ၊ ဒါက ဝေဒနာနဲ့ပတ်သက်တဲ့ ဣနြေ္ဒ ၅ မျိုး။

အဲဒီနောက်မှာ ပညာနဲ့ပတ်သက်ပြီး လောကုတ္တရာပညာသုံးခု ထပ်ပြီးတော့ ထည့်လိုက် - အနညာတညဿာမိတိနြေ္ဒ၊ အညိနြေ္ဒ၊ အညာတာဝိနြေ္ဒ၊ ဒီသုံးခုထပ်ထည့်လိုက်တဲ့အခါ ဣနြေ္ဒတွေ ၂၂ ပါး ဖြစ်သွားပြီ။

ဣန္ဒြိယပစ္စယောမှာ အဲဒီဣနြေ္ဒ ၂၂ ပါးထဲက ဣနြေ္ဒ ၂၀ ကိုသာ ဟောမယ်တဲ့၊ ကျန် ၂ ပါး၊ ဣတ္ထိနြေ္ဒ နဲ့ ပုရိသိနြေ္ဒကို ဣန္ဒြိယပစ္စည်းမှာ ထည့်မဟောဘူးတဲ့။

ဣတ္ထိနြေ္ဒ နဲ့ ပုရိသိနြေ္ဒဟာ ဣန္ဒြိယပစ္စည်းမတပ်ဘူးလို့ ပြောတာ၊ ဣန္ဒြိယပစ္စည်း မဖြစ်ဘူးတဲ့၊ ဘာဖြစ်လို့ မဖြစ်သလဲဆိုလို့ရှိရင် ဣတ္ထိနြေ္ဒ နဲ့ ပုရိသိနြေ္ဒဆိုတာ ကလလရေကြည်အဆင့်ကတည်းက ပေါ်လာတာ၊ အဲဒီကလလရေကြည်အဆင့်မှာဆိုရင် ဖို၊ မ ခွဲလို့ မရသေးဘူး၊ ရှိနေလျက်သားနဲ့ ဖို မ သဘာဝဖြစ်တဲ့ ဣတ္ထိလိင်္ဂ ပုလ္လိင်္ဂ ဆိုတာတွေ ပိုင်စိုးထားနိုင်ခြင်းမရှိသောကြောင့်တဲ့၊ ဒီလိုအကြောင်းပြတယ်။

သဘာဝတရားဆိုတာ သူရှိရင် သူ့ရဲ့အုပ်စိုးမှုဆိုတာ ရှိကိုရှိရမယ်၊ ဣန္ဒြိယဆိုတာ စိုးပိုင်တာ၊ အုပ်ချုပ်တာ၊ ကလလရေကြည်အခိုက်မှာ ဣတ္ထိနြေ္ဒတို့ ပုရိသိနြေ္ဒတို့က မအုပ်စိုးနိုင်သေးဘူး၊ ဒါကြောင့်မို့ အဲဒီအချိန်မှာ ဣန္ဒြိယပစ္စည်း မတပ်ဘူးလို့ ဒါကို ရည်ရွယ်ပြီးတော့ ဣန္ဒြိယပစ္စည်းထဲမှာ မြတ်စွာဘုရားက အဲဒီ ၂ ခုကို မဟောဘူး၊ ကျန်တဲ့ ဣနြေ္ဒ ၂၀ ကိုတော့ ဣန္ဒြိယပစ္စည်းအနေနဲ့ ဟောပါတယ်တဲ့။

အဲဒီလို ဟောတယ်ဆိုတဲ့အခါမှာ ဣန္ဒြိယဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုအပ်တယ်၊ ဣန္ဒြိယဆိုတာ အစိုးရခြင်း ချုပ်ကိုင်ခြင်း အုပ်ချုပ်ခြင်း ဆိုတဲ့အဓိပ္ပာယ် ရတယ်၊ အစိုးရတယ် - ဘယ်လိုနေရာမှာ အစိုးရတုန်းဆိုတော့ မိမိဆိုင်ရာကိစ္စမှာ သူက အစိုးရတယ်၊ ဒီတော့ အခု ဣနြေ္ဒ ၂၂ ပါးဟာ ဆိုင်ရာ သူတို့ဆောင်ရွက်တဲ့ကိစ္စတွေ ရှိတယ်၊ အဲဒီ ဆိုင်ရာဆိုင်ရာကိစ္စတွေမှာ ဒီသဘာဝတရားတွေက ကြီးစိုးထားတယ်လို့ ပြောတာ၊ အဲဒါကြောင့်မို့ ဒီသဘာဝတရားတွေကို ဣန္ဒြိယဆိုတဲ့စကားလုံးနဲ့ ဖော်ပြတယ်။

( ဒီနေရာမှာ ဣန္ဒြိယပစ္စည်း တစ်ခုစီ ရှင်းလင်းချက်ကို ကျော်လိုက်ပါတယ်ခင်ဗျာ။ TNO )


ဣန္ဒြိယပစ္စည်း ၃ မျိုး

ဣန္ဒြိယပစ္စယောဆိုတာ မိမိဆိုင်ရာကိစ္စ၌ အစိုးတရ ချုပ်ကိုင်အုပ်စိုးလျက် ကျေးဇူးပြုတတ်သော အကြောင်းတရားများကို ခေါ်ပါတယ်တဲ့၊ အဲဒီ ဣန္ဒြိယပစ္စည်းဟာလည်း ပုရေဇာတဣန္ဒြိယဆိုတာ ရှိတယ်၊ သဟဇာတဣန္ဒြိယ ဆိုတာ ရှိတယ်၊ ရူပဇီဝိတိနြေ္ဒိယဆိုတာ ရှိတယ်၊ သဘာဝတရားကို ကြည့်ပြီးတော့ သုံးမျိုးခွဲလိုက်တယ်။

ပုရေဇာတဣန္ဒြိယ - တချို့ဣနြေ္ဒတွေက ကြိုတင်ဖြစ်နှင့်ပြီး ကျေးဇူးပြုတာ၊ အကျိုးတရားမပေါ်မီ ကြိုတင်ဖြစ်နှင့်ပြီးတော့ အထောက်အကူဖြစ်တဲ့တရား။

သဟဇာတဣန္ဒြိယကျတော့ သဟဆိုတာ တစ်ပြိုင်နက်အတူတကွ၊ ဇာတဆိုတာ ဖြစ်တာ၊ အတူတကွ ဖြစ်လာပြီး ကျေးဇူးပြုတဲ့ဣနြေ္ဒ၊ ဒါက တစ်ခု။

ရူပဇီဝိတိနြေ္ဒိယ ဆိုတာ သပ်သပ်၊ ဇီဝိတိနြေ္ဒထဲက ရုပ်ဇီဝိတကို သီးသန့်ထုတ်ပြီး ဟောတာ၊ သူက ကမ္မဇရုပ်ကို စောင့်ရှောက်တဲ့ကိစ္စ ဆောင်ရွက်တယ်၊ ဒါကြောင့်မို့ သူ့ကို သီးသီးသန့်သန့် ခွဲဟောတယ်။

( ပဋ္ဌာန်းပါဠိတော်နဲ့မြန်မာပြန်ကို အယင်တစ်ခါလည်းတင်ဘူးတာမို့ ချုံ့လိုက်ပါပြီခင်ဗျာ။ TNO )


ပဋ္ဌာန်းမှာ ဣန္ဒြယပစ္စည်းဆိုတာ ဆိုင်ရာဆိုင်ရာ ကိစ္စတွေမှာ ချုပ်ကိုင်မှုဆိုတဲ့ ကြီးစိုးလွှမ်းမိုးမှု၊ သူ့ကိစ္စ သူလွှမ်းမိုးတာ၊ တခြားကိစ္စကို သူမလွှမ်းမိုးနိုင်ဘူး၊ ချုပ်ကိုင်တယ်ဆိုတာ နှစ်မျိုးရှိတယ်။

အဓိပတိရဲ့ လွှမ်းမိုးချုပ်ကိုင်မှု၊ ဣန္ဒြိယရဲ့ချုပ်ကိုင်မှု၊ နှစ်ခုရှိတယ်၊ အစိုးရပုံ မတူဘူး၊ အဓိပတိပစ္စယောတုန်းက အဓိပတိရဲ့ချုပ်ကိုင်မှုဆိုတာ ပြိုင်ဘက်မရှိဘူး၊ သူတစ်ဦးတည်းက ကိစ္စအားလုံးကို ချုပ်ကိုင်တယ်၊ အဲဒါကြောင့်မို့ အဓိပတိဆိုတာ မင်းနဲ့အလားတူတယ်၊ မင်းဆိုတာ ဌာနပေါင်းစုံးအကုန်လုံးကိုင်တယ်၊ ဣနြေ္ဒကျတော့ ၀န်ကြီးတွေနဲ့ တူတယ်၊ ၀န်ကြီးဆိုတာနော် ကိုယ့်ဝန်ကြီးဌာနမှာ ကိုယ်ပိုင်တယ်၊ ကျန်တဲ့ဝန်ကြီးဌာန သူမပိုင်ဘူး၊ သူမချုပ်နိုင်ဘူး၊ သူချုပ်နိုင်တာက သူ့ဆိုင်ရာဝန်ကြီးဌာနပဲ၊ ထို့အတူပဲ ဣန္ဒြိယဆိုတဲ့သဘာဝတရားတွေဟာ သူ့ဆိုင်ရာဆိုင်ရာကိစ္စမှာသာ သူချုပ်ကိုင်နိုင်တာ၊ ကျန်တဲ့ကိစ္စတွေမှာ သူမချုပ်ကိုင်ဘူးတဲ့၊ ဣန္ဒြိယကြီးစိုးပုံနဲ့ အဓိပတိကြီးစိုးပုံချင်း မတူဘူးတဲ့၊ အဓိပတိကျတော့ ပြိုင်ဘက်မရှိ ကြီးစိုးတာ၊ ဣန္ဒြိယကျတော့ ပြိုင်ဘက်တွေ ရှိတယ်၊ ကိုယ့်ကိစ္စသာ ကိုယ်လုပ်နိုင်တာ၊ တခြားဟာ မလုပ်နိုင်ဘူး။

ဒီသဘာဝတရားတွေကို သိရှိနားလည်ထားကြမယ်ဆိုလို့ရှိရင် “တို့ခန္ဓာကိုယ်မှာ ခိုင်မြဲတဲ့အရာဆိုတာလည်း ဘာမှမရှိဘူး၊ ထာဝရပြောင်းလဲပျက်စီးနေတဲ့ အရာတွေ၊ သူ့ဟာသူ ထိန်းချုပ်ပြီး နေကြတဲ့အရာတွေသာ ဖြစ်တယ်၊ ဒါတွေကို ‘ငါ’ ဆိုတဲ့ အတွေးနဲ့ ကြည့်ပြီး အမြင်မှားမှုတွေ ဖြစ်ကြတယ်၊ ‘ငါ့ဟာ’ ဆိုတဲ့အတွေးနဲ့ ဖြစ်ပြီးတော့ လောဘတွေ ဖြစ်ကြတယ်၊ မာန်မာနတွေ တက်ကြတယ်၊ တကယ်တော့ ‘ငါ’ ဆိုတာလည်း ဒီထဲမှာ ဘာမှမရှိဘူး၊ သဘာဝတရားသက်သက်မျှသာ ဖြစ်တယ်၊ ‘ငါ’ ဆိုတာ မရှိသည့်အတွက်ကြောင့် ‘ငါ့ဟာ’ လို့ ပြောစရာလည်း တစ်ခုမှ မရှိဘူး” လို့ ဟောဒီလိုမြင်တဲ့အမြင်ဟာ သမ္မာဒဿန မှန်ကန်စွာမြင်ခြင်း ဖြစ်ပါတယ်။

အဲဒီလို မှန်ကန်စွာမြင်မှသာလျှင် မိမိတို့သန္တာန်မှာဖြစ်တဲ့ ဘ၀သံသရာက ပါလာတဲ့ လောဘ ဒေါသ မောဟဆိုတဲ့ ကိလေသာတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့ သဘာဝတရားကို မှန်ကန်သောအသိဉာဏ်ဖြင့် ရှုမှတ်နိုင်ကြပြီး ‘ငါ’ ‘ငါ့ဟာ’ မဟုတ်ဘူး၊ သဘာဝတရားသက်သက်မျှသာလို့ ဒီလို ရှုမှတ်ပွားများကြခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ။

ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု။

ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု။

…_/|\_…_/|\_…_/|\_…

ဆရာတော် Dr နန္ဒမာလာဘိဝံသ၏ ပဋ္ဌာန်းမြတ်ဒေသနာတော် မှ ထုတ်နှုတ်ပူဇော်ပါသည်။ TNO —

Credit to KO Thein Naing Ohn

No comments:

Post a Comment

Gold price estimated